ကူပိုးကောင်အများအပြား အဆင့်တက်ခြင်း၊ အဆင့်သုံး 'ချစ်ခြင်းမေတ္တာကူ'
Vol. 12 Ch. 162
"မဆိုးဘူး…"
ကျိုးစွေ့သည် နှစ်ခြောက်ရာအထိ တိုးလာသောသက်တမ်းအပေါ် အတော်လေး ကျေနပ်နေသည်။
သူ၏ နယ်ပယ်တက်လှမ်းမှုကြောင့် သက်တမ်း တိုးလာခြင်းအပြင် အရေးအကြီးဆုံး အချက်မှာ 'နဂါးဆင်ကူ'၏ အကူအညီကြောင့်ဖြစ်၏။ 'နဂါးဆင်ကူ'၏ စွမ်းအားဖြင့် သူသည် သက်တမ်းကန့်သတ်ချက်ကို ချိုးဖြတ်နိုင်ခဲ့သည်။
ထို့အပြင် ၎င်းသည် အစမျှသာ ဖြစ်သည်။ 'နဂါးဆင်ကူ'၏ သန့်စင်မှု တစ်ကြိမ်စီတိုင်းတွင် သူ၏ သက်တမ်းသည် ဆက်လက် တိုးပွားလာနိုင်ဖွယ် ရှိသေးပြီး၊ ၎င်း၏ကန့်သတ်ချက်သို့ မရောက်သေးပေ။
မည်သို့ပင်ဖြစ်စေ၊ ဒဏ္ဍာရီလာနဂါးတစ်ကောင်၏ သက်တမ်းသည် သာမန်လူများထက် များစွာ ကျော်လွန်သည်။ ၎င်းသည် သဘာဝအတိုင်း လူသားများကဲ့သို့ သက်တမ်းတိုသည့်မျိုးစိတ်များ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
"ကူပိုးကောင်တွေရဲ့ စွမ်းအားကလည်း တိုးလာတယ်.. သူတို့အားလုံး စုပေါင်းပြီး အဆင့်နှစ်ကို တက်လှမ်းသွားကြပြီ…"
ကျိုးစွေ့ သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဝန်ခံရလျှင်၊ သူ့အတွက် ကူပိုးကောင်များ၏ အဆင့်တက်မှုသည် အရေးအကြီးဆုံး ဖြစ်ပြီး၊ ကူပိုးကောင် တစ်ကောင်ချင်းစီ ပိုင်ဆိုင်သော စွမ်းအားသည် အရေးပါသော ဝှက်ဖဲတစ်ခု ဖြစ်သည်။
ထင်ရှားသည်မှာ၊ သူ၏ ကျင့်ကြံမှုအဆင့် တက်လှမ်းခြင်းသည်လည်း သူ့အတွင်းရှိ ကူပိုးကောင်များ၏ စွမ်းအားကို မြှင့်တင်ပေးခဲ့သည်။ ထိုနှစ်ခုသည် အပြန်အလှန် ချိတ်ဆက်အားဖြည့်ပေးနေသည်ဟု ဆိုရပေမည်။
"ကူပိုးကောင်တစ်ကောင်စီရဲ့ စွမ်းရည်က အဆင့်နှစ်ကို တက်လှမ်းပြီးတဲ့နောက်မှာ မတူညီတဲ့ အတိုင်းအတာတစ်ခုအထိ စွမ်းအား တိုးလာတာကို တွေ့ရတယ်…"
ကျိုးစွေ့သည် သူ၏သိစိတ်ပင်လယ်အနက်ပိုင်းမှ ကြီးမားသော သတင်းအချက်အလက် စီးကြောင်းတစ်ခုကို အာရုံခံမိလိုက်သည်။
၎င်းတို့သည် အဆင့်နှစ်သို့ တက်လှမ်းသွားသော ကူပိုးကောင် တစ်ကောင်စီတိုင်းမှ သူ့ထံ ပေးပို့လိုက်သော သတင်းစကားများ ဖြစ်ကြသည်။ ၎င်းက ကူပိုးကောင် တစ်ကောင်ချင်းစီ၏ လက်ရှိ အခြေအနေကို နားလည်စေခဲ့သည်။
ပထမဆုံး 'ကိုယ်ပွားကူ'သည် အဆင့်နှစ် အောက်ခြေအဆင့်သို့ တက်လှမ်းပြီးနောက်၊ ယခုအခါ ပိုမို များပြားသော ကိုယ်ပွားများကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ သူ ချီသန့်စင်ခြင်း အဆင့်(၉)တွင် ရှိနေစဉ်က ၎င်းသည် အခြေခံအားဖြင့် ကိုယ်ပွား၉ခု မွေးဖွားပေးနိုင်ခဲ့သည်။ ယခု အဆင့်နှစ် အောက်ခြေအဆင့်သို့ ရောက်ရှိသွားသောအခါ ၎င်းသည် ကိုယ်ပွား ၁၈ခု ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး အခြေခံအားဖြင့် ၎င်း၏ ထုတ်လုပ်မှု နှစ်ဆတိုးလာပေသည်။
