← Chapters

ကံဆိုးတဲ့ ကြယ်ပွင့်လေးက ဒီမှာ

Vol. 1 Ch. 64

ကံဆိုးတဲ့ ကြယ်ပွင့်လေးက ဒီမှာ

Vol. 1 Ch. 64

ကျန်းရီသည် လာရောက်၍ ကူညီချင်သော အစေခံ မိန်းကလေးကို တားလိုက်ပြီး ကျီထင်ယွီအတွက် ကိုယ်တိုင် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူသည် သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ထိပ်ဆုံး ဆယ်နေရာကို ရောက်အောင် မလုပ်ရဘူး ... ဒါက ဘယ်လို အဓိပ္ပာယ်လဲ ... အမ် ... ကျွန်တော် မိန်းကလေးကျီကို နောက်ပြောင်မိ သွားတယ်ထင်တယ် ... တကယ်တော့ ... ဒီသွေးရှင်းတမ်းကို ကျွန်တော်သေချာ နားမလည်သေးဘူး”

ကျီထင်ယွီ လာရောက်ရခြင်း ရည်ရွယ်ချက်က ကျန်းရီကို အကြံပေး၍ ရင်းနှီးမှုတစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ကျန်းရီတွင် လျှို့ဝှက်ချက် များစွာရှိ၍ ထူးခြားသည်။ သူကဲ့သို့ မိတ်ဆွေတစ်ယောက် ရခြင်းသည် ကျီဂိုဏ်းအတွက် အကျိုးရှိပေသည်။

ကျန်းရီသည် သူမကို ဖြူစင်စွာ မေးမြန်း လာသည့်အခါ သူမသည် မတ်တတ်ရပ်၍ ထွက်မသွားနိုင်တော့ပေ။ သူမသည် စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

“ဒီဝိညာဉ်သားရဲ သင်တန်းကျောင်းက နယ်မြေကြီး ခြောက်ခုကနေ ကျောင်းသားလောင်း ၃၀၀လောက်ကို စုစည်းလေ့ရှိတယ် ... လူသစ်လက်ခံပွဲ ကျင်းပတဲ့နေရာက ကျပန်း ဖြစ်ပေမဲ့လို့ လူသစ်လက်ခံပွဲ အများစုက ရှန်ဝူနိုင်ငံတော်နဲ့ ရှားနိုင်ငံတော်မှာ ကျင်းပလေ့ရှိတယ် ...”

“ဒါပေမဲ့ လက်ခံမယ့် အရေအတွက်က အရမ်း နည်းလွန်းတယ် ... ဒါကြောင့် နှစ်စဉ် လူသစ်လက်ခံပွဲ ပြီးရင် သွေးရှင်းတမ်းကို ကျင်းပပေးတာပဲ ... သွေးရှင်းတမ်းက ဘယ်နေရာက သိုင်းပညာရှင်မဆို အသက် ဆယ့်ရှစ်နှစ်အောက်နဲ့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ကနေ စပြီး စာရင်း ပေးနိုင်တယ် ... ဒါပေမဲ့ လက်ခံမယ့် ကျောင်းသား လောင်းတွေက အယောက် ငါးဆယ်ပဲ”

ကျန်းရီသည် ခေါင်းညိတ် လိုက်သည် ...

“ဒါဆိုရင် သွေးရှင်းတမ်းမှာ ပါမယ့် ပျမ်းမျှ ပြိုင်ပွဲဝင် အရေအတွက်က ဘယ်လောက်လဲ”

ကျီထင်ယွီသည် ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ဒါက ပြောရခက်တယ် ... တစ်ခါတလေမှာ တစ်ထောင် ကျော်ပြီးတော့ ... တစ်ခါတလေတော့ ရာဂဏန်းပဲ ရှိတယ် ... ဒီနှစ်က အရမ်းလည်း မများသလို နည်းလည်း မနည်းဘူး ... ၇၀၀ ဒါမှမဟုတ် ၈၀၀ ဝန်းကျင်လောက် ရှိလိမ့်မယ် ...”

