ထူးခြားသော တာအိုဘွဲ့အမည်၊ ချင်မုဂိုဏ်းသခင်မ လင်းယာကျူ။
Vol. 12 Ch. 165
ဤတစ်ကြိမ် ကျင်းပပြုလုပ်သော အခြေတည်အဆင့် အောင်မြင်ခြင်းအခမ်းအနားသည် အထူးတလည် အောင်မြင်ခဲ့သည်။
အိမ်ရှင်များနှင့် ဧည့်သည်များအားလုံး ယေဘုယျအားဖြင့် သဘောကျ ကျေနပ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ရွှေအမြုတေ ဆရာသခင်တစ်ပါး ရှိနေသည့် ရှေ့မှောက်တွင် မည်သည့်ငမိုက်သားကမျှ အနှောင့်အယှက် ပြုလုပ်ရန် သတ္တိရှိမည် မဟုတ်ပေ။
ကျိုးစွေ့၏ ပွဲတက်ရောက်လာမှုသည်လည်း လူအများ၏ အာရုံစိုက်ရာဗဟိုချက် ဖြစ်လာခဲ့သည်။
သူ၏ဂုဏ်သတင်းသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး၊ မရေမတွက်နိုင်သော တပည့်များက သူ့အား သိရှိသွားကြသည်။ အကြောင်းမှာ သူသည် ရွှေအမြုတေ ဆရာသခင်၏ တာအိုလက်တွဲဖော် ဖြစ်သောကြောင့် သဘာဝအတိုင်း အာရုံစိုက်ခံရခြင်း ဖြစ်သည်။
"ဘုရားရေ.. ဒီတစ်ခါတော့ ဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော်ကို တွေ့ဖူးသွားပြီ… သတင်းတွေထဲကအတိုင်း.. ဓားလိုမျက်ခုံး.. ကြယ်ရောင်မျက်လုံးတွေနဲ့ ကလေးတစ်ယောက်လို ဖြူစင်လိုက်တာ.. ရိုးရိုးသားသား ဝန်ခံရရင်.. သူသာ ဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော် မဟုတ်လို့ကတော့.. သူ့ကို လူပျိုလေးလို့ကို ထင်မိမှာ…"
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက လှပသောအိပ်မက်တစ်ခုတွင် ယစ်မူးနေသည့်အလား ကြည်နူးစွာ ရေရွတ်လိုက်သည်။
ကျိုးစွေ့ကို မြင်လိုက်သည့်အချိန်မှာပင် နှလုံးခုန်သံတို့ ဗလောင်ဆူသွားပြီး၊ မြင်မြင်ချင်းအချစ်ဆိုသည်ကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့သည်။
အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ သူ့အပေါ် ချက်ချင်းပင် စွဲလန်းသွားတော့သည်။
"ချီး.. နင် ရူးနေပြီလား.. ဒီလူက လူပျိုဖြစ်မလား.. သူ့ကို ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုရှင်လို့ ခေါ်ကြတာ နင်မသိဘူးလား… ဟမ့်.. ဂိုဏ်းချုပ်စိတ်တိုင်းကျ လုပ်လို့ ဖွတ်ဖွတ်ညက်ညက်တောင် ကြေနေလောက်ပြီ.."
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသားတပည့်တစ်ဦးမှာ ဆွံ့အသွားပြီး ဘာပြောရမှန်းမသိပင် ဖြစ်သွားသည်။ သူကိုယ်တိုင်မှာ ရုပ်ရည်ချောမောသန့်ပြန့်သော်လည်း ဤမျှလောက်များသော အမျိုးသမီးကျင့်ကြံသူများက သူ့ကို စိတ်ဝင်တစား ရှိသည်အား မမြင်တွေ့ခဲ့ရဖူးချေ။
ယခုတွင်မူ အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့်များအားလုံး ထိုမျက်နှာချောလေး၏ နောက်သို့ လိုက်နေကြသည်။ ဒီကိစ္စတွင် အကျိုးအကြောင်း ဆင်ခြင်တုံတရားဆိုသည်မှာပင် မရှိတော့ပေ။
သူ့ရင်ထဲတွင် မနာလိုမှုများဖြင့် ပြည့်နှက်သွားပြီး မည်မျှပင် ခါးသီးမိသည်အား ကိုယ်တိုင်ပင် မသိနိုင်တော့ချေ။
"အဲ့ဒီလိုဆိုရင်တောင်မှ.. အကြီးအကဲကျိုးမှာ ရွေးချယ်စရာမရှိခဲ့လို့ဆိုတာကို ငါ ယုံကြည်တယ်.."
