ကနဦးအဆင့်မျိုးစေ့
Vol. 37 Ch. 509
ဇူယွမ်နှင့် ယောင်ယောင်တို့နှစ်ဦး တိုက်ပွဲအစီအစဥ်များ ချမှတ်ပြီးသည့် အချိန်မှစ၍ လဝက်ခန့်မျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
တောင်တန်းများ၏ အတွင်းတစ်နေရာ၌
ကျောက်ဖျာချပ်ကြီးတစ်ခုပေါ်တွင် ထိုင်နေလျက်ရှိသော ဇူယွမ်မှာ လက်ဝါးထက်တွင်ရှိနေသော အလင်းတန်းများ ဖြာထွက်နေသည့် စွမ်းအင်လုံးငယ်တစ်ခုအား လေးနက်စွာဖြင့် ကြည့်ရှုနေ၏။ ထိုစွမ်းအင်လုံးငယ်ထံမှ ရှုပ်ထွေးလှသည့် စွမ်းအင်စက်ဝန်းများ ပျ့ံနှ့ံထွက်ပေါ်နေလျက် ရှိသည်။ တစ်လခွဲမျှသော အချိန်များ ကုန်ဆုံးသွားပြီးသည့်နောက်တွင် သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့မှာ ကနဦးအဆင့်သို့ရောက်ရှိရန် လွန်စွာနီးကပ်နေပြီ ဖြစ်၏။
"မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲ ရှစ်ဆယ့်ကိုးခုကို ပေါင်းစည်းသန့်စင်ပြီးသွားပြီ။"
ဇူယွမ်မှ စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် နှုတ်ခမ်းအား သပ်လိုက်သည်။ ဇူယွမ်မှာ ဤတစ်လခွဲမျှသော အချိန်ကာလပတ်လုံး သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အပေါ်တွင်သာ စိတ်ရောကိုယ်ပါ အာရုံစူးစိုက်ထားခ့ဲခြင်း ဖြစ်၏။
ယခုဆိုလျှင် ဇူယွမ်မှာ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့၏ ကနဦးအဆင့်သို့ ရောက်ရှိနိုင်တော့မည်ပင်ဖြစ်ပြီး ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်၏ စွမ်းအင်များအား မြင်တွေ့ခံစားနိုင်တော့မည်ပင် ဖြစ်သည်။
ဇူယွမ်မှာ သတိကြီးစွာဖြင့် မူလသားရဲပုံဆောင်ခဲတစ်ခုအား သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အတွင်းသို့ ပေါင်းစည်းသန့်စင်လိုက်၏။
ချပ်....ချပ်....
ရှုပ်ထွေးနေသော စွမ်းအင်စက်ဝန်းများ ထွက်ပေါ်လာပြီး မူလကတည်ငြိမ်လျက်ရှိသော သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့မှာ ပေါက်ကွဲတော့မည့်အလား တုန်ခါလာလေသည်။
ဇူယွမ်မှာ အနက်ဖော်သူတော်စင်မှော်စာလုံးအား စတင်လည်ပတ်စေလိုက်ပြီးနောက် သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ကျွမ်းကျင်စွာဖြင့် ထိန်းချုပ်လိုက်၏။
မူလသားရဲစိတ်ဝိဥာဥ်ပုံဆောင်ခဲများစွာအား ပေါင်းစည်းသန့်စင်ထားပြီးသည့်နောက် သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ကိုင်တွယ်ရသည်မှာ အတော်ပင် ရှုပ်ထွေးနေပြီ ဖြစ်သည်။ အချိန်တစ်လခွဲမျှ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့အား ထိုင်ချုပ်ကိုင်တွယ်နေပါသော်လည်း ဇူယွမ်မှာ ယခုအချိန်ထိ အလွန်ပင်ပန်းနေရဆဲသာ ဖြစ်၏။
တောင်တန်းဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး လေတိုးသံများသာလျှင် ညင်သာစွာ ကြားနေရသည်။
ဇူယွမ်မှာ စွမ်းအင်လုံးငယ်ပေါ်တွင်သာ အပြည့်အဝ အာရုံစူးစိုက်ထား၏။ ဇူယွမ်မှာ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နေရသက့ဲသို့ အလွန်ပင် ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။ သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် အနားမယူရဲပဲ သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့ကိုသာ အပြည့်အဝ အာရုံစိုက်လျက် ထိန်းချုပ်နေ၏။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ဇူယွမ်၏ လက်ဝါးထက်တွင်ရှိနေသော အလင်းတန်းများ ဖြာထွက်နေသည့် စွမ်းအင်လုံးငယ်မှာ ပို၍ပို၍ လင်းလက်တောက်ပလာလေသည်။
ဇူယွမ်နှင့် မလှမ်းမကမ်းတွင်မူ ရွှမ်အဖိုးအိုမှာ သစ်ပင်တစ်ပင်အားမှီလျက် ဆေးပြင်းလိပ်အားခဲထား၏။ ရွှမ်အဖိုးအိုမှာ ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ ပြူးကျယ်တောက်ပလာရသည်။
"ဒီကောင်လေး...."
ဇူယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ေချွးစေးများဖြင့် ရွှဲစိုနေ၏။ ဇူယွမ်မှာ နဖူးကြောများမှာ တင်းမာခက်ထန်နေပြီး အသက်ရှ္ူသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ဇူယွမ်မှာ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်ရှိနေပြီပင် ဖြစ်၏။
"စွမ်းအင်စက်ဝန်းတွေ ပျ့ံနှ့ံနေတာ တော်လိုက်တော့။"
ဇူယွမ်မှာ ကျယ်လောင်စွာ အော်ဟစ်လ်ုက်ရင်းဖြင့် စွမ်းအင်လုံးငယ်အား ပြင်းထန်စွာ လွှဲရိုက်ချလိုက်သည်။
ဘုန်း....
လက်ဝါးချက်အောက်တွင် စွမ်းအင်လုံးငယ်မှာ အက်ကွဲသွားရကာ စွမ်းအင်စက်ဝန်းများ ပေါက်ကွဲကုန်သောကြောင့် ဇူယွမ်သည်ပင် အဝေးသို့ လွင့်စင်သွားရ၏။
ဇူယွမ်မှာ လျင်မြန်စွာ မတ်တပ်ပြန်ရပ်လိုက်ပြီးနောက် စွမ်းအင်စက်ဝန်းများ ပေါက်ကွဲရာနေရာသို့ ကြည့်ရှုလိုက်သည်။ ထိုစွမ်းအင်စက်ဝန်းများ၏အလယ်ဗဟိုတွင် ထူးခြားဆန်းကြယ်သော ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ဖြစ်တည်နေလျက် ရှိ၏။ ထိုပုံရိပ်ထံမှ ထူးခြားတည်ငြိမ်သော စွမ်းအင်ဖိအားတစ်မျိုး ထွက်ပေါ်နေလေသည်။
"ကောင်လေး.....မြန်မြန် မင်းရဲ့သွေးအဆီအနှစ်ကိုသုံးပြီးတော့ သန့်စင်ဖို့လုပ်လိုက်။"
ဇူယွမ်မှာ မြင်ကွင်းအား မှင်သက်ငေးမောနေစဥ်မှာပင် ရွှမ်အဖိုးအိုမှ အော်ဟစ်ပြောဆိုလိုက်၏။
ွဇူယွမ်မှာ အသိပြန်ဝင်လာပြီးနောက် လျှာကိုကိုက်၍ သွေးအဆီအနှစ်အနည်းငယ်အား ချီစွမ်းအင်များဖြင့် ရစ်ပတ်ကာ လေထုထဲတွင်ရှိနေသော ဝိုးတဝါးပုံရိပ်ထံသို့ ပစ်လွှတ်လိုက်သည်။
ဇူယွမ်ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားသော အရာဖြစ်သောကြောင့် သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့မှာ ဇူယွမ်အား ရင်းနှီးကျွမ်းဝင်၏။ ထို်ကြောင့် သွေးအဆီအနှစ်နှင့် ပုံရိပ်တို့ ထိတွေ့သွားသည်နှင့်တကွ ဇူယွမ်မှာ ဆက်နွယ်သောခံစားချက်တစ်ခုအား ခံစားလိုက်ရသည်။
ဝှစ်......
