← Chapters

သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူ၊ ပရမ်းပတာဖြစ်မှု၏ ဗဟိုချက်။

Vol. 12 Ch. 170

သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူ၊ ပရမ်းပတာဖြစ်မှု၏ ဗဟိုချက်။

Vol. 12 Ch. 170

ထိုနေရာတွင် လန်ယွဲ့ရှီက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"နောက်ဆုံးတော့ ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်း ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေးက သူ့ရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ရောင်းရင်းတချို့ကို ဖိတ်ခေါ်လိုက်တယ်.. ပြီးတော့ ထောင်ချောက်တစ်ခု သုံးပြီး သွေးအရိပ်ဘိုးဘေးကို အထဲကို ဆွဲဆောင်ခဲ့တယ်.. အဆုံးမှာတော့ သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်.."

"ဒါပေမဲ့ ဒီလိုဖြစ်ခဲ့တာတောင် သွေးအရိပ်ဘိုးဘေးက မသေခဲ့ဘူး.. သူက ထောင်ချောက်ထဲကနေ လွတ်မြောက်သွားနိုင်ခဲ့တယ်.. အဲ့ဒီတိုက်ပွဲအပြီးမှာတော့ သူ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်…"

"နောက်ပိုင်း သူဘာဖြစ်သွားလဲ ဆိုတာကတော့ အမျိုးမျိုး ထင်ကြေးပေးခဲ့ကြတယ်.. တချို့ကပြောကြတာတော့ သွေးအရိပ်ဘိုးဘေးက ထွက်ပြေးပြီး တခြားကျွန်းတွေမှာ သွားခိုလှုံနေတယ်တဲ့.. ချန်လန်ပင်လယ်ကြီးရဲ့ ကျယ်ပြန့်ပုံအရဆို သူက ဘယ်ကျွန်းမှာမဆို ပုန်းနေနိုင်တာပဲ…"

"တချို့ကကျတော့လည်း သွေးအရိပ်ဘိုးဘေးက ဒဏ်ရာတွေ အရမ်းပြင်းထန်လို့ လမ်းခုလတ်မှာတင် သေသွားပြီလို့ ပြောကြတယ်… ဒါပေမဲ့ သူ့အလောင်းကိုတော့ ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး…"

"ထင်မထားမိတာက..နှစ်ပေါင်းသုံးထောင်ကြာပြီးတဲ့နောက်မှာ သွေးအရိပ်ဘိုးဘေး မသေခင် တိမ်းရှောင်ခဲ့တဲ့လိုဏ်ဂူကို ကျွန်မတို့ ရှာတွေ့ခဲ့တယ်တဲ့… ကြည့်ရတာ သူက အင်မော်တယ်မြူခိုးကျွန်းကနေ ထွက်ပြေးသွားတာ မဟုတ်ဘဲ ကျွန်းပေါ်မှာပဲဆက်နေခဲ့တာပေါ့…"

"ကံမကောင်းစွာနဲ့ပဲ.. သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းပြီး ကုသဖို့အတွက် သူ့လိုဏ်ဂူထဲမှာ ပုန်းနေခဲ့ရင်း အဆုံးမှာတော့ သေဆုံးသွားခဲ့တာပဲ… အင်း ဒါက နတ်ဆိုးတစ်ယောက်ရဲ့ ကံကြမ္မာ အစစ်အမှန်ပါပဲ…"

သူမက သွေးအရိပ်ဘိုးဘေး၏ဇာစ်မြစ်ကို ဖော်ထုတ်ရင်း ဇာတ်လမ်းတစ်ခုလုံးကို ရှင်းပြလိုက်သည်။

"အင်မော်တယ်ရှားဂိုဏ်း ဆုတ်ယုတ်သွားရတာ အဲ့ဒီသွေးအရိပ်ဘိုးဘေးကြောင့်လား.."

ကျိုးစွေ့က စူးစမ်းစွာ မေးလိုက်သည်။

"ဒါတော့ မရှင်းလင်းဘူး.. ဒါပေမဲ့ သွေးအရိပ်ဘိုးဘေးက အင်မော်တယ်ရှားဂိုဏ်းကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့တာတော့ အမှန်ပဲ…"

"တပည့်ရင်းတော်တော်များများ သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်…"

"အင်မော်တယ်ရှားဂိုဏ်း စပြီး ဆုတ်ယုတ်လာခဲ့ရတာက အဲဒီတိုက်ပွဲကြောင့်လို့ ပြောလို့ရတယ်..."