အကယ်၍ အဆင့်နှစ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပါက ကိုယ်ပွား ၃၆ခု ဖြစ်လာမည်ဖြစ်ပြီး၊ ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားပါက ကိုယ်ပွား ၇၂ခု ထုတ်လုပ်ပေးလိမ့်မည်။ တိုးတက်မှုသည် ထပ်ညွှန်းကိန်းပုံစံ ဖြစ်သည်ဟု ပြောရပေမည်။
မှန်ပေသည်၊ တိုးတက်မှုက ထိုတစ်ခုတည်းသာဖြစ်ပါက ကြီးမားသော ကိစ္စတစ်ခု ဖြစ်မည် မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ မွေးဖွားလာသော ကိုယ်ပွားတိုင်းသည် အမျိုးမျိုးသော သိုင်းကွက်များ၊ နည်းစနစ်များနှင့် ကျင့်ကြံခြင်းအတတ်ပညာမျိုးစုံတို့ကို ၎င်းတို့ဘာသာ သင်ယူနိုင်သည်။ အခြေခံအားဖြင့် ကိုယ်ပွားတစ်ဦး သင်ယူခဲ့သော အကြောင်းအရာနှင့် နားလည်သဘောပေါက်မှုများကို ပင်မခန္ဓာကိုယ်ထံသို့ ပြန်လည် ပေးပို့နိုင်သည်။
ထိရောက်မှုသည် ပင်မခန္ဓာကိုယ်ကဲ့သို့ သာလွန်ကောင်းမွန်ခြင်း မရှိသော်လည်း သူသည် ဇွဲ့လုံ့လဖြင့် ပညာရပ်များစွာကို သင်ယူနိုင်ပြီး၊ တစ်ပြိုက်နက်တည်းတွင် ပင်မခန္ဓာကိုယ်သည် မိမိ၏ကျင့်ကြံမှုကိုသာ အာရုံစိုက်ထားနိုင်ပေသည်။ ကျင့်ကြံခြင်းပညာရပ်မျိုးစုံ၏ အသိပညာအတွက်မူ သူ၏ကိုယ်ပွားများထံသို့ တာဝန်လွှဲအပ်ထားနိုင်သည်။
"ဒီလိုဆိုရင် ဒါက ငါ့ကို အသိပညာအမျိုးမျိုးကို တပြိုင်နက်သင်ယူနိုင်မဲ့ နောက်ထပ်အပို ဦးနှောက် ၁၈ခု ရှိတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…" ကျိုးစွေ့ အတော်လေး စိတ်လှုပ်ရှားသွားသည်။
ထင်ရှားသည်မှာ ကိုယ်ပွားများ၏ အခန်းကဏ္ဍသည် သတင်းအချက်အလက် စုဆောင်းရန်နှင့် စွန့်စားခန်းများထွက်ရန် အတွက်သာ မဟုတ်တော့ဘဲ၊ သူတို့သည် ပညာရပ်များစွာကို သင်ယူရာတွင်လည်း ကူညီနိုင်သည်။ ၎င်း၏ အသုံးဝင်မှုများမှာ အကန့်အသတ်မရှိချေ။
အမှန်အတိုင်းဆိုရလျှင် သူ သင်ယူရန် လိုအပ်သည့် ပညာရပ်အများအပြား ရှိသည်။ အကယ်၍ သူ့တွင် ကူညီပေးမည့် ကိုယ်ပွားများ ပိုမိုရှိပါက သူ၏သင်ယူနိုင်စွမ်းမှာ နဂိုကထက်ပင် ကျယ်ပြန့်လာမည်ဖြစ်ပြီး၊ ကြီးမားသော တိုးတက်မှုဆီသို့ ဦးတည်သွားမည်ဖြစ်သည်။
"'စာအုပ်ကူ'ကလည်း အဆင့်နှစ်ကို တက်လှမ်းသွားခဲ့ပြီ.. အဆင့်နှစ် 'ကိုယ်ပွားကူ'နဲ့ ပေါင်းလိုက်ရင်.. ဒါက ကျားတစ်ကောင်ကို အတောင်တပ်ပေးလိုက်သလိုပဲ.."
ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။ ရှင်းလင်းသည်မှာ 'စာအုပ်ကူ'သည်လည်း အဆင့်နှစ်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
'စာအုပ်ကူ'၏ အတွင်း သိုလှောင်နိုင်စွမ်းသည် ယခင်ထက်အဆတစ်ရာ ကျယ်ပြန့်လာပြီး အချက်အလက် ပမာဏအများအပြားကို သိုလှောင်ထားနိုင်ခွင့် ပေးသည့်အပြင် ပိုမို အရေးကြီးသော စွမ်းရည်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ အသိပညာ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ 'စာအုပ်ကူ'၏ စွမ်းအားဖြင့် သူသည် အသိပညာနှင့် အချက်အလက်များကို အခြားသူများထံ ဆက်သွယ်မျှဝေနိုင်ပြီး၊ သူတို့ကို အမျိုးမျိုးသော အသိပညာများအား အလွတ်ကျက်မှတ်နိုင်အောင် ဓာတ်ပုံရိုက် မှတ်ဉာဏ်ရရှိစေရန် ကူညီပေးနိုင်သည်။
မူလက သူသည် 'စာအုပ်ကူ'၏ စွမ်းအားကို ကိုယ်ပိုင်အတွက်သာ အသုံးချနိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ 'စာအုပ်ကူ' မှတ်တမ်းတင်ထားသော မည်သည့်အသိပညာကိုမဆို အခြားသူများနှင့် မျှဝေနိုင်ပြီ ဖြစ်သည်။
တစ်နည်းဆိုရလျှင်၊ သူ၏ တာအိုလက်တွဲဖော်များသည် ဤအကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။
သူ့ကဲ့သို့ပင် သူတို့သည် ကျင့်ကြံခြင်း အသိပညာ အမြောက်အမြားကို မှတ်မိနိုင်ကြမည် ဖြစ်သည်။ ၎င်းသည် သူ၏ တာအိုလက်တွဲဖော်များ၏ ကျင့်ကြံမှု မြန်မြန်ဆန်ဆန် တိုးတက်စေရန်နှင့် တာအိုအပေါ် သူတို့၏ နားလည်မှုကိုလည်း အထောက်အကူ ပြုလိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"'အရက်ကူ'.. 'နဂါးဆင်ကူ'.. 'ရွှေအလင်းတစ်ထောင်ကူ'.. 'ရွှေစားကူ'.. 'အိပ်မက်ဝိညာဉ်ကူ' အဲ့တာတွေအားလုံး အဆင့်နှစ်ကို ရောက်သွားကြပြီ…"
ကျိုးစွေ့ သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ထင်ရှားသည်မှာ ဤကူပိုးကောင်ငါးကောင်၏ စွမ်းရည်များသည်လည်း သိသာသော ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည်။
'အရက်ကူ'သည် အဆင့်နှစ်သို့ တက်လှမ်းသွားပြီးနောက် ယခုအခါ ဒုတိယအဆင့် ဝိညာဉ်အရက်ကို ချက်လုပ်နိုင်ပြီ ဖြစ်သည်။ ဒုတိယအဆင့် ဝိညာဉ်အရက်တစ်အိုးသည် အနည်းဆုံး အလယ်အလတ် ဝိညာဉ်ကျောက်တုံး ငါးတုံး တန်ဖိုး ရှိပြီး၊ ၎င်းသည် ပထမအဆင့် ဝိညာဉ်အရက်ထက် ဆယ်ဆ တန်ဖိုး ရှိသည်။
အကယ်၍ ဒုတိယအဆင့် ဝိညာဉ်အရက်ကို အမြောက်အမြား ထုတ်လုပ်နိုင်ပါက၊ သူ၏ ငွေရှာနှုန်းသည် ငွေပုံနှိပ်စက်တစ်လုံးကဲ့သို့ လျင်မြန်နေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် အဆင့်နှစ် 'အရက်ကူ'သည် သူ၏ကိုယ်ပိုင် ငွေပုံနှိပ်စက် ဖြစ်သည်။
