← Chapters

လာရောက်ညှိနှိုင်းမှု

Vol. 37 Ch. 506

လာရောက်ညှိနှိုင်းမှု

Vol. 37 Ch. 506

အပိုင်း (၅၀၆) : လာရောက်ညှိနှိုင်းမှု

ကန်ရွှမ်းကလန်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများနှင့် သက်ဝင်လှုပ်ရှားနေကြလေသည်။

သို့သော် ဇူယွမ်မှာ ထိုအရာများအား စိတ်ဝင်စားခြင်းမရှိပဲ ဂူနန်းအတွင်း၌သာ ပုန်းကွယ်၍ ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်အား အပတ်တကုပ် ကြိုးစားကျင့်ကြံနေလျက် ရှိ၏။

ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်မှာ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဥ်တစ်ခုဖြစ်ပြီး ဇူယွမ်ကျင့်ကြံခ့ဲဖူးသော ကျင့်စဥ်များအားလုံးထဲတွင်လည်း အမြင့်မားဆုံးပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်အား တက်မြောက်နိုင်ရန်အတွက် များစွာမျှော်လင့်နေ၏။

.........

တောင်တန်းများ၏ အတွင်းဖက်၌

ဇူယွမ်မှာ ကြီးမားလှသော ကျောက်ဖျာချပ်ကြီးတစ်ခုပေါ်တွင် ထိုက်နေလျက် ရှိသည်။ ဇူယွမ်မှာ လေးနက်စွာဖြင့် လက်ဝါးထက်တွင်ရှိနေသော လင်းလက်တောက်ပနေသည့် ချီစွမ်းအင်အလုံးငယ်အား ကြည့်ရှုနေ၏။

ထိုချီစွမ်းအင်အလုံးငယ်မှာ ထူးခြားဆန်းကြယ်လှသော အလင်းတန်းများ တောက်ပနေပြီး အတွင်းဖက်အား ရှင်းလင်းသဲကွဲစွာ မြင်တွေ့ရခြင်း မရှိပေ။

ထိုချီစွမ်းအင်အလုံးငယ်မှာ ဇူယွမ်ဖန်တီးရန် ကြိုးပမ်းနေသော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့ပင် ဖြစ်သည်။ မူလသားရဲဆယ်ကောင်၏ စိတ်ဝိဉာဥ်ပုံဆောင်ခဲများအား ဤသူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အတွင်း ပေါင်းစည်းသန့်စင်ထားပြီး ဖြစ်၏။ ပေါင်းစည်းသော မူလသားရဲ၏ စိတ်ဝိဉာဥ်ပုံဆောင်ခဲ အရေအတွက်များလာလေ ပို၍ခက်ခဲလေပင် ဖြစ်သည်။ အမှားအယွင်းတစ်ခုမျှ ပြုလုပ်မိလျှင်ပင် ဖန်တီးနေဆဲဖြစ်သော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့မှာ ပျက်စီးသွားနိုင်၏။

ဇူယွမ်မှာ လက်ဝါးထက်တွင်ရှိနေသော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား သေချာစွာ ကြည့်ရှုလိုက်ပြီးနောက် မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲတစ်ခုအား ထပ်မံထုတ်ယူလိုက်သည်။

လွန်ခဲ့သောရက်များအတွင်း ဇူယွမ်မှာ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲများစွာအား အသုံးပြုခ့ဲ၏။ မူလသူတော်စင်တောင်ထွတ်မှ ပေါကြွယ်ဝသော အရင်းအမြစ်များကြောင့်သာ မဟုတ်ပါက ဇူယွမ်မှာ ထိုက့ဲသို့ ဖောဖောသီသီ အသုံးပြုနိုင်မည် မဟုတ်ချေ။

