ဧည့်သည်
Vol. 1 Ch. 63
“အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုလူသည် ဒဏ္ဍာရီထဲက နတ်ဘုရား တစ်ပါးလိုမျိုး ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခုဖြစ်သည်။ ကျန်းရီသည် သူ့ကို ငယ်စဉ်တည်းက လေးစားခဲ့ရပြီး သူရဲကောင်း တစ်ဦးသဖွယ် တွေးတောခဲ့သည်။ လော့ကဲအရှင်သည် လူငယ်များစွာတို့၏ စံပြဖြစ်ပြီး မိန်းကလေးများစွာ၏ စိတ်ကူးယဉ်ချစ်သူ ဖြစ်သည်။ ကမ္ဘာပေါ်တွင် သူပါဝင်နေသော ဒဏ္ဍာရီများစွာ ရှိသည်။
“အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ သားလား”
ကျန်းရီသည် မျက်မှောင်ကြုတ် လိုက်သည်။ သူက ဘာကြောင့် လော့ကဲအရှင်ရဲ့ သားကို မြင်တဲ့အချိန်မှာ မနှစ်မြို့တဲ့ ခံစားချက်ကို ရလိုက်တာလဲ ထိုခံစားချက်သည် အလွန်ကို ပြင်းထန်သည် ... ဒီတစ်ကြိမ်သည် သူကျန်းရိလျှိုကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
သူသည် ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး ခန်းဆီးစကို တစ်ဖန်မကာ ကျန်းရိလျှိုကို လှမ်းကြည့် လိုက်ပြန်သည်။
“ဆရာဖူနဲ့ ဆရာလျှိုကို နှုတ်ဆက်ပါတယ်”
သူသည် မြေပြင်ပေါ်သို့ ကျလာပြီး တည်းခိုခန်းရှေ့တွင် အကျအန ဆင်းသက်လိုက်သည်။ သူသည် ဆရာဖူနှင့် ငယ်ရွယ်သော ဆရာတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ဆရာမစုကို ပြုံးကြည့်လိုက်သည်။
“ဆရာတို့ သုံးယောက် ခရီးပန်းလာခဲ့တယ် ... လာပါ ... ကျွန်တော် စားကောင်း သောက်ဖွယ်တွေနဲ့ ဧည့်ခံပါရစေ ...”
“အရှင့်သားက ယဉ်ကျေးလွန်း နေပါပြီ”
အကြီးအကဲဖူသည် သူ၏ ရှည်လျားသော မုတ်ဆိတ်ဖြူများကို သပ်ရင်း ခေါင်းညိတ်လိုက်သည်။ သူသည် ကျန်းရိလျှို၏ သိမ်မွေ့ ယဉ်ကျေးသော အပြုအမူများကို ကျေနပ်နေခဲ့သည်။ သူသည် လော့ကဲအရှင်၏ ဆက်ခံသူ ဖြစ်ရုံသာမက ပါရမီရှင်ကျောင်းသား တစ်ယောက်လည်း ဖြစ်သောကြောင့် သူတို့လို သာမန်ဆရာများကို လျစ်လျူရှု ထားနိုင်ပေသည်။ သို့သော် သူတို့သည် ဆရာမစု၏ အရှိန်အဝါကြောင့် ဖြစ်ကြောင်းသိကြသည်။
ကျန်းရီသည် ကြည့်လိုက်ရုံမျှနှင့် ဘာဖြစ်နေသည်ကို ပြောနိုင်ပေသည်။ ကျန်းရိလျှိုသည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ သားဖြစ်သော်လည်း ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ တပည့်တစ်ယောက်သာ ဖြစ်သည်။ သူက ဆရာမတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ပိုးပန်းရဲသည်လား …
