တန်တိန်ဂိုဏ်းသခင်မ ရှန်ပိချန်။
Vol. 12 Ch. 166
တန်တိန်ဂိုဏ်းသည် ကြီးမားသော ကြက်သွေးရောင်တောင်တန်းတစ်ခုအတွင်းတွင် တည်ရှိပြီး၊ တတိယအဆင့် ထိပ်တန်းမြေကမ္ဘာမီး ဝိညာဉ်ကြောတစ်ခုအပေါ်တွင် တည်ဆောက်ထားသည်။
တန်တိန်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းချုပ်သည် ဤမြေကမ္ဘာမီး ဝိညာဉ်ကြောအား ဆေးဖော်စပ်ခြင်းအတွက် အထူးသင့်တော်သည်ကို တွေ့ရှိသဖြင့် နှစ်သက်သဘောကျခဲ့ပြီး၊ ဤနေရာတွင်ပင် ဂိုဏ်းကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ရလဒ်အနေဖြင့်၊ သူတို့သည် နှစ်တစ်ထောင်တိုင် တည်တံ့ခဲ့သော ဂိုဏ်းတစ်ဂိုဏ်းကို ဖန်တီးနိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း၊ တန်တိန်ဂိုဏ်းသည် ထွန်းလင်းတောက်ပစွာ တည်တံ့ခိုင်မြဲခဲ့ပြီး၊ မျိုးဆက်တိုင်းသည် ရွှေအမြုတေ ဆရာသခင်တစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ထို့အပြင်၊ ဤတတိယအဆင့် ထိပ်တန်းမြေကမ္ဘာမီး ဝိညာဉ်ကြောသည် ဆေးဖော်စပ်ခြင်းကို အထောက်အကူပြုရုံသာမက၊ သူတို့ကိုယ်သူတို့ ကာကွယ်ရန်လည်း အသုံးဝင်ခဲ့သည်။
ရန်သူများ တန်တိန်ဂိုဏ်းကို ကျူးကျော်ရန် ကြိုးစားပါက၊ သူတို့သည် မြေကမ္ဘာမီး ဝိညာဉ်ကြော၏ စွမ်းအားကို ဆင့်ခေါ်နိုင်ပြီး၊ ရန်သူများကို ပြာကျသွားစေမည့် အကန့်အသတ်မဲ့ ဝိညာဉ်မီးတောက်များကို ဖန်တီးနိုင်စွမ်း ရှိသည်။ ၎င်းသည် ဖြတ်ကျော်၍မရသော ကျုံးကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။
နှစ်ထောင်ချီကာလအတွင်း၊ တန်တိန်ဂိုဏ်းကို မည်သူမျှ မကျူးကျော်ဝံ့ချေ။
"အုန်း.."
ထိုအချိန်တွင်၊ ပင်မတောင်ထိပ်မှ ပေါက်ကွဲမှုတစ်ခု ဖြစ်သည့်အလား ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာသည်။
“နောက်တစ်ခေါက် ကျရှုံးပြန်ပြီ…”
"ချီး.. ချီးလိုဘဲ... ထိပ်တန်း တတိယအဆင့်.. ပိုယာဆေးလုံးက ဖော်စပ်ရ ဒီလောက်တောင် ခက်ရလားဟ…"
"ငါ ဘယ်နေရာမှာများ မှားသွားတာလဲ…"
တေးသီငှက်အသံကဲ့သို့ ကြည်လင်သော အသံတစ်ခုက မြူခိုးထူများကြားမှ ထွက်ပေါ်လာသည်။ ထို့နောက်၊ အဝတ်အစားများ စုတ်ပြဲနေသော အလွန်တရာလှပသည့် အမျိုးသမီးတစ်ဦး အပျက်အစီးပုံများကြားမှ တွားသွားထွက်လာခဲ့သည်။
သူမ၏ကိုယ်ပေါ်တွင် စုတ်ပြဲနေသော အဝတ်စများသာ ရှိနေပြီး၊ သူမ၏ ရင်သပ်ရှုမောဖွယ် ရှိုက်ကြီးဖိုငယ်အသွယ်သွယ်အား တစေ့တစောင်း ဖော်ပြနေသည်။
ထိုမြင်ကွင်းသည် မြင်ရသူအပေါင်းအား နှလုံးခုန်မြန်ကာ နှာခေါင်းသွေးလျှံသွားစေမည်မှာ သေချာပေသည်။
"ဆရာသခင်.."
