← Chapters

ပထမဆုံးနှလုံးသားမျက်လုံးအား ဖွဲ့စည်းခြင်း၊ အရာခပ်သိမ်းအား ခွဲခြားသိမြင်နိုင်သော နည်းစနစ်။

Vol. 12 Ch. 168

ပထမဆုံးနှလုံးသားမျက်လုံးအား ဖွဲ့စည်းခြင်း၊ အရာခပ်သိမ်းအား ခွဲခြားသိမြင်နိုင်သော နည်းစနစ်။

Vol. 12 Ch. 168

"ဟင်…"

ကျိုးစွေ့သည် 'စာအုပ်ကူ'ကို အမွေအနှစ် ကျောက်စိမ်းပြားတစ်ချပ် ကျွေးလိုက်ပြီးနောက်၊ 'စာအုပ်ကူ'ထံမှ ရရှိသော ဉာဏ်အလင်းရမှုနှင့် ကြာချိန်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်ကို ချက်ချင်းတွေ့ရှိလိုက်သည်။

ထိုအခိုက်အတန့်တွင်၊ သူသည် ကောင်းကင်ဘုံပါရမီရှင်တစ်ဦး၏ နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်အလား ခံစားလိုက်ရသည်။

မည်သည့်အသိပညာကို ဆင်ခြင်နေသည်ဖြစ်စေ၊ ၎င်းသည် လက်ဖဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူနေသည်။ ယခင်က ရှိခဲ့သောသံသယများနှင့် ခက်ခဲသော ပြဿနာအားလုံးသည် ယခုအချိန်တွင် ဖြေရှင်းနိုင်ခဲ့သည်။

"အမှန်ပဲ.. ဒီအခွင့်အရေးကို အသုံးချပြီး 'အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်'ကို ကျွမ်းကျင်အောင် လုပ်ရမယ်…"

ကျိုးစွေ့၏ မျက်လုံးများတွင် အလင်းတစ်ချက် လင်းလက်သွားသည်။

သူသည် 'အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်'ကို ပိုင်ဆိုင်ထားသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ပထမဆုံး နှလုံးသားမျက်လုံးကို အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။

မှန်ပေသည်၊ ယင်းမှာ သူသည် ထိုနည်းစနစ်အား သီးသန့်အာရုံစိုက် ကျင့်ကြံမှုမရှိခြင်းကြောင့်လည်း သက်ဆိုင်နေသည်။

မည်သို့ပင်ဖြစ်စေ သူ့တွင် ဆေးဖော်စပ်ပညာ၊ 'ကူနတ်ဘုရားကျင့်စဉ်'၊ 'မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်'စသည်ဖြင့် လေ့လာကျင့်ကြံစရာများ များစွာရှိသေးပေသည်။ ၎င်းတို့တစ်ခုချင်းစီသည် ကျွမ်းကျင်နိုင်ရန် စွမ်းအင်နှင့်အချိန် အမြောက်အများ လိုအပ်သည်။

ယခုမူ သူ၏နားလည်နိုင်စွမ်းသည် များစွာတိုးလာသောကြောင့် သူသည် ပထမဆုံး နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်းကို အပြည့်အဝ နားလည်ချင်လာသည်။

ဝှစ်…။

ထို့နောက် ကျိုးစွေ့သည် မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး၊ နှလုံးသားမျက်လုံးကို တည်ဆောက်နိုင်ရန် နတ်ဘုရားအားရုံအား လမ်းကြောင်းပေးလိုက်သည်။

'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း' သည် တစ်နှစ်ကျော်ကြာ ကျင့်ကြံမှုကြောင့် ၆၅% ပြီးစီးမှုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ အပြည့်အဝအောင်မြင်မှုနှင့် များစွာသိပ်မဝေးတော့ပေ။

လက်ရှိ သူ၏ကျင့်ကြံမှုသည် အခြေတည် အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ သူ၏ နတ်ဘုရားအာရုံသည် နှစ်ဆ တိုးလာခဲ့သည်။ ထို့အပြင် 'စာအုပ်ကူ'၏ အကူအညီလည်း ရှိနေသည်။

