← Chapters

ကျန်းရိလျှို

Vol. 1 Ch. 62

ကျန်းရိလျှို

Vol. 1 Ch. 62

ကောင်းကင်ကြယ်တာရာ နယ်မြေသည် မိုးပြာနဂါး အင်ပါယာ၏ လက်အောက်တွင် ရှိသည်မှာ အမည်ခံသက်သက် ဖြစ်သည်။ အင်ပါယာ မိသားစုဝင် ဂိုဏ်းများသည် လွန်ခဲ့သော ရာစုနှစ် များစွာတည်းက အားနည်းနေခဲ့ကြသည်။ အင်ပါယာ၏ အမိန့်များကို အပေါ်ယံသာ လိုက်နာကြပြီး ကိုယ့် သဘောနှင့်ကိုယ် ပြုမူနေခဲ့ကြသည်။

ကောင်းကင်ကြယ်တာရာ နယ်မြေတွင် လူသားဂိုဏ်းများသည် အားအကောင်းဆုံး ဖြစ်သော်လည်း အခြား ထူးခြားသည့် ဂိုဏ်းများနှင့် ထူးဆန်းသည့် သတ္တဝါများလည်း ရှိသည်။ နယ်မြေ တစ်ခုလုံးတွင် အန္တရာယ် နယ်မြေများလည်း ရှိသည်။ ဥပမာအားဖြင့် နှင်းစက်နိုင်ငံနှင့် မြောက်ဘက် လျန့်နိုင်ငံကြားတွင် တည်ရှိသော ရေခဲပြင် ဖြစ်သည်။ ရေခဲပြင် အောက်ခြေတွင် ဒေါသကြီး၍ အန္တရာယ်များသော သားရဲများစွာ ရှိသည်။ သူတို့သည် ရေခဲပြင်အောက်မှ ရုတ်တရက် ခုန်ထွက်လာပြီး လူများကို တိုက်ခိုက်လေ့ရှိသည်။ တောင်ဘက် ပင်လယ်များတွင်လည်း အိပ်မက်ပင်လယ် ချောက်နက် ရှိပြီး မကောင်းဆိုးဝါး နှစ်ကောင် ပုန်းကွယ်ကျက်စား နေကြသည်ဟု ဆိုသည်။

တကယ်တော့ အန္တရာယ်အရှိဆုံး နယ်မြေသည် ရှန်ဝူနိုင်ငံတော်နှင့် တောက်ဘက်ရှိ ရှားနိုင်ငံတော် ဆုံရာနေရာတွင် ရှိသော တောင်စဉ်သုံးထောင် ဖြစ်သည်။

တောင်စဉ်သုံးထောင်တွင် အမည်အတိုင်း တောင်ပေါင်းသုံးထောင်ခန့် ရှိလေသည်။ တောင်ထွတ်များ၊ တောင်ကြားများ၊ ချိုင့်ဝှမ်းများ လွင်ပြင်များမှာ မရေမတွက်နိုင်အောင် ရှိသည်။ မိုးထိုးနေသော သစ်ပင်မြင့်များ၊ မြေပြင်တွင် ပျံ့ကြဲနေသော ဆူးပင်များမှာလည်း နေရာအနှံ့တွင် ရှိနေသည်။ မကောင်းဆိုးဝါး သားရိုင်းများ၊ အလွန်ကြီးမားသော သားကောင်ကြီးများလည်း ပုန်းခိုနေကြပြီး နဂါးများ၊ မြွေများ၊ ဝံပုလွေများမှာလည်း မရေမတွက်နိုင်အောင် ရှိနေသည်။

သားရိုင်းကောင်ကြီးများနှင့် နှိုင်းယှဉ်လိုက်လျှင် တောင်စဉ်သုံးထောင်ရှိ ကြောက်စရာ အကောင်းဆုံးမှာ နတ်ဆိုးသားရဲများ ဖြစ်သည်။

နတ်ဆိုး သားရဲများသည် သာမန် သားရိုင်းကောင်များနှင့် မတူညီပေ။ သူတို့သည် ထူးခြား ဆန်းကြယ်ပြီး မှော်ပညာကိုပင် အသုံးပြုနိုင်ကြသည်။ တောင်စဉ်သုံးထောင်သည် နယ်မြေတစ်ခုလုံး၏ မကောင်းဆိုးဝါး သားရဲများ အရေအတွက် အများဆုံး ရှိသော နေရာဖြစ်သည်။ ကောလာဟလများ အရဆိုလျှင် ဗာဂျရာ သခင်အဆင့် ရောက်နေပြီ ဖြစ်သော နတ်ဆိုးဘုရင်မှာ ထိုနေရာတွင် နေထိုင်သည်။ တောင်နယ်နမိတ်အတွင်း သွားသူတိုင်းသည် အသက်ရှင်လျက် ပြန်ထွက် မလာနိုင်ဟု ဆိုကြသည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် တောင်စဉ်သုံးထောင်၏ အပြင်ဘက်ကျသော ဝိညာဉ်သားရဲ တောင်ပေါ်တွင် တည်ရှိသည်။

