အကြံအစည်
Vol. 37 Ch. 510
ဓားကပ်ဘေးတောင်ထွတ်
လသာဆောင်တစ်ခုတွင် ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့ သုံးဦး ရှိနေကြသည်။ ခုန်းရှန်နှင့် ကျောင်းဇူတို့မှာ ကျားကွက်ကစားနေကြပြီး ပိုင်လီချွီးမှာမူ လှောင်ပြောင်လိုသော အမူအရာနှင့် သတင်းစကား လာရောက်ပြောဆိုနေသော တပည့်တစ်ဦးနှင့် စကားစမြည်ပြောဆိုနေခြင်းဖြစ်၏။
ပိုင်လီချွီးမှာ လှောင်ပြောင်သရော်လိုဟန်ဖြင့် ထိုတပည့်အားကြည့်ကာ စကားဆိုလိုက်သည်။ “ဇူယွမ်က တကယ်အဲ့လိုပြောရဲတယ်ပေါ့လေ။ ငါက မူလသူတော်စင်တောင်ထွတ်ဆီကို လူကိုယ်တိုင်သွားပြီး တောင်းပန်ရမယ်ပေါ့ ဟားဟားဟား။ အဲ့လိုမှ မဟုတ်ရင် ဓားကပ်ဘေးတောင်ထွတ်ကို မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ သက်ညှာနေမှာ မဟုတ်ဘူးတဲ့လား။”
ထိုတပည့်မှ ခေါင်းညိတ်ပြကာ ပြောလိုက်၏။ “အဲ့အတိုင်းပါပဲ။ ခုနက မူလသူတော်စင် တပည့်တစ်ယောက် လာပြောသွားတာပါ။”
ပိုင်လီချွီးမှာ ထိုတပည့်အား ထွက်သွားရန် အချက်ပြလိုက်ပြီးနောက် ခုန်းရှန်နှင့် ကျောင်းဇူတို့အားကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ ရူးမိုက်တဲ့ ဂျူနီယာညီတော်လေးကတော့ တကယ်ပါပဲ။”
ပိုင်လီချွီးမှာ သက်ပြင်းချလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်၏။ “တကယ့်ကို အသိဉာဏ်မရှိတဲ့ ကောင်ပဲ။”
ပိုင်လီချွီးမှာ ဇူယွမ်၏ရူးမိုက်အား အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေရသည်။ ဤသို့သာဆိုလျှင် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား စတင်သည်နှင့် တပြိုင်နက် မူလသူတော်စင်တောင်ထွတ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ ဒေါသများကြောင့် ပြာကျသွားရပေလိမ့်မည်။
ခုန်းရှန်နှင့် ကျောင်းဇူတို့မှာ ဇူယွမ်၏ သတိပေးစကားအား အရေးပင်မစိုက်ပဲ ကျားကွက်ကိုသာ အာရုံစိုက်နေကြ၏။ ခုန်းရှန်နှင့် ကျောင်းဇူတို့၏ အမူအရာမှာ ဇူယွမ်အား အနည်းငယ်မျှပင် အလေးမထားကြောင်း ထင်ရှားနေသည်။
ပိုင်လီချွီးမှာ ခပ်ဖွဖွ စကားဆိုလိုက်၏။ “ဇူယွမ်ရဲ့ သတိပေးစကားကို ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို ပြောပြမလို့ စဉ်းစားထားတယ်။”
ခုန်းရှန်နှင့် ကျောင်းဇူတို့မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ “လုပ်လိုက်လေ။”
ခုန်းရှန်နှင့် ကျောင်းဇူတို့မှာ ပိုင်လီချွီး၏ အကြံအစည်အား နားလည်ကြ၏။ ဓားကပ်ဘေးတောင်ထွတ်မှာ မူလသူတော်စင်တောင်ထွတ်အား အလွန်ပင်ဒေါသထွက်နေသောကြောင့် ဇူယွမ်၏ စကားများမှာ မီးစပေါ်ဆီလောင်းလိုက်သကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား အငြိုးကြီးစွာဖြင့် အသေအကြေပင် တိုက်ခိုက်ကြလိမ့်မည်ပင် ဖြစ်သည်။