"အင်မော်တယ်ရှားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေးတောင် အဲ့ဒါပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်…"

"အင်မော်တယ်မြူခိုးကျွန်းရဲ့ စတုတ္ထအဆင့် ဝိညာဉ်ကြောတွေ ဘာကြောင့ေပြိုလဲသွားလဲ ဆိုတာကိုတော့ ကျွန်မတို့ သေချာမသိဘူး.."

လန်ယွဲ့ရှီက ကူကယ်ရာမဲ့စွာ ပြောပြလိုက်သည်။

အဆုံးသတ်တွင် ထိုအဖြစ်အပျက်များသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က အဖြစ်အပျက်များဖြစ်ရာ အသေးစိတ်မှတ်တမ်းမှတ်ရာများ မရှိခဲ့ချေ။

ထို့ကြောင့် နောင်လာနောက်သားများအနေဖြင့် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရင်းမှန်မျာအား သိရှိရန်မှာ ခက်ခဲလှပေသည်။

"ဒါဆို သွေးအရိပ်ဘိုးဘေးလိုဏ်ဂူ ပေါ်လာတာရဲ့ အကျိုးဆက်က ဘာဖြစ်နိုင်မလဲ…"

ကျိုးစွေ့က မေးလိုက်သည်။

"ကျွန်မစိုးရိမ်တာကတော့ အင်မော်တယ်မြူခိုးကျွန်းမှာ ရှိသမျှ ရွှေအမြုတေ ဆရာသခင်တွေအားလုံး ဒီကို အုပ်စုလိုက် ရောက်လာကြမှာကိုပဲ.."

"ဘာပဲပြောပြော.. သွေးအရိပ်ဘိုးဘေးက တကယ်ကို နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာလေ.. သက်တမ်းရှည် အင်အားစုတိုင်းက သူ့တည်ရှိမှုကို သိကြတယ်…"

"အရေးကြီးဆုံးကတော့.. သူဟာ အတိတ်တုန်းက အင်မော်တယ်မြူခိုးကျွန်းပေါ်က မျိုးနွယ်စု အများအပြားကို လုယက်ခဲ့ပြီး မရေမတွက်နိုင်တဲ့ ရတနာတွေကို သိမ်းပိုက်ခဲ့တာပဲ.."

"သူ့လိုဏ်ဂူထဲမှာ ဘယ်လို တန်ဖိုးကြီးပစ္စည်းတွေ ရှိနေမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး.."

"တကယ်လို့ ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းနိုင်ဖို့ အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတချို့သာ တွေ့ခဲ့မယ်ဆိုရင်… မရေမတွက်နိုင်တဲ့ ရွှေအမြုတေ ဆရာသခင်တွေ အငမ်းမရ ဖြစ်သွားကြမှာပဲ.."

"ဒါကြောင့် ဒီအကျိုးအမြတ်တွေက ကြီးမားလွန်းတယ်… အင်မော်တယ်ရှားဂိုဏ်းအနေနဲ့ ခုခံနိုင်စွမ်းရှိတဲ့ အရာတွေမဟုတ်ဘူး…"

"ဒါပေမဲ့ ယောက်ျား.. ရှင် အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး.."

"ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းမှာ အစီအရင်အကာအကွယ် ရှိတယ်.. ဒါကြောင့် တခြား ရွှေအမြုတေ ဆရာသခင်တွေ ကျူးကျော်ချင်တယ်ဆိုရင် နှစ်ခါပြန် စဉ်းစားကြရလိမ့်မယ်.."

