← Chapters

အင်မော်တယ်ရှားဂိုဏ်း၏ နှစ်ထောင်ချီအမွေအနှစ်၊ 'စာအုပ်ကူ'အတွက် စားတော်ပွဲ။

Vol. 12 Ch. 167

အင်မော်တယ်ရှားဂိုဏ်း၏ နှစ်ထောင်ချီအမွေအနှစ်၊ 'စာအုပ်ကူ'အတွက် စားတော်ပွဲ။

Vol. 12 Ch. 167

"စိတ်မပူပါနဲ့.. ငါ အဲ့ဒီလောက်မတုံးသေးဘူး ... "

"အင်မော်တယ်ရှားဂိုဏ်းကို တကယ်သွားတိုက်တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ တူတူပဲ မဟုတ်ဘူးလား…"

တစ္ဆေမိစ္ဆာဂိုဏ်း ဂိုဏ်းချုပ်လော့ဟွာက အလေးအနက်ပြောလိုက်သည်။

သူသည် အလွန်ဒေါသထွက်နေသော်လည်း အခြေအနေအများစုတွင် တည်ငြိမ်နေဆဲသာ ဖြစ်၏။

လိမ္မာပါးနပ်သော ဗျူဟာသမားတစ်ယောက်အနေဖြင့် မလှုပ်ရှားခင်တွင် အမြဲတမ်း အစီအစဉ်ချလေ့ရှိပြီး အောင်မြင်မှု သေချာမှသာ သူလှုပ်ရှားမည် ဖြစ်သည်။

"အဲ့ဒါ အကောင်းဆုံးပါပဲ.."

ဤသို့ကြားရသော် အကြီးအကဲများ သက်ပြင်းချလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ဂိုဏ်းချုပ်က မဆင်မခြင မပြုမူသည့်အတွက် ကျေးဇူးတင်နေကြသည်။

"ဒါပေမဲ့.. လန်ယွဲ့ရှီကို ငါတို့ မသတ်နိုင်တာနဲ့ သူ့ရဲ့လက်တွဲဖော်ကို အလွယ်တကူ မသတ်နိုင်ဘူးလို့ မဆိုလိုဘူး.."

"ငါသိသလောက် လန်ယွဲ့ရှီ အဆိပ်သင့်တာကနေ လွတ်မြောက်ခဲ့တာက.. သူ့လက်တွဲဖော် ကျိုးစွေ့ကြောင့်ပဲ…"

"ဒီခွေးကောင်က သူ့အသက်ကို ကယ်တင်နိုင်တဲ့ အဆိပ်ဖြေဆေး ဒါမှမဟုတ် စိတ်ဝိညာဉ်ဆေးတစ်မျိုးမျိုး ပိုင်ဆိုင်ထားပုံရတယ်…"

"ဒီခွေးမသားကျိုးစွေ့သာ မရှိခဲ့ရင် ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်း ဒီလောက် ဆိုးရွားတဲ့ရှုံးနိမ့်မှုကို ခံစားရမှာ မဟုတ်ဘူး…"

လော့ဟွာက လက်သီးဆုပ်လိုက်ပြီး သူ၏အသံတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီး၊ ကျိုးစွေ့ကို ရန်သူအဖြစ်မှတ်ယူကာ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ချင်နေတော့သည်။

"ဘာရယ်.. ဒီကောင်က လန်ယွဲ့ရှီကို ကယ်ခဲ့တာလား.."

"လန်ယွဲ့ရှီ မီယွင်မြို့ကနေ လွတ်မြောက်သွားတုန်းက ငါ ထူးဆန်းနေတာ.. တစ်ယောက်ယောက်က သူ့ကို ကူညီခဲ့မှန်း ငါသိတယ်.. ဒါပေမဲ့ အဲ့ဒါက တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်လိမ့်မယ်လို့တော့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး.. ဒေါသထွက်စရာပဲ.."