“အများကြီးလား ... ဒီသွေးရှင်းတမ်းက ခက်ခဲမှာပဲ”

ကျန်းရီသည် ဆွံ့အသွားရသည်။ လူအယောက် ၈၀၀ခန့်က နေရာ ငါးဆယ်အတွက် ယှဉ်ပြိုင်ရမယ် ... သူ့အင်အားနှင့် ဆိုလျှင် သွေးရှင်းတမ်းကို လွယ်လွယ် ကျော်ဖြတ်နိုင်မည်ဟု သူအစက ထင်ခဲ့သည်။ သူအလေးအနက် ကြိုးစားရတော့မည် ထင်သည်။

“အမှန်ပဲ”

ကျီထင်ယွီသည် ဆက်ပြော လာခဲ့သည်။

“ကျွန်မက ဒီကို ရှင့်ထက် ဆယ့်နှစ်ရက်လောက် စောရောက်တာဆိုတော့ ရှင်တို့က ကျွန်မတို့ ပြိုင်ရမှာထက် ပိုပြီး ပြင်းထန်တယ်လို့ ကြားခဲ့တယ် ... ကျွန်မတို့ထက် အဆများစွာ ပိုခက်ခဲတယ် ... ရှင်တို့ ပြိုင်ရမယ့် အုပ်စုမှာဆို ခရမ်းရောင် နန်းတော်ရှင်အဆင့်ကိုတောင် ရောက်နေတဲ့ ပါရမီရှင် သုံးယောက်ပါတယ် ... တခြားသခင်လေး၊ မမလေးတွေ ဆယ်ယောက်ကျော် ကလည်း တော်တော်လေး အဆင့်အတန်း မြင့်ကြတယ် ... တချို့ဆိုရင် သင်တန်းကျောင်းက တရားဝင် ကျောင်းသားတွေရဲ့ ဂိုဏ်းသားတွေတောင် ဖြစ်တယ် ... ဒါကြောင့် ကျွန်မရှင့်ကို ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်အောင် မလုပ်သင့်ဘူး၊ အယောက် ငါးဆယ်ထဲ ပါအောင်ပဲ လုပ်သင့်တယ်လို့ ပြောတာ”

ကျန်းရီသည် စိတ်ရှုပ်သွားကာ မေးလိုက်သည်။

“ထိပ်ဆုံး ဆယ်နေရာက ဘာလို့လဲ ... အကျိုးအမြတ် ရှိလို့လား”

“အာ ...”

ကျီထင်ယွီသည် ကျန်းရီကြောင့် လုံးဝ ဆွံ့အသွားရလေသည်။ သူက ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ချင်နေမှ ဘာလို့ အချက်အလက်တွေ ကြိုမစုဆောင်းတာလဲ ... သူ့ကိုယ်သူပဲ ယုံကြည်မှု ရှိလွန်းနေတာလား ... ဒါမှမဟုတ် ... အစတည်းကပဲ တုံးလွန်း နေတာလား …

သူမသည် သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ရှည်စွာ ထပ်မံရှင်းပြရ ပြန်သည်။

“အကျိုးအမြတ်တွေတော့ ရှိတာပေါ့ ... ဘာလို့ လူငယ်တွေ အများကြီးက ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ခွင့် ရချင်နေတာလည်း တွေးကြည့် ... သင်တန်းကျောင်းမှာ ထက်မြက်တဲ့ ဆရာတွေ အများကြီး ရှိရုံတင်မကဘူး ... သားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့် ပေးနိုင်မယ့် လျှို့ဝှက်ပညာလည်း ရှိတယ် ... ပြီးတော့ တခြား အခွင့်အရေးတွေလည်း အများကြီး ရှိတယ် ... ဥပမာဆို သိုင်းခန်းမထက် ဝိညာဉ်စွမ်းအားတွေ နှစ်ဆများတဲ့ လေ့ကျင့်ခန်းတွေ၊ ကျင့်စဉ်တွေ သောင်းနဲ့ချီပြီး ရှိတဲ့ စာအုပ်တိုက်၊ ကျောင်းသားတွေ ထူးခြားတာ တစ်ခုခုကို အာရုံခံစား ရစေမယ့် အထိမ်းအမှတ် ကျောက်တိုင် ... ပြီးတော့ ဆေးလုံး အမျိုးအစားအစုံ ...”