ထိုအခိုက်အတန့်တွင်၊ ဤသို့သော မြင်ကွင်းများကို အသားကျနေပုံရသော အမျိုးသမီးတပည့်အချို့က ရှေ့သို့အမြန်တက်လာပြီး သူမ၏အပေါ်သို့ ဝတ်ရုံတစ်ထည်ကို လွှမ်းခြုံပေးလိုက်သည်။
ထိုရင်သပ်ရှုမောဖွယ် လှပသောအမျိုးသမီးမှာ အခြားသူမဟုတ်၊ တန်တိန်ဂိုဏ်း၏ ဂိုဏ်းသခင်မ ရှန်ပိချန်ပင် ဖြစ်သည်။
သူမသည် ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ အသက် ၂၃၀ ရှိပြီဖြစ်ကာ ပထမတန်းစား စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူမသည် တန်တိန်ဂိုဏ်း၏ အထူးချွန်ဆုံး ဆေးဖော်စပ်ပညာရှင်ဖြစ်ပြီး၊ တတိယအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
အင်မော်တယ်မြူခိုးကျွန်းပေါ်တွင် သူမနှင့် ယှဉ်ပြိုင်နိုင်သော ဆေးဖော်စပ်ပညာရှင်မှာ လက်ချိုးရေ၍ပင် ရသည်။
"ဆရာသခင်.. မကြာသေးခင်က အင်မော်တယ်ရှားဂိုဏ်းမှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်.."
အမျိုးသမီးတပည့်တစ်ဦးက နောက်ဆုံးရ သတင်းစကားကို ချက်ချင်း မျှဝေလိုက်သည်။
"အိုး.. ဘာသတင်းများလဲ.."
မူလက ရှန်ပိချန်သည် သူမ၏ ဆေးဖော်စပ်ခြင်း မအောင်မြင်မှုအတွက် စိတ်ညစ်နေသော်လည်း၊ ထိုသတင်းကို ကြားသောအခါ ချက်ချင်း စိတ်ဝင်စားသွားပြီး ဆေးဖော်စပ်ခြင်း မအောင်မြင်ခဲ့သည့် နာကျင်စရာအတွေ့အကြုံကို ခေတ္တခဏမေ့သွားခဲ့သည်။
"အင်မော်တယ်ရှားဂိုဏ်းက ဂိုဏ်းချုပ်လန်ယွဲ့ရှီ လက်ထပ်လိုက်ပြီ.."
"သူမရဲ့ တာအိုလက်တွဲဖော်က အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်နဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံပဲ…"
"ဒါပေမဲ့ ဂိုဏ်းချုပ်လန်ရဲ့ အကူအညီနဲ့ သူက အခြေတည်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်…"
"မကြာသေးခင်ကပဲ သူတို့ အခြေတည်အဆင့် အောင်မြင်ခြင်းအခမ်းအနားကြီးကို ခမ်းခမ်းနားနား ကျင်းပခဲ့ပြီးတော့. ဂိုဏ်းတူကျင့်ကြံသူအားလုံးကို ဖိတ်ကြားခဲ့တယ်တဲ့ ဆရာသခင်…"
အမျိုးသမီးတပည့်က သူမ ရရှိထားသော သတင်းအားလုံးကို ချက်ချင်း ပြန်လည်ပြောပြလိုက်သည်။
"ဘာ… တာအိုလက်တွဲဖော်.. အဲ့ဒီ အေးစက်စက်မိန်းမက တကယ်ကြီး တာအိုလက်တွဲဖော် ယူလိုက်တယ်ပေါ့…"
"ငါက သူ့ကို ချင်မုဂိုဏ်းက အဖွားကြီးလို.. တာအိုလမ်းစဉ်ကိုပဲ တစ်စိုက်မတ်မတ် လိုက်စားပြီး တစ်သက်လုံး တစ်ယောက်တည်း အဆုံးသတ်သွားမယ့်သူလို့ ထင်နေတာ.."
"မထင်မှတ်ဘဲ သူက ယောက်ျားတစ်ယောက်ကို တွေ့သွားတယ်တဲ့လား.."
"ပြောစမ်းပါဦး.. လန်ယွဲ့ရှီလို စိတ်မာတဲ့မိန်းမတစ်ယောက်ကတောင်.. မျက်စိကျတာခံရလောက်အောင် အဲ့ဒီယောက်ျားမှာ ဘာထူးခြားတာတွေ ရှိလို့လဲ…"
ရှန်ပိချန်သည် သူမ၏ ချောမွတ်သောမေးစေ့ကို ပွတ်သပ်ရင်း စူးစမ်းစွာ မေးလိုက်သည်။
"ဆရာသခင်.. ကြားရတာတော့ အဲ့ဒီယောက်ျားက မယုံနိုင်လောက်အောင် ချောမောခန့်ညားပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပဲတဲ့.."
