← Chapters

ထွက်ခွာမှု

Vol. 1 Ch. 61

ထွက်ခွာမှု

Vol. 1 Ch. 61

ကျန်းယွင်ဟိုင်သည် ကျန်းဂိုဏ်းနှင့် သိုင်းခန်းမသို့လည်း သွားခဲ့သည်။ သူ ကျန်းဂိုဏ်းကို ဘာပြောခဲ့လဲ ဟူသည်ကို ဘယ်သူမှ မသိနိုင်ပေ။ သူထွက်သွားသည်နှင့် ကျန်းယွင်ဟိုင်သည် ချက်ချင်း အမိန့်တစ်ခု ချလိုက်သည်။ ကျန်းဟန်ရွှေနှင့် အကြီးအကဲ အချို့မှတစ်ပါး ကျန်ဂိုဏ်းသားများမှာ အပြင်ထွက်ခွင့် မရှိတော့ပေ။ ကျန်းဂိုဏ်း၏ စီးပွားရေးလုပ်ငန်း အများစုသည်လည်း ရပ်ဆိုင်း သွားခဲ့သည်။ ကျန်းဂိုဏ်းသည် မထင်မရှား နေချင်နေကြောင်း ထင်ရှားသည်။

ကျန်းယွင်ရှန်တွင် ရွေးချယ်စရာ မရှိပေ။ ကျန်းယွင်ဟိုင်သည် ကျန်းဂိုဏ်းနှင့် ပတ်သက်၍ အများကြီး မလုပ်ခဲ့ပေ။ သူသည် သူနှင့် ကျန်းရီ၏ အမည်ကို ကျန်းဂိုဏ်းသား စာရင်းမှ ပယ်ဖျက်ရန် တစ်ခုသာ အမိန့်ပေးခဲ့သည်။ သူနှင့် ကျန်းရီသည် ကျန်းဂိုဏ်းနှင့် ထပ်မံမပတ်သက် လိုတော့ပေ။ ကျန်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်သည် သေဆုံးသွားရာ ကျန်းဂိုဏ်းသည် အင်အားနည်းနေပြီ ဖြစ်သည်။ ကျန်းဂိုဏ်းသားများသည် ကျန်းယွင်ဟိုင် ထွက်သွားသည်နှင့် အခြားဂိုဏ်းများသည် ကျန်းဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက် ကြမည်ကိုပင် ကြောက်ရွံ့ နေခဲ့ကြသည်။

သိုင်းခန်းမသည် ကျန်းရီနှင့် သဘောတူညီမှုကို အတိအလင်း ပယ်ဖျက်ပေးလိုက်သည်။ သိုင်းခန်းမသည် ကျန်းယွင်ဟိုင်ကို မျက်နှာသာ ပေးလိုက်ခြင်းလည်း ဖြစ်သည်။ သူတို့သာ ထိပ်တိုက် ရင်ဆိုင်ရလျှင် ကျန်းယွင်ဟိုင်နှင့် ကျန်းရီမှာ သေဆုံးရပေလိမ့်မည်။

အနောက်ဘက် မြို့စောင့်တပ်သည် စစ်တပ်များကို ပြန်သိမ်းသွားခဲ့ပြီး ကောင်းကင်တောင်ပံ မြို့သည်လည်း ပြန်လည်ငြိမ်းချမ်း သွားခဲ့သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည်လည်း ပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့သည်။ ပြိုင်ပွဲသည် ယခင်ကလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့ပေ။ လူတိုင်းသည် စင်မြင့်ထက်သို့ ကြည့်လိုက်တိုင်း ကျန်းရီကိုသာ မြင်ယောင်မိရင်း သက်ပြင်း ချနေခဲ့ကြသည်။

ကျီထျန်းနှင့် ကျန်းယွင်ဟိုင်တို့သည် ကျန်းရီအကြောင်းကို ပေါ်ပေါ်ထင်ထင် မပြောဆိုရ ဟူသော အမိန့်ကို ထုတ်ပြန်လိုက်သည်။ ရက်ပေါင်းများစွာ ကြာသော် ကျီထင်ယွီ၊ ကျန်းဟန်ရွှေ၊ လမ်ချမ်ချမ့်နှင့် ဟဲသောက်တို့သည် ပြိုင်ပွဲကို ဆက်တိုက်အနိုင်ရကာ ပွဲတစ်ရာပြည့်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ လူအများသည် ကျန်းရီကို မေ့လျော့သွားကြပြီး သူတို့၏ လူငယ် ပါရမီရှင်များကို ပြန်လည် သတိထား မိလာကြသည်။