ပိုင်လီချွီးမှာ ခပ်ဖွဖွ ရယ်မောလိုက်၏။ ၎င်းသည် ဇူယွမ်၏ စကားများအား ပိုပိုသာသာပြင်ဆင်ပြောဆိုရန် ကြံရွယ်ထားလေသည်။ ပိုင်လီချွီးမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များကို မူလသူတော်စင်တောင်ထွတ်အား အငြိုးကြီးစွာဖြင့် တိုက်ခိုက်စေလို၏။
ထို့နောက် မူလသူတော်စင်တောင်ထွတ်ရှိရာအရပ်သို့ လှမ်းမျှော်ကြည့်ရှုလိုက်ပြီးနောက် လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။
ပိုင်လီချွီးမှာ ဇူယွမ်အား ဒေါသဖြစ်စေရန် ရည်ရွယ်၍သာ တပည့်တစ်ဦးအား မူလသူတော်စင်တောင်ထွတ်ထံသို့ပို့ဆောင်၍ သတင်းစကားပါးစေခဲ့ခြင်း ဖြစ်ပါသော်လည်း ဇူယွမ်မှ ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ယခုအခါတွင် ပိုင်လီချွီးမှ တပည့်များကို စည်းရုံးရန်မှာ ပိုမိုလွယ်ကူသွားပြီ ဖြစ်၏။
ပိုင်လီချွီးမှာ ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်သည်။ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် ဂုဏ်သတင်းအား မြှင့်တင်နိုင်ရန် လိုအပ်၏။ ယခုဆိုလျှင် ပိုင်လီချွီးမှာ ဇူယွမ်နှင့် မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သိက္ခာအားနင်းခြေကာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ ယုံကြည်ထောက်ခံမှုအား ရယူနိုင်တော့မည်ပင် ဖြစ်သည်။ ကံကောင်းထောက်မပါက တောင်ထွတ်ဆရာသခင်လင်ကျွမ်၏ နှစ်သက်မှုကိုပင် ရရှိနိုင်ပြီး အနာဂတ်တွင် ဓားကပ်ဘေးတောင်ထွတ်၏ ရွေးချယ်ခံ တပည့်တစ်ဦးပင် ဖြစ်လာနိုင်သေး၏။
ထို့ကြောင့် ပိုင်လီချွီးမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားအား များစွာမျှော်လင့်နေမိသည်။ မူလသူတော်စင်တောင်ထွတ်မှ လျင်မြန်စွာ မရှုံးနိမ့်သွားစေရန်လည်း ဆုတောင်းနေ၏။ မူလသူတော်စင်တောင်ထွတ်မှ ဓားကပ်ဘေးတောင်ထွတ်အား လျင်မြန်စွာ ရှုံးနိမ့်သွားပါက အမှန်တကယ်ပင် စိတ်ပျက်စရာ ဖြစ်ပေလိမ့်မည်။
“ဇူယွမ်…..ဇူယွမ် မင်းက အတွေ့အကြုံမရှိသေးပါဘူးကွာ။”
…………
“ပိုင်လီချွီးကို သတိပေးစကားပြောဖို့ တပည့်တစ်ယောက်ကို လွှတ်ပြီးပြီ။ နင်ပြောတဲ့စကားတွေကို အပိုထပ်ထည့်ပြီး ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို ဒေါသထွက်အောင်လုပ်မယ်ဆိုတာတော့ သေချာတယ်။”
အေးမြငြိမ်းချမ်းသော ဂူနန်းအတွင်း၌ နေရောင်ခြည်အလင်းတန်းများမှာ နွေးထွေးလင်းလက်စွာ ဖြာဆင်းကျနေလေသည်။ ဇူယွမ်မှာ လှပတင့်တယ်သော ယောင်ယောင်၏ မျက်နှာလေးအား ကြည့်ရှုလိုက်ပြီးနောက် စကားဆိုလိုက်၏။ “ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေက နင့်စကားကြောင့် တအားဒေါသထွက်ပြီး မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မူလသူတော်စင်တောင်ထွတ်ကို အသေအကြေ တိုက်ခိုက်လိမ့်မယ်။ ဓားကပ်ဘေးတောင်ထွတ်က ရွေးချယ်ခံတွေဖြစ်တဲ့ ခုန်းရှန်နဲ့ ကျောင်းဇူတောင် သူတို့ကို တားလို့ရမှာ မဟုတ်ဘူး။”
“သူတို့တွေ စိတ်လွတ်ပြီး တိုက်ခိုက်ဖို့ မဲကြလေ ကျွန်တော်တို့အတွက် လွယ်ကူလေပဲ။”
“ပြီးရင်......”
