← Chapters

အစီအစဥ်ချမှတ်ခြင်း

Vol. 37 Ch. 507

အစီအစဥ်ချမှတ်ခြင်း

Vol. 37 Ch. 507

လီချင်းချန်နှင့် ယဲ့ကယ်တို့နှစ်ဦး လာရောက်လည်ပတ်ပြီးသည့်အချိန်မှစ၍ ယောင်ယောင်မှာ အနည်းငယ် ပြောင်းလဲသွားသည်ကို ဇူယွမ်မှ သတိထားမိခ့ဲသည်။

အကြီးမားဆုံး ပြောင်းလဲမှုမှာ ယောင်ယောင်မှာ ယခင်ကထက် သူတော်စင်မှော်စာလုံးခန်းမတွင် အချိန်ကုန်နေတက်ခြင်းဖြစ်ပြီး ဂူနန်းဆီသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်တိုင်းတွင်လည်း များပြားလှသော မူလမှော်စာလုံးများအား သယ်ဆောင်လာခြင်းပင် ဖြစ်၏။

သို့သော် ထိုသို့ပြောင်းလဲသွားခြင်းမှာ ကောင်းသောအရာပင် ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယောင်ယောင်မှာ ဇူယ​ွမ်နှင့်ထန်ထန်မှလွဲ၍ မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်း မရှိပေ။

သို့သော် ယခုအကြိမ် ဓားကပ်ဘေးတောင်ထွတ်၏ ပြုမူပုံများက ယောင်ယောင်အား ဒေါသဖြစ်စေဟန် ရှိ၏။ ထို့ကြောင့် ဇူယွမ်မှာ ယောင်ယောင်အား ဆန္ဒရှိသလို လုပ်ဆောင်ရန်အတွက် လွှတ်ထားပေးကာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အပေါ်တွင်သာ အာရုံစိုက်ထား​ေလသည်။

ဤသို့ဖြင့် တစ်လမျှသော အချိန်ကာလမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားတော့၏။

.........

နှင်းပဒုမ္မာတောင်ထွတ်နှင့် သူတော်စင်မှော်စာလုံးတောင်ထွတ်တို့မှ မူလသူတော်စင်တောင်ထွတ်အား အကူအညီပေးရန် အသင့်ရှိနေသည့်သတင်းမှာ ကလန်တစ်ခုလုံးအား လျင်မြန်စွာ ပျံနှံ့သွားခ့ဲသည်။ များစွာသော တပည့်များမှာ ထိုအကြောင်းအရာနှင့်ပက်သတ်၍ အားကျမနာလိုခြင်းများ ဖြစ်နေကြရ၏။ နှင်းပဒုမ္မာတောင်ထွတ်နှင့် သူတော်စင်မှော်စာလုံးတောင်ထွတ်တို့၏ အကူအညီဖြင့်သာဆိုလျှင် မူလသူတော်စင်တောင်ထွတ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ ခြိမ်းခြောက်မှုများအား ကြောက်ရွ့ံနေရန် လိုအပ်တော့မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ နှင်းပဒုမ္မာတောင်ထွတ်နှင့် သူတော်စင်မှော်စာလုံးတောင်ထွတ်တို့မှာ ယောင်ယောင်အား အလိုရှိ၍ အကူအညီပေးရန် ကမ်းလှမ်းခြင်းသာဖြစ်သောကြောင့် အခြားတောင်ထွတ်မှ တပည့်များမှာလည်း ကန့်ကွက်ပြောဆိုခြင်းများ မပြုကြချေ။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာမူ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား နီးကပ်လာသည့်အမျှ ဓားကပ်ဘေးတောင်ထွတ်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည့် အကြောင်းအရာအား တွေးတောကာ ထိတ်လန်နေမိကြသည်။

...........