“ဒါတွေအကုန်လုံးကို သုံးနိုင်ဖို့ဆို ရှင်က ခရမ်းရောင်ရွှေ အမြောက်အမြား ပေးရမယ် ဒါမှမဟုတ် ရှင့်ရဲ့ အမှတ်တွေနဲ့ လဲလှယ်လို့ ရတယ် ... သွေးရှင်းတမ်းက အမှတ်တွေရဖို့ အကောင်းဆုံးနေရာပဲ ... ရှင်တို့ အုပ်စုမှာဆိုရင် ပထမနေရာကိုရရင် အမှတ်၁၀၀၀ ရလိမ့်မယ် ... အဲဒါနဲ့ ရှင်က မြေကမ္ဘာအဆင့် အဆင့်မြင့် ကျင့်စဉ်တစ်ခုကို လဲလှယ်လို့ ရတယ်”

“ဒါကြောင့်ကိုး ... ကျွန်တော် နားလည်ပါပြီ ... မိန်းကလေးကျီ ... မင်းရဲ့ အကြံဉာဏ် အတွက် ကျေးဇူးတင်ပါတယ် ... ”

ကျန်းရီသည် သဘောပေါက်သွားပြီး အချက်အလက် အားလုံးကို စိတ်ထဲမှ မှတ်ထားလိုက်လေသည်။ သူသည် ကျီထင်ယွီကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။

“ကောင်းပြီ ... ကျွန်မ ပြန်တော့မယ်”

ကျီထင်ယွီသည် သူမလာရင်းကိစ္စ ပြီးပြီဖြစ်သည်။ သူမသည် လမ်းလျှောက် သွားခဲ့ပြီး တံခါးဝသို့ ရောက်သော် နောက်လှည့်ပြီး ပြုံးပြလာခဲ့သည်။

“ကျန်းရီ ... အကောင်းဆုံးလုပ်ပါ ... ထင်ယွီက ရှင့်ကို သင်တန်းကျောင်းမှာ တွေ့ချင်ပါသေးတယ်”

ကျန်းရီသည် ကျီထင်ယွီကို အပြင်သို့ လိုက်ပို့ပြီးနောက် ကျန်းယွင်ဟိုင်သည် ခန်းမထဲသို့ တိတ်ဆိတ်စွာ ပြန်ဝင်လာခဲ့သည်။ သူသည် ပြုံးလိုက်ပြီး ကျန်းရီကို မေးလိုက်သည် ...

“အရှင်ငယ် ... သူမကို ဘာလို့ လိုက်မပို့ပေးတာလဲ ... သခင်လေးက ယောက်ျားကောင်း ပီပီသသ မနေရင် မိန်းကလေးတွေရဲ့ နှလုံးသားကို ရဖို့ ခက်ခဲလိမ့်မယ် ...”

“အာ ... ကျွန်တော် ဒါတွေကို လုံးဝ မသိဘူး”

ကျန်းရီသည် ရှက်သွားပြီး နှာခေါင်းကို ပွတ်လိုက်သည်။

“အဖိုး ... ကျွန်တော် မိန်းကလေးကျီကို ပိုးပန်းလိုစိတ် မရှိပါဘူး ... ကျွန်တော် သူမလိုမျိုး ထက်မြက်လွန်းတဲ့ မိန်းကလေးကို တကယ်မကြိုက်ဘူး”