ထို့ကြောင့် 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'ကို တည်ဆောက်ခြင်းသည် ပို၍ပင် ရိုးရှင်းလာသည်။ ပုံစံကွက်တစ်ခုပြီးတစ်ခုသည် သူ၏နတ်ဘုရားအာရုံဖြင့် စတင်ရေးဆွဲခံနေရပြီး အသေးငယ်ဆုံးအစိတ်အပိုင်းထိပင် ကြည်လင်ပြတ်သားနေတော့သည်။

၆၆%၊ ၇၀%၊ ၇၅%၊ ၈၀%…

အလေ့အကျင့် ရလာသောကြောင့် နှလုံးသားမျက်လုံးကို တည်ဆောက်သည့်အရှိန်သည် တစ်စထက်တစ်စ မြန်ဆန်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်သုံးညတိုင် ကုန်ဆုံးသွားခဲ့သည်။

ဘန်း…။

ရုတ်တရက်၊ ကျိုးစွေ့၏ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်တို့ ပြင်းထန်စွာ တုန်ခါသွားပြီး၊ တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်သွားသကဲ့သို့ ဖြစ်သွားသည်။ နောက်ဆုံးပုံစံကွက်မျဉ်းကို ရေးဆွဲလိုက်သည့်အခိုက်တွင် နှလုံးသားမျက်လုံး တစ်ခုလုံးသည် သူ့အလိုလိုစည်းခတ်သွားပြီး၊ ပြိုကျပျက်စီးခြင်းမရှိဘဲ ပြီးပြည့်စုံသော နှလုံးသားမျက်လုံးတစ်ခုအဖြစ် ပုံပေါ်လာကာ အလိုလို စတင်လည်ပတ်လာတော့သည်။

"ဒါက 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း' ဆိုတာလား…"

ချက်ချင်းဆိုသလို၊ ကျိုးစွေ့သည် သူ၏နှလုံးသား အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော ပုံရိပ်ယောင် မျက်လုံးတစ်ခုကို ခံစားလိုက်ရပြီး၊ ၎င်းသည် နက်ရွှေရောင်ဖြစ်ကာ မျက်ဆံ၏အနက်ပိုင်းထဲတွင် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံကွက်များ ထွက်ပေါ်လာသည်။

၎င်းသည် အတိကျဆုံးပုံစံထုတ်ထားသည့် တပ်ဆင်စက်ပစ္စည်းတစ်ခုနှင့် တူသည်။ အပိုပစ္စည်း တစ်ခုပိုသွားခြင်း သို့မဟုတ် တစ်ခုလျော့သွားခြင်းသည် စက်ပစ္စည်း၏တည်ဆောက်ပုံကို ပြိုကွဲသွားစေနိုင်သည်။

သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ မမြင်နိုင်သော စိတ်စွမ်းအားများသည် စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ပျံ့နှံ့ထွက်သွားသည်။ ၎င်းသည် နတ်ဘုရားအာရုံ၏စွမ်းအားထက် အဘက်ဘက်မှပိုမိုမြင့်မားသော စွမ်းအားတစ်ခုဖြစ်ပြီး၊ တိတ်ဆိတ်ကာမမြင်နိုင်ဘဲ လေဟာနယ်မှတစ်ဆင့် အရာရာတိုင်းဆီသို့ ဖြန့်ကျက်သွားသည်။

စိတ်ကူးတစ်ခုဖြင့် ကျိုးစွေ့သည် လက်ဝှေ့ယမ်းလိုက်ပြီး ကူနတ်ဘုရားပန်းကန်အတွင်းရှိ နေရာလွတ်မှ အရာဝတ္ထုတစ်ပုံတစ်ပင်အား ချက်ချင်း ထုတ်ယူလိုက်သည်။

၎င်းတို့အားလုံးသည် အခြေတည်အဆင့် အခမ်းအနားအတွင်း လက်ခံရရှိခဲ့သော လက်ဆောင်များ ဖြစ်ကြပြီး၊ 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'၏စွမ်းအားကို စမ်းသပ်ရန် ပြီးပြည့်စုံလေသည်။

