အခြေတည်အဆင့် အောင်မြင်ခြင်းအခမ်းအနား၊ တန်းတူ ဆက်ဆံခံရခြင်း၊ လူတိုင်းထံမှ လက်ဆောင်များ။
Vol. 12 Ch. 164
ဤကိစ္စကို သာမန်တပည့်များ သိရှိရုံသာမက၊ အင်မော်တယ်ရှားဂိုဏ်းရှိ အခြေတည်အဆင့် အကြီးတန်း အကြီးအကဲများလည်း သိရှိကြသည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် အင်မော်တယ်ရှားဂိုဏ်းတွင် အကြီးမားဆုံးဖြစ်ရပ် ဖြစ်လာခဲ့သည်။
"ဘာလဲဟ.. အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူက အခြေတည်အဆင့်ကို တကယ်ကြီး တက်လှမ်းသွားတယ်.. ဟုတ်လား.. သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန် လုပ်နိုင်ခဲ့တာလဲ…"
"သူ့မှာ ထိပ်တန်းအဆင့် အခြေတည်ဆေးလုံး ရှိတယ်လို့ ငါကြားတယ်.. ပြီးတော့ တတိယအဆင့် ဝိညာဉ်ကြောလည်း ရှိနေတယ်လေ.. သဘာဝအတိုင်း သူ အလွယ်တကူ တက်လှမ်းနိုင်ခဲ့တာပေါ့…"
"ဒီကောင်လေး တကယ် ကံကောင်းတာပဲ.. သူက အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ်နဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်.. ဒါပေမဲ့ သူ အခြေတည်အဆင့်ကို တက်လှမ်းတဲ့ အရှိန်က ငါတို့ဂိုဏ်းက တပည့်တွေထက်တောင် ပိုမြန်နေသေးတယ်.. ဒီနှုန်းအတိုင်းသာဆိုရင် ရွှေအမြုတေက ဖြစ်နိုင်ခြေရှိလောက်တယ်.."
"တော်လောက်ပြီ.. သူ့ရဲ့ အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီအရ.. သူ့ရဲ့ ကျင့်ကြံခြင်း ခရီးက ခရုတစ်ကောင်လို နှေးကွေးနေမှာ သေချာတယ်.. နှစ်ပေါင်း ရာနဲ့ချီကြာရင်တောင် သူ အခြေတည် အလယ်အလတ်အဆင့်ကို မတိုးတက်နိုင်မှာကို ငါစိုးရွံ့မိတယ်…"
"ဒီလိုဆိုရင်တောင် ဒီလူက ကျင့်ကြံသူအများစုကို ကျော်လွန်သွားခဲ့ပြီလေ.. အခုဆို ငါတို့နဲ့ တန်းတူ ဖြစ်နေပြီ…"
"ချီး.. ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးတာ ခံရတော့ အကျိုးကျေးဇူးအကုန် ရတာပေါ့ကွာ.. တကယ် အားကျစရာပဲ…"
"သုံးရက်နေရင် သူ အခြေတည်အဆင့် အောင်မြင်ခြင်းအခမ်းအနား ကျင်းပမယ်လို့ ပြောကြတယ်… ငါတို့ တက်သင့်လား…"
"ချီးလိုဘဲ.. ဒါက မေးနေစရာ လိုသေးလို့လား… ဒီလူက ဂိုဏ်းချုပ်ရဲ့ အရေးပါတဲ့လက်တွဲဖော်.. ငါတို့ မတက်သင့်ဘူးလား… ဘာလဲ ငါတို့က ဂိုဏ်းချုပ်ကို အပြစ်လုပ်ရမှာလား…"
"အေးလေ.. ငါတို့ အင်မော်တယ်ရှားဂိုဏ်းကို အရှက်မရအောင် လက်ဆောင်တစ်ခု ပြင်ဆင်ထားသင့်တယ်.."
