← Chapters

တကယ် လုယူလို့ ရတာလား

Vol. 1 Ch. 65

တကယ် လုယူလို့ ရတာလား

Vol. 1 Ch. 65

“ကျန်းရီ”

အကြီးအကဲဖူနှင့် ဆရာရုန်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် ကျန်းရီ၏ အင်အားနှင့် ဆန်းကြယ်သော စွမ်းရည်များကို စိတ်ဝင်စားသော်လည်း သူ၏ အပြုအမူများကို သဘောမကျကြပေ။ သူသည် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော်လည်း အနောက်ဘက် တောင်ကုန်းတွင် လူများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ သူသာ ဤပုံစံများနှင့် သင်တန်းကျောင်းကို ဝင်ရောက်ပါလျှင် ပဋိပက္ခများ ဖြစ်ပွားစေမည် မဟုတ်ပါလား။

အထူးသဖြင့် ငယ်ရွယ်သော ဆရာရုန်သည် ကျန်းယွင်ဟိုင် ပြောခဲ့သော အားလုံးကို ကျန်းရီနှင့်အတူ မြှုပ်နှံပစ်မည် ဟူသော စကားကို မကျေနပ်သေးပေ။ သူ၏ အကြည့်များသည် လှုပ်ရှားသွားပြီး စကားပြောလိုက်သည်။

“ဒီတစ်ယောက်က နောက်ကျလွန်းတယ် ... ပြိုင်ပွဲစည်းမျဉ်းအရ မင်းက သွေးရှင်းတမ်းကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ဘူး”

“ဟာ”

ဆရာရုန်၏ ကြေညာချက်သည် လူတိုင်းကို အံ့အားသင့် သွားစေပြီး ကျန်းရီကို သနားစဖွယ် ကြည့်လာကြသည်။ ဝိညာဉ်သားရဲ မြို့ကိုလာဖို့ ဒီလောက် အားခဲထားပြီးမှ ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးရသည်။ သူသည် တကယ်ကို နစ်နာရပေသည်။

ကျန်းဟန်ရွှေ၊ လျှိုဟဲနှင့် ကျန်လူများသည်လည်း ကျိတ်၍ ဝမ်းသာသွားကြသည်။ သူတို့သည် ကျန်းရီကို ကြောက်ရွံ့နေကြခြင်း ဖြစ်ပြီး သူ့ကို သင်တန်းကျောင်းသို့ မဝင်ရောက်စေလိုကြပေ။ အထူးသဖြင့် ကျန်းဟန်ရွှေ ဖြစ်သည်။ သူသည် ကျန်းရီကို မြင်လိုက်တိုင်း သူ၏ ကျန်းဂိုဏ်းသားများ ရက်ရက်စက်စက် သေဆုံးသွားရသည်ကို မြင်ယောင်ကာ နာကြည်းရသည်။ သူသည် ကျန်းယွင်ရှန် ညတွင်းချင်း ဆံပင်များ ဆွတ်ဆွတ်ဖြူ သွားသည့် အကြောင်းကို သတိရသော အခါတွင်လည်း သူသည် ကျန်းရီကို ကြောက်လန့် မုန်းတီးနေရသည်။ သူသည် ထိုအခြင်းအရာများကို ထုတ်မပြဘဲ စိတ်ထဲတွင်သာ သည်းခံထားရရာ ရူးသွပ်မတတ်ပင် ဖြစ်နေခဲ့ရသည်။

ကျီထင်ယွီနှင့် ဆရာမစုတို့သည် မျက်မှောင်များ ကြုတ်သွားကြသည်။ ဆရာများသည်လည်း သံသယရှိသော အမူအရာများ ဖြစ်သွားကြသည်။ ဒီကောင်လေးက နောက်ကျတာ မှန်ပေမဲ့လည်း ပြိုင်ပွဲက မစရသေးဘူးလေ ... အဲဒီလောက်ကြီး ပြင်းပြင်းထန်ထန် လုပ်ဖို့ မလိုဘူးမလား ... ဒီကောင်လေးက ဆရာရုန်နဲ့များ ပြဿနာတစ်ခုခု ဖြစ်ထားတာများလား ... ထိုသို့ တွေးမိသောအခါ ဆရာအများစုသည် ငြိမ်၍သာ နေလိုက်ကြသည်။ သူတို့သည် ဆရာရုန်ကို ဆန့်ကျင်၍ ကျန်းရီကို ထောက်ခံရလောက်အောင် မတုံးသေးပေ။