မာဂိုဏ်းသည် သူတို့၏ အမွေအနှစ်များကို ရောင်းချကာ မြေကမ္ဘာအဆင့် ဆေးလုံးငါးရာ ဝယ်ယူပြီး ခရမ်းရောင်ရွှေ တေးလ်ငါးသိန်းနှင့်အတူ မြို့စားအိမ်တော်သို့ ကျန်းယွင်ဟိုင် ပြောသော ရက်အတွင်း ပို့ဆောင်လိုက်သည်။

မာခွေသည် ထက်မြက်ပေသည်။ ဆေးများနှင့် ခရမ်းရောင်ရွှေကို မြို့စားအိမ်တော်သို့ ပို့ပေးပြီးနောက် ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ကာ ကောင်းကင်တောင်ပံမြို့မှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။ သူတို့သည် ကောင်းကင်တောင်ပံမြို့ရှိ ဂိုဏ်းကြီးများ၏ အဆင့်အတန်းကို ပြန်ရနိုင်ရန် မြို့ငယ်လေး တစ်မြို့တွင် အခြေချ လိုက်ကြသည်။ ဤသည်မှာ ကောင်းကင်တောင်ပံမြို့တွင် ဆက်နေပါက အခြားဂိုဏ်းများ၏ အနိုင်ကျင့်ခြင်းကို ရှောင်ရှားရန် ဖြစ်သည်။ မာဂိုဏ်းသည် ယခင်အတိုင်း ပြန်လည် အဆင့်မြင့်တက် လာချင်လျှင်တောင် ဆယ်နှစ်အချိန်သည် မလုံလောက်ပေ။

ရက်များစွာ ကြာပြီးနောက် ကျီထင်ယွီသည် ပွဲတစ်ရာကို အရင်ဆုံးအနိုင်ရခဲ့ပြီး ကျန်းဟန်ရွှေ၊ လမ်ချမ်ချမ့်နှင့် ဟဲသောက်တို့သည် အစဉ်အတိုင်း အနိုင်ရခဲ့သည်။ ရှုံးထွက်ပွဲစဉ်တွင် လျှိုဟဲသည် နောက်ဆုံးနေရာကို ရရှိခဲ့သည်။ ဂိုဏ်းအများစုသည် ရလဒ်များကို ကျေနပ်နေကြသည်။ အထူးသဖြင့် လျှိုဂိုဏ်းဖြစ်သည်။ သူတို့သည် ကျန်းရီရနိုင်သည့် နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဟဲသောက်သည်လည်း ကျန်းရီ၏ အပြုအမူများမှ အကျိုးအမြတ် ရခဲ့သည်။ ကျန်းရီလုပ်ခဲ့သော ဆူပူ အုံကြွမှုကြောင့်သာ မဟုတ်လျှင် သူသည် အခြားဂိုဏ်းများ၏ အနိုင်ကျင့်ခြင်းကို ခံရပြီး လွယ်လွယ် ကူကူနှင့် အနိုင်ရမည် မဟုတ်ပေ။ အနည်းဆုံးတော့ မာဟေးချီသည် သူ့ထက် အားကောင်းပေသည်။

အနောက်ဘက် မြို့စောင့်တပ်၏ လူသစ် လက်ခံပွဲသည်လည်း လျင်မြန်စွာပင် ပြီးဆုံး သွားခဲ့သည်။ နေရာများသည် ကြိုတင် ဆုံးဖြတ်ထားသည့် အတိုင်းပင်။ သို့သော် ကျန်းရုလုံသည် နေရာ တစ်နေရာရန် သေချာနေခဲ့သော်လည်း ကံဆိုးစွာဖြင့် ကျန်းရီ၏ သတ်ခြင်းကို ခံလိုက်ရသည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာများသည်လည်း တပည့်သစ် ငါးယောက်ကို ခြောက်ပတ်အတွင်း ဝိညာဉ်သားရဲမြို့သို့ အရောက်လာရန် မှာကြားခဲ့ကြသည်။