ဝိညာဉ်သားရဲတောင်၏ တောင်ခြေတွင် ဝိညာဉ်သားရဲမြို့ဟူသော မြို့ငယ်လေး တည်ရှိသည်။ သို့သော် တောင်ပေါ်တွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း တည်ရှိသောကြောင့် နှစ်ပေါင်းများစွာ ကြာသောအခါတွင် မြို့ငယ်လေးမှသည် မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင်ပင် မြို့၏ မြောက်ဘက် ဂိတ်တံခါး ပွင့်သွားခဲ့ပြီး အဖိုးတန် ရထားလုံး တစ်စီးသည် မြို့ထဲသို့ ဝင်လာခဲ့သည်။ ရထားလုံးတွင် 'ကျီ'ဟူသော စာလုံးရေးထားသည့် အလံတစ်ခု ပါရှိသည်။ ရထားလုံး၏ ပြတင်းပေါက်တွင် စူးစမ်းလိုသည့် မျက်လုံးအစုံနှင့် လူငယ်လေး တစ်ယောက်၏ မျက်နှာသည် ပေါ်ထွက်နေပေသည်။

"ဒီဝိညာဉ်သားရဲမြို့က တကယ်ကြီးတာပဲ ... ကောင်းကင်တောင်ပံ မြို့ထက်တောင် ကြီးဦးမယ်”

မြင်းရထားလုံးသည် ရှေ့သို့ ဆက်သွားနေခဲ့ပြီး ကျန်းရီသည် မြင့်မားလှသော မြို့တံတိုင်းများ၊ လမ်းသွယ်များ၊ လူအုပ်များကိုသာ တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ သို့သော် သူ့အကြည့်သည် တစ်နေရာသို့ ရောက်သွားခဲ့ပြီး လူတစ်ယောက်ကို မြင်သောအခါ အလန့်တကြား ထအော် လိုက်လေသည်။

"အမ် ... အဘိုး ... အဲဒါဘာကြီးလဲ ... ဘာလို့ အဲဒီလူက ဝံပုလွေကို စီးလာတာလဲ ... ဒါက နတ်ဆိုးသားရဲ မဟုတ်ဘူးလား ... အရှိန်အဝါကလည်း ကြောက်စရာကြီး”

ကျန်းယွင်ဟိုင်သည် ပြတင်းပေါက် အပြင်ဘက်ရှိ ကျန်းရီပြသော နေရာကို အလျင်အမြန် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"အရှင်ငယ် ... ဒါက ကြောက်စရာ မဟုတ်ပါဘူး ... အဲဒါက နတ်ဆိုးသားရဲ မဟုတ်ပါဘူး ... ယဉ်ပါးနေတဲ့ ဝိညာဉ်သားရဲ တစ်ကောင်ပါ ... သူ့ရဲ့ မူလအနွယ်က သွေးစုပ်တဲ့ နတ်ဆိုးသားရဲ့ မျိုးနွယ်ဖြစ်ပြီး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့် စွမ်းရည်တွေ ပိုင်ဆိုင်တယ်"

ကျန်းရီသည် အသက်ပင် ရဲရဲမရှူရဲပဲ သွေးနီရောင် ဝံပုလွေကြီးကို စီးလာသော ခရမ်းရောင် နန်းတော်ရှင်အဆင့် လူကြီးကို ကြည့်လိုက်သည်။ ထိုဝံပုလွေသည် နှစ်မီတာခန့် ရှည်လျားပြီး တစ်မီတာခန့် မြင့်လေသည်။ ခရမ်းရောင် နန်းတော်ရှင်အဆင့်သည် အားကောင်းသည်ဟု ပြောနိုင်သော်ငြားလည်း လက်ရှိတွင် ကျန်းရီ အာရုံရောက်နေသည်မှာ သူစီးထားသော ဝံပုလွေကြီးကိုသာ ဖြစ်သည်။

ကျန်းရီ၏ မျက်လုံးများတွင် မနာလိုမှုများ ပြည့်နေသည်ကို မြင်လျှင် ခေါင်းအသာရမ်းပြီး ပြောလိုက်သည်။