“ဟုတ်တယ် ... ဒီကျီဂိုဏ်းက မိန်းကလေးက လှပလွန်းတာနဲ့ ဉာဏ်ကောင်း လွန်းတာက လွဲရင် အရာရာတိုင်းမှာ မာနကြီးလွန်းတယ် ... သူမက မင်းနဲ့ မလိုက်ဖက်ဘူး”

ကျန်းယွင်ဟိုင်သည် ခေါင်းတညိတ်ညိတ်နှင့် ပြောလာခဲ့သည်။

“အရှင်ငယ် ... အစကတော့ ဒါတွေကို ကျွန်တော် ပြောတော့မလို့ဘဲ ဒါပေမဲ့ ကျီဂိုဏ်းက မိန်းကလေးက ပြောပြီးသွားပြီ ဆိုတော့ သခင်လေးက တံခါးပိတ် ကျင့်ကြံပြီး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စအဆင့် ရောက်အောင် ကြိုးစားသင့်တယ် ... သခင်လေး မလုပ်နိုင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး တွန်းအားမပေးပါနဲ့ ... သခင်လေး မှတ်ထားရမှာက ငါးရက်ကြာရင် တံခါးပိတ် ကျင့်ကြံရာက ထွက်လာဖို့ပဲ”

“ကောင်းပြီ”

ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံရန် သူ့အခန်းသို့ ချက်ချင်း ပြန်သွားလေသည်။ အတိတ်တွင် ကျင့်ကြံခြင်းသည် သူ့အတွက် အခက်အခဲတစ်ခု ဖြစ်သော်လည်း ယခုမူ ပျော်စရာ တစ်ခုဖြစ်သည်။ သူသည် အတွင်းအားတွေ သူ့ကိုယ်တွင်းသို့ ရေပန်းတစ်ခုမှ ထွက်လာသလိုမျိုး စီးဆင်းသွားသည့် ခံစားချက်ကို သဘောကျသည်။ သူ့အင်အားတွေ မြန်မြန်တိုးတက် လာတာကို မြင်နေရတာ ပျော်ရွှင်နေခဲ့သည်။

***

ဝိညာဉ်သားရဲ သွေးရှင်းတမ်းသည် နီးကပ်လာသည်နှင့် အမျှ ဝိညာဉ် သားရဲမြို့သည် စည်ကားလာခဲ့သည်။ တည်းခိုခန်း အများစုတွင်လည်း ဧည့်သည်များဖြင့် ပြည့်နေပြီ ဖြစ်သလို လမ်းမထက်တွင်လည်း လူများ ပြည့်နှက်နေခဲ့ကြသည်။

ငါးရက်ဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဝိညာဉ်သားရဲမြို့၏ တောင်ဘက်ဈေး နေရာတွင် လူအများသည် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာအ မြောက်အမြားလည်း ရောက်နေကြပြီ ဖြစ်ရာ သွေးရှင်းတမ်းကို တရားဝင်ကျင်းပရန် မွန်းတည့်ချိန်ကို စောင့်ဆိုင်း နေကြလေသည်။

လူထောင်ပေါင်း များစွာထဲမှ တစ်ထောင်ခန့်ကသာ သွေးရှင်းတမ်းတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အုပ်စုများကို နှစ်ဖက်ခွဲထားပြီး တစ်ဖက်တွင် ကျီထင်ယွီနှင့် အခြား ဝင်ခွင့်ရ ကျောင်းသားလောင်းများ ရှိနေကြပြီး တစ်ဖက်တွင် ကျန်းရီကဲ့သို့သော လူမျိုး အယောက် ၈၀၀ခန့်သည် သွေးရှင်းတမ်းကို ပါဝင်ဆင်နွှဲကြမည် ဖြစ်သည်။