အနောက်ဘက် မြို့စောင့်တပ်သည်လည်း ကောင်းကင်တောင်ပံ မြို့မှ ထွက်ခွာသွားပြီး နောက်တွင် မြို့သည် ယခင်အတိုင်း လုံးဝ ငြိမ်းချမ်းသွားခဲ့သည်။

ကျန်းရီသည်လည်း မြို့စားအိမ်တော် အတွင်းသို့ ရောက်သွားသည့် နေ့ထဲက လုံးဝ ပျောက်ကွယ် သွားသကဲ့သို့ပင်။ ကျီထျန်းမှတစ်ပါး မည်သူမှ သူ့ကို မတွေ့မြင်ခဲ့ကြပေ။ ကျန်းရီ၏ ဒဏ်ရာများသည် သူ မြို့စားအိမ်တော်သို့ ရောက်ပြီး ဆယ်ရက်အကြာတွင် လုံးဝ ပြန်ကောင်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် ညဘက်တွင် သိုင်းခန်းမဆီသို့ သွားသည်။ သူသည် အခန်းတံခါးပိတ် ကျင့်ကြံနေချိန်တွင် ကျန်းယွင်ဟိုင်သည် သူအလိုရှိသလောက် သုံးစွဲနိုင်ရန် မြေကမ္ဘာအဆင့် ဆေးလုံး အမြောက်အမြားကို ယူလာပေးခဲ့သည်။

***

မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်လအချိန်သည် ကုန်ဆုံးသွားခဲ့သည်။

သိုင်းခန်းမ၏ အခန်းငယ် တစ်ခုအတွင်းတွင် ကျန်းရီ၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။ သူ၏ ချိတ်ပိတ်ခံ သင်္ကေတသည် ပျက်စီးသွားပြီ ဖြစ်ရာ သူ့ကျင့်ကြံနှုန်းသည် မယုံနိုင်စရာ ကောင်းအောင် မြန်ဆန်နေခဲ့သည်။ အချိန်တိုအတွင်း၌ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမ အဆင့်ကို ရောက်ရှိတော့မည် ဖြစ်သည်။

အချိန်ပြည့်လောက်ပြီ ... အဘိုးက တစ်လပြီးရင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး ဝိညာဉ်သားရဲမြို့ကို ထွက်သွားကြဖို့ ပြောထားတယ်

ကျန်းရီသည် အညောင်းဆန့်လိုက်ပြီး စကားနှစ်ခွန်းကို ရေရွတ်ကာ တံခါးကို ဖွင့်လိုက်သည်။ တံခါး ပွင့်သွားသောအခါ ရင်းနှီးနေသော မျက်နှာတစ်ခုသည် သူ့ကို ဆီးကြိုနေခဲ့သည်။ ကြီးကြပ်သူ ယန်သည် အပြင်ဘက်မှ စောင့်နေခဲ့ခြင်း ဖြစ်သည်။

ကြီးကြပ်သူယန်၏ ပါးရေများ တွန့်နေသော မျက်နှာတွင် အပြုံးများ ဝေနေခဲ့သည်။ သူသည် ကျန်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောခဲ့သည် ...

"အထီးကျန်ဝံပုလွေ ... မင်းထွက်သွား တော့မယ်ဆိုတာ ငါသိပါတယ် ... မင်းဘယ်ကိုပဲ သွားသွား မထင်မရှားနေပါ ... ဘာကိုမှ အလျင်စလို မလုပ်ပါနဲ့ ... တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင် မင်းက အဲဒီမှာ ဆက်နေစရာ မလိုဘူး ... ဒီကို ပြန်လာနိုင်တယ် ... သိုင်းခန်းမက ခရမ်းရောင်ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်ကို အမြဲတမ်း ကြိုဆိုနေတယ်”

ကျန်းရီသည် ခေါင်းညိတ်ပြလိုက်ပြီး လေးလေးစားစားဖြင့် အရိုအသေ ပေးလိုက်သည်။ ထို့နောက် ကြီးကြပ်သူယန်မှ ဦးဆောင်၍ သိုင်းခန်းမ၏ ဘေးတံခါးပေါက်မှ အပြင်သို့ ထွက်ခဲ့ကြသည်။

