ပြန်တွေ့ကြပြီနော် တိုက်ဆိုင်လိုက်တာ
Vol. 10 Ch. 130
တိမ်တိုက် တောင်ထိပ်တွင် မက်မုံပန်းပွင့်များ ပွင့်လန်းလျက်ရှိပြီး လေပြည်ညင်းသည် ညှင်သာစွာ တိုက်ခတ်လျက်ရှိသည်။
နာရီအနည်းငယ် ကြာအောင် ရေးဆွဲပြီးနောက်တွင် လင်းကျွင်းကျွင်းမှာ ပျင်းရိနေပြီ ဖြစ်သည်။
သူမသည် မတ်တတ်ရပ်လိုက်ပြီး ဝတ်ရုံဖြူသည်လည်း သူမ၏ ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်လှပြီး ခန္ဓာကိုယ် ကောက်ကြောင်းများအား ပေါ်လွင်နေစေသည်။
ထိုအချိန်တွင် သူမ၏ အသံလွှင့် အဆောင်လက်ဖွဲ့မှာ နောက်တစ်ဖန် လင်းလက်လာပြန်သည်။
"အင်း ဘာကိစ္စလဲ”
သူမသည် အသံလွှင့် အဆောင်လက်ဖွဲ့အား အသက်သွင်းလိုက်ပြီး တည်ငြိမ်သည့် အမျိုးသားတစ်ဦး၏ အသံမှ ပြန်ဖြေလေသည်။ "စမ်းသပ်ခံတွေအားလုံး ပြန်ရောက်လာပါပြီ သခင်မ ထျန်းယွီ။ အဲဒီအပြင် သူတို့အားလုံးက အမွေအနှစ် ရရှိခဲ့ကြပါတယ်”
လင်းကျွင်းကျွင်းသည် ထိတ်လန့်သွားသဖြင့် ခေတ္တမျှ တိတ်ဆိတ် သွားလေသည်။ ထို့နောက်တွင် သူမ၏ မျက်နှာတွင် အံ့ဩကျေနပ်မှုများ ပေါ်လာသည်။
အဖွဲ့ဝင်များအားလုံး အမွေအနှစ် ရရှိခြင်း၏ အကျိုးဆက်အား သူမသိပေသည်။
"မြန်မြန်လေး ဒီကိုခေါ်လာခဲ့” လင်းကျွင်းကျွင်းသည် ပျော်ရွှင်လျက် ရှိသည်။
"ကျွန်တော်က အခု အကာအကွယ် ဝင်္ကပါရဲ့ အပြင်ဘက်မှာပါ သခင်မထျန်းယွီ”
လင်းကျွင်းကျွင်းသည် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် ဝင်္ကပါအား ဖွင့်ပေးလိုက်သည်။
သူမသည် ခေတ္တမျှ တုံ့ဆိုင်းနေမိသည်။ နေရာအပြင်အဆင်သည် အရေးကြီးသည့် ဧည့်သည်များအတွက် ခမ်းနားမှုမရှိဟု ထင်မိသည်။
ထို့ကြောင့် သူမ၏လက်အား ဝှေ့ယမ်းလိုက်သည့် အခါတွင် ဝတ်ရုံ၏ လက်ပွပွသည် လေထဲတွင် တလှပ်လှပ် လွင့်လျက်ရှိသည်။
ချက်ချင်းဆိုသလိုပင် မက်မုံပွင့်ချပ်များသည် လေထုအတွင်း ကခုန် နေကြတော့သည်။
တောင်ထပ်ပေါ်တွင် လွင့်မျောလျက်ရှိသည့် လှပသည့် တိမ်တိုက်နီများနှင့်ပင် တူနေသေးသည်။
သူမ အရှေ့ရှိ မြင်ကွင်းမှာ လွန်စွာလှပသည့်အတွက် ဧည့်သည်များအား ကြိုဆိုဖို့ရန် အလွန် သင့်တော်လှသည်ဟု ခံစားမိသည်။