[ ကြည်လင်သစ်သား ဆေးလုံး၊ ဒုတိယအဆင့် ထိပ်တန်းဆေးလုံး၊ သန့်စင်သော ကြည်လင်သစ်သား စွမ်းအား ပါဝင်သည်။ ကြည်လင်သစ်သား ဆေးလုံးတစ်လုံး သောက်သုံးခြင်းသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။ ဆေးအာနိသင်သည် သိမ်မွေ့ပြီး ကျင့်ကြံသူကို များစွာ မထိခိုက်စေပါ။ ]

[ မီးတောက်နီဆေးလုံး၊ ဒုတိယအဆင့် ထိပ်တန်းဆေးလုံး၊ သန့်စင်သော မီးတောက်နီစွမ်းအား ပါဝင်သည်။ ဆေးအာနိသင်သည် အလွန်ပြင်းထန်သည်။ မီးတောက်နီဆေးလုံးတစ်လုံး သောက်သုံးခြင်းသည် အခြေတည်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို အလွန်အမင်း တိုးမြှင့်ပေးနိုင်သော်လည်း၊ သွေးကြောများနှင့် ခန္ဓာကိုယ်ကို အလွယ်တကူထိခိုက်စေနိုင်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်သော ကျင့်ကြံသူများ သောက်သုံးရန် ပိုမိုသင့်လျော်သည်။ ]

"[ရေခဲမြွေ၊ အဆင့်နိမ့် ဝိညာဉ်လက်နက်၊ အေးခဲခြင်းစွမ်းအား ပါဝင်သည်။ အသုံးပြုလိုက်သည်နှင့်၊ အေးခဲစေခြင်းနှင့် နှေးကွေးစေခြင်းကဲ့သို့သော အာနိသင်များ ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ၎င်း၏ အမြန်နှုန်းသည် အဆိပ်ပြင်းမြွေတစ်ကောင် ကိုက်ခဲလိုက်သကဲ့သို့ မယုံနိုင်လောက်အောင် မြန်ဆန်သည်။ ]

"[ မြေကမ္ဘာ လက်ကောက်၊ အလယ်အလတ်အဆင့် ကာကွယ်ရေးဝိညာဉ်လက်နက်၊ ရန်သူ၏ တိုက်ခိုက်မှုအများစုကို ခံနိုင်ရည်ရှိပြီး တိုက်ခိုက်မှုအရှိန်နှင့် စွမ်းအားကို နှေးကွေးစေနိုင်သော မြေအကာအကွယ်တစ်ခု ဖန်တီးရန် မြေကမ္ဘာစွမ်းအားကို ထုတ်လွှတ်နိုင်သည်။ ]

"[ အာရုံစုစည်းခြင်း စိတ်ဝိညာဉ်မြက်၊ ဒုတိယအဆင့် စိတ်ဝိညာဉ်ဆေးပင်၊ စိတ်ဝိညာဉ်ကို တည်ငြိမ်စေသော အာနိသင်ပါဝင်ပြီး နတ်ဘုရားအာရုံကို အနည်းငယ်တိုးမြှင့်ပေးသည်။ ကျင့်ကြံသူများအား နက်ရှိုင်းသော ဈန်ဝင်စားခြင်းသို့ ပိုမိုမြန်ဆန်စွာ ဝင်ရောက်နိုင်ရန် ကူညီနိုင်သည်။]

ချက်ချင်းပင်၊ ဆက်တိုက်ဆိုသလို သတင်းအချက်အလက်များက ဒီရေလှိုင်းသဖွယ် သူ၏ သိစိတ်ပင်လယ်အနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်။ ကြမ်းပြင်ပေါ်ရှိ ရတနာများ၏ သတင်းအချက်အလက်များသည် မည်သည့်ဖုံးကွယ်ထားခြင်းမျှမရှိဘဲ ချက်ချင်း ပေါ်ထွက်လာသည်။

"ဒါက 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'ရဲ့ စွမ်းအားလား.."