အပြင်ဘက်တွင် အဖိုးတန် ရထားလုံးတစ်စီးသည် စောင့်နေခဲ့သည်။ ရထားလုံးတွင် 'ကျီ'ဟူသော စကားလုံးကို စာလုံးကြီးကြီးဖြင့် ရေးထွင်းထားလေသည်။ ရထားလုံးဘေးတွင် ရပ်နေသော ကျန်းယွင်ဟိုင်သည် ကျန်းရီကို မြင်လျှင် ရထားလုံးအတွင်းသို့ ဝင်ရန် ခေါင်းညိတ် ပြလိုက်သည်။

ကျန်းရီသည် လှည်းပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ရှောင်နူ လဲလျောင်းနေသော အိပ်ရာပုံစံ ညောင်စောင်းကို တွေ့လိုက်ရသည်။ ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရထားလုံး၏ ခန်းဆီးကိုမကာ ကြီးကြပ်သူယန်ကို လက်ပြ နှုတ်ဆက်လိုက်သည်။

"သွားကြစို့”

ကျန်းယွင်ဟိုင်သည် ရထားလုံးအတွင်းသို့ ဝင်လိုက်ပြီး ကျီဂိုဏ်းမှ ရထားလုံးမောင်းသူကို အမိန့် ပေးလိုက်သည်။ ရထားလုံးမောင်းသူသည် ကျာပွတ်ကို အသာရိုက်ချလိုက်ပြီး ရထားလုံးကို မြို့တောင်ဘက် တံခါးဆီ ဦးတည်လိုက်သည်။

ရထားလုံးသည် ဆူညံနေသော မြို့တွင်းမှ ဖြတ်၍ တောင်ဘက်တံခါးဆီ အလျင်အမြန် ရောက်ရှိ သွားခဲ့သည်။ ဂိတ်တံခါး၏ အပြင်ဘက်တွင် ကျီထျန်းနှင့် ကျန်းယွင်ရှန်တို့သည် နောက်လိုက်များ ကိုယ်စီဖြင့် ရပ်နေခဲ့ကြသည်။ ရထားလုံးမောင်းသူသည် ထိုလူနှစ်ယောက်ကို မြင်လျှင် ရထားလုံးကို ချက်ချင်း ရပ်တန့်လိုက်သည်။ ကျန်းယွင်ဟိုင်သည် ခန်းဆီးစကို မကာ ကျီထျန်းကို ကြည့်လိုက်သည်။

"ကျီထျန်း ... တောင်တွေ၊ မြစ်တွေက ဆက်စပ်နေကြတယ် ... အခွင့်အခါကြုံရင် ငါတို့ ထပ်တွေ့ကြမှာပါ”

ကျီထျန်းသည် ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။

"အစ်ကို ယွင်ဟိုင် ... လမ်းမှာ ဂရုစိုက်ပါ ... အချိန်ရရင် ပြန်လာပြီး ကျွန်တော်နဲ့ တစ်ခွက်လောက် သောက်ပါဦး”

ကျန်းယွင်ရှန်သည် ကျန်းယွင်ဟိုင် သူ့ကို လျစ်လျူရှုထားဆဲ ဖြစ်ကြောင်း တွေ့လျှင် စိတ်ဓာတ် ကျသွားရသည်။ သို့သော် သူသည် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ ပြောလိုက်သည်။

"ဦးလေးဟိုင် ... ဂရုစိုက်ပါ "

ကျန်းယွင်ဟိုင်သည် ကျန်းယွင်ရှန်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ကျီထျန်းကို ရင်းနှီးသည့် အကြည့်ဖြင့် ကြည့်ကာ ခန်းဆီးစကို ပိတ်ချလိုက်သည်။ ကျန်းယွင်ဟိုင်သည် ရထားလုံးမောင်းသူကို ပြောလိုက်သည်။

"သွားကြစို့”

"ရား”

ရထားလုံး မောင်းသူသည် ကျီထျန်းကို အရိုအသေ ပေးလိုက်ပြီး ကျာပွတ်ကို လွှဲရိုက်ကာ အဝေးသို့ ဦးတည်လိုက်သည်။

ကျီထျန်းသည် ကျန်းယွင်ဟိုင် ထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"ဟူး ... ယွင်ရှန် ... အစ်ကိုယွင်ဟိုင်က ကျန်းဂိုဏ်းကို အတော်လေး ဂရုစိုက်ပါတယ် ... စိတ်မကောင်းစရာက မင်းတို့ သူ့နှလုံးသားကို နာကျင်အောင် လုပ်လိုက်တာပဲ”

