← Chapters

ကောင်းကင်ဘုံ ဆွဲဆောင်မှုခန္ဓာ၊ အင်မော်တယ်ရှားဂိုဏ်းကို တုန်လှုပ်စေခြင်း။

Vol. 12 Ch. 163

ကောင်းကင်ဘုံ ဆွဲဆောင်မှုခန္ဓာ၊ အင်မော်တယ်ရှားဂိုဏ်းကို တုန်လှုပ်စေခြင်း။

Vol. 12 Ch. 163

"ငါ တကယ်ပဲ အချစ်သူတော်စင်တစ်ယောက်အဖြစ် ပြောင်းလဲသွားတော့မှာလား…"

ကျိုးစွေ့ မျက်တောင် တစ်ဖြတ်ဖြတ်ခတ်လိုက်သည်။

အဆင့်သုံး 'ချစ်ခြင်းမေတ္တာကူ' သူ့ထံ ယူဆောင်လာသော အကျိုးကျေးဇူးများကို သိမြင်လိုက်သည်။ ဤကူပိုးကောင်၏ ပြောင်းလဲမှုသည် သူ့ကို အချစ်သူတော်စင်တစ်ဦး၊ သို့မဟုတ် လူရှုပ်လူပွေတစ်ဦး ဖြစ်လာစေရန် ခြေတစ်လှမ်းချင်း ဆင့်ကဲပြောင်းလဲပေးနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ယခုအခါ ကောင်းကင်ဘုံ ဆွဲဆောင်မှုခန္ဓာကို ပိုင်ဆိုင်နေပြီ ဖြစ်သောကြောင့် သူသည် အမျိုးသမီးများအပေါ် ကူပိုးကောင်အသုံးမပြုလျှင်ပင်၊ မရေမတွက်နိုင်သော အမျိုးသမီးကျင့်ကြံသူများက သူ့ကို ချစ်ကျွမ်းဝင်လာကြမည်ကို သူ ကြောက်ရွံ့မိတော့သည်။

ယောက်ျားနှင့် မိန်းမအကြား ချစ်ခြင်းမေတ္တာ၏ အနှစ်သာရမှာ လက်တွေ့တွင်မူ ဟော်မုန်းများ ဖလှယ်ခြင်းသာ ဖြစ်၏။ ထင်ရှားသည်မှာ 'ချစ်ခြင်းမေတ္တာကူ'သည် ဤအနှစ်သာရကို ဆုပ်ကိုင်ထားပြီး ဟော်မုန်းများကို တက်ကြွစွာ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။

"ကံကောင်းတာက ငါ ဒီအရှိန်အဝါကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်တာပဲ.."

"မဟုတ်ရင် ဒါက အချစ်ဇာတ်လမ်းတစ်ပုဒ် ဆိုတာထက် အချစ်ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်…"

ကျိုးစွေ့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

အကယ်၍ ကျင့်ကြံသူအမျိုးသမီးတစ်သိုက် သူ့ထံ အတင်းအကျပ် ဝိုင်းအုံလာပါက မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ရိုးရိုးသားသားပြောရလျှင် သူ တာအိုလက်တွဲဖော်များ အလွန်အကျွံ မထားရှိလိုပေ။

တာအိုလက်တွဲဖော်များ ရှိခြင်းသည် အကျိုးကျေးဇူးများသာမက တာဝန်ယူမှုကိုလည်း ဆိုလိုသည်။ အတူတူပေါင်းစည်းပြီးသည်နှင့် ပြီးစလွယ်စွန့်ပစ်၍ ရမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ၎င်းသည် ပြည့်တန်ဆာများထံသို့ သွားခြင်းနှင့် မည်သို့ကွာခြားပါတော့မည်နည်း။

ထို့ကြောင့် အနာဂတ်တွင် တာအိုလက်တွဲဖော်အသစ်များ ရွေးချယ်မည်ဆိုလျှင် သူ ဂရုတစိုက် လုပ်ရန် လိုအပ်သည်။

…

ရက်အနည်းငယ် ကြာပြီးနောက်။

ကျိုးစွေ့သည် အခြေတည်အဆင့် ကျင့်ကြံမှုကို စေ့စပ်သေချာစွာ ခိုင်မာအောင် ပြုလုပ်ပြီး၊ ကူပိုးကောင်များ၏ စွမ်းအားနှင့် အကျွမ်းတဝင် ဖြစ်သွားပြီးမှသာ နောက်ဆုံးတွင် သူ၏ တရားထိုင်ခန်းမှ ထွက်လာပြီး ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် လန်ယွဲ့ရှီတို့အားလုံး စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