ကျင့်ကြံခြင်းလောကတွင် အရင်းအမြစ်ပေါကြွယ်ဝခြင်းမှာလည်း လွန်စွာအရေးကြီးလှပေသည်။ ဇူယွမ်မှာ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲဆယ်ခုအား သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အတွင်းသို့ ပေါင်းစည်းသန့်စင်နိုင်ခ့ဲပါသော်လည်း များစွာလိုအပ်နေပါသေး၏။ ထို့အပြင် အခြေခံဖြစ်သော အဆင့်မြင့်မူလသားရဲများ၏ စိတ်ဝိဥာဥ်ပုံဆောင်ခဲကိုးခုလည်း လိုအပ်နေဆဲ ဖြစ်သည်။

ဇူယွမ်မှာ လက်ဝါးထက်တွင်ရှိနေသော မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲအား ကြည့်ရှုလိုက်၏။ ဇူယွမ်၏ စိတ်ဝိဥာဥ် ကျင့်ကြံခြင်းအဆင့်မျှနှင့် ဤမျှအထိ ပေါင်းစည်းနိုင်ခြင်းမှာ သာမန်လူများစွာထက် များစွာသာလွန်နေပြီပင် ဖြစ်သည်။

ဇူယွမ်မှာ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲအား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် အလင်းတန်းများ ဖြာထွက်နေသော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့နှင့် ထိတွေ့စေလိုက်၏။

ချပ်.....ချပ်.....

ချက်ချင်းဆိုသလိုပင် ရှုပ်ထွေးနေသော စွမ်းအင်စက်ဝန်းများ ပေါ်ထွက်လာသဖြင့် ဇူယွမ်၏အမူအရာမှာ တင်းမာခက်ထန်သွားရသည်။ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား အကြိမ်ရေများစွာ လှည့်ပတ်၍ စွမ်းအင်စက်ဝန်းများအား လွင့်ပြယ်စေလိုက်၏။

သို့သော် အကြိမ်ရေများစွာ ပြုလုပ်လိုက်ရပြီးနောက် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ မောပန်းနွမ်းနယ်လာရသည်။

"မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲတွေကို ေပါင်းစည်းရတာက အရမ်းရှုပ်ထွေးလွန်းတယ်။ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲတွေကို အများကြီး သန့်စင်ထားတာတောင်မှ ခက်ခဲနေတုန်းပဲ။" ဇူယွမ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ကြည့်ရှုနေရင်းဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်၏။ ဇူယွမ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ကြည့်ရှုစစ်ဆေးနေရင်းဖြင့်ပင် အတွေးတစ်ချက် ပေါ်လာသည်။

"အနက်ဖော်သူတော်စင်မှော်စာလုံးနဲ့ဆို အလုပ်ဖြစ်မလားမသိဘူး။"

အနက်ဖော်သူတော်စင်မှော်စာလုံးမှာ သူတော်စင်မှော်စာလုံးလေးခုထဲမှ တစ်ခုဖြစ်၏။ ပြီးခ့ဲသောရက်များအတွင်း ဇူယွမ်မှာ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲများအား ပေါင်းစည်းသန့်စင်နိုင်ခ့ဲပါသော်လည်း အရေအတွက်များလာသည်နှင့်အမျှ ပိုမို၍ခက်ခဲလာရသည်။

ဇူယွမ်မှာ အချိန်မလောပဲနှင့် ဖြည်းညင်းစွာ ဆက်လက်လုပ်ဆောင်သွားပါက တစ်နှစ်အတွင်း ပြီးမြောက်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။ သို့သော် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာ နီးကပ်နေပြီဖြစ်သောကြောင့် ဇူယွမ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား တက်နိုင်သမျှ လျင်မြန်စွာ ပေါင်းစည်းဖော်ဆောင်နိုင်ရန် လိုအပ်နေသည်။

ဇူယွမ်မှာ တွေးတောပြီးသည်နှင့်တစ်ပြိုင်နက် တွေဝေမနေတော့ပဲ အနက်ဖော်သူတော်စင်မှော်စာလုံးအား စတင်လည်ပတ်စေလိုက်၏။