အခြေတည်အဆင့် အကြီးအကဲများမှာ စိတ်ပျက်လက်ပျက်အမူအရာများဖြင့် အဆက်မပြတ် ဆွေးနွေးနေကြတော့သည်။
အမှန်အတိုင်းဆိုရလျှင်၊ သာမန်ကျင့်ကြံသူတစ်ဦး အခြေတည်အဆင့်သို့ ရောက်ရှိခဲ့ပါက သူတို့ ၎င်းကို များများစားစား အာရုံစိုက်မည်မဟုတ်ပေ။
ဆက်ဆံရေး ကောင်းမွန်ပါက သူတို့ ဂရုစိုက်မည်ဖြစ်ပြီး၊ မဟုတ်ပါက အနည်းငယ်မျှပင် ဂရုစိုက်မည် မဟုတ်ပေ။
ခက်သည်မှာ၊ ဤအခြေတည်အဆင့်သို့ ရောက်ရှိခဲ့သော ကျင့်ကြံသူသည် ဂိုဏ်းချုပ်၏လက်တွဲဖော် ဖြစ်နေရာ၊ ယင်းသည် မတူညီကွဲပြားသော ကိစ္စတစ်ခု ဖြစ်နေသည်။
အကယ်၍ ထိုကိစ္စအား လျစ်လျူရှုလိုက်ပါက၊ သူတို့သည် ဂိုဏ်းချုပ်၏ငြိုငြင်မှုကို ခံရမည့် အန္တရာယ် ရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ လန်ယွဲ့ရှီသည် အင်မော်တယ်ရှားဂိုဏ်း၏ အဓိက အာဏာပိုင်ပုဂ္ဂိုလ် ဖြစ်သည်ကို လူတိုင်း သိကြသည်။
သူမ၏လက်တွဲဖော်ကို မျက်နှာသာမပေးခြင်းသည် လန်ယွဲ့ရှီကို မျက်နှာသာမပေးခြင်းနှင့် အတူတူပင်ဖြစ်၏။ အမျိုးသမီးများသည် အသေးအဖွဲကိစ္စများကိုပင် အတေးအမှတ် အထားတတ်ဆုံး ဖြစ်သည်။
လန်ယွဲ့ရှီက သူတို့အား မည်သည့်အချိန်တွင် ခက်ခဲအောင် ပြုမည်အား မည်သူမျှ မသိနိုင်ချေ။
…
သုံးရက်ကြာပြီးနောက်။
ကျိုးစွေ့၏ အခြေတည်အဆင့် အောင်မြင်ခြင်းအခမ်းအနားကို အင်မော်တယ်ရှားဂိုဏ်းတွင် ကျင်းပခဲ့သည်။
အခြေခံအားဖြင့် အင်မော်တယ်ရှားဂိုဏ်းမှ ဝါရင့်အခြေတည်အဆင့် အကြီးအကဲများအားလုံး တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၏ ကြီးကျယ်ခမ်းနားမှုသည် လန်ယွဲ့ရှီ၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားပြီးလျှင် ဒုတိယဖြစ်ပြီး ကျိုးစွေ့အပေါ် ထားရှိသော လေးစားမှုကို ပြသနေသည်။
ဤအချိန်တွင် ကျိုးစွေ့သည် လန်ယွဲ့ရှီ၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့နှင့်အတူ ထွက်ပေါ်လာခဲ့ပြီး၊ ပရိသတ်အားလုံးကို ချက်ချင်း ဆွဲဆောင်သွားသည်။
အဆင့်နှစ် 'နဂါးဆင်ကူ'နှင့် အဆင့်သုံး 'ချစ်ခြင်းမေတ္တာကူ'တို့၏ သန့်စင်ပေးမှုကြောင့် ကျိုးစွေ့၏ ဟန်ပန်၊ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်တို့သည် သိသာသော အပြောင်းအလဲအား ကြုံတွေ့ခဲ့ရသည်။ ယခုအခါ သူသည် ချောမောတင့်တယ်ပြီး သူ၏အမူအရာမှာ ထူးခြားပြေပြစ်နေတော့သည်။
မျက်နှာကျကောင်းကောင်း၊ သပ်ရပ်စွာထွင်းထုထားသော ပန်းပုကဲ့သို့သော မေးရိုးဖြင့် သူ၏ ထင်ရှားသော မျက်နှာသွင်ပြင်မှာ ရင်သပ်ရှုမောဖွယ် ချောမောလှသည်။ ဓားတစ်စင်းလို ထက်ရှသောမျက်ခုံးများ၊ ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများ ရှိပြီး သူ၏ မျက်နှာသည် ကျောက်စိမ်းပန်းပုတစ်ခုအလား လက်ရာမြောက်လှသည်။ သူ၏အရှိန်အဝါသည် လူ့ပြည်သို့ ဆင်းသက်လာသော နတ်ဘုရားသားတော်တစ်ပါးနှင့်ပင် တူနေသည်။