ဇူယွမ်မှာ ခံစားချက်အား မဆန်းစစ်ရသေးခင်မှာပင် လေထုထဲတွင်ရှိနေသော ဝိုးတဝါးပုံရိပ်မှာ လျင်မြန်စွာဖြင့် ဇူယွမ်၏ ခန္ဓာကိုယ်မှတဆင့် ချီပင်လယ်အတွင်းသို့ စီးဝင်သွားတော့၏။
ဇူယွမ်မှာ ချီပင်လယ်အတွင်း ရောက်ရှိလာသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ရသည်။ ထိုဝိုးတဝါးပုံရိပ်မှာ ချီစွမ်းအင်များအား အသက်ရှ္ူနေသက့ဲသို့် ဖြည်းညင်းစွာ စုပ်ယူလျက် ရှိ၏။ အသက်တစ်ချက် ရှ္ူလိုက်တိုင်းတွင် ၎င်းဝိုးတဝါးပုံရိပ်မှာ ပိုမို၍ကြည်လင်တောက်ပလာလေသည်။
ဇူယွမ်မှာ ထိုပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ ပြူးကျယ်လာရပြီးနောက် ပျော်ရွှင်ဝမ်းမြောက်စွာ ရေရွတ်လိုက်၏။ "ဒါသူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့ရဲ့ ကနဦးအဆင့်လား။"
"သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့ရဲ့ ပထမဆုံးပုံစံ တည်ဆောက်တာကို ဒီလောက်မြန်မြန်နဲ့ ပြီးသွားလိမ့်မယ်လို့ ငါမထင်ထားခ့ဲဘူး။"
ရွှမ်အဖိုးအိုမှာ ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် အ့ံအားသင့်စွာ ရေရွတ်လိုက်သည်။ "အခြေခံဗဟိုချက်ဖြစ်တဲ့ နောက်ထပ်မူလသားရဲကိုးမျိုးရဲ့ စိတ်ဝိဥာဥ်ပုံဆောင်ခဲတွေကို ပေါင်းစည်းသန့်စင်ပြီးသွားရင် မင်းရဲ့သူတော်စင်စိတ်ဝိဥာဥ်မျိုးစေ့က ပြီးပြည့်စုံသွားလိမ့်မယ်။"
ဇူယွမ်မှာ နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်၏။ မူလသားရဲကိုးဆယ်၏ စိတ်ဝိဥာဥ်ပုံဆောင်ခဲများ ပေါင်းစည်းရခြင်းသည်ပင် ဇူယွမ်အတွက် များစွာခက်ခဲခဲ့ရသည်။ အခြေခံဗဟိုချက်ဖြစ်သော မူလသားရဲကိုးမျိုး၏ စိတ်ဝိဥာဥ်ပုံဆောင်ခဲများ ပေါင်းစည်းရမည့်အရေးသည် မည်မျှပင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း တွေးကြည့်ရုံမျှနှင့်ပင် ဇူယွမ်မှာ မူးလဲချင်သလို ဖြစ်လာရ၏။
ရွှမ်အဖိုးအိုမှာ ဇူယွမ်၏ ပင်ပန်းနွမ်းနယ်နေသော အမူအရာအား ကြည့်ရှုလိုက်ပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် အကြံပေးစကားဆိုလိုက်သည်။ "ငါမြင်ဖူးသမျှထဲမှာ မင်းရဲ့တိုးတက်မှုက အမြန်ဆုံးပဲ။ အဲ့ဒါကြောင့် ဘာမှလောနေစရာမလိုဘူး။ ပြီးတော့ အခုကနဦးအဆင့်မှာတင် ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်ရဲ့ စွမ်းအင်တွေကို စပြီးသုံးလို့ရနေပြီ။"
"အခုတော့ သွားလိုက်ဦး။ တောင်ခြေမှာ မင်းကိုစောင့်နေတဲ့သူတွေ ရှိတယ်။" ရွှမ်အဖိုးအိုမှ ဇူယွမ်အား ေပြာလိုက်၏။
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရွှမ်အဖိုးအိုအား အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ချီတိမ်တိုက်တစ်ခုအားဖန်တီးကာ တောင်ခြေဆီသို့ ပျံဝဲလာလိုက်၏။ ဇူယွမ်မှာ တောင်ခြေသို့ ရောက်သောအခါတွင် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့ စောင့်ဆိုင်းနေသည်ကို တွေ့ရှိလိုက်ရသည်။