ဇူယွမ်မှာ အလင်းတန်းများ ဖြာထွက်နေသော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ပို၍ရှင်းလင်းသဲကွဲစွာ မြင်တွေ့လိုက်ရသည်။ ပို၍အရေးကြီးသည်မှာ ဇူယွမ်သည် မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲ ပေါင်းစည်းခြင်းမှ ထွက်ပေါ်နေသော ရှုပ်ထွေးနေသည့် စွမ်းအင်စက်ဝန်းများ၏ အရင်းအမြစ်အား တွေ့ရှိလိုက်ရခြင်းပင် ဖြစ်၏။

ထိုစွမ်းအင်စက်ဝန်းများ ဖြစ်ပေါ်ရာနေရာအား ပိတ်ဆို့လိုက်နိုင်ပါက မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲ ပေါင်းစည်းရသည်မှာ များစွာအဆင်ပြေချောမွေ့သွားပေလိမ့်မည်။

"အလုပ်ဖြစ်သားပဲ။"

ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်ဝမ်းမြောက်သွားရသည်။  ယခုဆိုလျှင် ရှုပ်ထွေးနေသော စွမ်းအင်စက်ဝန်းများ ထွက်ပေါ်ရာနေရာအား တွေ့ရှိနိုင်ခ့ဲပြီဖြစ်သောကြောင့် မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲ ပေါင်းစည်သန့်စင်ခြင်းကို အဆင်ပြေစွာ ဆောင်ရ​ွက်နိုင်တော့မည်ပင် ဖြစ်၏။

ဇူယွမ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ထိန်းချုပ်လိုက်ပြီးနောက် စွမ်းအင်စက်ဝန်းများအား ပျ့ံနှ့ံလွင့်ပြယ်စေလိုက်သည်။

ဘန်း....

ဇူယွမ်၏ လက်ဝါးထက်တွင်ရှိနေသော အလင်းတန်းများ ဖြာထွက်နေသည့် စွမ်းအင်လုံးငယ်မှာ ပေါက်ကွဲပျက်စီးသွားရ၏။ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့လောင်းလျာမှာ ပြိုကွဲသွားခ့ဲ့ပြီပင် ဖြစ်သည်။

ဇူယွမ်မှာ အနည်းငယ် အ့ံအားသင့်မိသွားသော်လည်း နောင်တရခြင်း မဖြစ်မိပေ။ ဇူယွမ်မှာ ကျေနပ်အားရစွာပင် ပြုံးလိုက်သေး၏။ ယခုဆိုလျှင် အနက်ဖော်သူတော်စင်မှော်စာလုံးအား အသုံးပြု၍ အကောင်းမွန်ဆုံး သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ဖန်တီးနိုင်တော့မည်ပင် ဖြစ်သည်။

ဇူယွမ်မှာ ကျေနပ်အားရစွာဖြင့် မတ်တပ်ရပ်လိုက်ပြီးနောက် ပြာလွင်နေသော ကောင်းကင်ပြင်အား ကြည့်ရှုလိုက်၏။ ထို့နောက် ဇူယွမ်မှာ ဂူနန်းဆီသို့ ပျံဝဲသွားလိုက်သည်။ အသက်ရှ္ူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ ဂူနန်းဆီသို့ ပြန်လည်ရောက်ရှိလာ၏။

ဇူယွမ်မှာ ဂူနန်းအတွင်းရှိနေသော ပုံရိပ်သုံးခုကြောင်​ြ အနည်းငယ်ပင် အ့ံအားသင့်သွားရသည်။ ထိုပုံရိပ်သုံးခုထဲမှ တစ်ဦးမှာ ယောင်ယောင်ဖြစ်သောကြောင့် ဇူယွမ်မှ အ့ံအားသင့်ခြင်း မဖြစ်မိပါသော်လည်း မြင်တွေ့လိုက်ရသော ကျန်ပုံရိပ်နှစ်ခုကြောင့် ဇူယွမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားရခြင်း ဖြစ်၏။ ထိုပုံရိပ်နှစ်ခုမှာ လီချင်းချန်နှင့် ယဲ့ကယ်တို့ပင် ဖြစ်လေသည်။