"ဒီတစ်ကိုယ်တော်ကျင့်ကြံသူက အရမ်းကို သတ္တိကောင်းလွန်းနေပြီ.. ရာရာစစ ငါတို့ အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်.. တကယ်ကို သေသင့်တယ်…"

"ဒီကောင်သာ မရှိရင် အင်မော်တယ်ရှားဂိုဏ်းလို ဂိုဏ်းတွေက ငါတို့လက်ထဲကို ရောက်နေတာ ကြာပြီ.. ဒီလို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရမှာမဟုတ်ဘူး…"

တစ္ဆေမိစ္ဆာဂိုဏ်း၏ အကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသူပုန်ထကုန်တော့သည်။ အကယ်၍ ကျိုးစွေ့သာ ဤနေရာတွင် ရှိနေပါက အပိုင်းပိုင်းဖြစ်အောင်ပင် ဆွဲဖြဲပစ်ကြပေလိမ့်မည်။

"ဂိုဏ်းချုပ်သခင်.. အဲ့ဒီကောင်ကို သတ်တာက ထင်သလောက် မလွယ်ကူလောက်ဘူး…"

"သူက အခု အင်မော်တယ်ရှားဂိုဏ်းမှာ လန်ယွဲ့ရှီနဲ့တောင် အတူတူ နေနေတာလေ.."

"သူ့ကို သတ်ဖို့ ကြိုးစားတာက သိပ်မလွယ်လောက်ဘူးလို့ ကျွန်တော်ထင်တယ်.."

တစ္ဆေမိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"တုံးလိုက်တာကွာ.. ဂိုဏ်းထဲမှာ သူ့ကို မသတ်နိုင်ရင် သူ့ကို အပြင်ကို မျှားခေါ်ရမှာပေါ့.."

"သူ ဂိုဏ်းထဲမှာ ထာဝရ နေနေလိမ့်မယ်လို့ ငါ မယုံဘူး…"

"သူလည်း အချိန်တန်ရင် ရတနာတွေ ဝယ်ဖို့.. ကိစ္စဝိစ္စတွေ ရှင်းဖို့ အင်မော်တယ်ရှားဂိုဏ်းကနေ ထွက်ဖို့လိုမှာပဲ.."

"သူ ဂိုဏ်းကနေ ထွက်မဲ့အချိန်ကို ငါတို့ သိတာနဲ့.. အရင် လက်ဦးမှုယူပြီး သူ့ကို ချုံခိုတိုက်ခိုက်မယ်.."

"ငါက လန်ယွဲ့ရှီကို ယောက်ျား ဆုံးရှုံးရတဲ့ နာကျင်မှုကို မြည်းစမ်းစေချင်တယ်…"

ဂိုဏ်းချုပ်လော့ဟွာက အံကြိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်သခင်.."

ယင်းအား ကြားသောအခါ တစ္ဆေမိစ္ဆာဂိုဏ်း၏ အခြေတည်အဆင့် အကြီးအကဲများအားလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

အကယ်၍ လန်ယွဲ့ရှီလို ရွှေအမြုတေ ဆရာသခင်တစ်ပါးကို သတ်ချင်တယ်ဆိုလျှင်မူ၊ ထိုကိစ္စသည် လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ သို့သော်ငြား အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ဆိုလျှင်မူ ၎င်းသည် ကလေးကစားစရာသာ ဖြစ်သည်။

သူတို့ အကျွမ်းကျင်ဆုံးအရာမှာ လုပ်ကြံသတ်ဖြတ်ခြင်းပင် မဟုတ်လော။ အကယ်၍ ထိုလူသာ သူတို့၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံရပါက မလွဲဧကန် သေဆုံးရမည်သာ ဖြစ်သည်။

…

ထိုအချိန်တွင်၊ အင်မော်တယ်ရှားဂိုဏ်း၏ ပင်မတောင်ထိပ်ဖြစ်သော အင်မော်တယ်မြူခိုးတောင်ထိပ်။

ကျိုးစွေ့မှာမူ သူ၏ဂုဏ်သတင်းသည် ဒေသတစ်ခွင်လုံးသို့ ပျံ့နှံ့နေပြီး၊ သူ၏အမည်ကို ရွှေအမြုတေ ဂိုဏ်းပေါင်းများစွာ၏ ခေါင်းဆောင်များက သိရှိနေကြသည်ကို သတိမထားမိခဲ့ပေ။

ယင်းသည် အိမ်တွင်နေထိုင်နေရင်း အလကားသပ်သပ် နာမည်ကြီးနေခြင်းပင် ဖြစ်သည်။ မှန်ပေသည်၊ ထိုသို့သော ကျော်ကြားမှုမျိုးသည် ကျိုးစွေ့မလိုချင်ဆုံးအရာပင် ဖြစ်၏။

"ယောက်ျား.."