အထူးသဖြင့် သူ၏ အနက်ရောင်မျက်လုံးများသည် ပယင်းကဲ့သို့ အလွန်သန့်စင်နေပြီး၊ အပြစ်ကင်းစင်မှု အငွေ့အသက်ကို အမြဲတစေ ထုတ်ဖော်ပြသနေသည်။
မရေမတွက်နိုင်သော အမျိုးသမီးများသည် များစွာမြတ်နိုးကြပြီး၊ အာခံတွင်းတွင်ပင် ငုံထားချင်စိတ်အား ဖြစ်ပေါ်စေသည်။
"ကျွတ်.. ဒီလူက ကျိုးစွေ့လား.. သူက ပြိုင်ဘက်ကင်းအောင် ချောမောတဲ့ ယောက်ျားတစ်ယောက်လို့ ကောလာဟလတွေ ငါကြားခဲ့တယ်.. အစကတော့ သူ ဘယ်လောက်တောင် ချောနိုင်မှာလဲလို့ ငါ သံသယ ဝင်ခဲ့မိတယ်.. ဒါပေမဲ့ အခုတော့ ငါ သူ့ကို မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံရတော့မယ်.. သူက ဝိညာဉ်သန္ဓေသားဂိုဏ်းတွေက အမှန်တကယ် ထူးချွန်တဲ့ ပါရမီရှင်တပည့်တွေနဲ့ လုံးဝတန်းတူပဲ…"
"အစက ငါ့ကိုယ်ငါ တော်တော်လေး ကြည့်ကောင်းတယ်လို့ ထင်ခဲ့တာ.. ဒါပေမဲ့ ဒီ ချောမောတဲ့ ကောင်လေးနဲ့ နှိုင်းယှဉ်လိုက်တော့ ငါ့ရုပ်ရည်က တကယ်သနားစရာပဲ.. ဟူး…"
"ထွီ.. မင်းက တကယ့်ကိုအရှက်မရှိတဲ့ကောင်ပဲ.. မင်းရဲ့ မျောက်ရုပ်နဲ့များ.. အခြေတည်အဆင့် ကျင့်ကြံမှုသာ မရှိရင် မင်း လက်တွဲဖော်တောင် ရှာနိုင်မှာ မဟုတ်ဘူး.. မင်းရဲ့နေ့ရက်တိုင်းကို ပြည့်တန်ဆာဂေဟာတွေမှာပဲ ကုန်ဆုံးနေရဦးမယ်.. ဒါတောင် ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောနေတယ်.."
"ပါးစပ်ပိတ်ထား.. မင်းကရော ဘာထူးလို့တုံး… မင်းလည်း ရှုပ်ပွနေတဲ့ဆံပင်.. ညစ်ပတ်နေတဲ့အခွက်.. တောင်တစ်လုံးမြောက်တစ်လုံး မျက်စိနဲ့.. လူထက် သရဲနဲ့တောင် ပိုတူနေသေး.. ဒါတောင် မင်းက ငါ့ကို ဝေဖန်ရဲသေးတယ်… ငိုးတဲ့မှ…"
"ဂိုဏ်းချုပ်က သူ့ကို သဘောကျတာ အံ့ဩစရာ မဟုတ်တော့ပါဘူး.. အကယ်၍ ဒီလူသာ မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် တကယ်ကို ပြည်ပျက်စေမဲ့ မိန်းမတစ်ယောက်ဖြစ်လိမ့်မယ်…"
"ဒီလိုမျိုး ချို့ယွင်းချက်မဲ့အလှတရားဆိုတာ ဟန်ဆောင်မှုတွေကနေ ရနိုင်တာမဟုတ်ဘူး… ဒါက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်သက်သက်.. ပြည့်စုံပြီး သဘာဝကျတယ်.. နတ်ဘုရားတစ်ပါးရဲ့ ဆွဲဆောင်မှုနဲ့ ကောင်းချီးပေးခံထားရသလိုပါပဲ…"
"ဒီလူငယ်လေးမှာ 'ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်'ဆိုတဲ့ နာမည်ပြောင်တစ်ခု ရှိတယ်လို့ ငါ ကြားတယ်.. အဲ့ဒါကြောင့်ပဲ ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာပေါ့.."
"သူက အခြေအနေတွေနဲ့ လိုက်လျောညီထွေ နေနိုင်သလို လိမ္မာပါးနပ်တယ်.. ယောက်ျားအစစ်ဆိုတာ ဒါပဲ… တကယ်ကို နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်.."