ယောက်ျားဖြစ်သူ ဤတစ်ကြိမ် တံခါးပိတ်တရားထိုင်ခြင်းသည် အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် ရည်ရွယ်သည်ကို သူတို့ သိရှိကြသည်။

သူ့တွင် အခြေတည်ဆေးလုံး ရှိသည်ကို သိထားပြီး သူ ကျရှုံးခဲ့လျှင်ပင် ကြီးကြီးမားမားပြဿနာ မရှိသင့်ကြောင်း သိထားသော်လည်း၊ ဤလောကတွင် မတော်တဆမှုများက အမြဲတမ်း ဖြစ်ပွားနိုင်သည်။

ထို့ကြောင့် သူတို့ စိုးရိမ်နေကြဆဲ ဖြစ်သည်။

ဤအခိုက်အတန့်တွင် တရားထိုင်ခန်းမှ ထွက်လာသော ကျိုးစွေ့ကို မြင်လိုက်ရပြီး၊ အဆပေါင်းများစွာ ပိုမိုအားကောင်းသော ဖိအားတစ်ခုနှင့်အတူ သူ့ဆီမှ ထွက်ပေါ်နေသည့် လုံးဝကွဲပြားခြားနားသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

"ယောက်ျား.. ရှင် အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီလား…"

ကျိပင်းယွီက ဝမ်းမြောက်စွာ မေးလိုက်သည်။

"ဟုတ်တယ်.. ငါ အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီ…"

ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။

"တကယ့်ကို သတင်းကောင်းပဲ.. ယောက်ျားအောင်မြင်မှာကို ကျွန်မသိပြီးသား.. ဒါပေမဲ့ ရှင် ပထမဆုံးကြိုးစားမှုမှာပဲ အခြေတည်အဆင့် အောင်မြင်သွားလိမ့်မယ်လို့တော့ ကျွန်မ ထင်မထားမိဘူး.."

မုဇီယန်သည် ကျိုးစွေ့ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ အခြေတည်ဆေးလုံး၏ အကူအညီနှင့်ပင် ကျင့်ကြံသူများစွာသည် တက်လှမ်းရာတွင် ကျရှုံးနေကြဆဲ ဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်သူများသည် အမှန်တကယ်တွင် လူနည်းစုသာရှိသည်။

ယခင်က သူတို့သည်လည်း ထူးကဲစွာ ကောင်းမွန်သော အခြေတည်ဆေးလုံးကြောင့်သာ တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းသည် သာမန် အခြေတည်ဆေးလုံးတစ်လုံးသာ ဖြစ်ခဲ့ပါက အောင်မြင်ရန် အနည်းဆုံး နှစ်ကြိမ်ခန့် ကြိုးစားရပေမည်။

"ယောက်ျား.. ရှင် အခြေတည်ဆေးလုံးမသုံးဘဲ.. ကိုယ့်ဘာသာ အခြေတည်အဆင့်ကို တက်လှမ်းခဲ့တာလား.."

ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအနေဖြင့် လန်ယွဲ့ရှီသည် ကျိုးစွေ့ထံမှ ပုံမှန်မဟုတ်သော မှော်စွမ်းအား အတက်အကျကို ခံစားလိုက်ရသည်။ ဤကြောက်မက်ဖွယ် မှော်စွမ်းအား အတက်အကျသည် သာမန် ကျင့်ကြံသူများ အခြေတည်အဆင့်တွင် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

"ဟုတ်တယ်.. ငါ ကောင်းချီးပေးခံရပြီးတော့ ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရလို့.. ကိုယ့်ဘာသာကိုယ် အခြေတည်ဖို့ ကြိုးစားကြည့်လိုက်တာ…"

"ဒီလိုမျိုး အောင်မြင်သွားလိမ့်မယ်တော့ ထင်မထားမိဘူး…"