မှန်သည်။ သူမသည် သူရဲကောင်းများထံမှ ကောင်းမွန်သည့် အမြင်ကိုသာ ရယူလိုခြင်း ဖြစ်သည်။
လင်းကျွင်းကျွင်းသည် အပြုံးတစ်ပွင့် ဆင်မြန်းကာဖြင့် သူမ၏ ဧည့်သည်များ ရောက်ရှိလာမည်ကို ပြင်ဆင်ကာဖြင့် စောင့်ကြိုနေလေသည်။
ကြီးမားလှသည့် နဂါးကြီးသည် တိမ်တိုက်များအကြား ဟိန်းအော်ကာဖြင့် တောင်ထိပ်သို့ ပျံသန်းလာသည်။
သူမသည် ခမ်းနားလှသည့် ဧည့်သည်များအား မြင်လိုက်ရသည်။
အလွန်အမင်း ရင်းနှီးသည့် မျက်နှာအားလည်း မြင်လိုက်ရသည်။ ထိုမျက်နှာသည် သူမ၏ အိပ်မက်ဆိုး ဖြစ်သည်။
လင်းကျွင်းကျွင်းမှာ ကြောင်အသွားလေပြီ။
သူမသည် မတ်တပ်ရပ်လျက် ရှိနေပြီး သူမ၏ တာဝန်အားလည်း မေ့လျော့သွားပြီ ဖြစ်သည်။ သူမ၏ နှလုံးသားလေးမှာ နတ်သားရဲ အကောင်၁၀၀၀၀၏ နင်းခြေခြင်း ခံရသလို နာကျင်လွန်းလှသည်။
ကြီးမားလှသည့် နဂါးကြီးသည် လူသားအသွင်သို့ ပြောင်းလဲ လိုက်ပြီးနောက် အန်လင်းတို့အား တောင်ထိပ်ပေါ်သို့ ဆင်းသက်စေလိုက်သည်။
လင်းကျွင်းကျွင်း၏ အနေအထားကို မြင်လိုက်ရသည့် အခါတွင် ကျင်းအန်လန်သည် အနည်းငယ် အံ့အားသင့်မိ သွားသော်လည်း စဉ်းစားမနေတော့ချေ။ ထိုအစား အန်လင်းအား သူမထံသို့ ခေါ်ဆောင်သွားပြီး နောက်တွင် "သခင်မ ထျန်းယွီ အန်လင်းက အပျက်အစီးပုံကနေ ပြန်လာတော့ ရုတ်တရက်ကြီး နေလို့မကောင်း ဖြစ်လာလို့လေ။ အဲဒါ သခင်မက သူ့ကို စမ်းသပ် ပေးနိုင်မလားလို့ပါ”
လင်းကျွင်းကျွင်းသည် အသိပြန်ဝင်လာပြီးနောက် တောက်ပသည့် မျက်ဝန်းလေးများဖြင့် သူမအား ကြိုးစားကာ ပြုံးပြလျက်ရှိသည့် အန်လင်းအား ကြည့်လာသည်။ အန်လင်း၏ အမူအရာကို နားလည်သည်ကြောင့် အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ကြည့်လိုက်ပြီးနောင် "အိုး အန်သခင်လေးက နေလို့မကောင်းဘူးလား။ သေချာပေါက်ကို ဝမ်းမြောက်စွာနဲ့ စမ်းသပ်ပေးမှာပေါ့ရှင်”
သူမသည် ထိုသို့ပြောရင်း လက်သွယ်သွယ်လေး များအား အန်လင်းထံသို့ ဆန့်တန်းလာသည်။
အန်လင်းသည် ချက်ချင်းဆိုသလိုပင် ကြောက်ရွံ့စွာဖြင့် "မလိုပါဘူးခင်ဗျာ။ မလိုတော့ပါဘူး။ ရုတ်တရက်ကြီး နေပြန်ကောင်းသွားပါပြီ။ နောက်ကျောကလည်း မနာတော့သလို ခြေထောက်တွေကလည်း အားပြန်ပြည့်သွားပါပြီဗျ”