"ဟုတ်ပါ့အေ.. အကြီးအကဲကျိုးရဲ့ ဟန်ပန်အမူအရာကို ကြည့်ရုံနဲ့တင်.. ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေရမယ်ဆိုတာ သိသာတယ်…"
"ဒီကိစ္စအတွက် အကြီးအကဲကျိုးကို အပြစ်တင်လို့ မရဘူးလေ… ဘာပဲဖြစ်ဖြစ် သူက တစ်ကိုယ်တော်ကျင့်ကြံသူလေးမလား.. အရင်တုန်းက သူက ချီသန့်စင်ခြင်းအဆင့်လေးပဲ ရှိခဲ့တာ.. ကျွတ်ကျွတ်.. ဂိုဏ်းချုပ်ရဲ့ တန်ခိုးအာဏာကို သူက ဘယ်လိုများ တုံ့ပြန်နိုင်စွမ်း ရှိမှာလဲအေ.. သနားလိုက်တာ…"
"ဒါပြောချင်တာပဲ.. နင်တို့သာ ရွှေအမြုတေ ဆရာသခင်နဲ့ မျက်နှာချင်းဆိုင် တွေ့ကြည့်လိုက်… တခြားသူတွေထက်တောင် မြန်မြန် ဒူးထောက်ဦးမယ့်ကောင်တွေ… အကြီးအကဲကျိုးကိုများ အထင်သေးစကား ပြောရဲသေးတယ်… ကိုယ့်မျက်ချေးကိုယ် မြင်အောင်လည်း ကြည့်ကြဦး.. ဟမ့်.."
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့်အချို့က တခြားအမျိုးသားတပည့်များကို အထင်သေးစွာ ကြည့်ရင်း ပြန်လည်ပြောလိုက်ကြသည်။
သူတို့၏အမြင်တွင် ကျိုးစွေ့တစ်ယောက် ဂိုဏ်းချုပ်လန်ယွဲ့ရှီကို လက်ခံလိုက်ရခြင်းမှာ မလွှဲသာမရှောင်သာသော အကြောင်းရင်းတစ်ခု ရှိရမည်ဟု ထင်မြင်နေကြသည်။
အဆုံးသတ်တွင်၊ ရွှေအမြုတေ ဆရာသခင်တစ်ဦး၏ အင်အားသုံးရယူခြင်းကို မည်သူက ခုခံတွန်းလှန်နိုင်မည်နည်း။
"မဟုတ်သေးဘူးလေဗျာ.. သူက ဂိုဏ်းချုပ်နဲ့ မတွေ့ခင်ကတည်းက တာအိုလက်တွဲဖော် သုံးယောက်တောင် ရှိပြီးသား.. ခင်ဗျားတို့က ခုထိ သူက ရွေးချယ်ခွင့်မရှိခဲ့ဘူးလို့ ပြောနေတုန်း.. ဒီလူရဲ့ ပင်ကိုသဘာဝကိုက မိန်းမရဲ့ ထမီနားခိုစားတတ်တဲ့ကောင် ဆိုတာ မသိကြဘူးလား…"
"အမျိုးသမီးကျင့်ကြံသူတွေကို ပျော်ရွှင်အောင် လုပ်ပေးဖို့ဆိုရင် ဒီမျက်နှာချောလေးက ဘာမဆို လုပ်မယ့်ကောင်မျိုး…"
"ခင်ဗျားတို့အားလုံး ဒီလူရဲ့ ပင်ကိုယ်စိတ်ဓာတ်အမှန်ကို မြင်အောင် ကြည့်ကြဦး…"
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသားတပည့်တစ်ဦးမှာ ဒေါသထွက်သွားသည်။
ဤအမျိုးသမီးများသည် အကျိုးသင့်အကြောင်းသင့် မစဉ်းစားကြဘဲ၊ ဘာတွေပေါက်ကရတွေးနေမှန်း သူနားမလည်နိုင်ချေ။
ထိုလူမှာ သူတစ်ပါးကို မှီခိုစားသောက်နေသူဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်နေရသော်လည်း၊ အမျိုးသမီးများစွာက သူ့အပေါ် စွဲလန်းနေကြဆဲသာ ဖြစ်သည်။
"သူ့မှာ တာအိုလက်တွဲဖော် သုံးယောက်ရှိတော့ ဘာဖြစ်လဲ… အကြီးအကဲကျိုးလို ထူးချွန်ပြောင်မြောက်တဲ့ ယောက်ျားတစ်ယောက်အတွက် တာအိုလက်တွဲဖော် အယောက်သုံးဆယ် ရဆိုရင်တောင် များလွန်းတယ်လို့ မဆိုနိုင်ဘူး…"
"ဝန်ခံရရင်.. ဂိုဏ်းချုပ် စိတ်ဆိုးမှာသာ မကြောက်ရင်.. ငါတောင် အကြီးအကဲကျိုးရဲ့ မယားငယ်ဖြစ်လိုက်ချင်သေး…"
"ဟွန့်.. နင်ကများ အကြီးအကဲကျိုးရဲ့ မယားငယ် ဖြစ်ဖို့ စဉ်းစားရဲသေးတယ်.. အလွန်ဆုံး ခြေဆေးပေးတဲ့အစေခံလောက်ပဲ ဖြစ်နိုင်မှာ.."