ဆရာမစုသည် နိုင်ငံများကို စစ်မက်ဖြစ်ပွားကာ ပျက်စီးစေနိုင် လောက်သည်အထိ လှပကြောင်းကို ကျန်းရီ ဝန်ခံရပေမည်။ အထူးသဖြင့် သူမ၏ ရေခဲနှယ် အေးစက်စက် အရှိန်အဝါသည် လူတိုင်းကို အဝေးမှပင် ဖမ်းစားနိုင်စွမ်း ရှိလေသည်။ သို့သော် သူမသည် ဆရာမတစ်ယောက်သာ ဖြစ်နေရာ ကျောင်းသား တစ်ယောက်က ဆရာမကို မည်သို့ပိုးပန်း နိုင်ရသနည်း ... ပြီးတော့ လူရှေ့တွင် ရဲရဲဝံ့ဝံ့ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
“အရှင့်သားက ယဉ်ကျေးလွန်း နေပါပြီ”
ဆရာမစုသည် မျက်နှာတစ်ချက်မှ ပျက်မသွားဘဲ အကြီးအကဲဖူ ပြောသည့်အတိုင်း ပြောလိုက်သည်။ သို့သော် အဓိပ္ပာယ်သည် သိသိသာသာ ကွဲပြားပေသည်။ သူမသည် စကားတစ်ခွန်းကို ပြောရင်း တည်းခိုခန်းထဲသို့ လှည့်ဝင်သွားခဲ့သည်။
“ကျွန်မအတော်လေး ပင်ပန်းလာလို့ ... အနားသွားယူ လိုက်ပါဦးမယ် ... ကိုယ့်ဟာကိုယ်ပဲ စားနှင့်ကြပါ”
အကြီးအကဲဖူနှင့် အခြား ဆရာသည် ဆွံ့အသွားသော်လည်း ကျန်းရိလျှိုသည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ဟုတ်သားပဲ ... လောရွှယ် နားပါစေလေ ... လာကြပါ ... ဆရာတို့ ကျွန်တော် ဧည့်ခံပါ့မယ်”
“ဒီတစ်ယောက်က တော်တော် ဉာဏ်ကောင်းတာပဲ”
ကျန်းရီသည် ကျန်းရိလျှိုကို သေသေချာချာ ကြည့်နေခဲ့သည်။ သူသည် ကျန်းရိလျှို၏ မျက်နှာထက်တွင် မကျေနပ်သည့် အမူအရာကို မတွေ့ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဆရာမစုသည် လူအများ၏ ရှေ့တွင် လေးစားမှုဖြင့်တောင် အသိအမှတ်ပြု မသွားခဲ့ပေ။ သူက နည်းနည်းလေးတောင် စိတ်ဆိုး မသွားဘူးလား ... သူသဘော ကောင်းလွန်းတာ မဟုတ်ရင်တော့ သူ့ဉာဏ်ပညာက တကယ့်ကို ကြောက်ဖို့ ကောင်းတာပဲ …
ဟား ... ဟား ... ဟား …
သူ၏ ရထားလုံးသည် တည်းခိုခန်းရှေ့မှ ဖြတ်သွားသောအခါ ကျန်းရီသည် ဒုတိယထပ်သို့ သွားနေသော ဆရာမစုကို တွေ့လိုက်ရသည်။ သူ့စိတ်သည် အတော်လေးကို ကျေနပ်နေခဲ့သည်။ ကျန်းရိလျှို ထိုကဲ့သို့ ဆက်ဆံခံရမှုက သူ့ကို ကျေနပ်စေသည်။