ကျန်းယွင်ရှန်သည် ခေါင်းကို ငုံ့ထားကာ တိတ်ဆိတ်နေခဲ့သည်။ ကျန်းယွင်ဟိုင် ထွက်သွားစဉ်က ကျန်းရီကို ကောင်းကောင်း ဂရုစိုက်ရန် သေချာ မှာကြားခဲ့သော်လည်း ကျန်းယွင်ရှန်သည် စိတ်ထဲ မထားခဲ့ပေ။ အမှိုက်ကောင်ကို ဂရုစိုက်စရာ လိုလို့လား ... ဤနှစ်များတွင် သူသည် ကျန်းရီ အနိုင်ကျင့် ခံနေရသည်ကို သိသော်လည်း ကျန်းယွင်ဟိုင် သေသွားပြီဟု ယူဆကာ သူ့ကံအတိုင်း ရှိပါစေဟု သဘောထားခဲ့သည်။ သူသည် ကျန်းဂိုဏ်း၏ ဆုံးရှုံးမှုကို မမျှော်လင့်ထားခဲ့ပေ။ သူ့ကိုယ်သူသာ အပြစ် တင်ရပေတော့မည်။

ထို့နောက် ကျန်းယွင်ရှန်သည် မေးလာခဲ့သည်။

"မြို့စား ... ဦးလေးဟိုင်က ဘယ်ကို သွားမယ်လို့ ပြောလဲ ... သူတို့ ပြန်လာဦးမှာလား”

"မသေချာဘူး”

ကျီထျန်းသည် ခေါင်းရမ်းလိုက်ပြီး အဖြေပေးလိုက်သည်။

"စောင့်ကြည့်နေ ... ကျန်းရီရဲ့ အရည်အချင်းနဲ့ဆိုရင် အချိန်တိုလေး အတွင်း နိုင်ငံအနှံ့ ကျော်ကြား လာလိမ့်မယ် ... ဒါဆိုရင် သူတို့ သွားတဲ့နေရာကို ငါတို့ သိလာလိမ့်မယ်”

"နိုင်ငံအနှံ့ ကျော်ကြားလာမယ်”

ကျန်းယွင်ရှန်သည် သံသယဖြင့် မေးလာခဲ့သည်။

"ကျန်းရီက အရည်အချင်း သိပ်မရှိဘူးမလား ... သူက ကောင်းကင်အဆင့် ကျင့်စဉ် ရှိနေလို့သာ အားကောင်းလာတာ မဟုတ်ဘူးလား ... သူသာ ကျင့်ကြံဆင့် ဆက်မြင့်မလာရင် အမှိုက် ဖြစ်နေဦးမှာပဲလေ”

"အရူး”

ကျီထျန်းသည် မနေနိုင်တော့ဘဲ ကြိမ်းမောင်းလိုက်သည်။ ကျန်းယွင်ဟိုင်သည် ထွက်ခွာမသွားခင်က ကျန်းဂိုဏ်းကို စောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။ သူသည် ကျန်းယွင်ရှန်ကို စိုက်ကြည့် လိုက်သည်။

"ကောင်းကင်အဆင့် ကျင့်စဉ် ... ကျန်းရီရဲ့ လက်ရှိအင်အားနဲ့ဆို အဲဒါကို နားလည်နိုင်မယ်လို့ မင်းထင်လား ... ကျန်းရီက တံခါးပိတ် ကျင့်ကြံတာ တစ်လတောင် မပြည့်သေးဘူး ... သူက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်ကို ရောက်တော့မယ်”

"ပြီးတော့ ... ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ ရှိနေသေးတယ် ... မင်းလုပ်ခဲ့တာကို ကြည့်ဦး ... အစ်ကိုယွင်ဟိုင်ရဲ့ နှလုံးသားကို နာကျင်စေရုံတင် မဟုတ်ဘူး ... ကျန်းဂိုဏ်းရဲ့ ပါရမီရှင် တစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရတာ ... ကျန်းရီသာ စောစောစီးစီး မသေရင် သူက ငါတို့ စိတ်ကူးနိုင်တာထက် ပိုပြီး အရေးပါတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်”

ဟမ် ...