"သူ့မှာ ဒီလိုစွမ်းရည်မျိုးသာမရှိခဲ့ရင် တစ်ကိုယ်တော်ကျင့်ကြံသူ အများကြီးထဲကနေေဘယ်လိုလုပ် ထူးချွနထင်ရှားနိုင်မှာလဲ…"
အခြေတည်အဆင့် အကြီးအကဲများစွာက ဝိညာဉ်အာရုံ ထုတ်လွှင့်မှုမှတစ်ဆင့် ဆက်သွယ် ပြောဆိုနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အာရုံ ထုတ်လွှင့်အသုံးပြုခြင်းဖြင့်၊ အခြားသူများက သူတို့၏ စကားဝိုင်းကို မကြားနိုင်ဘဲ ဂိုဏ်းချုပ်သည်လည်း သူတို့ ဆွေးနွေးနေကြသည်ကို မသိရှိနိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူတို့သည် လျှို့ဝှက်စွာ သတင်းအချက်အလက်များ ဖလှယ်နိုင်သည်။
ကျိုးစွေ့ကို လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အံ့ဩသွားကြသည်။
အကယ်၍ ဤလူငယ်လေးတွင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ် ရှိခဲ့ပါက၊ သူသည် ဂိုဏ်း၏ အမှန်တကယ် ထူးချွန်သော တပည့်တစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိသည်။
ထိုသို့ဆိုလျှင်ပင်၊ ဤကောင်ချောလေးသည် ယခုအခါ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး သူတို့နှင့် ပခုံးချင်းယှဉ်နိုင်နေပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လန်ယွဲ့ရှီသည် အင်မော်တယ်ရှားဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲများကို ကျိုးစွေ့နှင့် မိတ်ဆက်ပေးနေသည်။
"ယောက်ျား.. ဒါက ရှုချီယန်.. ဆုပေးဒဏ်ပေးခန်းမသခင်.. အခြေတည်အလယ်အလတ်အဆင့်မှာ ရှိတယ်…"
"ဒါက လော့တင်ထျန်.. လက်နက်ထုတ်လုပ်ရေးခန်းမသခင်… အခြေတည် နှောင်းပိုင်းအဆင့်မှာ ရှိတယ်.."
"ပြီးတော့ ဒါက မာချန်ကျွင်း.. ဆေးလုံးတောင်ထိပ်ရဲ့ တောင်ထိပ်သခင်.. အခြေတည် နှောင်းပိုင်းအဆင့်မှာ ရှိတယ်…"
"ဒါက ချန်လိန်.. ရွှေအဆောင် တောင်ထိပ်သခင်.. အခြေတည် အလယ်အလတ်အဆင့်ပေါ…"
"ဒါက အစီအရင် တောင်ထိပ်သခင် ယောင်ဝမ်.. အခြေတည် နှောင်းပိုင်းအဆင့်မှာ ရှိတယ်…"
"ဒါက ကျိဟိုင်ထောင်.. ကျမ်းစာခန်းမသခင်.. အခြေတည် နှောင်းပိုင်းအဆင့်…"
တစ်ခဏချင်းမှာပင် အင်မော်တယ်ရှားဂိုဏ်း၏ အရေးပါသောပုဂ္ဂိုလ်များကို လန်ယွဲ့ရှီက တစ်ဦးချင်းစီ မိတ်ဆက်ပေးလိုက်သည်။
ထို့အပြင် အချို့သော အခြေတည်အဆင့် ဧည့်အကြီးအကဲများလည်း ရှိနေသေးသည်။
၎င်းတို့သည် အင်မော်တယ်ရှားဂိုဏ်း၏ အဓိကပုဂ္ဂိုလ်များအဖြစ် မသတ်မှတ်ခံရသော်လည်း၊ သူတို့သည် ဂိုဏ်းနှင့်အကျိုးစီးပွားများ မျှဝေထားကြပြီး အရေးပါသော ရာထူးများကို ရယူထားကြသည်။ သူတို့အားလုံးသည် အင်မော်တယ်ရှားဂိုဏ်း၏ အဓိကထောက်တိုင်များအဖြစ် သတ်မှတ်ခံထားရသည်။
အင်မော်တယ်ရှားဂိုဏ်းထဲမှ အခြေတည်အဆင့် ကျင့်ကြံသူများချည်းပင် စုစုပေါင်း ၁၈၆ ဦး ရှိနေပြီ ဖြစ်သည်။
အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူများစွာ အသက်ဆုံးရှုံးခဲ့ရသော တစ္ဆေမိစ္ဆာဂိုဏ်းနှင့်စစ်ပွဲသာ မရှိခဲ့ပါက၊ အင်မော်တယ်ရှားဂိုဏ်းရှိ အခြေတည်အဆင့် ကျင့်ကြံသူ အရေအတွက်သည် ၂၀၀ကျော်ပေမည်။
၎င်းတစ်ခုတည်းကပင် အင်မော်တယ်ရှားဂိုဏ်း၏ နောက်ခံအင်အားကို သက်သေပြနေသည်။ အခြား အခြေတည်အဆင့် မိသားစုများတွင် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး၊ နှစ်ဦးသာ ရှိသော်လည်း အင်မော်တယ်ရှားဂိုဏ်းတွင်မူ တစ်ရာကျော် ရှိနေသည်။
၎င်းသည် အခြေတည်အဆင့်မိသားစု တစ်ရာကျော်နှင့် ညီမျှနေသည်။
အင်မော်တယ်ရှားဂိုဏ်း၏ နက်ရှိုင်းသောခွန်အားကို စိတ်ကူးကြည့်နိုင်ပြီး၊ ၎င်းသည် သေချာပေါက် ထူးကဲလှချေသည်။
"တာအိုရောင်းရင်းအားလုံး မင်္ဂလာပါ…"
ကျိုးစွေ့က ခံစားချက်အပြည့်ဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
အကယ်၍ သူသာ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်နေသေးပါက၊ ဤ အခြေတည်အဆင့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်အခွင့်အရေး မည်သို့ရရှိနိုင်မည်နည်း။
၎င်းတို့နှင့် တွေ့ဆုံစကားပြောနိုင်ဖို့နေနေသာ၊ သူတို့အား မတော်တဆစော်ကားမိပါက သူ၏ သနားစဖွယ်အသက်ကလေး ကိစ္စတုံးရပေမည်။
သို့သော် ယခုတွင်မူ၊ မာနတံခွန်တလူလူလွင့်သော ဂိုဏ်းကြီး၏ ဤတန်ခိုးကြီး ပုဂ္ဂိုလ်များသည် လက်ဆောင်များ ပေးအပ်ရန် သူ၏ရှေ့မှောက်တွင် စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးသည် ဦးညွှတ်အရိုအသေ ပေးနေကြပြီး နူးညံ့ရိုကျိုးနေကြသည်။
လောကကြီး၏ လျင်မြန်သော အပြောင်းအလဲများက အမှန်တကယ် တုန်လှုပ်စရာ ကောင်းလှသည်။
မှန်ပေသည်၊ ဤအခြေတည်အဆင့် အကြီးအကဲများ ဤသို့ ကောင်းမွန်စွာ ပြုမူရခြင်း၏ အကြောင်းရင်းမှာ သူ အခြေတည်အဆင့်သို့ တက်လှမ်းသွားခြင်းကြောင့် မဟုတ်သည်ကို သူလည်း နားလည်ထားသည်။
ယင်းသည် သူ၏လက်တွဲဖော်က ရွှေအမြုတေ ဆရာသခင်တစ်ဦး၊ အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသောကြောင့်သာ ဖြစ်၏။
ထုံးစံအတိုင်း လူတိုင်းသည် နူးညံ့သိမ်မွေ့နေပြီး ပျားသကာလို ချိုသာသောစကားများဖြင့် ကြင်နာပြကြတော့သည်။
သူတို့သည် သူ့အား လေးစားမှုပြသနေခြင်း မဟုတ်ဘဲ၊ ရွှေအမြုတေ ဆရာသခင်ကို လေးစားမှု ပြသနေခြင်းသာ ဖြစ်သည်။
ဤသို့တွေးမိသောအခါ သူ၏ ခဏတာ မာနထောင်လွှားမှု ခံစားချက်သည် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။
အဆုံးသတ်တွင် ကျင့်ကြံခြင်းလောက၌ ခွန်အားကသာလျှင် အရာရာအား အဆုံးအဖြတ်ပေးလေသည်။
ခွန်အားမရှိပါက အရာရာသည် အဟောသိကံသာ ဖြစ်၏။