ကျိုးစွေ့ ခပ်ဟဟ ပြုံးလိုက်သည်။

"ငါ့ယောက်ျားက အမှီအခိုကင်းတဲ့ အခြေတည်အုတ်မြစ်ကို တည်ထောင်နိုင်လိမ့်မယ်လို့ ထင်မထားမိဘူး.. အနာဂတ်မှာ အမြုတေဖွဲ့စည်းဖို့ အခွင့်အလမ်းကတော့ အရမ်းကိုများသွားပြီ…"

ရှားကျင်းယန်က လေးနက်စွာ မှတ်ချက်ပေးလိုက်သည်။

သူမသည်လည်း အမှီအခိုကင်းစွာ အခြေတည်နိုင်သောကျင့်ကြံသူတိုင်းသည် အနာဂတ် အမြုတေဖွဲ့စည်းမှု အောင်မြင်မှုနှုန်းမှာ အနည်းဆုံး ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ပိုများကြောင်း သူမ ကြားသိထားသည်။

အမှီအခိုကင်းစွာ အခြေတည်သော ကျင့်ကြံသူတိုင်းသည် အလားအလာရှိသော အမြုတေမျိုးစွေ့များအဖြစ် သတ်မှတ်ခံရသည်။ နှမြောစရာကောင်းသည်မှာ၊ ၎င်းအား အမှန်တကယ် အောင်မြင်နိုင်သည့် ကျင့်ကြံသူများမှာ အလွန်ပင် ရှားပါးလှသည်။

ယောက်ျားဖြစ်သူက ၎င်းအား အောင်မြင်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"စိတ်မပူကြနဲ့.. မင်းတို့အားလုံး အနာဂတ်မှာ အမြုတေဖွဲ့စည်းမှုကို သေချာပေါက် အောင်မြင်ကြမှာပါ.."

"ငါ ဒါကို အရင်ကတည်းက ပြောခဲ့ပြီးသား…"

"အတိတ်တုန်းက မင်းတို့က ငါ့ကို ကူညီဖေးမခဲ့တယ်.. အခု မင်းတို့ကို ဦးဆောင်ဖို့ ငါ့ အလှည့်ပဲ…"

"အတူတကွ ရှေ့ဆက်ကြမယ်.. တာအိုလက်တွဲဖော်တွေဆိုတာ ဒီလိုပဲ ဖြစ်သင့်တာမလား…"

ကျိုးစွေ့က သူ၏ တာအိုလက်တွဲဖော်လေးဦးကို ချစ်ခင်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

"ယောက်ျားရယ်…"

ဤစကားများကို ကြားသောအခါ ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် လန်ယွဲ့ရှီတို့သည် သူ့အား မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်ကြပြီး ရင်ထဲထိသွားကြသည်။ ပျားရည်သောက်လိုက်ရသည့်အလား သူတို့၏နှလုံးသားထဲတွင် ချိုမြသွားချေသည်။

ဤယောက်ျားနောက်သို့ လိုက်ပါခဲ့ခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ပင် ဖြစ်၏။

…

မကြာမီပင် ကျိုးစွေ့၏ အခြေတည်အဆင့် အောင်မြင်မှုသတင်းသည် တောမီတစ်ခုကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ၎င်းသည် အင်မော်တယ်ရှားဂိုဏ်း တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော တပည့်များ သိရှိသွားကြသည်။ အထူးသဖြင့် တောင်အသီးသီးရှိ တောင်ထိပ်သခင်များမှာ များစွာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မင်းတို့ ကြားပြီးပြီလား.. ငါတို့ ဂိုဏ်းချုပ်ရဲ့ ယောက်ျား.. ကျိုးစွေ့လေ.. အခြေတည်အဆင့် အောင်မြင်သွားပြီတဲ့…"

တစ်ယောက်က ချက်ချင်း သတင်းဖြန့်လိုက်သည်။

"ဟုတ်ရဲ့လားကွာ.. ကျိုးစွေ့က ချီသန့်စင်ခြင်း အဆင့်(၉)မှာပဲ ရှိသေးတယ်လို့ ပြောကြတာ မဟုတ်ဘူးလား.. သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် အခြေတည်အဆင့်ကို တက်လှမ်းသွားတာလဲ…"

အင်မော်တယ်ရှားဂိုဏ်း တပည့်များစွာ အံ့ဩတုန်လှုပ်သွားကြသည်။

မူလက ကျိုးစွေ့ အခြေတည်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ၊ သို့မဟုတ် ဆယ်စုနှစ်တစ်ခုစာထက်ပင် ပိုမိုကြာမြင့်မည်ဟု သူတို့ထင်ခဲ့ကြသည်။