ကျီထင်ယွီသည် လှပသော အဝါရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး နှင်းဆီဝါလေး ပွင့်အာလာသကဲ့သို့ လှပနေလေသည်။ သူမကို ကျန်းဟန်ရွှေနှင့် လျှိုဟဲအပါအဝင် မရေမတွက်နိုင်သော သခင်လေးများစွာက ဝန်းရံနေကြသည်။ ကျက်သရေရှိပြီး လှပသော မိန်းကလေး တစ်ယောက်ကို အမျိုးသားများ ပိုးပန်းကြသည်က သဘာဝသာ။ အလွန် လှပနေသော ကျီထင်ယွီသည် အမျိုးသားများ၏ မျက်လုံးကို သာမက စိတ်ကိုပါ ဆွဲဆောင်ထားလေသည်။

“အမ်”

သူမ၏ စိတ်သည် အနီးရှိ အမျိုးသားလေးများ ထံတွင် ရှိမနေသလို ထူးကဲသော အဆင့်အတန်းများနှင့် ပုန်းကွယ်သော နဂါးများ၊ ဇာမဏီများ ကဲ့သို့သော သခင်လေး၊ မမလေးများထံ တွင်လည်း ရှိမနေပေ။ သူမ၏ မျက်ဝန်းများသည် ပတ်ဝန်းကျင်ကို မသေချာမှုများနှင့် လှည့်ပတ် ကြည့်နေခဲ့သည်။ သွေးရှင်းတမ်းက စတင်တော့မှာကို ကျန်းရီ ရောက်မလာသေးဘူးလား။

ဆရာများ အတွင်း၌လည်း အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်သည် သူမ၏ အေးစက်စက် မျက်လုံးများနှင့် ဟိုသည် ကြည့်နေခဲ့ပြီး ကျန်းရီ ရောက်မလာသေးသည်ကို တွေ့သွားလေသည်။ သူမ၏ မျက်လုံးများတွင် စိတ်ပျက်မှုများနှင့် ဝမ်းနည်းမှုများကို တစ်စွန်းတစ်စ တွေ့နိုင်လေသည်။ သူမသည် အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း ကျန်းရီသည် ဖမ်းဆုပ်မထားခဲ့ပေ။

“အားလုံးက စည်းမျဉ်းတွေကို သိထားကြမယ်ဆိုတာ ငါသိပါတယ် ... ဒါပေမဲ့ ငါထပ်ပြီး ကြေညာပါရစေ”

အနက်ရောင် သံချပ်ဝတ်ထားသော အရပ်ရှည်ရှည်၊ သန်သန်မာမာ ဆရာတစ်ယောက်သည် ရှေ့သို့ ထွက်လာခဲ့သည်။ သူ့မျက်လုံးများသည် အားလုံးထံ ဝေ့ဝဲရောက်ရှိ သွားပြီး အရှေ့ဘက်ကို ညွှန်ပြကာ ပြောလိုက်သည်။

“မင်းတို့ အဲဒီ တောင်ကို မြင်ကြလား ... ဒါက ဝိညာဉ်သားရဲတောင်ပဲ ... သင်တန်းကျောင်းက တောင်ထိပ်ပေါ်မှာ ရှိတယ် ... မင်းတို့ လုပ်ရမှာက လမ်းတစ်လျှောက်မှာ နတ်ဆိုးသားရဲတွေကို သတ်ရမှာပဲ ... နတ်ဆိုးသားရဲတိုင်းမှာ အရောင်မတူတဲ့ တံဆိပ်ပြားတွေ ရှိကြတယ် ... ပထမအုပ်စုက အရောင်မတူတဲ့ တံဆိပ်ပြားကိုးခုကို ရအောင်လုပ်ရမှာ ဖြစ်ပြီးတော့ သင်တန်းကျောင်းရဲ့ ဝင်ပေါက်ကို ရောက်ရင် တရားဝင် ကျောင်းသား ဖြစ်ပြီ ... ဒုတိယအုပ်စုက ပြိုင်ပွဲဝင်တွေကတော့ တံဆိပ်ပြား အရေအတွက် သုံးဆရရမှာ ဖြစ်တယ် ... တံဆိပ်ပြားပိုပြီး များများရတဲ့ သူတွေအတွက် အထူးဆုတွေ ရှိတယ်”

ပြိုင်ပွဲဝင် အားလုံးသည် စည်းမျဉ်းများကို သိပြီး ဖြစ်သောကြောင့် ခေါင်းညိတ် လိုက်ကြသည်။ ဆရာသည် အချိန်ကို ကြည့်လိုက်ပြီး လက်မြှောက်ကာ အော်လိုက်သည် ...