အမ် ... ဘာတွေ ဖြစ်နေတာလဲ ... ငါက ကျန်းရိလျှိုကို မသိခင်တည်းက ဘာလို့ ဒီလိုမျိုးတွေ တွေးနေရတာလဲ ... ငါကဘာလို့ သူ့ကို အပြစ်ရှာဖို့ ကြိုးစားနေရတာလဲ ... မဟုတ်ဘူး ... ငါဒီလို ဖြစ်နေလို့ မဖြစ်ဘူး ... သူက တော်ဝင် မင်းသားလေးပဲ ... သူ့ကို ဆန့်ကျင်နေရင် အကျိုးဆက်က ဆိုးဝါးမှာပဲ။
ကျန်းရီသည် ရုတ်တရက် ချောက်ချားသွားကာ ခန်းဆီးစကို အမြန် ပိတ်ချလိုက်ပြီး ဆက်မကြည့်တော့ပေ။ သူသည် ရှောင်နူထံ လှည့်ကြည့်လိုက်ပြီး ထိုတစ်ယောက်နှင့် ဝေးဝေးနေရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဤနေရာကို ရှောင်နူအား ကယ်နိုင်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
တစ်နာရီမျှ ကြာပြီးနောက် ရထားလုံးသည် မြို့မြောက်ဘက်ခြမ်းရှိ ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက် ရပ်တန့်သွားခဲ့သည်။ ကျန်းယွင်ဟိုင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး မတ်တတ်ရပ်ကာ ကျန်းရီကို ပြောလိုက်သည်။
“ရှောင်နူကို ရထားလုံးပေါ်ကနေ ရွှေ့ကြမယ် ... အိမ်ကိုရောက်ပြီ”
“အမ်”
သူသည် ရှောင်နူကို သယ်ကာ ကျန်းယွင်ဟိုင်နောက် လိုက်၍ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် သူသည် ဘေးဘက်တွင် စီတန်း၍ ရပ်နေကြသူများကို မြင်လိုက်သည်။ ထိုသူများသည် သူတို့နှစ်ယောက် ရထားလုံးပေါ်မှ ဆင်းလာသည်ကို မြင်လျှင် ချက်ချင်းဒူးထောက် ချလိုက်သည်။
“သခင်နဲ့ သခင်လေးကို ကြိုဆိုပါတယ်”
ကျန်းရီသည် ဤကဲ့သို့ နွေးနွေးထွေးထွေး ကြိုဆိုမှုကို ပထမဆုံး ခံစားဖူးခြင်း ဖြစ်သည်။ ကျန်းယွင်ဟိုင်သည် လုပ်နေကျအတိုင်း လက်ယမ်း ပြလိုက်သည်။ သူသည် အိမ်တော်ထိန်း ဖြစ်ဟန်တူသော လူအိုကြီးကို ပြောလိုက်သည်။
“အဘိုးကြီးဟဲ ... မိန်းကလေးကို သူမရဲ့အခန်းထဲ ခေါ်သွားဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက် ... သခင်လေးကိုတော့ ရေချိုးခန်းဆီ ပို့ပေးပြီး အဝတ်အစားလဲဖို့ စီစဉ်ပေးလိုက် ... နေ့လယ်စာ ပြင်ထားပေး”
ကျန်းယွင်ဟိုင်သည် ကျန်းရီစိတ်ရှုပ်ထွေး သွားသည်ကို မြင်လျှင် ရယ်မောလိုက်သည်။
“အရှင်ငယ် ... ကျွန်တော် သိုင်းခန်းမကို ကြိုပြီး ဒီအိမ်တော် ဝယ်ခိုင်းထားတာ ... အခုကစပြီး ဒါက ကျွန်တော်တို့ အိမ်ပဲ ... ကျွန်တော်တို့ ကောင်းကင် တောင်ပံမြို့ကို ဘယ်တော့မှ ပြန်မသွားတော့ဘူး”