"သူ့ကို မြင်လိုက်တဲ့ ဘယ်အမျိုးသမီးမဆို ရင်မခုန်ပဲ မနေနိုင်ဘူးတဲ့.."
"ဒါပေမဲ့ ဒါက ကြားစကားသက်သက်ပါ.. မှန်လား.. မမှန်လားသော မသေချာပါဘူး.."
အမျိုးသမီးတပည့်က ဆရာသခင်၏ ဖွံထွားလှသော စနေနှစ်ခိုင်အား မနာလိုသောမျက်လုံးများဖြင့် ကြည့်ရင်း ဖြည်းညှင်းစွာ တင်ပြလိုက်သည်။
"တကယ်လား.. လန်ယွဲ့ရှီလို မိန်းမတောင် သူ့ကို စွဲလန်းသွားတယ်ဆိုတော့ ဘယ်လောက်တောင် ချောနေလို့လဲ…"
"ငါသာ ဒီယောက်ျားကို လုယူလိုက်ရင် လန်ယွဲ့ရှီ ငိုမှာမဟုတ်ဘူးလား…"
"ငိုမှာတောင်မှ အာပြဲကြီးနဲ့ ငိုနေလောက်မှာ…"
ရှန်ပိချန်၏ မျက်လုံးများက ထိုအကြံကို သဘောကျသွားသကဲ့သို့ တောက်ပသွားသည်။
ဤစကားကို ကြားသောအခါ၊ ပတ်ဝန်းကျင်မှ အမျိုးသမီးတပည့်များ၏ မျက်နှာများမှာ ရှုံ့မဲ့သွားကြသည်။
အကြောင်းမှာ သူတို့၏ ဆရာသခင်သည် မိုက်မဲဆိုးသွမ်းသော အပြုအမူများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ဘာမဆိုလုပ်ရဲသူ ဖြစ်သောကြောင့်ပင်။
သူမ ငယ်စဉ်က၊ ယခင်ဂိုဏ်းချုပ်ဟောင်း၏ မုတ်ဆိတ်မွှေးကိုပင် ဆွဲနှုတ်ရဲခဲ့သည်။
ကလေးဘဝကတည်းက နေရာအနှံ့မှ စိတ်ဝိညာဉ်ဆေးပင်များကို ဆွဲနှုတ်လေ့ရှိပြီး၊ ဂျင်ဆင်းများကို မုန်လာဥကဲ့သို့ စားပစ်ခဲ့သည်။
လူငယ်ဘဝတွင်၊ ဆေးလုံးများဖော်စပ်ရင်း တတိယအဆင့် မြေကမ္ဘာမီး ဝိညာဉ်ကြောကို ပေါက်ကွဲလုမတတ် ဖြစ်စေခဲ့သည်။
သူမ အသက်အရွယ်ရလာသောအခါတွင် မိစ္ဆာကျင့်ကြံသူများကို လိုက်လံ သတ်ဖြတ်ရန် ခြေဆန့်ခဲ့သည်။
တစ်ချိန်က၊ သူမသည် တစ္ဆေမိစ္ဆာဂိုဏ်း၏ ဌာနချုပ်ထဲသို့ပင် မွှေနှောက်တိုက်ခိုက်ခဲ့ပြီး ထိုနေရာကို ဖျက်ဆီးပစ်ခဲ့သည်။
သူမသည် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်သော်လည်း လျော့တွက်၍မရချေ။ အစွမ်းထက်သော ကောင်းကင်မြေကြီး စိတ်ဝိညာဉ်မီးတောက်တစ်ခုကို ကိုယ်ထဲသို့ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့သည်။
ယင်းသို့ဖြင့်၊ သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်တူသူများထက် များစွာ သာလွန်စေခဲ့ပြီး၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ပုဂ္ဂိုလ်နှင့် တွေ့လျှင်ပင် သူမ ကောင်းစွာယှဉ်ပြိုင်နိုင်ပေသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော တစ္ဆေမိစ္ဆာဂိုဏ်းနှင့် အခြားအင်အားစုများအား ဆန့်ကျင့်တိုက်ခိုက်သော စစ်ပွဲတွင် သူမကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ပြီး၊ ရွှေအမြုတေ အလယ်အလတ်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။
စုန်းမ ရှန်ပိချန်သည် ဤဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်မှာ ကြာပြီဖြစ်ပြီး၊ သူမသည် မိစ္ဆာကျင့်ကြံသူများထက်ပင် ပို၍ဆိုးသွမ်းသည်ဟု ဆိုနိုင်ပေသည်။
"ဟားဟား.. လန့်မသွားကြပါနဲ့.. ငါက နောက်နေတာပါ.."