အန်လင်းသည် သူ၏စကားအား သက်သေပြန်ရန် အတွက် လွန်ကဲစွာပင် ပြုမူလိုက်သေးသည်။
ကျင်းအန်လန်၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်လာပြီး "အန်လင်းရေ အဆင်ပြေတာ သေချာရဲ့လား”
"သေချာတာပေါ့။ မြင်းတစ်ကောင်လို သန်မာနေပြီ။ ဒီထက်ပိုပြီး ကောင်းစရာ မရှိတော့ပါဘူး”
အန်လင်းသည် သူ၏ ဟန်ရေးပြမှုတွင် ပို၍ပင် အားထည့်လိုက်သေးသည်။
"သူမနဲ့ အဖွဲ့ခေါင်းဆောင် အကြားမှာ တစ်ခုခု ရှိတယ်လို့ ခံစားမိနေတယ်” ကျုံးရုံရန်သည် ယပ်တောင်အား ဝှေ့ယမ်းကာဖြင့် မှတ်ချက်ပြုသည်။
မုန့်ထျန်းတို့သည်လည်း ကျုံးရုံရန်အား အလေးအနက် ထောက်ခံကြလေသည်။
သူတို့မှာ အရူးများ မဟုတ်ကြချေ။ အန်လင်း၏ အမူအရာနှင့် ကောင်းကင် နတ်မိမယ် ထျန်းယွီ၏ သတ်ဖြတ်လိုစိတ် ဆန္ဒများအရ အဖွဲ့ခေါင်းဆောင်သည် တွဲလောင်း ခုန်ချစဉ်တွင် ပြဿနာရှာခဲ့ပုံ ရသည်။
မုန့်ထျန်းသည် ရှောင်ချိုး၏ လက်မောင်းအား တင်းကျပ်စွာ ဆုပ်ကိုင် လိုက်ပြီးနောက် "အစ်ကိုကြီးချိုးရေ ကျွန်မတို့တွေ ဒီနေရာက ကန်ထုတ်ခံရရင် အစ်ကိုကြီးက ခေါ်သွားပေးပါနော်။ မဟုတ်ရင် ပြုတ်ကျလို့ သေရပါလိမ့်မယ်”
မှန်သည်။ အန်လင်း၏ ပြဿနာရှာနှုန်းအရ သူတို့သည် မကြာမီ ကန်ထုတ်ခံရနိုင်သည်။
အပျက်အစီးပုံမှ မောင်းထုတ်ခံရစဉ်တွင် သူတို့သည် မြက်ပင်များအကြား ကျခဲ့ရသည့်အတွက် ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
ကောင်းကင်နတ်မိမယ် ထျန်းယွီ၏ ကန်ထုတ်ခံရမည် ဆိုလျှင် …
သူတို့သည် ပေတစ်သိန်း အမြင့်မှ ပြုတ်ကျမည် ဖြစ်သည်။
ရှောင်ချိုး : “…”
လင်းကျွင်းကျွင်းသည် အန်လင်း၏ တုန်လှုပ်နေမှုကြောင့် ပျော်ရွှင်နေဟန် ရှိသည်။
"အန်သခင်လေးရေ ပြောပါဦး … ဒါကို ကံကြမ္မာလို့ ထင်လား”
လင်းကျွင်းကျွင်းသည် သူမ၏လက်အား နောက်ပစ်ကာဖြင့် နူးညံ့သိမ်မွေ့သည့် မျက်နှာလေးသည် ထီမထင်ဟန်ဖြင့် ရှိနေလေသည်။
အန်လင်းသည် အားတင်းကာ ပြုံးလိုက်ပြီးနောက် "ဟုတ်တာပေါ့။ အခုလိုမျိုး ပြန်တွေ့ရတာ တိုက်ဆိုင်ချက်ပဲဗျာ။ ကျွန်တော်တို့ကို ကံတရားအား တွေ့ဆုံစေချင်ပုံပဲ။ အတူတူထိုင်ပြီးတော့ လက်ဖက်ရည်ကြမ်းလေး သောက်ကြရင် မကောင်းဘူးလားဗျာ”