တောင်တန်းများ၏ အတွင်းတစ်နေရာ၌

ဇူယွမ်မှာ ကျောက်ဖျာချပ်ကြီးတစ်ခုပေါ်တွင် ထိုင်နေလျက် ရှိ၏။ ဇူယွမ်၏ လက်ဝါးထက်တွင်မူ အလင်းတန်းများ ဖြာထွက်နေသော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့လောင်းလျာတစ်ခု ရှိနေလေသည်။

ထိုသူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့မှာ ခုနစ်ဆယ့်ခုနစ်မျိုးသော မူလသားရဲများ၏ စိတ်ဝိဥာဥ်ပုံဆောင်ခဲများအား ပေါင်းစည်းသန့်စင်ထားပြီးဖြစ်သောကြောင့် အလွန်ပင် ကျစ်လစ်တောင့်တင်းနေ၏။

အနက်ဖော်သူတော်စင်မှော်စာလုံး၏ အကူအညီဖြင့် ဇူယွမ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ကောင်းမွန်လွယ်ကူစွာ ပေါင်းစပ်ဖန်တီးနိုင်နေပြီပင် ဖြစ်သည်။ သို့သော် မူလသားရဲများ၏ စိတ်ဝိဉာဥ်ပုံဆောင်ခဲ ပေါင်းစည်းခြင်းအရေအတွက် များပြားလာသည်နှင့်တကွ အနက်ဖော်သူတော်စင်မှော်စာလုံးနှင့်ပင် ဇူယွမ်မှာ ခက်ခဲစပြုလာရ၏။

ယခုတွင်လည်း ဇူယွမ်မှာ အာရုံစူးစိုက်ကာ အမှားအယွင်း အနည်းငယ်မျှမရှိစေပဲ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲအား ထပ်မံပေါင်းစည်းရန် ပြုလုပ်နေခြင်းဖြစ်ပြီး နေ့တဝက်မျှပင် အချိန်ကုန်ခဲ့ရပြီ ဖြစ်သည်။

ချပ်....ချပ်.....

သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့မှာ အနည်းငယ်မျှ တုန်ခါလာပြီးနောက် အခြေချသွားကာ ပိုမိုလင်းလက်တောက်ပလာ၏။

"မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲ ခုနစ်ဆယ့်ရှစ်ခု ပေါင်းစည်းနိုင်ခ့ဲပြီ။"

ဇူယွမ်၏ မျက်ဝန်းများမှာ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေရသည်။ ဇူယွမ်မှာ လွန်ခ့ဲသောတစ်လလုံး သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ဖန်တီးရန်သာ အာရုံစိုက်နေခြင်း ဖြစ်၏။

ဇူယွမ်မှာ မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲ ကိုးဆယ်အား ပေါင်းစည်းသန့်စင်နိုင်ပြီးလျှင် ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်၏ ကနဦးအဆင့်အား ရောက်ရှိနိုင်မည်ပင် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ဂှိလာလျှင် ဇူယွမ်မှာ ကြီးမြတ်သောသူတော်စင်စ်ိတ်ဝိဥာဥ်ကျင့်စဥ်၏ ထူးခြားဆန်းကြယ်မှုများအား စတင်မြင်တွေ့နိုင်တော့မည်ပင် ဖြစ်၏။

"ဒီနှုန်းအတိုင်းသာဆိုရင် နောက်ဆယ်ရက်အတွင်း ကနဦးအဆင့်ရောက်လောက်တယ်။" ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"မဆိုးဘူးပဲ ကောင်ကလေး။"

ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ဝမ်းမြောက်ပျော်ရွှင်နေစဥ်မှာပင် အဖိုးအိုတစ်ဦး၏အသံအား ကြားလိုက်ရ၏။ ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား အ့ံအားသင့်စွာဖြင့် ကြည့်ရှုနေသော ရွှမ်အဖိုးအိုအား တွေ့ရှိလိုက်ရသည်။

လွန်ခ့ဲသော ရက်အနည်းငယ်အတွင်း ရွှမ်အဖိုးအိုမှာ ဇူယွမ်ထံသို့ လာရောက်ခ့ဲခြင်း မရှိပေ။ ထို့ကြောင့် ယနေ့တွင် ဇူယွမ်၏ တိုးတက်မှုအား လွန်စွာအ့ံအားသင့်နေမိခြင်း ဖြစ်၏။ ​