ကျန်းယွင်ရှန်၏ ကိုယ်သည် တုန်လှုပ်သွားခဲ့သည်။ သူ့မျက်လုံးတွင် နောင်တတို့ ပြည့်နေခဲ့သည်။ ကျန်းရီသာ ကျီထျန်း ပြောသလို ပါရမီရှင် တစ်ဦးဖြစ်နေပါလျှင် သူသေဆုံးသည့်အခါ ကျန်းဂိုဏ်း၏ ဘိုးဘေးတို့ကို မည်သို့ မျက်နှာ ပြရမည်နည်း။

"သွားပြီ ... သူတို့သွားကြပြီ”

လူအုပ်ထဲတွင် မိန်းမပျိုလေး တစ်ယောက် ရောနှော၍ ရပ်နေခဲ့သည်။ သူမသည် အနီရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ဝေး၍သာ သွားသော ရထားလုံးကို ငေးကြည့် နေခဲ့သည်။ ရီလင်းရွှယ်သည် သက်ပြင်းချလိုက်သည်။ ကျန်းရီ၏ ထွက်ခွာမှုသည် သူ့ကို သူမထံမှ ဝေးဝေးသို့ ရောက်သွားစေမည် ဖြစ်ပြီး သူမ၏ ဘဝထဲမှ အပြီး ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သူမသိနေခဲ့သည်။

***

"အဘိုး ... ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ”

ရထားလုံးထဲတွင် ကျန်းရီသည် ရှောင်နူ၏ မျက်နှာလေးကို အသာအယာ သပ်ပေးရင်း တိုးတိုး မေးလိုက်သည်။

ကျန်းယွင်ဟိုင်သည် တောင်ဘက်သို့ ညွှန်ပြလိုက်ပြီး ရယ်မောလိုက်သည်။

"ငါတို့ ရှန်ဝူနိုင်ငံတော်ရဲ့ တောက်ဘက် အစွန်းမှာရှိတဲ့ ဝိညာဉ်သားရဲမြို့ကို သွားနေတာ ... .မင်းက ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်းလို့ ခေါ်တဲ့ ပွဲတစ်ခုမှာ ဝင်ပြိုင်ရမယ် ... အဲဒါက မင်းဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ရောက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ ... မင်းအဲဒီကျောင်းကို ဝင်နိုင်မှပဲ ကောင်းကင်အဆင့် ကုသသူနဲ့ တွေ့ဖို့ အခွင့်အရေး ရမယ် ... မင်းက သူနဲ့ အဆင်ပြေသွားရင် ငါက အဖိုးတန် လက်နက်တချို့နဲ့ ကမ်းလှမ်းမယ် ... ဒါဆို ရှောင်နူကို အဆိပ်ပြယ်အောင် လုပ်လို့ရပြီ ...”

ကျန်းရီ၏ မျက်လုံးများသည် တောက်ပသွားခဲ့ပြီး ရှုပ်ထွေးစွာ မေးလာခဲ့သည်။

"အဘိုး ... သင်တန်းကျောင်းကို အဘိုးသွားပြီးတော့ ကုသသူနဲ့ စကားသွားပြောလို့ မရဘူးလား ... ပြီးတော့ ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်း ဘာကြီးလဲ”

"ငတုံးလေး”

"ဝိညာဉ်သားရဲ သင်တန်းကျောင်းက တောင်စဉ် သုံးထောင်အတွင်းမှာ တည်ရှိတယ် ... စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ သူတွေတောင် ခွင့်ပြုချက် မရှိဘဲ ဝင်သွားလို့ မရဘူး ... မဟုတ်ရင် မင်းကို ဝိညာဉ်သားရဲတောင် ရှင်းလင်းပွဲကို ဝင်ပြိုင်ခိုင်းပါ့မလား”

"ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်းက နာမည်အတိုင်းပဲ ... အန္တရာယ်ရှိတဲ့ လေ့ကျင့်ပွဲ သဘောမျိုးပဲ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းက လူသစ်လက်ခံပွဲ ပြီးတာနဲ့ သွေးရှင်းတမ်းကိုပါ ကျင်းပလေ့ ရှိတယ် ... ဝင်ပြိုင်တဲ့ သူတွေက တောင်စဉ်သုံးထောင်ကို ဖြတ်ပြီးတော့ သင်တန်းကျောင်းဆီ အရောက်သွားရမယ် ... ဥပမာဆို ကောင်းကင်တောင်ပံမြို့က လူငယ် ငါးယောက်ပေါ့ ... သူတို့က အဆင့်နိမ့် နတ်ဆိုးသားရဲတွေကို သတ်ရင်း တောင်တွေကို ဖြတ်ကျော် သွားရမယ် ... သူတို့က သင်တန်းကျောင်းကို ရောက်သွားရင် တရားဝင် ကျောင်းသားတွေ ဖြစ်ပြီ ... သူတို့သာ သတ်မှတ်ချိန်အတွင်း သင်တန်းကျောင်းကို ရောက်မသွားရင် ပြန်အလွှတ် ခံရလိမ့်မယ် ... သူတို့ သွေးရှင်းတမ်းကို ကျော်ဖြတ်ဖို့က အရမ်းကြီး မခက်ခဲပါဘူး"

"အာ”

ကျန်းရီသည် ပို၍ပင် ရှုပ်ထွေးလာရပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"ဒါဆို သွေးရှင်းတမ်းကို ပြိုင်ရမှာက ကျီထင်ယွီနဲ့ တခြားသူတွေပေါ့ ... ဒါက ကျွန်တော်နဲ့ ဘယ်လို ပတ်သက်လို့လဲ”

"တကယ်တော့ ... မင်းနဲ့ ပတ်သက်နေတာ ရှိတယ်"

ကျန်းယွင်ဟိုင်သည် ရှင်းပြလာခဲ့သည်။

"သွေးရှင်းတမ်းက ပုံစံနှစ်မျိုး ရှိတယ် ... တစ်မျိုးက ဝင်ခွင့်ရ လူငယ်တွေအတွက် ဖြစ်ပြီးတော့ ... နောက်တစ်မျိုးက မင်းလိုမျိုး ဝင်ခွင့် မရလိုက်တဲ့ သူတွေအတွက်ပဲ ... ဒါပေမဲ့ မင်းပြိုင်မယ် ဆိုရင်တော့ ပိုပြီး ခက်ခဲလိမ့်မယ် ... ပြီးတော့ မင်းက သွေးရှင်းတမ်းကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တောင် အပြင်ဆောင် ကျောင်းသားအနေနဲ့ပဲ ဝင်ခွင့်ရမယ် ... နှစ်ဝက်ကြာပြီးမှ အထူး သွေးရှင်းတမ်း တစ်ခုကို ထပ်ပြိုင်ရမယ် ... ပြီးရင်တော့ တရားဝင် ကျောင်းသားတစ်ယောက် ဖြစ်ပြီ”

"ဝိညာဉ်သားရဲ သင်တန်းကျောင်းမှာ ကျောင်းသားတွေကို အဆင့်တွေ ခွဲထားသေးတယ် ... အပြင်ဆောင် ကျောင်းသား၊ သာမန်ကျောင်းသား၊ ထူးချွန်တဲ့ ကျောင်းသားတွေနဲ့ ပါရမီရှင် ကျောင်းသားတွေဆိုပြီး ... သွေးရှင်းတမ်းတွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးမှ မင်းရဲ့ အဆင့်က မြင့်လာမယ် ... ဒါဆိုရင် မင်းက ကောင်းကင်အဆင့် ကုသသူနဲ့ သိကျွမ်းဖို့ အခွင့်အရေး ရလာလိမ့်မယ် ..."

"ဒီလိုမျိုးလား”

ကျန်းရီသည် အချက်အလက် အပြည့်အစုံကို ကြားပြီးနောက် ခေါင်းကိုက်သွားလေသည်။ သို့သော် သူသည် ရှောင်နူကို လှည့်ကြည့်လိုက်သောအခါတွင် စိတ်ဆုံးဖြတ်လိုက်ဟန်များ ပေါ်လာခဲ့သည်။

မည်မျှပင် ခက်ခဲပါစေ ... ကြိုးစားကျင့်ကြံ၍ အားကောင်းအောင် လုပ်ရမည်။ သူသည် ကုသသူ ရှောင်နူကို ကယ်တင်ရန် လက်ခံလာလောက်အောင် ထူးချွန်စေရမည်။

***

All Chapters