လင်းကျွင်းကျွင်းသည် မည်သည့်စကားမျှ မဆိုဘဲနှင့် အန်လင်းအား ပြုံးလျက် ကြည့်လိုက်သည်။
အန်လင်းသည် အရိုးများထဲမှနေ တုန်လှုပ်လာမိသည်။ လှုပ်ပင် မလှုပ်ရဲတာ့ချေ။
ဖာ့ခ် ယခင် လင်းကျွင်းကျွင်းဆိုလျှင် အဆင်ပြေသေးသည်။ သူမအား အနိုင်မတိုက်ခိုက်နိုင်လျှင် စကားနှင့် အနိုင်ယူနိုင်သေးသည်။
သို့သော် ယခု လင်းကျွင်းကျွင်းသည် ကောင်းကင်နတ်မိမယ် ထျန်းယွီဖြစ်ပြီး ကောင်းကင် အရှင်သခင်၏ အချစ်ဆုံး သမီးတော်ဖြစ်သည်။
သူမနှင့် စကားစစ် ထိုးရမည်တဲ့လား။ ကြောက်မက်ဖွယ် သေခြင်းတရားနှင့် တွေ့ဆုံဖို့ ပြင်ဆင်ထားသင့်သည်။
ယခုအချိန်တွင် သူ့အနေဖြင့် ယုန်ပေါက်လေးသာ ဖြစ်ချေတော့သည်။
ဟုတ်သည်။ ယုန်ပေါက်လေး ဖြစ်သည်။
"သခင်မ ထျန်းယွီနဲ့ အန်လင်းက အရင်က တွေ့ဖူးကြတာလား။ ဟဟ ပိုပြီးတော့ အဆင်ပြေသွားတာပေါ့ဗျာ” ကျင်းအန်လန်သည် ပျော်ရွှင်စွာဖြင့် ရယ်မောလေသည်။
"ဟုတ်တယ်။ တွေ့ဖူးကြတယ်လေ။ ကျွန်မတို့က ပန်းချီအကြောင်းတောင် ဆွေးနွေး ခဲ့ကြသေးတယ်”
အန်လင်းသည် ရှုံ့မဲ့လျက် ရှိနေပြီး စကားတစ်လုံးမျှပင် မဆိုနိုင်ပဲ ရှိနေသည်။
ပန်းချီအကြောင်း ဆွေးနွေးခဲ့တာလား။ အခြားတစ်ယောက်၏ အနုပညာ လက်ရာကို အရူးတစ်ယောက်လို စော်ကားပြီး စော်ကားခံရသူသည် စော်ကားသူအား အရူးလို နှိပ်စက်ခြင်း ဖြစ်သည်။
"ကောင်းတာပေါ့။ ကျွန်တော်တို့အားလုံးက သိပြီးသားဆိုတော့ ထိုင်ပြီး ဆွေးနွေးကြတာပေါ့” ကျင်းအန်လန်သည် သူ၏လက်အား ဝှေ့ယမ်းလိုက်ပြီး နောက်တွင် ထိုင်ခုံ ၁၀လုံးနှင့်အတူ အနုစိတ်လှသည့် စားပွဲတစ်လုံးပေါ်လာလေသည်။
လင်းကျွင်းကျွင်းသည် ပြုံးလျက်နှင့် ခေါင်းညိတ် လိုက်ပြီးနောက် "အမှန်ပဲ။ အရင်ထိုင်ကြတာပေါ့”
အန်လင်းသည် ကြက်သေသေလျက် ရှိနေသည်။
ဘာများဖြစ်ရတာလဲ။ သူမက ဘယ်တုန်းက အခုလိုမျိုး ချိုသာသွားတာလဲ။ သူ့ကို ရိုက်နှက်တော့မှာ မဟုတ်ဘူးလား။
ငါက ကျက်သရေရှိပြီး တင့်တယ်တဲ့ အမျိုးသမီးဟဲ့။ လူတွေရှေ့မှာ နင့်ကိုဘယ်လိုလုပ် ရိုက်နှက်ရမတုံး။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် မလုပ်နိုင်ပါဘူး။ လင်းကျွင်းကျွင်းသည် အန်လင်း၏ အမူအရာအား မြင်သည့်အခါတွင် ထိုကဲ့သို့ တွေးနေမိသည်။