ဂိုဏ်းသို့ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် သူ အောင်မြင်စွာ အခြေတည်နိုင်ခဲ့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

တစ်စုံတစ်ယောက်သည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သွားသည်နှင့်၊ ယခင်က စိတ်ဝိညာဉ်အမြစ် မည်သည့်အဆင့် ဖြစ်ခဲ့သည်ဖြစ်စေ သူ၏အဆင့်အတန်းမှာ သိသိသာသာ မြင့်မားသွားမည် ဖြစ်၏။

အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ် ရှိလျှင်ပင်၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဆိုသည်မှာ စွမ်းအား၏ ပြယုဂ်တစ်ခု ဖြစ်သည်။

သိထားရမည်မှာ၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် ရှိသူများပင်လျှင် အခြေတည်ခြင်းကို အောင်မြင်စွာ တည်ထောင်နိုင်သည် မဟုတ်ချေ။

ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦးပင်လျှင် ကံမကောင်းပါက အခြေတည်အဆင့် တည်ထောင်စဉ်တွင် သေဆုံးသွားနိုင်သည်။

ထို့ကြောင့် တစ်စုံတစ်ဦးတွင် အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ် ရှိလျှင်ပင်၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပါက သူတို့သည် ဂိုဏ်းအကြီးအကဲတစ်ဦး ဖြစ်နိုင်သေးပြီး တောင်ထိပ်တစ်ခုကို အုပ်စိုးနိုင်သည်။

အဆုံးသတ်တွင် စွမ်းအားသည် စွမ်းအားပင် ဖြစ်၏။ သူတို့၏ ကျင့်ကြံမှုသည် အနာဂတ်တွင် ဆက်လက်မတိုးတက်နိုင်တော့လျှင်ပင်၊ အခြေတည် အစောပိုင်းကျင့်ကြံမှုနှင့်အတူ သူတို့သည် ဒေသတစ်ခုကို ဖိနှိပ်ထားနိုင်သေးသည်။

"ကျိုးစွေ့က ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်နေတော့ သူ့မှာ ကံကောင်းခြင်းတွေ အများကြီး ရှိတယ်လို့ ငါ ကြားတယ်… သူက အရည်အသွေးမြင့် အခြေတည်ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တယ်တဲ့.. ပြီးတော့ အင်မော်တယ်ရှားတောင်ထိပ်က တတိယအဆင့် ဝိညာဉ်ကြောရဲ့ အထောက်အပံ့နဲ့ဆိုရင်.. သူ အခြေတည်အဆင့်ကို အောင်အောင်မြင်မြင်တည်ထောင်နိုင်ခဲ့တာက သဘာဝကျပါတယ်…"

တစ်ယောက်က သတင်းအချက်အလက်အား လျှို့ဝှက်စွာ ထုတ်ဖော်ပြောကြားလိုက်သည်။

"ဒီလူရဲ့ ကံက သောက်ရမ်းကိုကောင်းလွန်းတယ်.. အရင်က သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်… ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးတာ ခံရပြီးရော.. ငါးကနေ နဂါးဖြစ်သွားတဲ့အတိုင်း အခြေတည်အဆင့်ထိပါ ရောက်သွားတော့တာပဲ.."

"ငါလေးကျတော့ရော… ချီး.. အင်မော်တယ်ရှားဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်.. ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်နဲ့တောင် ငါ အခုထိ အခြေတည်နိုင်သေးဘူး.. ဟူး.."

"ရုပ်ချောပြီး အိပ်ရာထဲမှာ စွမ်းဆောင်နိုင်တာက ဒီလောက်တောင် မိန်းမတွေရဲ့ မျက်နှာသာပေးမှုကို ရစေတာလားကွာ…"

"ယောက်ျားတစ်ယောက်ရဲ့ အတွင်းစိတ် အရည်အသွေးတွေကို တန်ဖိုးထားတဲ့ မိန်းမတွေ မရှိတော့ဘူးလား…"

"ငါ့ကို သဘောကျပြီး အချစ်ရဲ့ခါးသီးမှုကို မြည်းစမ်းခွင့်ပေးမဲ့ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူတွေ ဒီလောကကြီးမှာ မရှိတော့ဘူးလား"