ပုံမှန်အားဖြင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်များမှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ဖန်တီးနိုင်ရန်အတွက် အနည်းဆုံး နှစ်ဝက်မျှ အချိန်ယူကြရသည်။ ဇူယွမ်မှာမူ တစ်လမျှသော အချိန်အတွင်း၌ပင် တဝက်ကျော်မျှ ပြီးစီးနေပြီ ဖြစ်၏။

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်သော်လည်း အနက်ဖော်သူတော်စင်မှော်စာလုံး၏ အကူအညီဖြင့် ဤမျှလျင်မြန်နေခြင်းဖြစ်ကြောင်း ရွှမ်အဖိုးအိုအား ရှင်းပြမနေတော့ချေ။ အနက်ဖော်သူတော်စင်မှော်စာလုံးသာ မရှိပါက ဇူယွမ်မှာ တစ်လမျှသော အချိန်အတွင်း ဤမျှပြီးစီးနိုင်လိမ့်မည် မဟုတ်ပေ။

"အဖိုးရွှမ် ကျွန်တော်ဂူနန်းကို ပြန်တော့မယ်နော်။"

ဇူယွမ်မှာ ရွှမ်အဖိုးအိုအား အရိုအသေပြု နှုတ်ဆက်လိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲကာ ဂူနန်းဆီသို့ ပြန်လာလိုက်သည်။

ရွှမ်အဖိုးအိုမှာ ထွက်ခွာသွားသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှု၍ ခပ်ဖွဖွရယ်မောလိုက်မိ၏။ ကြည့်ရသည်မှာ ဇူယွမ်သည် ကန်ရွှမ်းကလန်တစ်ခုလုံး၌ ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်အား အလျင်မြန်ဆုံး တက်မြောက်သည့်သူတစ်ဦး ဖြစ်လာပေလိမ့်မည်ပင် ဖြစ်သည်။

..........

ဇူယွမ်မှာ ဂူနန်းဆီသို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် မက်မွန်ပင်အောက်ရှိ လသာဆောင်တစ်ခုတွင် ရှေးဟောင်းစာလိပ်များအား ကြည့်ရှုနေသော ယောင်ယောင်အား တွေ့ရှိလိုက်ရ၏။

ဇူယွမ်မှာ ယောင်ယောင်၏ပုံရိပ်အားကြည့်၍ နှစ်ခြိုက်သဘောကျစွာ ပြုံးလိုက်သည်။ ဇူယွမ်မှာ ယောင်ယောင်အား အနှောင့်အယှက် မပြုလိုသောကြောင့် တိတ်ဆိတ်စွာပင် နေအိမ်အတွင်းသို့သွားရန် ေတွးတောလိုက်၏။

သို့သော် ယောင်ယောင်မှာ လက်ကိုဝေ့ယမ်းပြကာ ဇူယွမ်အား ခေါ်ဆောင်လိုက်သည်။ ဇူယွမ်မှာ အနည်းငယ် အ့ံအားသင့်သွားပြီးနောက် ယောင်ယောင်၏ဘေးသို့ လျှောက်လှမ်းသွားကာ ကျောက်သားထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ ဇူယွမ်မှာ မွှေးပျ့ံနေသော ယောင်ယောင်၏ ဆံကေသာမွှေးရန့ံအား ရှ္ူရှိုက်လိုက်ပြီးနောက် ပြုံးကာမေးလိုက်သည်။ " ဘာတွေဖတ်နေတာလဲ ယောင်ယောင်။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအတွက်ရော အစီအစဥ်ရပြီလား။"

ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြန်၍ပြောလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်က မူလသူတော်စင်တောင်ထွတ်ထက်သာတာဆိုလို့ လူအင်အားပဲရှိတယ်။ ခုန်းရှန်နဲ့ ကျောင်းဇူကုိ ဘာမှထည့်တွက်နေစရာမလိုဘူး။"

