← Chapters

ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်

Vol. 37 Ch. 508

ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်

Vol. 37 Ch. 508

"ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်...."

ဇူယွမ်မှာ ရှေးဟောင်းစာလိပ်ပေါ်ရှိ မူလမှော်စာလုံးအစီအရင်အား လေးနက်စွာဖြင့် ကြည့်ရှုနေလျက် ရှိသည်။ မူလမှော်စာလုံးအစီအရင်၏ အသွင်အပြင်မှာ လွန်စွာရှုပ်ထွေးလှပြီး အဆင့်နိမ့် အစီအရင်တစ်ခုမဟုတ်ကြောင်း ထင်ရှားနေ၏။

ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒါက ကြီးမားတဲ့ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်တဲ့ အစီအရင်ကြီးတစ်ခုပဲ။ ဒီအစီအရင်ထဲမှာ ပိတ်မိသွားတဲ့သူတွေအကုန်လုံး ပြန်ထွက်ဖို့ အရမ်းခက်လိမ့်မယ်။"

ဇူယွမ်မှာ သိလိုစိတ်များအား မရပ်တန့်နိုင်ပဲ ယောင်ယောင်အား ေမးလိုက်၏။ "လူတစ်သောင်းလောက်ကို ပိတ်ထားနိုင်တာလား။"

ဓားကပ်ဘေးတောင်ထွတ်မှ တစ်သောင်းမျှသော တပည့်အရေအတွက်မှာ ထူးချွန်ထက်မြက်ကြသူများသာ ဖြစ်သည်။ ထိုလူဦးရေတစ်သောင်းကိုပင် ပိတ်ဆို့ထားနိုင်မည်ဆိုပါက ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်မှာ ထူးခြားလှသော အစီအရင်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ ဇူယွမ်မှာ ​ထိုအကြောင်းအား တွေးကြည့်ရုံမျှနှင့်ပင် လွန်စွာအ့ံအားသင့်နေရ၏။

ယောင်ယောင်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "တခြားနေရာမှာ သုံးမယ်ဆိုရင် အများကြီး ပိုခက်ခဲနိုင်ပေမယ့် မူလရေကန်ရဲ့ ထူးခြားရဲ့မြေပြင်အနေအထားကြောင့် ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်အတွက် အရမ်းသင့်တော်တယ်။"

"လူတစ်သောင်းလောက်ကို ခဏလောက်ပိတ်ဆို့ထားဖို့တော့ ဖြစ်နိုင်တယ်။"

"ခဏပဲလား။" ဇူယွမ်၏အမူအရာမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန် ရှိ၏။

ယောင်ယောင်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "တစ်ဖက်က လူအင်အား အရမ်းများတယ်လေ။ ငါတို့အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။"

ဇူယွမ်မှ သက်ပြင်းချကာ ပြောလိုက်၏။ "ခဏလောက်ပဲ ထိန်းထားနိုင်မယ်ဆိုရင်တော့ ဘာမှသိပ်ထူးခြားမှာ မဟုတ်ဘူး။ သူတို့လွတ်သွားတာနဲ့ မူလသူတော်စင်တောင်ထွတ်က အရေးနိမ့်သွားလိမ့်မယ်။"

ယောင်ယောင်မှာ စားပွဲခုံအား တတောက်တောက်ခေါက်ကာ ပြောလိုက်သည်။ "အဲ့ဒါကြောင့် အစီအရင်ထဲမှာ ပိတ်မိနေတုန်း သူတို့ကို ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်ဖို့ လိုအပ်တယ်။"

"ကျွန်တော်တို့ လူနည်းနည်းလေးနဲ့ သူတို့ကို ထုတ်ပစ်နိုင်ပါ့မလား။" ဇူယွမ်မှ ခါးသက်စွာ ရယ်မောလိုက်၏။

ယောင်ယောင်မှာ ဇူယွမ်အားကြည့်၍ ပြောလိုက်၏။ "မူလသူတော်စင်တောင်ထွတ်က လူနည်းနည်းလေးနဲ့တော့ ဘယ်လောက်ပါ့မလဲ။ အပြင်ကအင်အား အကူအညီလည်း နည်းနည်းယူရမှာပေါ့။"

"အပြင်က အင်အားဟုတ်လား။ တခြားတောင်ထွတ်တွေက ကူညီပါ့မလား။" ဇူယွမ်မှ စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

ယောင်ယောင်အား ဇူယွမ်အား မျက်စောင်းတစ်ချက်မျှ ထိုးလိုက်ပြီးနောက် စကားဆိုလိုက်၏။ "မူလရေကန်မှာရှိနေတဲ့ ရေနေသားရဲတွေက အကောင်းဆုံး ပြင်ပအင်အားပဲလေ။ မဟုတ်လို့လား။"