"အစေခံမ ဖြစ်ရတာလည်း မဆိုးပါဘူးအေ.. အနည်းဆုံးတော့ အကြီးအကဲကျိုးနဲ့ နီးနီးကပ်ကပ် နေခွင့်ရတာပေါ့.. ခစ်ခစ်.."
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့်များစွာတို့သည် ရမက်ဆန်သော မျက်နှာပေးများဖြင့် တခစ်ခစ် ရယ်မောပြောဆိုနေကြသည်။
"ဒါကြီးကျ.."
ဤစကားများကို ကြားသောအခါ အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသားတပည့်များမှာ မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ချေ။
သူတို့၏ကံကောင်းမှုကိုသာ တိတ်တဆိတ် ကျေးဇူးတင်မိတော့သည်။
ကံကောင်းစွာဖြင့် ဤမျက်နှာချောလေးသည် ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော် ဖြစ်နေခဲ့သည်။
အကယ်၍ သူသာ အတွင်းစည်းတပည့်တစ်ဦး ဖြစ်ခဲ့ပါလျှင်၊ ဂိုဏ်းအတွင်းရှိ အမျိုးသမီးကျင့်ကြံသူအားလုံး သူ၏ လက်ထဲသို့ ပါသွားမည်သာ ဖြစ်သည်။
ထိုအခါတွင် သူတို့ခမျာ တာအိုလက်တွဲဖော် ရှာမတွေ့နိုင်ဘဲ၊ ပြည့်တန်ဆာတန်းများတွင်သာ အချိန်ဖြုန်းနေကြရပေတော့မည်။
…
ဤအဖြစ်အပျက်သည် အင်မော်တယ်ရှားဂိုဏ်းအတွင်း၌သာ ပျံ့နှံ့နေခြင်း မဟုတ်ပေ။ ချင်မုဂိုဏ်း၊ တန်တိန်ဂိုဏ်း၊ တစ္ဆေမိစ္ဆာဂိုဏ်း၊ မေပယ်ဝါ တောင်ကြား စသည့် နေရာဒေသများသို့ပင် သတင်းပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်၌ ချင်မုဂိုဏ်းတွင်။
ရှေးဟောင်းသစ်ပင်ကြီးများဖြင့် ဝန်းရံထားသော မြင့်မားလှသည့်တောင်ထိပ်တစ်ခုတွင် သစ်သားဓာတ် ကျင့်ကြံသူများအတွက် နေထိုင်ကျင့်ကြံရန် အလွန်ပင် သင့်တော်လှသည့်၊ ထူထပ်သော သစ်သားဓာတ်များက လွှမ်းခြုံထားသည်။
ထိုအချိန်တွင်၊ အလွန်တရာမှပင် လှပတင့်တယ်သော အမျိုးသမီးတစ်ဦးသည် တောင်ထိပ်ထက်၌ တင်ပျဉ်ခွေ ထိုင်လျက်ရှိသည်။ သူမသည် ပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကို ထင်ရှားပေါ်လွင်စေသည့် တင်းကျပ်သော အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ အရှိန်အဝါသည် လောကီအညစ်အကြေးတို့ မစွန်းထင်းသေးသော နတ်သမီးတစ်ပါးကဲ့သို့ သိမ်မွေ့မြင့်မြတ်ပြီး တည်ငြိမ်အေးချမ်းလှသည်။
သူမကား ချင်မုဂိုဏ်း၏ ဂိုဏ်းသခင်မ လင်းယာကျူဖြစ်ပြီး၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ကာ အသက်အရွယ်အားဖြင့် နှစ်သုံးရာ ရှိနေပြီ ဖြစ်သည်။