ထို့အပြင် အနုပညာတာအို ကျင့်ကြံရာတွင် တည်ငြိမ်ပြီး ဒေါသထွက် မလွယ်ရန် လိုအပ်ပေသည်။ သေလုမြောပါး ဖြစ်သည့်အထိ ရိုက်နှက်လိုစိတ် ရှိသည့်တိုင်အောင် သူမအနေဖြင့် တည်ငြိမ်နူးညံ့သည့် အမျိုးသမီးလေးအသွင် ပြုမူရန် လိုအပ်ပေသည်။
သူမအနေဖြင့် အန်လင်းအား တိုက်ခိုက်လိုလျှင် မည်သူမျှ မရှိသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
အသီးသီး နေရာယူလိုက် ပြီးနောက်တွင် လင်းကျွင်းကျွင်း၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ "ကျွန်မရဲ့အကြောင်းကို အားလုံးပဲ သိပြီးကြမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် အပျက်အစီးပုံကနေ ရှင်တို့ ရရှိခဲ့တဲ့ အချက်အလက်တွေကို ပြောပြစေချင်ပါတယ်။ အချက်အလက်ရဲ့ တန်ဖိုးအပေါ် မူတည်ပြီး ဆုလာဘ်များ ပေးမှာဖြစ်ပါတယ်”
"ကောင်းပြီ။ ကျွန်မအရင်စမယ်” မုန့်ထျန်းမှ ပြောလာသည်။
သူမ၏ လက်ချောင်းသွယ်သွယ်ဖြင့် စားပွဲပေါ်တွင် ရှုပ်ထွေး ဆန်းကြယ်သည့် ပုံစံတစ်ခု ရေးဆွဲလိုက်သည်။
"အမွေအနှစ်ကို လက်ခံရရှိတဲ့ အချိန်တုန်းက ကျွန်မရဲ့စိတ်ထဲ ဒီဟာပေါ်လာတာပဲ” မုန့်ထျန်းသည် သူမရေးဆွဲလိုက်သည့် ပုံစံအား ညွှန်ပြလေသည်။
လင်းကျွင်းကျွင်း၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာဖြင့် ပုံစံအား ကြည့်လိုက်သည်။ သူမ၏ လက်ထဲတွင် ပန်းချီစုတ်တံတစ်ချောင်း ပေါ်လာပြီးနောက် စာရွက်တစ်ခုပေါ်သို့ ထိုပုံစံအား ကူးယူလိုက်သည်။
"ဒါက သွေးပေါင်းစပ်တဲ့အခါ အသုံးပြုတဲ့ပုံစံပဲ။ ကျင်းအန်လန်က ရတနာတိုက်ထဲမှာ ရှိတဲ့ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ပေးအပ်လိမ့်မယ်”
မုန့်ထျန်း၏ မျက်လုံးများသည် အရောင်လက်လာသည်။ သူမ၏ ခေါင်းထဲတွင်ရှိသည့် ရှုပ်ထွေးလှသော ပုံစံသည် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် ညီမျှကြောင်း မည်သူမျှ တွေးမိလိမ့်မည် မဟုတ်ချေ။ ထိုလက်နက်သည် စိတ်ဝိညာဉ်ကျောက်တောင်း သောင်းချီ၍ တန်လေသည်။