"နင့်ရဲ့ မြင့်မြတ်သောနဂါးချီတွေက အဲ့ကရေနေသားရဲတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ မေ့သွားပြီလား။"

ဇူယွမ်မှာ ယောင်ယောင်ဆိုလိုသည့်သဘောအား နားလည်သွားဟန်ဖြင့် မေးမြန်းလိုက်သည်။ "အဲ့တော့ ကျွန်တော်က ရေနေသားရဲတွေကို ဆွဲဆောင်ပြီးတော့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို သူတို့အကူအညီနဲ့ ထုတ်ပစ်ရမှာလား။"

ယောင်ယောင်၏ နီထွေးသောနှုတ်ခမ်းသားလေးမှာ ခပ်ဖွဖွပြုံးသွားပြီးနောက် စကားဆိုလိုက်၏။ "ဟုတ်တယ်။ နင်ကရေနေသားရဲတွေကို အစီအရင်ထဲရောက်လာအောင် ဆွဲဆောင်ရမယ်။ အဲ့အခါကြရင် ရေနေသားရဲတွေနဲ့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေ သတ်ပုတ်ကြရမှာပဲ။ အဲ့တော့ငါတို့က ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို ထုတ်ပစ်နိုင်ရုံမကပဲ မူလနဂါးခြင်ဆီတွေလည်း အများကြီးရလိမ့်မယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိမှာ။"

"အရမ်းအညှာအတာကင်းမဲ့တာပဲ။"

ဇူယွမ်မှ တိုးညင်းစွာ ေရရွတ်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဇူယွမ်မှ ပြုံးကာပြောလိုက်၏။ "ဒါပေမယ့် အဲ့အစီအစဥ်ကို ကျွန်တော် အရမ်းသဘောကျတယ်..ဟီးဟီး။"

ဓားကပ်ဘေးတောင်ထွတ်မှာ မူလသူတော်စင်တောင်ထွတ်၏ဂုဏ်သိက္ခာအား အနည်းငယ်မျှပင် အလေးမထားပဲ ရိုင်းစိုင်းမောက်မာလွန်းလှသည်။ ထို့ကြောင်​့ ဇူယွမ်အနေဖြင့်လည်း ဓားကပ်ဘေးတောင်ထွတ်အပေါ် ငဲ့ညှာနေစရာအကြောင်း မရှိပေ။

ထို့အပြင် မူလသူတော်စင်တောင်ထွတ်မှာ ချိပ်စည်းပြယ်သွားပြီဖြစ်သောကြောင့် ယခုအချိန်တွင် ဓားကပ်ဘေးတောင်ထွတ်အား အနိုင်ယူနိုင်လိုက်ပါက အနာဂတ်၌ မည်သည့်တောင်ထွတ်ကမှ မူလသူတော်စင်တောင်ထွတ်အား အထင်သေးရဲတော့မည် မဟုတ်ချေ။

ယောင်ယောင်မှာ စိတ်လှုပ်ရှားနေသော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။ "ဘာပဲဖြစ်ဖြစ် ဒီအစီအစဥ်မှာလည်း သတိထားရမှာတွေ ရှိတယ်။"

"ဘာတွေလဲဟင်။" ဇူယွမ်မှ လျင်မြန်စွာ မေးမြန်းလိုက်သည်။ ဇူယွမ်မှာ ပထမ၌ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ဓားကပ်ဘေးတောင်ထွတ်အား ရင်ဆိုင်ရန်အတွက် များစွာစိုးရိမ်နေမိပါသော်လည်း ယခုတွင်မူ ယောင်ယောင်၏ အစီအစဥ်ကြောင်​့ မျှော်လင့်ချက် အနည်းငယ်ရှိလာပြီ ဖြစ်၏။

ယောင်ယောင်မှာ မေးဖျားလေးအားပွတ်သပ်ရင်းဖြင့် ပြောလိုက်သည်။ "ဒီကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်က တည်ဆောက်ဖို့ အရမ်းခက်ခဲလွန်းတယ်။ ငါတစ်ယောက်ထဲ လုပ်နိုင်မှာ မဟုတ်ဘူး။ အကူအညီလိုတယ်။"

"ကျွန်တော်ဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော့်ရဲ့ စိတ်ဝိဉာဥ်အဆင့်နဲ့ ကူညီလို့ရရဲ့လား။" ဇူယွမ်မှ မေးမြန်းလိုက်၏။