ကျန်းရီသည် ပြုံးလိုက်ပြီး ကျန်းရှောင်နူကို အမျိုးသမီး အစေခံအိုကြီးထံ လက်လွှဲပေးလိုက်သည်။ သူ့ကို အဘိုးကြီးဟဲသည် ခြံနောက်ဘက်သို့ ခေါ်ဆောင်သွားလေသည်။ ကျန်းရီသည် လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်ကို စူးစမ်းနေရာ အိမ်တော်သည် အတော်ကြီးမားပြီး လှပကြောင်း သိလိုက်ရသည်။ အိမ်တော်ဝင်းထဲတွင် ရေပြင်အထက် ပေါ်နေသော အဆောင်ငယ်လေးများ၊ လှပသော ကျောက်တုံး ကျောက်ဆောင်များ၊ သစ်ပင်များနှင့် အနီရောင် ပန်းပွင့်များလည်း ရှိနေသည်။ ခြံ၏ အလယ်လောက်တွင် ရေကန်ငယ်လေး တစ်ခုလည်း ရှိသည်။ ကျန်းယွင်ဟိုင် ဤအိမ်တော်ကို ဝယ်ရန် ခရမ်းရောင်ရွှေ မည်မျှ သုံးလိုက်သည်ကိုပင် သူမတွေးနိုင်ပေ။
“သခင်လေး ... ဒါက သခင်လေး နေရမယ့် အဆောင်ပါ ... ပြီးရင် ကျွန်တော် အစေခံ မိန်းကလေးတစ်ယောက် လွှတ်လိုက်ပါ့မယ် ... ရေအရင် ချိုးလိုက်ပါ”
အဘိုးအိုသည် တုန်ချည့်နေသော်လည်း ဖော်ရွေစွာ ပြုံးပြနေခဲ့သည်။ သူသည် ကျန်းရီကို နှစ်ထပ်ဆောင်ငယ် တစ်ခုထံသို့ ခေါ်လာခဲ့သည်။ တစ်ထပ်သည်ပင် အလွန် ကျယ်ဝန်းပြီး အခန်းလေး၊ ငါးခန်းလောက် ပါဝင်သည်။
“မလိုပါဘူး”
ကျန်းရီသည် အစေခံများ ပြုစုမည်ကို အသားမကျသည့်အပြင် မကြာခင်လည်း သူသည် ဝိညာဉ် သားရဲတောင် သွေးရှင်းတမ်းပွဲကို ဝင်ရောက် ရပေတော့မည်။ ထို့ကြောင့် သူတို့၏ စကားကို ငြင်းဆန်လိုက်သည်။
ရေချိုးပြီးနောက် ကျန်းရီသည် အစိမ်းရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ တစ်ချက် ကြည့်ရုံမျှနှင့် သူသည် တောက်ပြောင် သားနားနေပေသည်။ လူတစ်ယောက်၏ ပုံပန်း သွင်ပြင်သည် အဝတ်အစား အပေါ် မူတည်သည် ဆိုသည်မှာ မှန်ပေသည်။
ကျန်းရီသည် ကျန်းယွင်ဟိုင်နှင့် အတူ နေ့လယ်စာ စားလိုက်ပြီး ထွက်လာကာ တံခါးပိတ် လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။ ဤမြို့သို့ လာခဲ့သော နှစ်ပတ်လုံးလုံးတွင် ရထားလုံးသည် လှုပ်ရှား နေသောကြောင့် သူသည် ကောင်းကောင်း မကျင့်ကြံခဲ့ရပေ။ သူသည် ယခုတိုင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်ကို မရောက်သေးပေ။ ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်းသည် ငါးရက်အတွင်း စတင်တော့မည်ဟု ကျန်းယွင်ဟိုင် ပြောခဲ့သည်။ ဤရက်များတွင် သူကြိုးစား လေ့ကျင့်ရန် လိုပေသည်။
မထင်မှတ်ထားစွာ အဘိုးအိုဟဲသည် အကြောင်းကြား လာခဲ့သည်။