"အရှင်ငယ် ... ဝိညာဉ်သားရဲတောင် သင်တန်းကျောင်းက ဝိညာဉ်သားရဲတွေကြောင့် ကျော်ကြားတာကို မသိဘူးလား ... ဝိညာဉ်သားရဲတောင် သင်တန်းကျောင်းက တောင်စဉ်သုံးထောင်မှာ တည်ရှိတဲ့အတွက် နတ်ဆိုးသားရဲတွေ ပြတ်လပ်တာမျိုး မရှိဘူး ... သခင်လေးကသာ ဝိညာဉ်သားရဲတောင် သင်တန်းကျောင်းရဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာရင် ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်တဲ့ လျှို့ဝှက်ချက်ကို သိလာလိမ့်မယ် ... သခင်လေးသာဆို ဒီထက်ပိုပြီး ကြီးတဲ့ ... ပိုပြီး အင်အားကောင်းတဲ့ တစ်ကောင်ကို လေ့ကျင့်ပေးနိုင်လိမ့်မယ် ... ဥပမာ ... ဟိုနားက တစ်ခုလိုပေါ့ ... "

ကျန်းယွင်ဟိုင်သည် လက်ဖြင့် ညွှန်ပြလိုက်သည်။ ကျန်းရီ၏ အကြည့်သည်လည်း သူပြရာ နေရာသို့ ရောက်ရှိသွားပြီး အံ့အားသင့်ကာ ဆွံ့အသွားရသည်။

"ဖုန်း ... ဖုန်း ... ဖုန်း ...”

လမ်းသွယ်တစ်ခုထဲမှ သားရဲကြီး တစ်ကောင်သည် ထွက်လာခဲ့သည်။ ထိုသားရဲသည် လူဝံအနွယ် ဖြစ်၍ ဆယ်ပေခန့် မြင့်လေသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး ခြေ၊ လက်များသည် ကျန်းရီ၏ ကိုယ်လုံးထက် ကြီးလေသည်။ မျက်လုံးများသည် အညိုရောင် မျက်ဆံများနှင့် ဖြစ်ပြီး လူတို့၏ စိတ်နှလုံးကို ခြောက်ခြားသွားလောက်အောင် အေးစက်နေခဲ့သည်။ လူဝံကြီး၏ ပခုံးထက်တွင် ဝတ်ရုံဖြူနှင့် လူငယ်လေး တစ်ယောက်သည် လူအများကို အပေါ်စီးမှ ခန့်ညားစွာ ကြည့်နေခဲ့သည်။ လူငယ်လေးသည် သူ့ကို ကြည့်၍ အံ့အားသင့်နေသော ကျန်းရီကို မြင်သောအခါ ကျေးလက်ဘက်မှ ငတုံးလယ်သမား တစ်ယောက်နှင့် တူနေသောကြောင့် လှောင်ပြုံး ပြုံးလိုက်လေသည်။

"ဒီလူဝံကြီးက ခရမ်းရောင် နန်းတော်ရှင်အဆင့်က လူထက် ပိုပြီး အားကောင်းတယ်မလား ... ဒီမြို့ထဲက လူတွေက ဘာလို့ လူဝံကြီးကို မကြောက်ကြတာလဲ ... သူစိတ်ရိုင်းဝင်ပြီး တစ်ယောက်ယောက်ကို တိုက်ခိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ ...”

ကျန်းရီသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျန်းယွင်ဟိုင်ဘက်သို့ လှည့်လာခဲ့သည်။ ကျန်းယွင်ဟိုင် ပြန်မဖြေခင်မှာပင် ကျန်းရီ၏ မျက်လုံးများသည် တစ်လက်လက် တောက်ပလျက် မေးလာခဲ့သည်။

"အဘိုး ... အနာဂတ်မှာ ကျွန်တော် ဒီလိုမျိုး အင်အားကောင်းတဲ့ နတ်ဆိုး သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်လောက်လား”

"ယဉ်ပါးနေတဲ့ ဝိညာဉ်သားရဲ တစ်ကောင်က သူတို့ကို ယဉ်ပါးအောင် လုပ်ပေးတဲ့ သူ့ရဲ့ ဆန္ဒမရှိဘဲ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဘူး ... ပြီးတော့ ဒါက ဝိညာဉ်သားရဲမြို့ပဲ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ အရာရှိလောင်းတွေက သူတို့ရဲ့ ဝိညာဉ်သားရဲတွေကို မြို့ထဲကို ခေါ်လာလေ့ရှိတယ် ... မြို့ထဲက အိမ်တော်တွေကလည်း မြင်တွေ့နေကျဆိုတော့ မကြောက်ကြဘူး”