လန်ယွဲ့ရှီက လေးလေးနက်နက် ပြောလိုက်သည်။

သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူသည် ယခုအချိန်ကျမှ ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ သူမ မမျှော်လင့်ထားခဲ့ချေ။

ဆိုရလျှင်၊ ယခုအင်မော်တယ်ရှားဂိုဏ်းသည် သူမ၊ ရွှေအမြုတေအဆင့်တစ်ဦးတည်းသာ ရှိနေသည့် အားအနည်းဆုံးကာလ ဟုပင် ဆိုနိုင်ပေသည်။

ထို့အပြင်၊ သူမသည်လည်း ရွှေအမြုတေနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။

ဝါရင့် ရွှေအမြုတေ ဆရာသခင်များနှင့် ယှဉ်လျှင် သူမ၏အစွမ်းသည် များစွာနိမ့်ကျနေသည်။

အနှစ်ချုပ်ရရင်၊ သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူပေါ်ထွက်လာခြင်းက အင်မော်တယ်ရှားဂိုဏ်းအတွက် ဒုက္ခသက်သက်ကလွဲ၍ မည်သည့်အကျိုးကျေးဇူးမျှ မရှိချေ။

"ဒါဆိုရင်တော့.. ရန်သူ့ထောင်ချောက်ထဲ မကျအောင်ရှောင်ရှားနိုင်ဖို့.. မင်း ဒီကိစ္စမှာ ဝင်မပါဘဲ နေသင့်တယ်…"

"ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ယောက်ရဲ့ လိုဏ်ဂူကို ကျူးကျော်ဝင်ရောက်ဖို့က လွယ်တဲ့ကိစ္စ မဟုတ်ဘူး…"

ကျိုးစွေ့က သတိပေးလိုက်သည်။

သူသည် ပိုမိုမြင့်မားသော နယ်ပယ်များဆီသို့ တစ်ဆင့်ချင်းတက်လှမ်းနိုင်သည်ဖြစ်ရာ၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးလိုဏ်ဂူထဲမှ ရတနာများအတွက် အခြားကျင့်ကြံသူများနှင့် သွားရောက်ယှဉ်ပြိုင်နေရန် မလိုအပ်ချေ။ ထိုသို့လုပ်ခြင်းက သူ့အား အန္တရာယ်တွင်းသို့ သက်ဆင်းစေပေလိမ့်မည်။

"စိတ်မပူပါနဲ့ ယောက်ျား.. ကျွန်မ သွေးအရိပ်ဘိုးဘေး လိုဏ်ဂူထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ဖို့ အစီအစဉ် မရှိပါဘူး…"

"လက်ရှိမှာ လိုဏ်ဂူကို စတုတ္ထအဆင့် မဟာအစီအရင်တစ်ခုနဲ့ ကာကွယ်ထားတယ်… အချိန်တိုအတွင်းမှာတော့ ချိုးဖျက်နိုင်ကြမှာ မဟုတ်ဘူး.."

"ရွှေအမြုတေ ဆရာသခင်တွေတောင် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ဖို့ လိုအပ်နိုင်တယ်.."

လန်ယွဲ့ရှီက ပြောသည်။

စတုတ္ထအဆင့် အစီအရင်တစ်ခုသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကိုပင် တွန်းလှန်နိုင်လောက်အောင် အစွမ်းထက်သည်အား နားလည်ထားရပေမည်။ ၎င်း၏ ခံစစ်သည် စိတ်ကူးကြည့်နိုင်သည့်အရာမဟုတ်ပေ။

အတင်းအကျပ် ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားခြင်းသည် သေမင်းတမန်၏ ခံတွင်းဝသို့ တည့်တည့်လျှောက်လှမ်းခြင်းသာ ဖြစ်၏။

မှန်ပေသည်၊ ယခုအခါ ထိုစတုတ္ထအဆင့် မဟာအစီအရင်ကို တိုက်ခိုက်ဝံ့သည့်အကြောင်းမှာ ထိန်းချုပ်ကွပ်ကဲမည့်ပိုင်ရှင် မရှိခြင်းနှင့်၊ ၎င်းသည် စတုတ္ထအဆင့် ဝိညာဉ်ကြောပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်သောကြောင့်သာ ဖြစ်သည်။

အစီအရင်များ လည်ပတ်နေရန်မှာ စွမ်းအင်လိုအပ်သည်ဖြစ်ရာ၊ အခြေခံအားဖြင့် အားကောင်းသောအစီအရင်များကို ၎င်းတို့၏နေ့စဉ်လုပ်ငန်းအား ထိန်းသိမ်းထားနိုင်ရန်အတွက်၊ ဝိညာဉ်ကြောအား စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုကာ ဝိညာဉ်ကြောများအပေါ်တွင် တည်ဆောက်ရသည်။ အင်မော်တယ်ရှားဂိုဏ်း၏ တတိယအဆင့် အစီအရင်သည်လည်း ဥပမာတစ်ခုပင် ဖြစ်၏။