“သခင်လေး ... မိန်းကလေး တစ်ယောက်က တွေ့ဆုံဖို့ လာပါတယ် ... သူမက သူမနာမည် 'ကျီထင်ယွီ'လို့ ပြောပါတယ်”
“ဟမ်”
ကျန်းရီနှင့် ကျန်းယွင်ဟိုင်တို့သည် ဆွံ့အစွာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းယွင်ဟိုင်သည် ကျီထျန်းကိုပင် ဝိညာဉ်သားရဲမြို့သို့ လာမည့်အကြောင်း မပြောခဲ့ပေ။ ကျီဂိုဏ်း၏ ရထားလုံး မောင်းသူသည်လည်း သတငကို ပြောရဲသည့် သတ္တိမရှိလောက်ပေ။ သူတို့က အခုက ဝိညာဉ်သားရဲမြို့ကို ရောက်ရုံပဲ ရှိသေးတာ ... ကျီထင်ယွီက ဘယ်လို သိသွားတာလဲ …
ကျန်းရီသည် ကျီထင်ယွီ ဝိညာဉ်သားရဲမြို့သို့ ရောက်နေသည်ကို မအံ့သြခဲ့ပေ။ လွန်ခဲ့သည့် တစ်လတည်းက ကျီထင်ယွီနှင့် ကျန်းဟန်ရွှေသည် တရားဝင် ကျောင်းသားများ ဖြစ်လာရန် သွေးရှင်တမ်းကို ဆင်နွှဲဖို့ ထွက်ခွာလာခဲ့ကြသည် ဖြစ်သည်။
ကျန်းယွင်ဟိုင်သည် လက်ဝှေ့ယမ်း၍ လက်ဟန် ပြလိုက်သည်။
“သူမကို ပေးဝင်လိုက်”
အဘိုးအိုဟဲသည် ထွက်သွားလျှင် ကျန်းရီသည်လည်း ထထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ကျန်းယွင်ဟိုင်သည် ကျန်းရီကို နေခဲ့ရန် လက်ဟန်ပြလိုက်သည်။
“ဒီမိန်းကလေးက သခင်လေးကို လာရှာတာ အသိသာကြီးကို ... ကျွန်တော် သူမကို မတွေ့တော့ဘူး ... သခင်လေးတို့ စကားကောင်းကောင်း ပြောကြပါ ... ကျီဂိုဏ်းက ဒီမိန်းကလေးက မဆိုးပါဘူး ... ဒါပေမဲ့ သူမက မာနကြီးလွန်းတာ စိတ်မကောင်းစရာပဲ”
ကျန်းရီသည် ဧည့်ခန်းမထဲတွင် စောင့်နေလိုက်သည်။ မကြာမီပင် အဘိုးအိုဟဲသည် မိန်းကလေး တစ်ယောက်ကို ခေါ်လာခဲ့သည်။ သူမသည် အဝါရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမတွင် မည်သူမှ တည့်တည့်စိုက်မကြည့် ရဲလောက်အောင် လှပသော မျက်နှာလေး တစ်ခု ရှိပေသည်။
ကျီထင်ယွီသည် ဘယ်ကိုမှ မကြည့်ဘဲ တည့်တည့်သာ လျှောက်လာခဲ့သည်။ ကျန်းယွင်ဟိုင် သူမကို တွေ့လိမ့်မည် မဟုတ်ကြောင်းလည်း မှန်းဆထားသည့် ပုံပင်။ သူမသည် ကျန်းရီကို ကြည့်ပြီး ပြုံးပြလိုက်သည်။
“ထင်ယွီက ရှင့်ကို သခင်လေးရီလို့ ခေါ်ရမလား ... သခင်လေး ကျန်းလို့လား ... ဒါမှမဟုတ် ကျန်းရီလို့လား”
“ကျန်းရီလို့ပဲ ခေါ်ပါ”
ကျန်းရီသည် အရှက်ပြေ နှာခေါင်းပွတ်လိုက်ပြီး သိချင်စိတ်နှင့် မေးမြန်းလိုက်သည်။
“မိန်းကလေးကျီက ကျွန်တော်ဒီမှာ ရှိမယ်မှန်း ဘယ်လိုသိတာလဲ”