"ဒါက လက်တွေ့ကျကျ အကဲဖြတ်တဲ့နည်းစနစ်တစ်ခုနဲ့ တူနေတာပဲ…"

ကျိုးစွေ့၏ မျက်လုံးများက ပီတိများဖြင့် ပြူးကျယ်သွားကာ အကြီးအကျယ် ပျော်ရွှင်သွားတော့သည်။

ယခုမှပင် လုမိသားစု၏ ဘိုးဘေးလုဟုန်ရန် ယခင်ကမည်သို့ ကြီးပွာချမ်းသာလာခဲ့သည်အား သူ နားလည်သွားချေသည်။ ယခင်က ၎င်းသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'၏ စွမ်းအားဖြင့် အမျိုးမျိုးသော ရတနာ၊ ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားကာ ဈေးကွက်အတွင်း အခွင့်အလမ်းရှာခဲ့ခြင်းသာ ဖြစ်သည်။

အခွင့်အလမ်းတစ်ခုဖြင့်ပင် ကြီးမားသောအကျိုးအမြတ်ကို ရရှိနိုင်ပေသည်။

အမှန်တကယ်တွင် 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'၏စွမ်းအားသည် အရမ်းကို အစွမ်းထက်လွန်းပေသည်။

မည်သို့ပင်ဖြစ်စေ၊ ကျင့်ကြံခြင်းလောကတွင် မရေမတွက်နိုင်သော ရတနာများရှိ၏။ သို့သော် မှန်ကန်သောအသိပညာနှင့် အမွေအနှစ်မရှိခြင်းကြောင့် လူအများစုက ၎င်းတို့၏ တန်ဖိုးအစစ်အမှန်အား ခွဲခြားနိုင်ခြင်း မရှိကြချေ။

ထို့အပြင်၊ ရတနာများသည် သူတို့ကိုယ်သူတို့ ပုံဖျက်ထားလေ့ရှိပြီး၊ တန်ဖိုးမရှိသော အမှိုက်သရိုက်များအဖြစ် ဖုံးကွယ်ထားတတ်သေးသည်။ မယုံနိုင်လောက်အောင် ထက်မြက်သော မျက်လုံးရှိသည့် ကျင့်ကြံသူတွေပင်လျှင် ယင်းအား ရှာဖွေဖော်ထုတ်နိုင်မည်မဟုတ်ပေ။

သို့သော် 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'သည်ကား မတူညီချေ။ ယင်းသည် အမည်မသိပစ္စည်းတိုင်းကို ခွဲခြားသိမြင်နိုင်သော အကဲဖြတ်နည်းစနစ်တစ်ခုနှင့် တူပေသည်။

တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော အရာများကိုပင် ဖော်ထုတ်ပေးနိုင်သည်။ ဤစွမ်းရည်ဖြင့်သာဆိုပါက၊ သူသည် အမျိုးမျိုးသော ရတနာများအား အမှု့မဲ့ ဆုံးရှုံးရန် ကြောက်စရာလိုတော့မည်မဟုတ်ပေ။

အခုအခါတွင် သူသည် အတော်ဆုံးသော ရာဖြတ်တစ်ယောက်ကဲ့သို့ ဖြစ်လာချေသည်။

"'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'ရဲ့ အခြေခံသဘောတရားက နှလုံးသားမျက်လုံးကို အသုံးပြုပြီး အရာဝတ္ထုတွေရဲ့အတွင်းသံကို နားထောင်တာပဲ…"

"အရာဝတ္ထုတိုင်းဟာ သက်မဲ့တွေ ဖြစ်ပေမဲ့ သူတို့အပေါ်မှာ မရေမတွက်နိုင်တဲ့ သတင်းအစအနတွေတော့ ကျန်ရှိနေတုန်းပဲ…"

"ဒီသတင်းအစအနတွေကို သာမန်ကျင့်ကြံသူတွေက ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ဘူး…"

"ဒါပေမဲ့ 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'ကတော့ မတူဘူး.. ဒါက ဒီသတင်းအချက်အလက် အပိုင်းအစတွေကို ကြားနိုင်တယ်…"

"ဒါကြောင့် အဲ့ဒီအရာဝတ္ထုကို တစ်ခါမှ မမြင်ဖူးရင်တောင်.. အဲ့ဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်တယ်.."

"ဒါက 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း'ရဲ့ စွမ်းအားပဲ.."