ဇူယွမ်မှာ ယောင်ယောင်၏အနီးသို့ လျှောက်လှမ်းသွားပြီးနောက် လီချင်းချန်နှင့် ယဲ့ကယ်အားကြည့်ကာ မေးမြန်းလိုက်၏။ "စီနီယာအမတော်လီနဲ့ စီနီယာအကိုတော်ယဲ့ကယ်တို့က ဒီကိုဘာကိစ္စနဲ့များ ရောက်လာကြတာလဲမသိဘူး။"

"ဂျူနီယာညီတော်ဇူယွမ်။" ယဲ့ကယ်မှ ယဥ်ကျေးပျူငှာစွာ ပြုံး၍နှုတ်ဆက်လိုက်သည်။

ဇူယွမ်မှာ ယဲ့ကယ်ထံ၌ ကျောင်းဇူနှင့် ခုန်းရှန်တို့ကဲ့သို့ မာန်မာနများ မတွေ့ရှိရသဖြင့် ယဲ့ကယ်အား အတော်လေးပင် နှစ်သက်မိ၏။ ယောင်ယောင်အား နှစ်သက်သဘောကျနေသည်မှလွဲလျှင် ယဲ့ကယ်မှာ အစစအရာရာ ကောင်းမွန်သောသူပင် ဖြစ်သည်။

လီချင်းချန်မှာ အေးစက်နေသော မျက်ဝန်းများနှင့်ပင် ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ " မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကြရင် မူလသူတော်စင်တောင်ထွတ်က အ​ခြေအနေကောင်းမှာ မဟုတ်ဘူးနော်။"

ဇူယွမ်မှာ ခပ်ဖွဖွသာ ရယ်မောလိုက်ကာ မည်သည့်စကားမှ ပြန်၍ပြောကြားခြင်း မရှိချေ။

ဇူယွမ်၏ အပြုအမူအား မြင်တွေ့လိုက်ရပြီးနောက် လီချင်းချန်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ပြောလိုက်သည်။ "နင့်ဘက်မှာ ယောင်ယောင်ရှိနေတာနဲ့ပဲ မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ကိုယှဥ်နိုင်မယ်လို့ မထင်လိုက်နဲ့။"

ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်၏။ "ကျွန်တော်လည်း ဘာမှမတက်နိုင်ဘူးလေ။ သူတို့က ကျွန်တော်တို့တောင်ထွတ်ကို တိုက်ခိုက်မယ်လို့ ကြေညာထားမှတော့ ကျွန်တော်တို့လည်း ပြန်တိုက်ရုံပဲ ရှိတာပဲ။"

လီချင်းချန်မှာ ယဲ့ကယ်နှင့် အကြည့်ချင်းဖလှယ်ကာ ပြောလိုက်သည်။ "နှင်းပဒုမ္မာတောင်ထွတ်နဲ့ သူတော်စင်မှော်စာလုံးတောင်ထွတ်က နင်တို့ကိုကူညီဖို့ ဆန္ဒရှိပါတယ်။"

ဇူယွမ်မှာ အလွန်ပင် အ့ံအားသင့်သွားရ၏။ လီချင်းချန်နှင့် ယဲ့ကယ်မှာ ရွေးချယ်ခံများ ဖြစ်ကြပါသော်လည်း မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာမူ တောင်ထွတ်တစ်ခုလုံးနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။ အကယ်၍ နှင်းပဒုမ္မာတောင်ထွတ်နှင့် သူတော်စင်မှော်စာလုံးတောင်ထွတ်တို့မှာ မူလသူတော်စင်တောင်ထွတ်အား အကူအညီပေးခ့ဲပါက ဓားကပ်ဘေးတောင်ထွတ်အပေါ် ရန်စပြုလိုက်သလို ဖြစ်သွားမည်ပင် ဖြစ်၏။

ဇူယ​ွမ်မှာ လီချင်းချန်နှင့် ရင်းနှီးကောင်းမွန်သည့် ဆက်ဆံရေးရှိပါသော်လည်း ထိုက့ဲသို့ တောင်ထွတ်တစ်ခုလုံးစာ အကူအညီတောင်းခံရမည့် အခြေအနေမျိုး မဟုတ်ပါချေ။