"ဒါတွေအားလုံးက ကျမ်းစာဆောင်ကနေ ယူလာခဲ့တဲ့ အမွေအနှစ် ကျောက်စိမ်းပြားတွေပဲ…"

"ဒီကျောက်စိမ်းပြားအများစုက မိတ္တူတွေ ဖြစ်ပြီးတော့.. သူတို့ထဲမှာ ကျင့်ကြံခြင်း ပညာရပ်ပေါင်းစုံ ပါဝင်ပါတယ်…"

"ယေဘုယျအားဖြင့် ပထမအဆင့်ကနေ တတိယအဆင့်အထိ ပါတယ်.."

"ယောက်ျား ကြိုက်သလို လေ့လာနိုင်ပြီး ပြန်ပေးစရာ မလိုပါဘူး…"

လန်ယွဲ့ရှီက ကျိုးစွေ့၏ ရှေ့တွင် အမွေအနှစ် ကျောက်စိမ်းပြား တစ်ပုံကြီးကို ချထားလိုက်သည်။ ၎င်းတို့သည် တောင်အသေးစားတစ်ခုကဲ့သို့ ပုံနေပြီး အင်မော်တယ်ရှားဂိုဏ်း ကျမ်းစာဆောင်၏ အမွေအနှစ်ကျောက်စိမ်းပြား အားလုံးနီးပါး ပါဝင်ပေသည်။

မှန်ပေသည်၊ ဤကျောက်စိမ်းပြားအားလုံးသည် မိတ္တူများသာဖြစ်ပြီး မူရင်းများ မဟုတ်ကြချေ။ ထိုကျောက်စိမ်းပြားများကို အကြိမ်ပေါင်းများစွာ မိတ္တူကူးနိုင်ပြီး လူအများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ကျမ်းစာဆောင်တွင် ထားရှိပေးသည်။

လန်ယွဲ့ရှီကဲ့သို့သော ရွှေအမြုတေ ဆရာသခင်တစ်ပါးသာလျှင် အမွေအနှစ် ကျောက်စိမ်းပြား အများအပြားကို ယူဆောင်လာရန် အခွင့်ထူးနှင့်အာဏာ ရှိပေသည်။

အခြားကျင့်ကြံသူများသာ ဖြစ်ပါက၊ ဤမှတ်တမ်းများကို ရယူရန်အတွက် များပြားလှသော အကျိုးပြုမှတ်များ လိုအပ်မည် ဖြစ်သည်။

သို့သော် လန်ယွဲ့ရှီ အတွက်မူ မည်သည့်အကျိုးပြုမှတ်မျှ မလိုအပ်ဘဲ၊ သူမ ကြိုက်သလို ဝင်ရောက် ကြည့်ရှုနိုင်သည်။ အင်မော်တယ်ရှားဂိုဏ်းရှိ အရာအားလုံးသည် သူမအတွက် မည်သည့်ကန့်သတ်ချက်မျှ မရှိချေ။

"ကျေးဇူးတင်ပါတယ်…"

အမွေအနှစ် ကျောက်စိမ်းပြားများကို မြင်သောအခါ ကျိုးစွေ့၏ မျက်လုံးများ တောက်ပသွားကာ များစွာ စိတ်လှုပ်ရှားသွားသည်။ ကြီးမားသော ရတနာသိုက်ကြီးတစ်ခုကို ခလုပ်တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။

ဤကျောက်စိမ်းပြားများသည် အခြေခံအားဖြင့် အင်မော်တယ်ရှားဂိုဏ်းမှ နှစ်ထောင်ပေါင်းများစွာ စုဆောင်းခဲ့ကြခြင်း ဖြစ်သည်။