“ဒါက မသင့်တော်ဘူးလို့ ထင်ပါတယ်”

ရုတ်တရက် ကြည်လင် ပြတ်သားသော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့ရာ ဆရာများ အားလုံးသည် ဆွံ့အသွားရသည်။ သူတို့သည် ဆရာမစုကို တစ်လှည့် ကျန်းရီကို တစ်လှည့် ကြည့်လိုက်ကြသည်။ ဒီကောင်လေး သင်တန်းကျောင်းရဲ့ ရေခဲမယ် အလှလေးနဲ့ ပတ်သက် နေတာများလား ... မဟုတ်ရင် သူမလို မတုန်မလှုပ် အေးစက်စက်နေတဲ့ သူက ဒီကောင်လေးကို ဘာလို့ ကူညီမှာလဲ။

ဆရာမစုသည် မျက်လုံးများစွာကို လျစ်လျူရှုကာ ဆက်လက် ပြောဆိုလိုက်သည်။

“သင်တန်းကျောင်းမှာ ပြိုင်ပွဲဝင်မယ့် သူတွေအများကြီး ရှိပြီးတော့ ဒီကောင်လေးက အချိန်မီ ရောက်လာတာပဲ ... သူ့ကို ပြိုင်ပွဲဝင်ခွင့်သာ တားမြစ်လိုက်မယ် ဆိုရင် ရက်စက်လွန်းရာ မကျဘူးလား ... သူ့ကို အခွင့်အရေး တစ်ခု ပေးသင့်တယ်လို့ ထင်တယ်”

“လောရွှယ် ... မင်းကဒီလို ပြောလာမှတော့ ငါသူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”

ပြိုင်ပွဲကို ဦးစီး ကျင်းပသူသည် အနက်ရောင် သံချတ်ဝတ်စုံကို ဝတ်ထားသော ဆရာဖြစ်သည်။ သူသည် ဆရာမစုကို ကြည့်ကာ ပြုံးလိုက်ပြီး လက်ယမ်း ပြလိုက်သည်။

“ကောင်းပြီ ... ဒါဆို သွေးရှင်းတမ်း ပြိုင်ပွဲ စတင်ပြီ”

“ဝှစ် ... ဝှစ်”

ဆရာ၏ စကားဆုံးသည်နှင့် မရေမတွက်နိုင်သော ပုံရိပ်များသည် ချက်ချင်းပင် လှုပ်ရှားသွားကာ နဂါးကြီးနှစ်ကောင် ကဲ့သို့ အရှေ့ဘက်နှင့် အနောက်ဘက် တောင်ပေါ်သို့ အသီးသီး တက်သွားကြလေသည်။

“ကျေးဇူးတင်ပါတယ် ... ဆရာမစု”

ကျန်းရီသည် စုလောရွှယ်ကို အရိုအသေ ပေးလိုက်သည်။ ထို့နောက် သူသည် မေးလိုက်သည် ...

“ဆရာမစု ... ကျွန်တော် ဘယ်လမ်းကို သွားရမှာလဲ”

“ဟား ... ဟား”

ဆရာများစွာသည် ဒီကောင်လေးက တုံးရန်ကော ဟူသည့် အတွေးဖြင့် ရယ်လိုက်ကြသည်။ သူက နောက်ကျတဲ့အပြင် ဘယ်ဘက်ကို သွားရမှန်းလဲ မသိဘူး ... ထို့ပြင် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သာ ရှိသေးသည်။ သူက ဒီကို သွေးရှင်းတမ်း ပြိုင်ပွဲဝင်ဖို့ လာတာလား ... ဟာသလုပ်ဖို့ လာတာလား။

“ဒီဘက် ... အရူး”