"ကျွန်တော်ပြောမယ်” ဆုလာဘ်အား မြင်သည့်အခါတွင် လောင်ကျိပင်၏ မျက်လုံးများသည် အရောင်လက်လာသည်။ ထို့နောက်တွင် ထူးဆန်းသည့် သင်္ကေတများအား ရေးဆွဲလိုက်သည်။
လင်းကျွင်းကျွင်းသည် ထိုသင်္ကေတများအား ကူးယူလိုက်ပြီးနောက် "ဒါက လူတစ်ယောက်ရဲ့ အသိစိတ်ကို ဖြတ်တောက်ပစ်နိုင်တဲ့ ကျိန်စာတစ်မျိုးပဲ။ ဆုလာဘ်အဖြစ် ဒုတိယအဆင့် စိတ်ဝိညာဉ်ဆေးလုံး ရရှိပါလိမ့်မယ်”
ဒုတိယအဆင့် စိတ်ဝိညာဉ်ဆေးလုံးသည် အခြေခံအဆင့် စိတ်ဝိညာဉ် လက်နက်နှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျသော်လည်း ကောင်းမွန်သည် ဆုလာဘ်တစ်မျိုး ဖြစ်နေဆဲပင် ဖြစ်သည့်အတွက် လောင်ကျိပင်သည် အလွန် ပျော်ရွှင်လျက်ရှိသည်။
ဤသို့ဖြင့် ကျုံးရုံရန်သည် ဒုတိယအဆင့် စိတ်ဝိညာဉ်ဆေးလုံး၊ စွန်းရှန့်လျန်သည် တတိယအဆင့် စိတ်ဝိညာဉ်ဆေးလုံးနှင့် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်၊ ရှောင်ချိုးသည် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်၊ ရှောင်းဟုန်သည် ဒုတိယအဆင့် စိတ်ဝိညာဉ် ဆေးလုံးနှင့် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် စသည်ဖြင့် အသီးသီး ရရှိကြလေသည်။
သူတို့အားလုံးတို့သည် ဆုလာဘ်များ ရရှိသည့်အတွက် ပျော်ရွှင်လျက် ရှိနေကြသည်။
အသုံးမဝင်ဟု ခံစားခဲ့ရသည့် အချက်အလက်များ အားလုံးတို့သည် ရတနာများအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။ ထို့ကြောင့် လွန်စွာ ပျော်ရွှင်မိကြခြင်း ဖြစ်လေသည်။
"အခုတော့ ရှင့်အလှည့်ပဲ အန်သခင်လေးရေ။ ရှင်က အဖွဲ့ခေါင်းဆောင်ဆိုတော့ ပိုပြီး အဖိုးတန်တဲ့ အချက်အလက်တွေ ရလာမှာပဲ မဟုတ်လား” လင်းကျွင်းကျွင်းသည် မျက်ခုံးများပင့်ကာဖြင့် ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ မြင့်တက်ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာစေသည်။
အန်လင်းသည် ခေါင်းကုတ်ကာဖြင့် အားနာစွာ ပြုံးလိုက်ပြီးနောက် "အမှန်ပဲ။ ဒါပေမဲ့လည်း ကျုပ်ရဲ့ အချက်အလက်တွေကြောင့် ခင်ဗျားတို့ မွဲပြာကျသွားမှာကို စိုးရိမ်မိတယ်”
လင်းကျွင်းကျွင်း၏ မျက်ခမ်းများသည် တဆတ်ဆတ် တုန်လာပြီး "အဲဒါက ဘာအဓိပ္ပာယ်လဲ”
***