အင်မော်တယ်ရှားဂိုဏ်းမှ အတွင်းစည်းတပည့်တစ်ဦးမှာ အလွန်ပင် မနာလိုဝန်တို ဖြစ်နေတော့သည်။ လောကကြီးသည် အမှန်တကယ် မတရားဟု ခံစားလိုက်ရသည်။

သူ၏ အခြေအနေများ မဆိုးလှဟု သူ ခံစားရသည်၊ အဘယ်ကြောင့် မည်သည့် ကျင့်ကြံသူအမျိုးသမီးကမှ သူ့ကို သတိမပြုမိရသနည်း။

"အဟတ်.. အိပ်မက် မက်မနေနဲ့တော့.. အဲ့ဒီလူက သောက်ရမ်းချောတာမှ ရှားပါးလှတဲ့ ကျောက်စိမ်းလိုမျိုးတဲ့…မှန်ထဲမှာ ရှင့်အခွက်ရှင် သွားကြည့်လိုက်ဦး.. ဒီအခွက်နဲ့တော့ ရှင့်ကို ဘယ်မိန်းမကမှ သောက်ဖက်လုပ်မှာ မဟုတ်ဘူး.. ဟမ့်…"

အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။

"ဘာကွ.. ရုပ်ရည်ချောမောတာက တကယ်ပဲ အဲ့ဒီလောက်အရေးကြီးလား… ဟမ့်.. ငါလည်း ချောနိုင်တာပဲ.. ငါလည်း ပလတ်စတစ်ဆာဂျရီ လုပ်လို့ရတယ်…"

"တစ္ဆေမိစ္ဆာဂိုဏ်းမှာ မျက်နှာပြောင်းလဲခြင်း ပညာရပ်ရှိတယ်လို့ ငါ ကြားတယ်.. မင်း ကြိုက်သလို ကြည့်ကောင်းအောင် ပြောင်းလို့ရတယ်တဲ့…"

"တကယ်လို့ ရွှေအမြုတေ ကျင့်ကြံသူအမျိုးသမီးတစ်ယောက်က ချောမောတဲ့ ယောက်ျား အမျိုးအစားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်… ငါ ငါ့ရဲ့ ရုပ်ရည်ကို သူတို့အကြိုက် နေ့တိုင်းတောင် ပြောင်းပေးလိုက်ဦးမယ်…"

အင်မော်တယ်ရှားဂိုဏ်းမှ အတွင်းစည်းတပည့်သည် လက်သီးများကို ဆုပ်လိုက်ပြီး အရာရာအား အသင့်ပြင်ထားသည့်ပုံပင် ပေါ်နေတော့သည်။

"ချီး.. မင်း ဘာမှမသိပါဘူး.. အဲ့ဒီလူ ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးတာ ခံရတဲ့အကြောင်းရင်းက သူ့ရဲ့ ရုပ်ရည်တစ်ခုတည်းကြောင့် မဟုတ်ဘူး…"

"ငါတို့ ဂိုဏ်းချုပ်က အဲ့ဒီလောက် အပေါ်ယံ ကြည့်တဲ့ မိန်းမတစ်ယောက် ဖြစ်ပါ့မလား.. စဉ်းစားလေ.."

"ငါ အခုလေးတင် ကြားလာတာ.. ဒီလူက မိန်းမတွေကြိုက်တဲ့ ထူးခြားတဲ့ နည်းစနစ်တစ်ခုမှာ ကျွမ်းကျင်တယ်တဲ့…"

"အဲ့ဒါက ဘာလဲဆိုတာတော့ ငါ မပြောတော့ဘူး.. ဘာပဲဖြစ်ဖြစ်.. သူ့မှာ တာအိုနာမည်တစ်ခု ရှိတယ်.. 'ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်'လို့ ခေါ်တယ်…"

အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးက ကောလာဟလများ စတင်ဖြန့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

ဘာရယ်…။

ဤစကားများကို ကြားသောအခါ အင်မော်တယ်ရှားဂိုဏ်း တပည့်များစွာသည် တုန်လှုပ်သွားကြပြီး၊ မျက်လုံးများ ပြူးကျယ်သွားကာ ကမ္ဘာသစ်တစ်ခုအား တွေ့မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြတော့သည်။

All Chapters