လီချင်းချန်မှာ အ့ံအားသင့်နေသော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ညှိနှိုင်းစရာတွေတော့ ရှိတာပေါ့။"

"ဘယ်လို ညှိနှိုင်းစရာလဲဟင်။ ကာကွယ်ကြေးအနေနဲ့ မူလနဂါးခြင်ဆီရာခိုင်နှုန်း ခွဲပေးရမှာမျိုးလား။" ဇူယွမ်မှ မျက်ခုံးပင့်ကာ မေးမြန်းလိုက်၏။

"နင်တို့တောင်ထွတ်က မူလနဂါးခြင်ဆီကို ဘယ်လောက်များများ စုနိုင်မှာမို့လို့လဲ။" လီချင်းချန်မှာ စိတ်အလိုမကျဟန်ဖြင့် စကားဆိုလိုက်ပြီးနောက် ယောင်ယောင်အား ကြည့်ရှုလိုက်သည်။ "ငါတို့အကူအညီအတွက် ညှိနှိုင်းချက်ကတော့ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားပြီးရင် ယောင်ယောင်က ငါတို့တောင်ထွတ်နှစ်ခုထဲက တစ်ခုကို တပည့်အနေနဲ့ ဝင်ပေးရမယ်။ ဘယ်တောင်ထွတ်ကို သွားရမလဲဆိုတာတော့ အဲ့အချိန်ကြရင် တောင်ထွတ်ဆရာသခင်နှစ်ယောက်က ဆွေးနွေးကြလိမ့်မယ်။"

ဇူယွမ်မှာ ထပ်မံ၍ အ့ံအားသင့်သွားရ၏။ တောင်ထွတ်နှစ်ခုလုံးမှာ ယောင်ယောင်အား အလိုရှိနေသောကြောင့် အကူအညီအား လိုလားစွာ ပေးအပ်လာခြင်းပင် ဖြစ်သည်။

လီချင်းချန်မှာ ယောင်ယောင်အားကြည့်ရှုကာ ဖြည်းညင်းစွာ ​ပြောလိုက်၏။ "ငါတစ်ယောက်တည်းအနေနဲ့ဆိုရင် ညှိနှိုင်းစရာတွေမလိုပဲ ဒီအတိုင်းကို ကူညီပေးချင်ပါတယ်။ ဒါပေမယ့် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားက တောင်ထွတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့အရာမို့လို့ တခြားသူတွေရဲ့မျက်နှာလည်း ကြည့်ရဦးမယ်။"

လီချင်းချန်မှာ ယောင်ယောင်အား အလွန်ပင် နှစ်သက်လေးစားလှပြီး နှင်းပဒုမ္မာတောင်ထွတ်ဆီသို့ ရောက်ရှိလာစေချင်ပေသည်။ ယောင်ယောင်သာ ရောက်ရှိလာပါက တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာလည်း အလွန်ပင် ဝမ်းမြောက်ပျော်ရွှင်ပေလိမ့်မည်။ ထို့ကြောင့် လီချင်းချန်မှာ မူလသူတော်စင်တောင်ထွတ်အား အကူအညီပေးနိုင်ရန်အတွက် ထိုသို့ဆုံးဖြတ်လုိက်ခြင်းပင် ဖြစ်၏။

"ဂျူနီယာညီမတော်လေးယောင်ယောင်က အကူအညီလိုတယ်ဆိုရင် အကိုက အသင့်ပါပဲ။" ယဲ့ကယ်မှာ ယောင်ယောင်အား နူးညံ့စွာကြည့်ရှုရင်းဖြင်​့ စကားဆိုလိုက်သည်။

ဇူယွမ်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ "ယောင်ယောင်က အဲ့လိုအပေးအယူလုပ်ရမယ့်ပစ္စည်း မဟုတ်ပါဘူး။ သူမဆန္ဒရှိသလို နေထိုင်ခွင့်ရှိတယ်။ အဲ့ဒါကြောင့် သူမစိတ်ဆန္ဒမပါရင် ကျွန်တော်လည်း ဘာကိုမှ သဘောတူမှာ မဟုတ်ဘူး။"