"လန်ယွဲ့ရှီက ငါ့ရဲ့ ညီမကောင်းတစ်ယောက်ပဲ.. ငါက သူ့ယောက်ျားကို ဘယ်လိုလုပ် လုယူနိုင်မှာလဲ.."
"ဘယ်ယောက်ျားကမှ ဆေးလုံးဖော်စပ်ရတာလောက် စိတ်လှုပ်ရှားစရာကောင်းမှာမလို့လဲ…"
"ငါ့အတွက် မီးတောက်နီဆေးလုံး သုံးပုလင်း ပို့ပေးပါ…"
"သူ့လက်တွဲဖော် အခြေတည်အဆင့် တက်လှမ်းပွဲအတွက် ဂုဏ်ပြုလက်ဆောင်လို့ သဘောထားလိုက်…"
ရှန်ပိချန်က ပျင်းရိစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာသခင်…"
ထိုစကားကို ကြားမှသာလျှင်၊ အမျိုးသမီးတပည့်များမှာ သက်ပြင်းချနိုင်သွားကြသည်။ ကံကောင်းစွာပင်၊ သူတို့၏ ဆရာသခင်သည် မဆင်မခြင် လုပ်ရပ်များကို မပြုလုပ်ခဲ့ပေ။
သို့မဟုတ်ပါက၊ တန်တိန်ဂိုဏ်းနှင့် အင်မော်တယ်ရှားဂိုဏ်းကြား စစ်ပွဲက ဟာသမဟုတ်ပေ။
လက်ရှိတွင်၊ တန်တိန်ဂိုဏ်းသည် တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းပြီးခါစ ဖြစ်သောကြောင့် နောက်ထပ် ဆုံးရှုံးမှုများကို ခံနိုင်ရည် မရှိတော့ပေ။
မီးတောက်နီဆေးလုံးသည် ဒုတိယအဆင့် ဆေးလုံး ဖြစ်သည်။ ၎င်း၏ အာနိသင်မှာ ပြင်းထန်ပြီး အခြေတည်အဆင့် ကျင့်ကြံသူများ၏ မှော်စွမ်းအားကို မြှင့်တင်ရန်အတွက် အထူးသင့်တော်ကာ
အလွန်ပင် တန်ဖိုးကြီးသည်။
ထို့အပြင်၊ ၎င်းသည် တန်တိန်ဂိုဏ်း၏ အထင်ကရထုတ်ကုန်ဖြစ်ပြီး အလွန် ရောင်းကောင်းပေသည်။
သို့သော် ရှန်ပိချန်သည် လှပသော မျက်တောင်များကို ခတ်လိုက်ပြီး၊ သူမ၏ အကြည့်များသည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ထိန်းချုပ်မရစွာ တလက်လက် တောက်ပနေခဲ့သည်။
…
အခြားတစ်ဖက်တွင်မူ၊ တစ္ဆေမိစ္ဆာဂိုဏ်း၏ ဌာနချုပ်။
ဂိုဏ်းချုပ် လော့ဟွာသည် သတင်းကြားကြားချင်း အလွန်တရာ ဒေါသထွက်နေခဲ့သည်။
"တောက်ခ်… အဲ့ဒီ လန်ယွဲ့ရှီ… သူမက ငါတို့ရဲ့ ရွှေအမြုတေတစ်ယောက်ကို သတ်ခဲ့တာ.."