ဝိညာဉ်ကြော မရှိလျှင်မူ၊ အစားထိုးအနေဖြင့် ဝိညာည်ကျောက်တုံးများ လိုအပ်မည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့သည် ထိုစတုတ္ထအဆင့် အစီအရင်အား အဆက်မပြတ်တိုက်ခိုက်ကာ၊ ၎င်းအတွင်းရှိ ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်များကုန်ခမ်းသွားအောင် ကြံစည်နေကြခြင်း ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်များ လုံးဝကုန်ခမ်းသွားသည်နှင့် အစီအရင်သည် သူ့အလိုလို ပြိုကျ ပျက်စီးသွားရမည်သာ ဖြစ်သည်။

သို့သော်၊ ဤအစီအရင်သည်သာ စတုတ္ထအဆင့် ဝိညာဉ်ကြောပေါ်တွင် တည်ဆောက်ထားခဲ့မည်ဆိုပါက၊ နှစ်ထောင်ပေါင်းများစွာ တိုက်ခိုက်လျှင်ပင် အစီအရင်ကို ချိုးဖျက်နိုင်မှာ မဟုတ်ချေ။ စတုတ္ထအဆင့် ဝိညာဉ်ကြော၏ ဝိညာဉ်စွမ်းအင်ကို ကုန်ဆုံးအောင် ကြိုးစားရန် စိတ်ကူးခြင်းသည် လက်တွေ့မဖြစ်နိုင်ပေ။

ဤသည်မှာ ဝိညာဉ်ကြောများ၏ အရေးပါမှုပင် ဖြစ်သည်။

ဝိညာဉ်ကြောတစ်ခုပေါ်တွင် ဂိုဏ်းတစ်ခု ထူထောင်ခြင်းက သာလွန်ကောင်းမွန်သော ကျင့်ကြံမှုပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ရုံတင်သာမက၊ အစီအရင်၏စွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးပြီး လုံခြုံရေးကိုလည်း သိသိသာသာတိုးမြှင့်ပေးနိုင်ခြင်းပင် ဖြစ်သည်။

အကြောင်းအရာအားလုံးအား ရှင်းပြပြီးနောက် လန်ယွဲ့ရှီ ထွက်ခွာသွားတော့သည်။

သူမသည် အင်မောတယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ရှင်းလင်းစရာကိစ္စများ ရှိပေသည်။

အထူးသဖြင့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးလိုဏ်ဂူ ပေါ်ထွက်လာမှုကြောင့်၊ သူမအနေဖြင့် ရွှေအမြုတေ ဆရာသခင် အများအပြားကို မလွဲမသွေ နေရာထိုင်ခင်း စီစဉ်ပေးရတော့မည် ဖြစ်သည်။

"ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးလိုဏ်ဂူ ပေါ်လာတာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ…”

ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်ပြီး စိတ်ထဲတွင် အလျင်စလိုသော ခံစားချက်အား ခံစားလိုက်ရသည်။

ဤရုတ်တရက်ဖြစ်ရပ်က အင်မော်တယ်ရှားဂိုဏ်းအား လူတိုင်း၏ပစ်မှတ် ဖြစ်လာစေသည်။

သေချာသတိမထားပါက၊ ဤအရှုပ်အထွေး၌ အင်မော်တယ်ရှားဂိုဏ်း ပျက်သုဉ်းသွားနိုင်ပေသည်။

လန်ယွဲ့ရှီက ရွှေအမြုတေ ဆရာသခင်တစ်ယောက်ဆိုပေမဲ့.. ဒီအရေးအခင်းကိုတော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး…”

"ပိုအရေးကြီးတာက.. သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူက တကယ်ရော လုံခြုံရဲ့လား.."

"အတွင်းထဲမှာ ထောင်ချောက်တွေများ ရှိနေမလား.."

"ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ သွေးအရိပ်ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကတည်းက တကယ် သေဆုံးသွားခဲ့တာလား.."

“ပြောရရင်.. ဒီအထဲမှာ ပဟေဠိတွေ အများကြီးရှိနေတုန်းပဲ…”

“အဖြစ်အပျက်အားလုံးက ဘာမှ သေချာရေရာတာ မရှိသေးဘူး..ဒါပေမဲ့ ဒီကိစ္စက ငါနဲ့ သိပ်တော့ မပတ်သက်ဘူး..”