လီချင်းချန်မှာ ဇူယွမ်အား အ့ံအားသင့်စွာ ကြည့်ရှုကာ ပြောလိုက်သည်။ "မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ရလဒ်မကောင်းခ့ဲရင် မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်တဲ့နင်ပဲ ခေါင်းခံရမှာနော်။"

ဇူယွမ်မှာ စိတ်ပူပန်မှုမရှိဟန်ဖြင့် ရယ်မောလိုက်၏။ "တပည့်ခေါင်းဆောင်နေရာဆိုတာ ယောင်ယောင်ရဲ့ ဆံဖျားလေးနဲ့တောင် နှိုင်းယှဥ်လို့မရပါဘူး။"

လီချင်းချန်မှာ ဇူယွမ်၏ အပြုအမူအား သည်းမခံနိုင်တော့ဟန်ဖြင့် အော်ဟစ်လိုက်သည်။ "လုံလောက်ပြီ။"

ယောင်ယောင်မှာ ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် ခပ်ဖွဖွပြုံးလိုက်၏။

လီချင်းချန်မှာ ယောင်ယောင်၏သဘောထားအား သိရှိလိုဟန်ဖြင့် မေးငေါ့ပြကာ မေးဟန်ပြုလိုက်သည်။

ယောင်ယောင်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ဂူနန်းအားကြည့်ရှုကာ နူးည့ံစွာဖြင့် စကားဆိုလိုက်၏။ "ငါဒီနေရာကို အရမ်းသဘောကျတယ်။ တခြားဘယ်ကိုမှ သွားမှာမဟုတ်ဘူး။"

လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် စိုးရိမ်ပူပန်နေဟန်ဖြင့် ပြောလိုက်သည်။ "နင်ရှိနေရင်တောင်မှ မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ကို ယှဥ်နိုင်မှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မူလသူတော်စင်တောင်ထွတ်က အရမ်းအင်အားနည်းလွန်းတယ်လေ။"

ယောင်ယောင်မှာ ဆံစများအား နားရွက်အနောက်သို့သပ်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။

"အစကတော့ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကို ငါတကယ်စိတ်မဝင်စားဘူး။ ဒါပေမယ့်လူတိုင်းက မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ကို ယှဥ်နိုင်မှာမဟုတ်ဘူးချည်းပြောနေကြတော​့ ငါနည်းနည်း စိတ်ဝင်စားလာမိပြီ။"

"ကောင်းပြီလေ။ ဓားကပ်ဘေးတောင်ထွတ်က သူတို့ရဲ့ရန်ငြိုးတွေကို မူလသူတော်စင်တောင်ထွတ်ကိုဖိနှိပ်ပြီး ဖြေဖျောက်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။"

ယောင်ယောင်၏ အေးစက်ပြတ်သားနေသော အမူအရာကြောင့် လီချင်းချန်နှင့် ယဲ့ကယ်တို့သည်ပင် အနည်းငယ် အ့ံအားသင့်သွားရသည်။

ဇူယ​ွမ်မှာလည်း ယောင်ယောင်၏ လေးနက်နေသော အမူအရာအား ကြည့်ရှုနေရင်းဖြင့် ငိုရမလား ရယ်ရမလားပင် မသဲကွဲတော့ချေ။

ယောင်ယောင်မှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ မူလသူတော်စင်တောင်ထွတ်အား အကူအညီပေးရန် ကတိပြုခ့ဲပါသော်လည်း အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိခ့ဲပေ။ လီချင်းချန်နှင့် ယဲ့ကယ်တို့နှစ်ဦး လာရောက်ပြောဆိုကြသည့်အချိန်မှ ေလးလေးနက်နက် စိတ်ဝင်စားသွားခြင်း ဖြစ်၏။

ဇူယွမ်မှာ လေးနက်တည်ကြည်သော ယောင်ယောင်၏အမူအရာအား ကြည့်ရှုလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ချီးကျူးစကား ပြောဆိုလိုက်သည်။

"အမကြီးယောင်ယောင်က အရမ်းမိုက်တာပဲ..."

All Chapters