ကျန်းယွင်ဟိုင်သည် သူ၏ ဖြူဖွေးသော မုတ်ဆိတ်ရှည်များကို သပ်ရင်း ရယ်မောလိုက်သည်။

"အရှင်ငယ်သာ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်နိုင်ရင် ပါရမီရှင်အဆင့်ကို မြန်မြန်ရောက်ပြီးတော့ ကိုယ်ပိုင်ဝိညာဉ်သားရဲကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်လိမ့်မယ် ... သခင်လေးက အင်အား ပိုကောင်းလေလေ ပိုပြီး အင်အားကြီးတဲ့ ဝိညာဉ်သားရဲကို လေ့ကျင့် ပေးနိုင်လေလေပဲ”

"အို ... ဟုတ်ပြီ”

ကျန်းရီသည် ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့သည်။ သူသည် အစက ဝိညာဉ်သားရဲ သင်တန်းကျောင်းကို အထင်မကြီးသော်လည်း ယခုမူ အတော်လေးကို ဝင်ခွင့်ရချင်နေပြီ ဖြစ်သည်။ သူသာ အင်အားကောင်းသော ဝိညာဉ်သားရဲတစ်ကောင် ရလာမည်ဆိုလျှင် သူ အဲဒါကိုစီး၍ အခြားမြို့များသို့ လှည့်လည် သွားလာနိုင်ပေမည်။ ကျန်းရီသည် သူ့အသက်အရွယ်တွင် အတော်လေး ရင့်ကျက်နေပြီ ဖြစ်သော်လည်း သူသည် အသက် ဆယ့်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သည်။

"ဝါး ... ဟိုမှာ ကျားနက်ကြီး”

"အမ် ... ဒီလူက ဝိညာဉ်သားရဲ သင်တန်းကျောင်းက ကျောင်းသား တစ်ယောက်ဆိုတာ အသေအချာပဲ ... သူက ပိတုန်းကောင်ကြီးကို စီးထားတယ် ... ဒီအကောင်က အရမ်းကို ရုပ်ဆိုးတာပဲ”

ကျန်းရီသည် ရထားလုံးပေါ်တွင် ထိုင်ကာ မြင်မြင်သမျှကို စူမ်း၍ ကလေးတစ်ယောက်ကဲ့သို့ အံတကြိတ်ကြိတ် ဖြစ်နေလေသည်။ ကောင်းကင်တောင်ပံမြို့မှ လူများသာ သူ၏ လက်ရှိ အပြုအမူများကို မြင်လျှင် ကျန်းရီသည် အနောက်ဘက်တောင်ကုန်းတွင် လူအများကြီးကို သတ်ခဲ့သော သွေးအေး ရက်စက်သူတစ်ယောက် မဖြစ်နိုင်ကြောင်း ယုံသွားကြလိမ့်မည်။

"အဘိုး ... ကျွန်တော် ရင်းနှီးနေတဲ့ သူတွေကို တွေ့လိုက်တယ် ... ဝိညာဉ်သားရဲ သင်တန်းကျောင်းက ဆရာသုံးယောက်ပဲ ... ဆရာမစုနဲ့ တခြားသူတွေ”

ကျန်းရီသည် ခန်းဆီးစကို မ၍ တည်းခိုခန်းကြီး တစ်ခု၏ ရှေ့တွင် ရပ်နေသော လူသုံးယောက်ကို ညွှန်ပြလိုက်သည်။ ကျန်းယွင်ဟိုင်သည် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်းက မကြာခင်မှာ စတော့မှာဆိုတော့ ... သူတို့ ရောက်လာမယ်လို့ ထင်သားပဲ”

"ဝှစ်”

ထိုခဏတွင် ကောင်းကင်ထက်မှ လေတိုးသံကို ကြားရလေသည်။ အသံသည် စူးရှ ကျယ်လောင်လွန်းသဖြင့် လူတိုင်း၏ အာရုံကို ဆွဲဆောင် သွားလေသည်။ ကျန်းရီသည်လည်း ခေါင်းမော့၍ ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားရသည်။

ကောင်းကင်ယံတွင် တောင်ပံပါသော အဖြူရောင် မြင်းကြီးနှစ်ကောင်သည် အဖိုးတန် ရထားလုံး တစ်စင်းကို ဆွဲလာလေသည်။ ရထားလုံးသည် ကြေးညိုဖြင့် ပြုလုပ်ထားသော်လည်း လေထဲတွင် ပေါ်လော ပေါ်နေသည်လား။ ၎င်းသည် အလွန်ထူးဆန်းပြီး စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ် ကဲ့သို့ပင် ကျန်းရီ တစ်ခါမှ မမြင်ဘူး ... မကြားဘူးပေ။