စုလောရွှယ်သည် ခြေတစ်ချက် ဆောင့်၍ အနောက်ဘက်သို့ ညွှန်ပြလိုက်သည်။ သူမသည် ကျန်းရီကို သွေးရှင်းတမ်း ပြိုင်ပွဲဝင်ခိုင်းရန် ကျန်းယွင်ဟိုင်အား အကြံပေးခဲ့သူ ဖြစ်သည်။ ထိုအခွင့်အရေးသည် သူမမှ ကျန်းရီကို ပေးထားခြင်း ဖြစ်သောကြောင့် ကူညီ၍ စကားဝင်ပြောခဲ့ခြင်း ဖြစ်သည်။ သူမစကား ပြောလိုက်သော အခါတွင် ဆရာအများစုသည် ကျန်းရီမှာ သူမနှင့် ပတ်သက်နေသည်ဟု ထင်သွားကြသည်။ ယခု ကျန်းရီသည် ကြောင်တောင်တောင် ပြုမူလိုက်သော အခါ သူမ မျက်နှာပျက်ရပေသည်။

“အမ် ... ဒါဆို ကျွန်တော်သွားပြီ”

ကျန်းရီသည် ပြုံးလိုက်ပြီး အတွင်းအားသုံးကာ လူအုပ်နောက်သို့ အမြန် ပြေးလိုက်သွားခဲ့သည်။ သို့သော် သူသည် အနက်ရောင် အတွင်းအားကို မသုံးထားရာ သူ့အမြန်နှုန်းသည် အခြားသူများကို မမီနိုင်ချေ။ သူသည် ခြေကုန်လက်ပန်း ကျနေသော စစ်သားကြီး တစ်ယောက်နှယ်ပင်။ ထိုမြင်ကွင်းသည် ဆရာများအတွက် အလွန် ရယ်စရာ ကောင်းနေလေသည်။

ဟမ့် ... ကျန်းရီ ... မင်းသာ သွေးရှင်းတမ်း ပြိုင်ပွဲကို မဖြတ်ကျော်နိုင်ဘူး ဆိုရင် ငါစုလောရွှယ်က ဒီတစ်ခါ မျက်လုံး ကန်းသွားတာပဲ ဖြစ်ရမယ်။

အခြား ဆရာများ၏ လှောင်ပြောင်လိုသော အမူအရာများကို ကြည့်၍ ဆရာမစု၏ မျက်နှာ အမူအရာသည် ပြောင်းလဲ သွားခဲ့ပြန်သည်။ သူမသည် ကျန်းရီကို ကြည့်နေခဲ့ပြီးမှ ပြန်လှည့်ကာ မြို့ဘက်သို့ ဦးတည် လိုက်လေသည်။

“ကောင်းပြီ ... တာဝန်ကျ ဆရာတွေကလွဲပြီး ကျန်တဲ့သူတွေ ပြန်ပြီး အနားယူနိုင်ပါတယ် ...”

အရပ်ရှည်သော ဆရာသည် သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်သည်။ မကြာခင်မှာပင် ဆရာ ဆယ်ယောက်သည် နှစ်ဖွဲ့ခွဲကာ အရှေ့ဘက်နှင့် အနောက်ဘက်သို့ အသီးသီး လိုက်သွားကြလေသည်။ သွေးရှင်းတမ်း ပြိုင်ပွဲသည် လွယ်လွယ်နှင့် ပြီးဆုံးသွားမည် ဖြစ်သော်လည်း ဆရာများ ကင်းထောက် စောင့်ကြည့်နေမှသာ တစ်ဦးနှင့်တစ်ဦး မသတ်ရဲကြမည် ဖြစ်သည်။

***

“ဟေး ... အစ်ကို ... ဒီပြိုင်ပွဲမှာ ကျွန်တော်တို့က ဘာလုပ်ရမှာလဲ ... စည်းမျဉ်းတွေကရော”

ကျန်းရီသည် လူအုပ်နောက်သို့ အမြန် လိုက်လာခဲ့သည်။ သူသည် ယခု နောက်ကျ ကျန်နေခဲ့သော အုပ်စုတစ်ခုအတွင်း ဖြစ်ပြီး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ရှိ လူငယ်တစ်ဦးနှင့် ဘေးချင်းယှဉ် လျှောက်နေခဲ့သည်။ သူသည် အပြေးသွားကာ ဖော်ရွေအပြုံး တစ်ခုနှင့် မေးလိုက်သည်။