ဇူယွမ်မှာ ခုန်းရှန်နှင့် ကျောင်းဇူတို့အတွက် စိတ်မကောင်းဖြစ်သွားသဖြင့် ခေတ္တမျှပင် တိတ်ဆိတ်သွားရသည်။ ခုန်းရှန်နှင့် ကျောင်းဇူမှာ ဓားကပ်ဘေးတောင်ထွတ်၏ ရွေးချယ်ခံတပည့်များဖြစ်ပါသော်လည်း ယောင်ယောင်၏အမြင်တွင်မူ ထည့်တွက်နေရန်ပင် တန်ဖိုးမရှိချေ။

ယောင်ယောင်မှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်က လူအင်အားတအားများတဲ့အတွက် ခုန်းရှန်နဲ့ ကျောင်းဇူတို့တောင် လှုပ်ရှားစရာမလိုပဲ မူလသူတော်စင်တောင်ထွတ်ကို နိုင်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ခုန်းရှန်နဲ့ ကျောင်းဇူကို ထည့်တွက်နေစရာမလိုဘူးလို့ ပြောတာ။"

ဇူယွမ်မှာ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဇူယွမ်မှာလည်း ထိုပြဿနာအား ခေါင်းခဲနေရခြင်းပင် ဖြစ်၏။ မူလသူတော်စင်တောင်ထွတ်မှာ အလွန်ပင် အင်အားနည်းလွန်းလှသဖြင့် ဓားကပ်ဘေးတောင်ထွတ်အား ခုခံတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ယောင်ယောင်မှာ ရှေးဟောင်းစာလိပ်တစ်ခုအား ကိုင်တွယ်ထားရင်းဖြင့် စကားဆိုလိုက်သည်။ "အဲ့ဒါကြောင်​့ ငါတို့က ကစားဖို့နေရာတစ်ခု လုပ်ပေးရမှာပေါ့။"

"ကစားဖို့နေရာဟုတ်လား။" ဇူယွမ်မှာ အ့ံအားသင့်သွားရ၏။

ယောင်ယောင်မှာ ဇူယွမ်အား တစ်ချက်မျှကြည့်ကာ ေပြာလိုက်သည်။ "အေးလေ။ အားသုံးပြီးတိုက်ရအောင် နင်ကအရူးလား။"

ယောင်ယောင်မှာ လက်ထဲတွင်ရှိနေသော ရှေးဟောင်းစာလိပ်တစ်ခုအား ဖြည်းညင်းစွာ ဖွင့်ဟပြလိုက်၏။ ဇူယွမ်မှာ ရှေးဟောင်းစာလိပ်အတွင်း ရေးဆွဲထားသော မူလမှော်စာလုံးအစီအရင်တစ်ခုအား တွေ့ရှိလိုက်ရသည်။

"မူလရေကန်ရဲ့ မြေပြင်အနေအထားကို ငါအများကြီး လေ့လာပြီးပြီ။ ပြီးတော့ သူတော်စင်မှော်စာလုံးခန်းမတစ်ခုလုံးမှာ ငါရှာဖွေခဲ့တာ ဒီအစီအရင်က မူလရေကန်မှာသုံးဖို့ အသင့်တော်ဆုံးပဲ။ ငါတို့သာ ဒီအစီအရင်ကိုလုပ်တာ အောင်မြင်မယ်ဆိုရင် ဓားကပ်ဘေးတောင်ထွတ်က လူအင်အားတစ်သောင်းကျော်ကိုလည်း ကြောက်နေစရာ မလိုတော့ဘူး။"

"ဓားကပ်ဘေးတောင်ထွတ်က ငါတို့မူလသူတော်စင်တောင်ထွတ်ထက်သာတာ ဘာမှရှိတော့မှာ မဟုတ်ဘူး။ ငါတို့ ဒီအစီအရင်ကိုဖြစ်မြောက်အောင်လုပ်နိုင်ဖို့ပဲ လိုတယ်။"

ဇူယွမ်မှာ ရှေးဟောင်းစာလိပ်အား ကြည့်ရှုလိုက်ပြီးနောက် အစီအရင်ပေါ်ရှိ စာလုံးများအား ဖတ်ရှုလိုက်၏။

"ကောင်းကင်ဘုံ လှည့်စားခြင်းဝင်္ကပါအစီအရင်။"

All Chapters