"အရှင်ငယ် ... ကျွန်တော်ပြောသလိုပဲ ... ကမ္ဘာကြီးက ဆန်းကြယ်တဲ့ အရာတွေနဲ့ ပြည့်နေတယ် ... ဒီရထားလုံးက ရှေးဟောင်းစစ်တပ်သုံး ရထားလုံးတစ်ခုပဲ ... အရမ်းကြီး မထူးခြားဘူး ... ရထားလုံးရဲ့ ဘေးပတ်လည်မှာ လေထဲမှာ ပေါ်စေနိုင်တဲ့ အလွှာတစ်ခု ဝန်းရံထားတယ် ... ဒါပေမဲ့ ဒီမြင်းဖြူကောင်ကြီး နှစ်ကောင်ကတော့ ထူးခြားတဲ့ သားရဲတွေ ဖြစ်တယ် ... .”

ကျန်းယွင်ဟိုင်သည် ကျန်းရီကို ရယ်မောရင်း ရှင်းပြနေခဲ့သည်။ သူသည် တဖြည်းဖြည်း နိမ့်ဆင်း လာနေသော စစ်တပ်သုံး ရထားလုံးကြီးကို ကြည့်နေခဲ့သည်။ သူသည် ရထားလုံးအတွင်းတွင် ထိုင်နေသော ချောမောသည့် အမျိုးသားလေးကို မြင်သောအခါ သူ့မျက်နှာသည် အေးစက်သွားခဲ့ပြီး ရေရွတ်လိုက်သည်။

"တကယ်ပဲ သူလား”

ကျန်းရီသည်လည်း လူငယ်ကို သေချာမြင်နေရသည်။ ထိုလူငယ်သည် ငွေရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယောက်ျားပီသသော ပုံပန်းသွင်ပြင် ရှိသည်။ သူ၏ အရှိန်အဝါသည် သာမန်ထက် ထူးကဲနေပြီး ကျန်းဟန်ရွှေလို သခင်လေးများထက် အဆများစွာ သာလွန်နေသည်။ သူသည် လေထု အလယ်မှ ခုန်ချလာခဲ့ပြီး ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာ သုံးယောက်ထံ တည့်တည့်မတ်မတ် ပျံသန်း သွားခဲ့သည်။ သူ့မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေသည့် ဆရာမစုကိုသာ ကြည့်နေခဲ့ပြီး ဖော်ရွေစွာ ပြုံးလိုက်သည်။

"လောရွှယ် ... မတွေ့တာကြာပြီ”

"ဒီ ... ဒီလူငယ်က"

ကျန်းရီသည် ရုတ်တရက် ခန်းဆီးစကို လွှတ်ချလိုက်ကာ မသက်မသာ ခံစားနေခဲ့ရသည်။ သူ့ကိုယ်ရှိ အမွေးများသည် ခြင်္သေ့တစ်ကောင် ရန်သူတွေ့လိုက်သလိုမျိုး ထောင်ထလာခဲ့သည်။ သူသည် ကျန်းယွင်ဟိုင်ကို လေးနက်စွာ ကြည့်လိုက်ပြီး မေးလိုက်သည် ...

"အဘိုး ... ဒီလူက ဘယ်သူလဲ ... ကျွန်တော် သူ့ကို မြင်လိုက်တဲ့အချိန်မှာ ဘာလို့ မသက်မသာ ခံစားလိုက်ရတာလဲ ... သူက ကျွန်တော့်ကို ကံတရားက သတ်မှတ်ပေးထားတဲ့ ရန်ဘက် တစ်ယောက်လိုပဲ”

"အာ”

ကျန်းယွင်ဟိုင်၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာပြီး အချိန် နည်းနည်းကြာမှ သက်ပြင်း ချလိုက်သည်။

"အရှင်ငယ် ... ဒီလူကို ရန်သွားစလို့ မရဘူး ... အနည်းဆုံးတော့ ဒီအချိန် အတောအတွင်းမှာ ရန်စလို့ မရဘူး ... ဘာလို့လဲဆိုတော့ သူက အနောက်ဘက်နယ်စပ် မြို့စား လော့ကဲအရှင်ရဲ့ တစ်ဦးတည်းသောသား ကျန်းရိလျှို ဖြစ်နေလို့ပဲ”

***

All Chapters