'နဂါးဆင်ကူ'နှင့် ပတ်သက်၍ ၎င်းသည်လည်း အဆင့်နှစ်သို့ တက်လှမ်းသွားခဲ့ပြီး ၎င်းသည် လစဉ် လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင် အမျှင်တန်းတစ်ခုကို ထုတ်လုပ်ပေးနေဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်သို့ သွေးစွမ်းအင် အကျိုးသက်ရောက်မှုများမှာ ဆယ်ဆမက တိုးလာခဲ့သည်။
၎င်းသည် သူ၏ရုပ်ခန္ဓာကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစေပေသည်။
ထို့အပြင် အဆင့်နှစ်သို့ တက်လှမ်းသွားသော 'ရွှေအလင်းတစ်ထောင်ကူ'သည် ယခုအခါ အလွန်ပြင်းထန်သော ဒုတိယအဆင့် အဆိပ်ကို ထုတ်လွှတ်နိုင်သည်။ ဤအဆိပ် အနည်းငယ်မျှကို ထုတ်လွှတ်လိုက်ရုံဖြင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်သည်။
၎င်းသည် ရွှေအမြုတေ ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်သည်။ ရွှေအမြုတေ ကျင့်ကြံသူများကို မသတ်ဖြတ်နိုင်လျှင်ပင် ၎င်းသည် သူတို့ကို အကြီးအကျယ် ဒုက္ခပေးနိုင်မည်မှာ သေချာပေသည်။
အဆင့်နှစ်သို့ တက်လှမ်းသွားသော 'ရွှေစားကူ'နှင့် ပတ်သက်၍ ၎င်း၏ စွမ်းရည်များသည် သဘာဝအတိုင်း များစွာ အားကောင်းလာခဲ့သည်။ ၎င်း၏ ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး စွမ်းအား နှစ်မျိုးလုံး အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့ရသည်။
'ရွှေစားကူ'သည် လက်ရှိတွင် မူလ ရွှေနီသတ္တုတွင်းတွင် နေထိုင်နေပြီး အခြေခံအားဖြင့် ရွှေစားကူတစ်ထောင်ခန့်ကို ပေါက်ဖွားစေခဲ့ပြီး ဖြစ်သည်။
တစ်နည်းဆိုရလျှင် တပ်စုတစ်စု တည်ထောင်ခဲ့ပြီဟု ဆိုနိုင်ပေသည်။ သူတို့၏စွမ်းအားကိုသာ အပြည့်အဝထုတ်လွှတ်ပါက၊ အခြေတည်အဆင့် ကျင့်ကြံသူများစွာကို မုချ ချေမှုန်းနိုင်ပြီး မကြုံစဖူး ပိုးကောင်ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။
သို့သော် ကျိုးစွေ့သည် ၎င်းတို့ထဲမှ တစ်ရာကိုသာ သူ၏အနားတွင် ထားရှိပြီး အခြား ကိုးရာကိုမူ ရွှေနီသတ္တုတွင်းတွင်သာ မွေးမြူထားရှိသည်။ မည်သို့ပင်ဖြစ်စေ၊ 'ရွှေစားကူ' တစ်ထောင်၏ အစာစားချင်စိတ်မှာ အလွန်ကြီးမားလှသည်။ သူသာ ၎င်းတို့အား အနားတွင် အမှန်တကယ် ထားရှိမည်ဆိုလျှင် သူတို့၏ စားစရိတ်ကို ထောက်ပံ့နိုင်ဖွယ် မရှိပေ။
'အိပ်မက်ဝိညာဉ်ကူ'အတွက်မူ ၎င်းသည် ကြာမြင့်စွာကတည်းက အဆင့်နှစ်သို့ တက်လှမ်းထားခဲ့ပြီးဖြစ်ရာ၊ ယခုတစ်ကြိမ်တွင်မူ ထူးထူးခြားခြား ပြောစရာမရှိချေ။
သို့သော် အံ့ဩစရာအကောင်းဆုံး ဆင့်ကဲပြောင်းလဲသောကူမှာ 'ချစ်ခြင်းမေတ္တာကူ' ဖြစ်သည်။ ယခုအခါ 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားသည် အဆင့်သုံးသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