"ပြီးတော့ ငါတို့ရဲ့ မဟာမိတ်တွေကို ချေမှုန်းပြီး ထင်ရှာကျော်ကြားလာတာ.. အခုဆို သူမက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်တောင် ဖြစ်နေပြီ…"
"အခု သူမက ယောက်ျားတစ်ယောက်တောင် ယူလိုက်သေးတယ်.. အရမ်းကိုများသွားပြီ.. ဒါက ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းကို အလေးမထားဘူးဆိုတာ ရှင်းနေတာပဲ…"
တစ္ဆေမိစ္ဆာဂိုဏ်းချုပ် လော့ဟွာ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေသည်။ သူသည် လန်ယွဲ့ရှီကို အသည်းထဲထိအောင် မုန်းတီးနေခဲ့သည်။
လော့ဟွာသည် အသက်လေးရာသာ ရှိသေးသည့် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ကို သတိပြုရပေမည်။
အကယ်၍ သူသာ အင်မော်တယ်ရှားဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းတို့ကို အမှန်တကယ် ချေမှုန်းနိုင်ခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်းလုံး၏ အရင်းအမြစ်များကို ရယူနိုင်ခဲ့ပါက၊ များပြားလှသော ကြွယ်ဝမှုများဖြင့် အခြားကျွန်းများသို့ ဦးတည်သွားနိုင်ပြီး သူ့အား ဝိညာဉ်သန္ဓေသားအဆင့် ဖွဲ့စည်းရာတွင် အထောက်အကူပြုနိုင်သော ပစ္စည်းများကို ဝယ်ယူနိုင်လိမ့်မည်မှာ သေချာသည်။
ထို့နောက်တွင် သူသည် ဝိညာဉ်သန္ဓေသားအဆင့်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ပြီး နှစ်တစ်ထောင် သက်တမ်းကို ရရှိနိုင်ပေလိမ့်မည်။
မူလက တစ္ဆေမိစ္ဆာဂိုဏ်းအတွက် အရာအားလုံး အဆင်ပြေနေခဲ့ပြီး၊ လန်ယွဲ့ရှီ၏ ရုတ်တရက် ပေါ်ထွက်လာမှုသာ မရှိခဲ့လျှင် မလွဲမသွေ အနိုင်ရရှိခဲ့မည် ဖြစ်သည်။
လန်ယွဲ့ရှီအပေါ် လော့ဟွာ၏မုန်းတီးမှုက ပြင်းထန်လှသဖြင့် သူမအား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ် ပေါက်နေခဲ့သည်။
ယခုသူသည် သူမ၏ပတ်ဝန်းကျင်မှ လူတိုင်းကိုပင် မုန်းတီးနေခဲ့သည်။ သူသည် လက်စားပြန်ချေကာ သူ၏ ဒေါသကို ပြေပျောက်စေချင်ခဲ့သည်။
"ဂိုဏ်းချုပ်သခင် စိတ်အေးအေးထားပါ.."
"အခုချိန်မှာ ကျွန်တော်တို့ တစ္ဆေမိစ္ဆာဂိုဏ်းက ဆုံးရှုံးမှုတွေ အများကြီးခံစားခဲ့ရတာ.. ပြန်လည် နာလန်ထူဖို့ အချိန်ယူသင့်ပါတယ်…"
"အင်မော်တယ်ရှားဂိုဏ်းနဲ့ စစ်ဖြစ်ဖို့ မသင့်တော်သေးပါဘူး…"
"အကယ်၍ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရင်.. ကျွန်တော်တို့ရဲ့ ရန်သူတွေအတွက် ပျော်စရာနဲ့ မိတ်ဆွေတွေအတွက် ဝမ်းနည်းစရာ ဖြစ်သွားပါလိမ့်မယ်…"
တစ္ဆေမိစ္ဆာဂိုဏ်းမှ အကြီးအကဲများက သူ့ကို ချက်ချင်း ဝိုင်းဝန်းတားမြစ်ကြသည်။
အကယ်၍ မဆင်မခြင်လုပ်တတ်သော ဂိုဏ်းချုပ်လော့ဟွာသာ အင်မော်တယ်ရှားဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားပါက၊ တစ္ဆေမိစ္ဆာဂိုဏ်းအတွက် နိဂုံးချုပ် ဖြစ်သွားပေလိမ့်မည်။
ရွှေအမြုတေ ဆရာသခင်၏ အကာအကွယ် မရှိဘဲ ဤမျှ ကြီးမားသော နယ်မြေကို သူတို့၏ ကျင့်ကြံမှုအဆင့်၊ စွမ်းရည်သက်သက်ဖြင့် ကာကွယ်နိုင်မည် မဟုတ်ပေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။
ထို့နောက်တွင်မူ သူတို့အတွက် ခက်ခဲသောနေ့ရက်များကိုသာ တွေ့ကြုံရပေတော့မည်။
သူတို့သည် ထိုသို့ဖြစ်ပျက်မည်အား မည်သို့မျှ မြင်တွေ့လိုခြင်းမရှိကြချေ။