သူမသည် ချင်မုဂိုဏ်းတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အကြီးအကဲ စုန့်ဖေးဟုန်ထက်ပင် သာလွန်သည်။ စုန့်ဖေးဟုန်မှာ အသက် လေးရာ့ရှစ်ဆယ် ရှိနေပြီ ဖြစ်သော်လည်း၊ ရွှေရောင်အမြုတေ အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးရာ သူ၏သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
လင်းယာကျူသည် ချင်မုဂိုဏ်း၏ နှစ်တစ်ထောင်အတွင်း ပေါ်ပေါက်ခဲ့သမျှ အကြီးကျယ်ဆုံးသော ပါရမီရှင်ဖြစ်ပြီး၊ ပထမတန်းစား စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
"ဆရာသခင်…"
ထိုအခိုက်တွင် ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အခြားအမျိုးသမီးတစ်ဦး အပြေးရောက်ရှိလာသည်။
သူမသည် လင်းယာကျူ၏ တပည့်ရင်းဖြစ်သူ ကျန်းရွှယ်ဖြစ်ပြီး၊ အသက် ၈၀ကျော် အခြေတည် အလယ်အလတ်အဆင့်ကျင့်ကြံသူ ဖြစ်ကာ တတိယအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
"ဘာထူးခြားတဲ့ကိစ္စရှိလို့လဲ…"
ချင်မုဂိုဏ်းသခင်မ လင်းယာကျူသည် သူမ၏ တင့်တယ်သော မျက်ဝန်းများကို ဖွင့်လိုက်ရာ၊ ရွှေအမြုတေ ဆရာသခင်များထံမှသာ ရရှိနိုင်သော နက်ရှိုင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
"ဆရာသခင်.. မကြာသေးမီက အင်မော်တယ်ရှားဂိုဏ်းမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်.."
"အင်မော်တယ်ရှားဂိုဏ်းက အသစ်တက်လာတဲ့ ရွှေအမြုတေကျင့်ကြံသူ လန်ယွဲ့ရှီက ကျိုးစွေ့လို့ အမည်ရတဲ့ တာအိုလက်တွဲဖော်တစ်ယောက် ယူလိုက်ပါတယ်…"
"သူက အရင်တုန်းက တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပါပဲ.."
"ဒါပေမဲ့ လန်ယွဲ့ရှီရဲ့ အကူအညီနဲ့ သူက အခြေတည်အဆင့်ကို အချိန်မီတက်လှမ်းနိုင်ခဲ့ပြီး.. အင်မော်တယ်ရှားဂိုဏ်းမှာ အခြေတည်အဆင့် အောင်မြင်ခြင်းအခမ်းအနားတောင် ကျင်းပပြီးစီးသွားပါပြီ…"
ကျန်းရွှယ်က ကျိုးစွေ့နှင့် ပတ်သက်သော အကြောင်းအရာများကို လေးနက်သောအသံဖြင့် တင်ပြလိုက်သည်။
"ကျိုးစွေ့.. လန်ယွဲ့ရှီရဲ့ တာအိုလက်တွဲဖော်…"
"စိတ်ဝင်စားစရာပဲ.. တစ်ကိုယ်တော်ကျင့်ကြံသူ သာမညောင်ညတစ်ယောက်က လန်ယွဲ့ရှီရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ခဲ့တယ်ပေါ့…"
လင်းယာကျူက မျက်ခုံးများကို ပင့်တင်လိုက်သည်။
"ကြားရသလောက်တော့ အဲ့ဒီလူက အရမ်းချောပြီး သာမန်ထက်ထူးကဲ့တဲ့ အရှိန်အဝါမျိုး ရှိတယ်တဲ့.. ရုပ်ရည်ကလည်း သန့်ပြန့်တယ်လို့ ပြောကြပါတယ် ဆရာသခင်…"
"ပြီးတော့ သူက ထူးခြားတဲ့ နည်းစနစ်တစ်ခုကို ကျွမ်းကျင်လို့ ဂိုဏ်းချုပ်လန်ယွဲ့ရှီရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာတဲ့.."