ဇူယွမ်မှာ ဇူထိုက်တို့သုံးဦးအား ကြည့်ရှုနေရင်းဖြင့် မေးလိုက်၏။ "ဘာကိစ္စရှိလို့လဲ။"
ဇူထိုက်တို့သုံးဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် လုယန်းမှ စတင်၍ စကားဆိုလိုက်သည်။ "ပိုင်လီချွီးက လူတစ်ယောက်ကိုလွှတ်ပြီးတော့ ငါတို့မူလသူတော်စင်တောင်ထွတ်ကို နောက်ဆုံးအခွင့်အရေးပေးမယ်လို့ ပြောတယ်။ နင်အရင်က ဆုံးဖြတ်ချက်ကို နောင်တရတယ်ဆိုရင် ဓားကပ်ဘေးတောင်ထွတ်ဆီကို ကိုယ်တိုင်လာညှိနှိုင်းလို့ ရတယ်တဲ့။"
"နင်သာ ဓားကပ်ဘေးတောင်ထွတ်ဆီကို မလာဘူးဆိုရင် သူတို့ကလည်း ဘာမှသက်ညှာပေးနေမှာ မဟုတ်ဘူးတဲ့။"
ဇူထိုက်မှ တိုးညင်းသောအသံဖြင့် ပြောလိုက်၏။ "အဲ့ဒီ့ ပိုင်လီချွီးက အရမ်းတရားလွန်တာပဲ။"
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောကာ အလေးမထားဟန်ဖြင့်ပင် ပြောလိုက်သည်။ "တပည့်တစ်ယောက်ကို ဓားကပ်ဘေးတောင်ထွတ်ဆီကိုလွှတ်ပြီးတော့ ပိုင်လီချွီးကို ပြောခိုင်းလိုက်။"
"ဘာပြောခိုင်းလိုက်ရမလဲ။"
ဇူယွမ်မှာ တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားရင်းဖြင့် စကားဆိုလိုက်၏။
"ဓားကပ်ဘေးတောင်ထွတ်ကို ငါတို့က နောက်ဆုံးအခွင့်အရေးပေးမယ်လို့ ပြောလိုက်။ ပိုင်လီချွီးက မူလသူတော်စင်တောင်ထွတ်ကို လူကိုယ်တိုင်လာပြီး မတောင်းပန်ဘူးဆိုရင် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ငါတို့က သက်ညှာနေတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်။"
ဇူယွမ်၏စကားကြောင့် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ ကြောင်စီစီပင် ဖြစ်သွားရသည်။
လုယန်းမှာ စိတ်ကသိကအောက်ဖြစ်စွာဖြင့် ရေရွတ်လိုက်၏။ "ဇူယွမ်က အတည်ပေါက်ကြီး ပြောနေတာလား။"
"သူပြောခိုင်းသလိုသာ သွားပြောလိုက်ရင် ဓားကပ်ဘေးတောင်ထွတ်ကကောင်တွေ လှောင်လို့တောင်ပြီးမှာ မဟုတ်တော့ဘူး။"
ဇူထိုက်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ်က တပည့်ခေါင်းဆောင်ဆိုတော့ သူပြောထားတဲ့အတိုင်း လုပ်ပေးရမှာပေါ့။ ဘာပဲပြောပြော သူ့စကားတွေက စိတ်ကိုပေါ့သွားစေတာပဲ....ဟားဟား။"
လုယန်းမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။
လုယန်းမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ မူလသူတော်စင်တောင်ထွတ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ ဖိနှိပ်မှုများအား ခုခံနိုင်ပါ့မည်လားပင် စိုးရိမ်ပူပန်နေမိသည်။
အဘယ့်ကြောင့်ဆိုသော် သူမ၏အမြင်တွင်မူ ယခုလက်ရှိ ဇူယွမ်၏လုပ်ရပ်များမှာ အနည်းငယ်မျှပင် အဆင်မပြေသောကြောင့် ဖြစ်ပေတော့သတည်း။