"အဆင့်သုံး 'ချစ်ခြင်းမေတ္တာကူ'…"
ကျိုးစွေ့သည် သိစိတ်ပင်လယ်အနက်ပိုင်းထဲမှ 'ချစ်ခြင်းမေတ္တာကူ'ကို သတိပြုမိလိုက်သည်။
၎င်းသည် ယခုအခါ ထူထပ်စွာ ပွတ်သိပ်ကြပ်နေသည့် ပန်းရောင် ရုန်းသင်္ကေတများဖြင့် ဖုံးလွှမ်းနေပြီး အဆုံးမရှိသော အချစ်နှင့် စိတ်အားထက်သန်မှုတို့ဖြင့် အပြည့်အဝလွှမ်းခြုံထားသည့်အလား ဖြစ်နေသည်။ ပန်းရောင် အရှိန်အဝါတစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေတော့သည်။
ထိုပန်းရောင် အရှိန်အဝါသည် သူ၏ ခြေလက်အရိုးများထဲသို့ စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ရှိ နေရာတိုင်းသို့ စီးဆင်းသွားသည်။ ရလဒ်အနေဖြင့် သူ၏ ရုပ်သွင်နှင့် ကိုယ်လုံးကိုယ်ပေါက်အား သိသိသာသာ ပြောင်းလဲသွားစေသည်။
၎င်းသည် အသစ်မွေးဖွားလာသော အဆင့်သုံး 'ချစ်ခြင်းမေတ္တာကူ'၏ မွေးရာပါစွမ်းရည် 'ကောင်းကင်ဘုံ ဆွဲဆောင်မှုခန္ဓာ' ဖြစ်သည်။
'ချစ်ခြင်းမေတ္တာကူ'သည် ယခုအခါ ဆန်းကြယ်သော စွမ်းအားတစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေပြီး၊ ကျိုးစွေ့၏ ကိုယ်လုံးကိုယ်ပေါက်အား မရပ်မနား ပြောင်းလဲပေးနေသည်။
ရလဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ်သည် ထူးခြားသော ရနံ့တစ်ခုကို ထုတ်လွှတ်နေပြီး၊ ထိုရနံ့သည် လူသား ယောက်ျားဟော်မုန်း ဖြစ်သည်။ ဤရနံ့သည် မည်သည့်အနံမှမရှိသလို့၊ မည်သို့သောအနံ့ခံအာရုံဖြင့်မှ အနံ့ခံနိုင်မည်မဟုတ်သော်လည် ၎င်းကို ခံစားသိရှိနိုင်သည်။
ကျင့်ကြံသူအမျိုးသမီးတစ်ဦး သူ၏အနားတွင် ရပ်လိုက်သည်နှင့်၊ သူမသည် ဝိညာဉ်ကိုပင် ယစ်မူးစေမည့် စွဲမက်ဖွယ် ရနံ့တစ်ခုကို မသိစိတ်ဖြင့် အလိုအလျောက် အနံ့ခံမိပေလိမ့်မည်။
ထိုရနံ့ကို ရှူရှိုက်ပြီးနောက် ကျင့်ကြံသူအမျိုးသမီးများ၏ သူ့အပေါ် ထားရှိသော နှစ်ခြိုက်မှုက များစွာ တိုးပွားလာပေမည်။ ၎င်းသည် ၎င်းတို့အား ကူကယ်ရာမဲ့ အချစ်နွံ့သို့ သက်ဆင်းမိသည့်အလား ဖြစ်စေပေမည်။
မှန်ပေသည်၊ ဤစွမ်းအားသည် သူ၏ တိုက်ခိုက်ရေးအစွမ်းကို မတိုးစေဘဲ၊ ၎င်းသည် သူ၏ ဆွဲဆောင်မှုကိုသာ သီးသန့် မြှင့်တင်ပေးသည်။ သို့သော် ဤဆွဲဆောင်မှုသည် ချက်ချင်း အကျိုးသက်ရောက်မှု ရှိမည်မဟုတ်သော်လည်း သိမ်မွေ့စွာ သက်ရောက်စေသည်။
သူ၏အနားတွင် ကြာကြာနေလေ၊ သူ၏ ဆွဲဆောင်မှုကို ပိုမို အာရုံခံမိလေ ဖြစ်သည်။ ၎င်းသည် လိင်တူ ယောက်ျားတစ်ဦး ဖြစ်လျှင်ပင် သူ၏အပေါ် မျက်နှာသာပေးချင်စိတ်က မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မည်။
သူ၏လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်းသည် မခုခံနိုင်သော ဆွဲဆောင်မှုအား ထုတ်လွှတ်နေမည် ဖြစ်၏။