၎င်းသည် ရွှေအမြုတေ ဂိုဏ်းတစ်ဂိုဏ်း၏ နက်ရှိုင်းသောအမွေအနှစ်များနှင့် ဆက်ခံမှုများကို ဆိုလိုသည်။

အခြားကျင့်ကြံသူများ အနေဖြင့် ဤအမွေအနှစ် ကျောက်စိမ်းပြားများကို ရရှိရန် ခက်ခက်ခဲခဲ ကြိုးစားရပေမည်။ သို့သော် ယခုမူ သူသည် လက်ဆန့်တန်းပြီး ယူလိုက်ရုံသာ ဖြစ်၏။

ဤသည်မှာ ရွှေအမြုတေဂိုဏ်းတစ်ဂိုဏ်းကို ထိန်းချုပ်နိုင်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ပြီး၊ ထို အကျိုးကျေးဇူးသည် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသည်။

"ဒါပေမဲ့ ယောက်ျား.. ရှင် တကယ်ပဲ ဒီလောက်အများကြီး သင်ယူနိုင်လို့လား…"

"ကျင့်ကြံခြင်း ပညာရပ်မျိုးစုံအတွက် အချိန်အများကြီးဖြုန်းတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးနော်.."

"ဒါက ယောက်ျားရဲ့ ကျင့်ကြံခြင်းအရှိန်ကို အများကြီး နှောင့်နှေးသွားစေလိမ့်မယ်.."

လန်ယွဲ့ရှီက စူးစမ်းစွာ မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ လူတစ်ယောက်၏ စွမ်းအင်နှင့်အချိန်သည် အကန်အသတ် ရှိပေသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုက ကျွမ်းကျင်မှုတစ်ခုတည်းကိုသာ အာရုံစိုက်ကြလေ့ရှိပြီး ယင်းကပင် လုံလောက်နေပြီ ဖြစ်သည်။

ဥပမာအားဖြင့်၊ သူမသည် ကျင့်ကြံခြင်း အတတ်ပညာမျိုးစုံကို မကျွမ်းကျင်ဘဲ၊ သူမ၏ပါရမီသည် တိုက်ခိုက်ရေးသာ ဖြစ်၏။

ထို့ကြောင့်၊ သူမသည် အများအားဖြင့် ခက်ခဲသော ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်ထားလေ့ရှိပြီး၊ အခြားသော ကျင့်ကြံခြင်းအတတ်ပညာများကို လေ့လာရန် အစီအစဉ် မရှိပေ။

အရေးကြီးဆုံးမှာ၊ တစ်ကိုယ်တော်ကျင့်ကြံသူများသည် ငွေရှာရန်နှင့် ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိနိုင်ရန်အတွက် ကျင့်ကြံခြင်းအတတ်ပညာအမျိုးမျိုးကို သင်ယူကြခြင်း ဖြစ်သည်။

သို့သော် သူမသည် ငွေရှာရန် လုံးဝ မလိုအပ်ချေ။

များပြားလှသော အရင်းအမြစ်များနှင့် သတ္တုတွင်းများကို ထိန်းချုပ်ထားသော အင်မော်တယ်ရှားဂိုဏ်းကဲ့သို့ နှစ်ထောင်ချီသက်တမ်းရှိ ဂိုဏ်းတစ်ဂိုဏ်း၏ ပိုင်ရှင်ဖြစ်သောကြောင့်၊ သူမသည် အကန့်အသတ်မဲ့သော ကြွယ်ဝမှုအား သဘာဝအတိုင်း ရရှိသည်။

သူမသည် အင်မော်တယ်ရှားဂိုဏ်းကို ကာကွယ်ရန်သာ လိုအပ်သည်။ ဤနည်းအားဖြင့် သူမအိတ်ထဲသို့ ငွေအများအပြားမှာ သူ့အလိုလို ဝင်ရောက်လာမည်သာ ဖြစ်၏။

"စိတ်မပူပါနဲ့.. ငါ့အတွက်တော့ ဒါတွေက ကလေးကစားစရာကိစ္စပါ…"

"ကျင့်ကြံခြင်းက အဓိကဆိုတာ ငါ နားလည်ပါတယ်.."