ကျန်းရွှယ်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားပြီး၊ သူမ ကြားသိခဲ့ရသော ကောလာဟလ အမျိုးမျိုးကို ပြန်လည်စဉ်းစားလိုက်သည်။
သို့သော် ထိုကဲ့သို့သော ကောလာဟလများကို သူမ၏ ဆရာသခင်အား မည်သို့ တင်ပြရဲမည်နည်း။ ဤသည်မှာ သူမဆရာသခင်၏ နားကို ညစ်ညမ်းစေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
"မဟုတ်ကဟုတ်ကတွေ.. တကယ့် ရွှေအမြုတေ ဆရာသခင်တစ်ယောက်က ရုပ်ရည်သွင်ပြင် သက်သက်ကြောင့် လှည့်စားခံရမှာ မဟုတ်ဘူး…"
"ဒီလန်ယွဲ့ရှီဆိုတာ အင်မော်တယ်မြူခိုးကျွန်းရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ပါရမီရှင်တွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရတာ…"
"သူမက အသက်၈၀အရွယ်နဲ့ အမြုတေဖွဲ့စည်းခြင်းကို အောင်မြင်ခဲ့တယ်.. ငါတောင် အသက် တစ်ရာ့နှစ်ဆယ်လောက်မှာ.. ချင်မုဂိုဏ်းရဲ့ အားပေးထောက်ပံ့မှု အပြည့်အဝနဲ့တောင်မှ မနည်း ကြိုးစားပြီးအောင်မြင်ခဲ့ရတာ.."
"ဒါပေမဲ့ လန်ယွဲ့ရှီက တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသလို.. အဆိပ်ပြင်းမိနေတဲ့ အခြေအနေမှာတောင် အမြုတေဖွဲ့စည်းခြင်းကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်.."
"ဒါက ဒီအမျိုးသမီးရဲ့ ပါရမီ.. စိတ်ဓာတ်ခိုင်မာမှုက အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်ဆိုတာကို သက်သေပြနေတာပဲ.."
"သူမသာ ဒီအရှိန်အဟုန်အတိုင်း ဆက်သွားနိုင်မယ်ဆိုရင် ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ရှိဖို့ဆိုတာတောင် မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး…"
ချင်မုဂိုဏ်းသခင်မ လင်းယာကျူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဘာရယ်.."
ထိုစကားများကို ကြားသောအခါ ကျန်းရွှယ်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားသည်။ သူမ၏ ဆရာသခင်က လန်ယွဲ့ရှီအပေါ် ဤမျှမြင့်မားစွာ အကဲဖြတ်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ကောင်းပြီလေ.. သူတို့က တာအိုလက်တွဲဖော်တွေ ဖြစ်သွားကြပြီး အခြေတည်အဆင့်ကိုလည်း အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဆိုတော့.. မဟာမိတ်တွေ ဖြစ်တဲ့အလျောက် ငါတို့ဘက်က လက်ဆောင်တစ်ခု ပေးပို့ရလိမ့်မယ်…"
"ကြည်လင်သစ်သားဆေးလုံး သုံးပုလင်းကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပို့လိုက်ပါ.."
ချင်မုဂိုဏ်းသခင်မ လင်းယာကျူက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာသခင်…"
ကျန်းရွှယ် ခေါင်းညိတ်လိုက်သည်။ ကြည်လင်သစ်သား ဆေးလုံးများသည် ဒုတိယအဆင့် ဆေးလုံးများဖြစ်ကြပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူများ၏ မှော်စွမ်းအားကို တိုးတက်စေရန် အထူးသင့်တော်ရာ ၎င်းတို့သည် အလွန်ပင် တန်ဖိုးရှိလှသည်။
ရွှေအမြုတေ ဆရာသခင်တစ်ဦးအတွက် ယင်းမှာ များများစားစား မဟုတ်လှသော်လည်း၊ အခြေတည်အဆင့်သို့ ယခုမှတက်လှမ်းလာသော ကျင့်ကြံသူတစ်ဦးအတွက်မူ ဤဆေးလုံးများသည် အလွန်ကောင်းမွန်ပြီး အံဝင်ခွင်ကျဖြစ်သည့် လက်ဆောင်တစ်ခုပင် ဖြစ်ချေသည်။