"ဟမ့်.. သူ့ဘာသာ ဝိညာဉ်သန္ဓေသားလိုဏ်ဂူမကလို့.. နတ်ဘုရားအသွင်းပြောင်းလိုဏ်ဂူဖြစ်ဦး..”

"ငါက အဲ့ဒါကို သွားမထိသရွေ့တော့.. အတွင်းထဲက ဘယ်လိုအစီအစဉ်.. ဘယ်လှည့်ကွက်တွေကမှ ငါ့ကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး…"

"အင်မော်တယ်ရှားဂိုဏ်းကို တတိယအဆင့်အစီအရင်နဲ့ ကာကွယ်ထားတယ်.. ရွှေအမြုတေအဆင့်တွေလည်း ဝင်နိုင်မှာမဟုတ်ဘူး..”

"မဟုတ်သေးဘူး.. ဒီလိုလည်း မဖြစ်သေးဘူး..ငါ ပိုပြီးသတိထားရမယ်.."

"တကယ်လို့ တတိယအဆင့် မဟာအစီအရင်သာ ချိုးဖျက်ခံရပြီး အင်မော်တယ်ရှားဂိုဏ်း ပျက်စီးသွားခဲ့ရင်.. ထွက်ပြေးစရာ နေရာရှိမှာ မဟုတ်ဘူး.."

"ရွှေအမြုတေ ဆရာသခင်တစ်ယောက်ကသာ ပစ်မှတ်ထားရင် ငါ ဥမင်တူးပြေးလည်း လွတ်မှာမဟုတ်ဘူး..”

"ဖြစ်နိုင်ရင် ထွက်ပြေးဖို့ အသုံးပြုနိုင်မဲ့ 'ကူ'ပိုးကောင်.. ဒါမှမဟုတ် ချက်ချင်း နေရာရွှေ့ပြောင်းနိုင်တဲ့ 'ကူ'ကောင်တစ်မျိုးလောက် ဖန်တီးသန့်စင်ထားဖို့ လိုအပ်နိုင်တယ်…"

"ဒီနည်းနဲ့သာဆိုရင် အင်မော်တယ်ရှားဂိုဏ်းကို ရန်သူ ဖောက်ဝင်လာနိုင်ရင်တောင်.. ငါ ချက်ချင်း ထွက်ပြေးနိုင်လိမ့်မယ်.."

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ရင်း အနာဂတ်အန္တရာယ်များနှင့် နောက်ထပ် လွတ်မြောက်ရာလမ်းကြောင်းအား တွေးဆနေတော့သည်။

အင်မော်တယ်ရှားဂိုဏ်းသည် လက်ရှိတွင် ပျက်သုဉ်းမည့် အန္တရာယ်မရှိသေးသော်လည်း၊ အနာဂတ်အား မည်သူက ကြိုမြင်နိုင်မည်နည်း။

အနာဂတ်အတွက် မြော်မြင်နိုင်စွမ်းမရှိသူသည် လက်ရှိကာလတွင်လည်း အန္တရာယ်ကြုံရပေမည်။

မည်သည့်ကြိုးပမ်းမှုတွင်မဆို အရေးပေါ်အစီအစဉ်သည် မဖြစ်မနေလိုအပ်သည်။ သို့မှသာလျှင် ဘယ်တော့မှ မရှုံးနိမ့်နိုင်သောသူ ဖြစ်နိုင်ပေမည်။

[ အသိပေးချက် - ရှေ့ကစာအုပ်မှာ အသိပေးဖို့ မေ့သွားလို့ပါ။ ဘာသာပြန်ဆရာများ အားလုံး စုပေါင်းတိုင်ပင်ကြပြီးတော့ အခြေခံဈေးနှုန်း ပြောင်းလဲထားပါတယ်။ ထို့အတွက်ကြောင့် ၁၀ပိုင်းပါတစ်အုပ်ကို ၅၀၀ကျပ် ဖြစ်သွားရခြင်းပါခင်ဗျ။ သိုင်းလောကကြီး ရေရှည်တည်တံ့နိုင်ဖို့အတွက် ဆက်လက်ဝန်းရံပေးကြပါ တာအိုရောင်းရင်းတို့ _/|\_ ]

All Chapters