ကျိုးစွေ့၏ မျက်လုံးများ လင်းလက်သွားသည်။

ဤအထွတ်အထိပ်လျှို့ဝှက်ကျမ်း "အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်"၏ စွမ်းအားကို သူခံစားမိသည်။ အောင်မြင်စွာကျင့်ကြံနိုင်သည်နှင့် ယင်းသည် အစွမ်းထက် ဝိညာဉ်ခန္ဓာကိုယ် သို့မဟုတ် ပါရမီတစ်ခုကို ဖန်တီးလိုက်သလိုပင် ဖြစ်သည်။

ကျင့်ကြံသူအား မည်မျှပင် အထောက်အကူပြုနိုင်မည်အား စဉ်းစားကြည့်၍ပင် ရနိုင်သည်။

သို့သော် ထိုနည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန် အလွန်တရာခက်ခဲလှသည်။ ဤလျှို့ဝှက်ကျမ်းကို ဖန်တီးခဲ့သူမှလွဲလျှင်၊ ယင်းအား အောင်မြင်စွာ ကျင့်ကြံနိုင်သူမှာ လွန်စွာရှားပါးပေမည်။

သူပင်လျှင် 'စာအုပ်ကူ'၏ အကူအညီကြောင့်သာ ဤနည်းစနစ်အား အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။ ‘စာအုပ်ကူ'၏အကူအညီသာ မရှိခဲ့ပါက၊ သူသည် စလုံးရေပင် စနိုင်မည် မဟုတ်ချေ။

"ဒုတိယနှလုံးသားမျက်လုံးကို ထိုးထွင်းသိမြင်ခြင်းလို့ ခေါ်တယ်…"

"ဒီနှလုံးသားမျက်လုံးက အစွမ်းအထက်ဆုံး ထောက်လှမ်းခြင်းနည်းလမ်းလို့ ဆိုနိုင်တယ်.."

"အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ရင်.. နှလုံးသားမျက်လုံးစွမ်းအားရဲ့ ထောက်လှမ်းနိုင်တဲ့ အကွာအဝေးက နတ်ဘုရားအာရုံထက် ဆယ်ဆမက ပိုသန်မာတယ်…"

"ပိုအရေးကြီးတာက နှလုံးသားမျက်လုံးရဲ့ စွမ်းအားကို အခြေတည်ကျင့်ကြံသူတွေနဲ့ ရွှေအမြုတေ ဆရာသခင်တွေတောင်မှ ရှာတွေ့ရှိနိုင်မှာမဟုတ်ဘူး…"

"ဖြန့်ကျက်လိုက်တာနဲ့ သတိပြုမိသွားနိုင်တဲ့ နတ်ဘုရားအာရုံလိုမဟုတ်တာ သေချာတယ်…"

"ဒီလိုမျိုးဆိုရင် ရုတ်တရက် အငိုက်ဖမ်းဖို့က အလွယ်လေး ဖြစ်သွားမယ်…"

ကျိုးစွေ့ လက်သီးဆုပ်လိုက်ပြီး အရမ်းကို စိတ်လှုပ်ရှားနေမိသည်။

ပထမဆုံး 'နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း' ကပင် ဤမျှ အံ့ဩဖို့ကောင်းနေပြီဖြစ်သည်။ သူသာ ဒုတိယ နှလုံးသားမျက်လုံးကိုပါ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါက၊ သူ၏ဝှက်ဖဲများမှာ ကောင်းကင်ဘုံကိုပင် အံတုနိုင်တော့ပေမည်။

ယင်းသည် ဧရိယာအားလုံးအား အချိန်မရွေး စကန်ဖတ်နိုင်သည့် ရေဒါတစ်ခု တပ်ဆင်ထားသည့်အလား ဖြစ်ပေသည်။

ထိုသို့သောအစွမ်းဖြင့်သာဆိုလျှင်၊ သူ၏လုံခြုံရေးမှာ များစွာပို၍ လုံခြုံလာတော့မည်မှာ သေချာပေသည်။ ရန်သူက သူ့အား ခြုံခိုတိုက်ခိုက်ချင်လျှင်တောင်မှ မည်သို့မျှဖြစ်နိုင်မည်မဟုတ်တော့ချေ။

All Chapters