“ငါမင်းတို့ကို သေချာ သတိပေးလိုက်မယ် ... သွေးရှင်းတမ်းက လေ့ကျင့်တဲ့ ပွဲတစ်ခုပဲ ဖြစ်တယ် ... ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားမပေးနဲ့ ... နတ်ဆိုးသားရဲတွေ သတ်လို့ သေသွားမယ်ဆိုရင် သင်တန်းကျောင်းက တာဝန်ယူပေးမှာ မဟုတ်ဘူး ... ပြီးတော့ လူသတ်ခြင်းကိုလည်း တားမြစ်တယ် ... တကယ်လို့ သတ်ဖြတ်ကြောင်း ရှာဖွေ တွေ့ရှိသွားရင် သင်တန်းကျောင်းက တစ်သက်တာ ဝင်ခွင့် တားမြစ်မယ် ... ကောင်းပြီ ... သွေးရှင်းတမ်းကို အခုစတင်ပြီ ... ပထမအုပ်စုက အရှေ့ဘက် တောင်ကိုသွား ... ဒုတိယအုပ်စုက အနောက်ဘက် တောင်ကိုသွား”

“ဝှစ်”

ထိုခဏတွင်ပင် ပုံရိပ်တစ်ခုသည် မြို့တံတိုင်းထက်မှ ပျံသန်းလာခဲ့သည်။ လူတစ်ယောက်သည် မြို့အတွင်းရှိ အင်အားတစ်ခုက တွန်းလွှတ်လိုက် သကဲ့သို့ ကျလာခဲ့သည်။

“ဘန်း”

ထိုလူငယ်သည် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားသော်လည်း ဒဏ်ရာ ရမသွားခဲ့ပေ။ သူသည် မတ်တတ်ရပ် လိုက်ပြီး ရင်ဘတ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ရှက်ရွံ့စွာ ရယ်မောလိုက်သည်။

“ကျွန်တော် အိပ်ရာထ နောက်ကျ သွားလို့ပါ ဆရာများကို တောင်းပန်ပါတယ်”

လူတိုင်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ဒီသခင်လေးက နည်းနည်း မများလွန်းဘူးလား ... သူက သွေးရှင်းတမ်းကို နောက်ကျရဲတဲ့ သတ္တိရှိတယ် ... ပြီးတော့ ဒီလို အမြင်အာရုံကို ဆွဲဆောင်တဲ့ မြင်ကွင်းနဲ့ ရောက်လာတယ်။

သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့် …

ကျီထင်ယွီနှင့် ဆရာမစုတို့၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ သူတို့သည် ကျန်းရီမှာ အိပ်ရာထ နောက်ကျခြင်း မဟုတ်ဘဲ အဆင့်တက်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ကြသည်။ သူပျံသန်း လာရခြင်းမှာလည်း ကျန်းယွင်ဟိုင်သည် သူနောက်ကျလွန်း သွားမည်ကို ကြောက်၍ တွန်းထုတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ကျန်းရီ

ကျန်းဟန်ရွှေ၊ လျှိဟဲ၊ ဟဲသောက်နှင့် လမ်ချမ်ချမ့်တို့၏ မျက်လုံးလေးစုံသည် ကျဉ်းမြောင်းသွားခဲ့သည်။ ကံဆိုးတဲ့ ကြယ်ပွင့်လေးက ဒီမှာလား ... ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ အနာဂတ် နေ့ရက်များသည် မငြိမ်းချမ်းနိုင်တော့ဟု ထင်ရသည်။

***

All Chapters