"စိတ်ဝိဉာဥ် အထွတ်အထိပ်ဒြပ်ထည်အဆင့်ကို ရောက်နေတဲ့သူကပဲ ဒီအစီအရင်ကို တည်ဆောက်ဖို့ ကူညီပေးနိုင်မှာ။" ယောင်ယောင်မှာ ဇူယွမ်အားကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ယဲ့ကယ်လောက်ဆိုရင် မဆိုးဘူး။"

ဇူယွမ်၏ အမူအရာမှာ ခက်ထန်သွားကာ လျင်မြန်စွာပင် စကားဆိုလိုက်၏။ "ယဲ့ကယ်က မူလသူတော်စင်တောင်ထွတ်ကသူမှ မဟုတ်တာ။ ပြီးတော့ သူတော်စင်မှော်စာလုံးတောင်ထွတ်က ယောင်ယောင့်ကို အရမ်းလိုချင်နေတာလေ။ ယဲ့ကယ်ကိုသာ အကူအညီတောင်းလိုက်ရင် သူတို့က အဲ့ဒါနဲ့ ယောင်ယောင့်ကို ဖိအားပေးပြီးတော့ သူတော်စင်မှော်စာလုံးတောင်ထွတ်ကို တပည့်အနေနဲ့ လာခိုင်းရင် ဘယ်လိုလုပ်မလဲ။ မရဘူး...မရဘူး။ ယဲ့ကယ်ကို အကူအညီတောင်းမယ့် အစီအစဥ်ကိုတော​့ လုံးဝလက်မခံပေးနိုင်ဘူး။"

ယောင်ယောင်မှာ အဆက်မပြတ် တားဆီးနေသော ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် နှစ်ခြိုက်သဘောကျစွာ ပြုံးလိုက်သည်။

ဇူယွမ်မှာလည်း ယောင်ယောင်ကိုကြည့်၍ ပြုံးကာပြောလိုက်၏။ "မပူပါနဲ့။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမရောက်ခင် စိတ်ဝိဉာဥ် အထွတ်အထိပ်ဒြပ်ထည်အဆင့်ကိုရောက်အောင် ကျွန်တော်ကြိုးစားပါ့မယ်။"

ယောင်ယောင်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် တုံ့ပြန်လိုက်သည်။ "အဲ့ဒါဆိုလည်း ကြိုးစားကြည့်လေ။ နင်အဆင့်မတက်နိုင်ရင်တော့ ငါကယဲ့ကယ်ကို အကူအညီတောင်းရမှာပဲ။"

ဇူယ​ွမ်မှာ စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ပြုံးကာခေါင်းညိတ်ပြလိုက်၏။

ယောင်ယောင်မှာ ဇူယွမ်၏ အမူအရာအားကြည့်၍ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ခါးကြောများကိုဆန့်ထုတ်ကာ ပြောလိုက်သည်။ "စိတ်ဝိဉာဥ်သန့်စင်ခြင်းဝတ်ရည်ကို အသုံးပြုနိုင်ဖို့လုပ်နေတာ ပြီးဖို့သိပ်မလိုတော့ဘူး။ အဲ့ဒါပြီးသွားရင် နင့်ရဲ့စိတ်ဝိဥာဥ် အဆင့်တက်ဖို့အတွက် အများကြီး အထောက်အပ့ံဖြစ်စေလိမ့်မယ်။"

ယောင်ယောင်၏ စကားကြောင့် ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားရ၏။ စိတ်ဝိဥာဥ်သန့်စင်ခြင်းဝတ်ရည်ဖြင့်သာဆိုလျှင် စိတ်ဝိဉာဥ် အထွတ်အထိပ်ဒြပ်ထည်အဆင့်အား လျင်မြန်စွာ တက်ရောက်နိုင်မည်ပင် ဖြစ်သည်။

"ဒါပေမယ့် နောက်ထပ်ပြဿနာတစ်ခု ရှိသေးတယ်။"

ယောင်ယောင်မှာ အစီအရင်ရေးဆွဲထားသော ရှေးဟောင်းစာလိပ်အား ကြည့်ရှုနေရင်းဖြင့် လေးနက်စွာ စကားဆိုလိုက်၏။ "လူအများကြီးကို ပိတ်ဆို့်ရမှာဆိုတော့ အစီအရင်ရဲ့ စွမ်းအင်ကလည်း အများကြီး ထိရောက်မှာမဟုတ်ဘူး။ ပုံမှန်တပည့်တွေကို ပိတ်ထားနိုင်တယ်ဆိုပေမယ့် ဓားကပ်ဘေးတောင်ထွတ်က ထူးချွန်တဲ့တပည့်တွေကတော့ မြန်မြန်ဆန်ဆန်ပဲ လွတ်သွားကြလိမ့်မယ်။"