သူနောက်ကျ နေရသော အကြောင်းအရင်းမှာ ကျင့်ကြံနေခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သည့်ညက သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သို့ ရောက်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် အရာရာကို မေ့ထားလိုက်ကာ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက် ထားလိုက်သည်။ ရလဒ်သည်ကား သူမျက်လုံး ဖွင့်သည်နှင့် ကျန်းယွင်ဟိုင်သည် သူ့ကို သယ်ကာ တောင်ဘက် ဂိတ်တံခါးဆီ ပြေးလာခဲ့ခြင်း ဖြစ်လေသည်။ လမ်းတွင် ကျန်းယွင်ဟိုင်သည် သူ့ကို စည်းမျဉ်းများအား ရှင်းပြနေရန် အချိန်မရှိသောကြောင့် သူသည် ပြိုင်ပွဲ၏ စည်းမျဉ်းတစ်ခုမှ မသိလိုက်ခြင်း ဖြစ်လေသည်။

လူငယ်များသည် ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး မဖြေဘဲ ရှေ့သို့သာ ဆက်သွားနေကြသည်။ ကျန်းရီသည် ဒေါသ မထွက်သွားပဲ နောက်ဆုံး၏ ရှေ့မှတစ်ယောက်ထံသို့ သွားကာ မေးလိုက်ပြန်သည် ...

“အစ်ကို ... ကျွန်တော့်ကို စည်းမျဉ်းလေးတွေ ရှင်းပြပေးလို့ရမလား”

“ထွက်သွားစမ်း”

လူငယ်သည် ရုတ်တရက် စိုက်ကြည့်ကာ အော်ထုတ်လိမ့်မည်ဟု ဘယ်သူက ထင်ပါမည်နည်း ... ထိုလူငယ်သည် ရှေ့ကို ကြည့်နေရင်း နှာခေါင်းရှုံ့လိုက်သည်။

“ငါ့အချိန်တွေကို လာမဖြုန်းနဲ့ ... ငါနောက်ကျနေရင် သားရဲတွေ အကုန်လုံး သူများတွေ သတ်လို့ သေကုန်လိမ့်မယ် ... ဒါဆို ငါဘယ်လိုလုပ်ပြီး သင်တန်းကျောင်း ဝင်လို့ရတော့မှာလဲ”

ကျန်းရီသည် ရှက်ရွံ့စွာ နှာခေါင်းကို ပွတ်လိုက်ပြီးနောက် အကြံတစ်ခု ရလာခဲ့သည်။ သူသည် အိတ်အတွင်းမှ ခရမ်းရောင်ရွှေ တစ်ရွက်ကို ထုတ်ကာ ထိုလူငယ်ကို ပေးကာ ရယ်မောလိုက်သည်။

“ဒီက အစ်ကို ... ကျွန်တော်တို့ နောက်ဆုံး ဖြစ်နေမှတော့ အချိန်ဖြုန်းတာ ဘယ်ဟုတ်တော့မလဲ”

လူငယ်၏ မျက်လုံးများသည် တောက်ပသွားပြီး ကျန်းရီထံမှ ရွှေရွက်ကို ယူလိုက်ကာ စကားစတင် ပြောဆိုလာခဲ့သည်။ သူတို့သည် လမ်းတစ်လျှောက်တွင် လူအုပ်၏ နောက်မှ ဖြည်းဖြည်းသာ လိုက်ပါခဲ့ကြသည်။ တောင်ခြေကို မရောက်မီတွင် ကျန်းရီသည် စည်းမျဉ်း အားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင် အများစုသည် တောင်နယ်နိမိတ် အတွင်းရှိ သစ်တောထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ သူတို့သည် တိုက်ပွဲသံများနှင့် နတ်ဆိုးသားရဲတို့၏ ဟိန်းဟောက်သံများကို ကြားနေပြီ ဖြစ်သည်။ ပြိုင်ပွဲသည် စတင်နေပေပြီ။