"ငါ ဒီလောက်အများကြီး သင်ယူနေရတဲ့ အကြောင်းရင်းက ငါ့ရဲ့ အခြေခံအုတ်မြစ်ကို မြှင့်တင်ဖို့သက်သက်ပါပဲ…"

ကျိုးစွေ့က ညင်သာစွာ ပြုံးလိုက်သည်။

သူသည် ၎င်းတို့ကို ကိုယ်တိုင် မိုက်မဲစွာ လေ့လာနေမည် မဟုတ်ဘဲ၊ ယင်းအစား 'စာအုပ်ကူ'ကို ဝါးမျိုခိုင်းလိုက်မည်သာ ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေလိမ့်မည်။

ထို့အပြင်၊ ဤအသိပညာသည် သူ၏နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ သူ့အတွက်တော့ ဤအမွေအနှစ် ကျောက်စိမ်းပြားများနှင့် ဆေးလုံးများသည် အတူတူသာဖြစ်ပြီး၊ နှစ်မျိုးစလုံးသည် သူ့အတွက် အစားအစာများကဲ့သို့ပင် ဖြစ်၏။

"ကောင်းပါပြီ ယောက်ျား.. ဒါဆို ရှင် ကျင့်ကြံဖို့ အချိန်ယူပါ.."

"ကျွန်မလည်း ကိုယ်ပိုင်ကျင့်ကြံခြင်းကို စလိုက်ဦးမယ်.."

လန်ယွဲ့ရှီက ခေါင်းညိတ်လိုက်သည်။

ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမလည်း ကြိုးစားကျင့်ကြံရန် လိုအပ်သည်။ အမှန်တကယ်တွင် သူ့အတွက် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးထက်ပင် မကြာခဏ ဝီရိယစိုက်ထုတ်ရန် ပိုမိုလိုအပ်သေးသည်။ ထိုမှသာ အချိန်ကန့်သတ်ချက် မတိုင်မီ ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

အခြေခံအားဖြင့် ကျင့်ကြံသူများသည် ၎င်းတို့၏အချိန်အများစုကို ကြိုးစားပမ်းစာ ကျင့်ကြံအားထုတ်ရင်း မှော်စွမ်းအားကို မြှင့်တင်ကြလေ့ရှိသည်။

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း ထိုအတိုင်းသာ ဖြစ်သည်။ လက်ရှိအချိန်တွင် သူမတို့သည် ကိုယ်ပိုင်အခန်းများထဲတွင် ရှိနေကြပြီး၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်ရန်အတွက် ကျင့်ကြံခြင်းနှင့် အမျိုးမျိုးသော အတတ်ပညာများကို လေ့လာအားထုတ်နေကြသည်။

မကြာမီတွင်၊ တိတ်ဆိတ်သောအခန်းထဲတွင် ကျိုးစွေ့ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

"ကောင်းပြီ.. စလိုက်ကြရအောင်…"

"'စာအုပ်ကူ'.. ဒီ အမွေအနှစ်ကျောက်စိမ်းပြား အားလုံးကို ဝါးမျိုလိုက်…"

"သူတို့အားလုံးကို ငါ့ရဲ့ အသိပညာစားတော်ပွဲအဖြစ် ပြောင်းလဲပစ်လိုက်စမ်း.."

ကျိုးစွေ့ အလွန် စိတ်လှုပ်ရှားနေသည်။

'အသိပညာစားတော်ပွဲ’ ဆိုသည်မှာ မူလက သူ၏စိတ်ကူးယှဉ်မှုသပ်သပ်သာ ဖြစ်ခဲ့ပြီး ယခုအခါ လက်တွေ့ဖြစ်လာနိုင်မည်ဟု မည်သူထင်ထားမိမည်နည်း။

ဤအသိပညာများကို ဝါးမျိုနိုင်သရွေ့၊ ဓာတ်ပုံရိုက်မှတ်ဉာဏ်ဖြင့် အပြည့်အဝ မှတ်သားထားနိုင်မည်ဖြစ်သည်။

ဤသည်ကား 'စာအုပ်ကူ'၏ စွမ်းအားပင် ဖြစ်၏။

All Chapters