"အဲ့လိုဆိုရင် ဓားကပ်ဘေးတောင်ထွတ်က ခုန်းရှန်၊ ကျောင်းဇူနဲ့ ပိုင်လီချွီးတို့ကို ပိတ်ထားဖို့ မဖြစ်နိုင်ဘူးပေါ့။" ဇူယွမ်မှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။

ယောင်ယောင်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်၏။  "အဲ့ဒါ အကြီးဆုံးပြဿနာပဲ။ သူတို့က လွတ်သွားတာနဲ့ အစီအရင်ကို ဖျက်စီးဖို့ လုပ်ကြမှာပဲ။ အစီအရင်သာ ပျက်စီးသွားရင် ငါတို့ခက်ခက်ခဲခဲ ကြိုးစားထားရသမျှလည်း ရေစုန်မျောသွားလိမ့်မယ်။"

ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားရသည်။ မည်သို့ပင်ဆိုစေကာမူ ပြင်းထန်သော တိုက်ပွဲအား ရှောင်လွှဲ၍မရနိုင်ဟန် ရှိ၏။ သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် ကြောက်ရွ့ံမနေပဲ မျက်ဝန်းများမှာ တိုက်ပွဲဆာလောင်နေသော အငွေ့အသက်များဖြင့် ပြည့်နှက်လာရသည်။

"ခုန်းရှန်နဲ့ ကျောင်းဇူကုိ စိတ်မပူပါနဲ့။ ငါနဲ့ထန်ထန်က သူတို့ကို ကောင်းကောင်းကိုင်တွယ်ထားနိုင်တယ်။" ယောင်ယောင်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "ဒါပေမယ့် ပိုင်လီချွီးကိုတော့ နင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်။"

"နင်သာ ပိုင်လီချွီးကို မကိုင်တွယ်နို်င်ရင် သူလွတ်သွားတာနဲ့ အစီအရင်ကို ဖျက်စီးမှာပဲ။ အစီအရင်ပျက်စီးသွားလို့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေ လွတ်သွားပြီဆိုရင် မူလသူတော်စင်တောင်ထွတ်လည်း အရေးနိမ့်သွားရလိမ့်မယ်။"

"အဲ့ဒါကြောင့် နင်ပိုင်လီချွီးကို ရင်ဆိုင်နိုင်ရဲ့လား။"

ဇူယွမ်၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ခပ်ဖွဖွရယ်မောကာ ေပြာလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ပိုင်လီချွီးကိုတောင် မကိုင်တွယ်နိုင်ခ့ဲရင် ကျွန်တော် တပည့်ခေါင်းဆောင်နေရာက နှုတ်ထွက်လိုက်မယ်။"

ယောင်ယောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေးဟောင်းစာလိပ်အား သိမ်းဆည်းကာ စကားဆိုလိုက်၏။ "ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်ကို တည်ဆောက်နိုင်ဖို့အတွက် ငါ့မှာပြင်ဆင်စရာလေးတွေ ရှိသေးတယ်။ ကျန်တဲ့တစ်လအတွင်း ငါတို့အကောင်းဆုံး ကြိုးစားပြင်ဆင်ကြတာပေါ့။"

"ပြီးတော့....."

"မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားရောက်လာမယ့်အချိန်ကို စောင့်ကြတာပေါ့။ အဲ့အချိန်ကြရင် ဓားကပ်ဘေးတောင်ထွတ်ကို လက်ဆောင်ကောင်းကောင်းလေး ပေးရမယ်။"

ယောင်ယောင်မှာ အေးစက်စွာဖြင့် ရယ်မောလိုက်သည်။

ယောင်ယောင်၏ အေးစက်ခက်ထန်လှသော မျက်ဝန်းများကြောင့် ဇူယွမ်သည်ပင် ကြက်သီးမွှေးညှင်းများ ထသွားရ၏။ ယောင်ယောင့်ကိုပင် ဒေါသထွက်စေခ့ဲသည့်အတွက် ဓားကပ်ဘေးတောင်ထွတ်၏ အဆုံးသတ်မှာလည်း ကောင်းမွန်လိမ့်မည် မဟုတ်ချေ။

ဇူယွမ်မှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ရောက်ရှိရန်အတွက် အမှန်တကယ်ပင် မျှော်လင့်နေမိသည်။

ထို့နေ့သို့ရောက်လျှင် ကန်ရွှမ်းကလန်တစ်ခုလုံးမှာ မူလသူတော်စင်တောင်ထွတ်အား အ့ံအားသင့်ကြရဦးမည်ပင် ဖြစ်ပေတော့သတည်း။

All Chapters