ကျန်းရီ ပြေးသွားတော့မည်ကို မြင်လျှင် လူငယ်သည် ဆွဲထားကာ တိုးတိုးပြောလာခဲ့သည်။

“နေပါဦး ... ငါက ရွှေရွက်ကို ယူထားပြီးပြီဆိုတော့ အကြံတစ်ခု ပေးလိုက်ဦးမယ် ... မင်းက ပြိုင်ပွဲအတွင်းမှာ နတ်ဆိုး သားရဲတွေကိုတင် မကဘူး ... ပြိုင်ပွဲဝင်တွေကိုပါ သတိထားရမယ် ... မဟုတ်ရင် မင်းခက်ခက်ခဲခဲ စုဆောင်းထားတဲ့ တံဆိပ်ပြားတွေကို သူများတွေ လွယ်လွယ်ကူကူ လုသွားလိမ့်မယ် ...”

“ဘာ”

ကျန်းရီသည် မျက်မှောင်ကြုတ် လိုက်ပြီး အံ့အားသင့်စွာ မေးလာခဲ့သည်။

“ဆရာတွေက စောင့်ကြည့်နေမယ်လို့ မင်းမပြောခဲ့ဘူးလား ... ဘာလို့ တံဆိပ်ပြားတွေကို လုရဲကြမှာလဲ”

လူငယ်သည် အေးစက်စက် ရယ်မောလိုက်သည်။

“ဝိညာဉ်သားရဲတောင် ဘယ်လောက်ကြီးလဲ မင်းမမြင်ဘူးလား ... အမြန်ဆုံးနှုန်းနဲ့ ဆိုရင်တောင် တောင်ရဲ့ အနောက်ဘက်ခြမ်း တစ်ခုလုံးကို သွားဖို့ တစ်ရက်၊ နှစ်ရက်လောက် ကြာတယ် ... ဆရာ ငါးယောက်ထဲနဲ့ ဒီနေရာတစ်ခုလုံးကို စောင့်ကြည့်နိုင်မယ်လို့ မင်းထင်လား ... ပြီးတော့ ပြိုင်ပွဲမှာ တံဆိပ်ပြားတွေကို လုကြတာက ပြောမထားတဲ့ စည်းမျဉ်းတစ်ခုပဲ ... ဆရာတွေကလည်း ဒါကိုသိကြတယ် ... တစ်ယောက်ယောက် မသေသရွေ့ ဒါမှမဟုတ် ကိုယ်တိုင် မမြင်သရွေ့ ဆရာတွေက တစ်ယောက်ယောက် မသန်စွမ်း ဖြစ်သွားတယ် ဆိုရင်တောင် စိတ်မဆိုးကြဘူး ... ပြီးတော့ ... တခြားသူရဲ့ တံဆိပ်ပြားကို လုယူနိုင်တာလည်း တိုက်ခိုက်ခြင်း တစ်မျိုးပဲ”

“ဒီလိုကိုး ... ကျေးဇူးပဲ အစ်ကို ... ကံကောင်းပါစေ”

ကျန်းရီသည် မဲ့ပြုံးပြုံးလိုက်သည်။ သူသည် ကြောက်မနေသည့် အပြင် ပို၍တောင် စိတ်လှုပ်ရှား လာသေးသည်။

တကယ်ကြီး လုယူလို့ ရတာလား ... ဒါဆိုရင်တော့ ဒီသွေးရှင်းတမ်း ပြိုင်ပွဲက သူ့အပေါ်ဖိအား မပေးနိုင်တော့ပေ။ သူသာ သုံးရက်အတွင်း တံဆိပ်ပြား အလုံအလောက် မစုဆောင်းနိုင်ခဲ့လျှင် တခြားသူဆီမှ လုယူမည် ဖြစ်သည်။ သူသည် ဖြောင့်မတ်သော လူများထံမှ လုယူရန် အစီအစဉ် မရှိပေ။ တခြားသူထံမှ လုယူထားသော သူများကိုသာ လုယူမည်။ သို့ဆိုလျှင် အပြစ် မရှိနိုင်တော့ပေ။

တိုက်ပွဲ …

ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်ကို ရောက်နေကြတဲ့ ပါရမီရှင်တွေက လွဲရင် တခြား ပြိုင်ပွဲဝင်တွေကို ကြောက်နေစရာ လိုသေးလို့လား။

***

All Chapters