“ကျွန်မက ဒီအတိုင်း ခန့်မှန်းလိုက်တာပါ”
ကျီထင်ယွီသည် ပြုံးကာ ရှင်းပြလာခဲ့သည်။
“ကျွန်မအဖေက ပြောတာ ရှင့်ရဲ့ အစေခံ မိန်းကလေးက အဆိပ်မိ ထားတယ်တဲ့ ... စစ်ဆေး ကြည့်လိုက်တော့ ရှင်က ဝိညာဉ်သားရဲ သင်တန်းကျောင်းက ကောင်းကင်အဆင့် ကုသသူကို လာရှာရမယ် ... ရှင်က ရှင့်ရဲ့ အစေခံမိန်းကလေးကို ကောင်းကောင်း ဆက်ဆံတာကို ကြည့်ရရင် ရှင် သူမပြန်ကောင်းလာဖို့ အတွက်ဆို ဘာမဆို လုပ်မှာပဲလေ ... ဒါကြောင့် ရှင်ဒီကို ရောက်လာတာပေါ့ ... ပြီးတော့ ကျွန်မ မြောက်ဘက် ဂိတ်တံခါးက တစ်ယောက်ကို ကျွန်မတို့ဂိုဏ်းရဲ့ ရထားလုံးကို တွေ့ရင် အကြောင်းကြားဖို့ ပြောထားတယ် ... ဒါကြောင့် ရှင်ရောက်ပြီမှန်း သိတာပဲ”
တော်လိုက်တာ …
ကျန်းရီသည် စိတ်ထဲမှ လက်မထောင်မိသည်။ ဒီမိန်းကလေးက လှပရုံတင် မကဘူး ... ဉာဏ်ပညာ ကလည်း အရမ်းထက်မြက်တယ် ... သူမက အမြဲတမ်း ဝင့်ကြွားနေနိုင်တာ မဆန်းပါဘူး ... သူမလို လူမျိုးနဲ့ ဘယ်ယောက်ျားမျိုးက ထိုက်တန်မှာလဲ …
ကျန်းရီသည် တိတ်ဆိတ် သွားခဲ့ပြီး ခေါင်းမော့ကာ ကျီထင်ယွီကို ကြည့်လိုက်သည်။
“မိန်းကလေးကျီ ... ကျွန်တော့်ကို လာရှာတယ်ဆိုတော့ ကျွန်တော် ကူညီနိုင်တာ တစ်ခုခုများ ရှိလို့လား”
“ရှင် ... လောကဝတ္တရားကို ရှင်မသိဘူးလား ... ကျွန်မက ရှင့်အိမ်ကို အလည်လာတယ် ... ရှင်က ကျွန်မကို လက်ဖက်ရည်နဲ့တောင် ဧည့်မခံဘူးလား”
ကျီထင်ယွီသည် သက်ပြင်း အသာအယာ ချလိုက်ပြီးနောက် ကျန်းရီသည် ထိတ်ထိတ်ပျာပျာနှင့် လက်ဖက်ရည်ဖြင့် ဧည့်ခံရန် လုပ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် မနေနိုင်တော့ပဲ ရယ်မောလိုက်ပြီး ကျန်းရီကို ဆက်မလုပ်ရန် လက်ဟန်ပြလိုက်သည်။
“ရပါပြီ ... ကျွန်မက ရှင့်ကို နောက်လိုက်တာ ... ကျွန်မ ဒီကိုလာတာက ရှင့်ကို ဒီနှစ်ရဲ့ သွေးရှင်းတမ်း အကြောင်း ပြောမလို့ပဲ ... ဒီနှစ်မှာ ပြိုင်ပွဲဝင်တွေက သိုဝှက်ထားတဲ့ စွမ်းရည်တွေ ရှိကြပြီးတော့ အများစုကလည်း ထူးခြားတဲ့ အဆင့်အတန်းတွေ ရှိကြတယ် ... ရှင်က ထိပ်ဆုံး ဆယ်နေရာကို ရဖို့ မကြိုးစားတာ ပိုကောင်းလိမ့်မယ် မဟုတ်ရင် ရှင်ကလူတွေ အများကြီးကို ဆန့်ကျင်သလို ဖြစ်သွားလိမ့်မယ် ... ဒါဆို ရှင်သင်တန်းကျောင်းကို ရောက်တဲ့အချိန်မှာ အကျိုးဆက်တွေကို ကြုံတွေ့ရလိမ့်မယ် ...”
***