ဇူယွမ်မှာ လက်နှင့် လေထုအား အားမာန်ဖြင့် ဖမ်းဆုပ်ပြလိုက်သည်။
“သူတို့အကုန်လုံးကို ဖမ်းပစ်လိုက်ရုံပဲပေါ့။”
ဇူယွမ်၏ နှုတ်ခမ်းထောက်စွန်းမှာ သိသာစွာပင်တွန့်ကွေးသွား၏။ ဇူယွမ်မှာ မိမိပြောဆိုသောစကားများအတွက် ပိုင်လီချွီး၏ အကြံအစည်များကိုလည်း ကြိုတင်ခန့်မှန်းထားခဲ့သည်။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ စိတ်ဆိုးဒေါသထွက်စေရန် ရည်ရွယ်၍ ပိုင်လီချွီးထံသို့ စကားပါးခဲ့ခြင်းဖြစ်၏။
ဇူယွမ်မှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ ဓားကပ်ဘေးတောင်ထွတ်အား ထောင်ချောက်ဆင်နိုင်ရန် ကြံရွယ်ထားခဲ့ပြီးဖြစ်သည်။ယောင်ယောင်မှာ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်နှင့် ပတ်သက်သော ပတ်သက်သော အကြောင်းအရာများအား ပြင်ဆင်ထားပြီဖြစ်ကာ မူလရေကန် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ရောက်လျှင် ထိုအစီအရင်ဖြင့် ဓားကပ်ဘေးတောင်ထွတ် တစ်ခုလုံးအား ဖမ်းဆီးလိုက်မည်ပင်ဖြစ်၏။ ထို့ကြောင့် ဇူယွမ်မှာ ငါးစာအနေဖြင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ဒေါသကြီးစေရန် ရည်ရွယ်ကာ ပိုင်လီချွီးအား သတင်းစကားပါးစေခဲ့သည်။
ယောင်ယောင်မှာ ဇူယွမ်အား ကြည့်ရှုကာ အံ့အားသင့်နေဟန်ဖြင့် စကားဆိုလိုက်၏။ “နင်က သူတို့ရဲ့ အမုန်းတရားကို ဆွတဲ့နေရာမှာတော့ တကယ်တော်တာပဲ။”
“ဘာပဲဖြစ်ဖြစ် နင့်လုပ်ရပ်က အရမ်းမောက်မာလွန်းသလို ဖြစ်နေတယ်။ နောင်တစ်ချိန်ကျရင် ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေက အငြိုးနဲ့ ပြန်ပြီးလက်စားချေမှာကို မစိုးရိမ်ဘူးလား။”
ဇူယွမ်မှာ အနီးရှိ ပန်းခိုင်တစ်ခုအား ဆော့ကစားနေရင်းဖြင့် ပြောဆိုလိုက်သည်။ “ကျွန်တော်တို့ အစီစဉ်သာအောင်မြင်သွားရင် ဓားကပ်ဘေးတောင်ထွတ်ကကောင်တွေ ကြောက်သွားမှာ သေချာတယ်။ လက်စားချေဖို့ မပြောနဲ့ ပြန်တောင်မော်ကြည့်ရဲတော့မှာ မဟုတ်ဘူး။”
လက်ရှိအချိန်တွင် မူလသူတော်စင်တောင်ထွတ်မှာ လွန်စွာမှအင်အားနည်းနေရသောကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ အထင်သေးနေရခြင်းဖြစ်၏။ မူလရေကန်ဖွင့်လှစ်ခြင်းအခမ်းအနား ပြီးဆုံးသွားမည့် အချိန်တွင်မူ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်နှင့် ပတ်သက်၍ အထင်သေးရဲကြတော့မည် မဟုတ်ချေ။
“ကျွန်တော်တို့ရဲ့ အစီအရင်က အမကြီးယောင်ယောင်ရဲ့ ကောင်းကင်ဘုံလှည့်စားခြင်း ဝင်္ကပါအစီအရင်ပေါ်တော့ မူတည်နေတယ်။ ကျွန်တော်တို့သာ ရှုံးသွားရင် တကယ့်ကို လူရယ်စရာကြီးဖြစ်လာမှာ။”
“ရှုံးသာရှုံးသွားရင် ကျွန်တော်တော့ မူလသူတော်စင်တောင်ထွတ်ရဲ့ အပြင်ဖက်ကို ခြေတစ်လှမ်းတောင် ထွက်ရဲတော့မှာ မဟုတ်ဘူး။”
ဇူယွမ်မှာ ယောင်ယောင်အား မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ရှုလိုက်ပြီးနောက် သနားစဖွယ် စကားဆိုလိုက်သည်။ “အဲဒါကြောင့် အမကြီးယောင်ယောင်ကိုပဲ အားကိုးပါရစေနော်။”
ယောင်ယောင်မှာ ပျင်းရိစွာဖြင့် ပြောလိုက်၏။ “ငါ့ဖက်ကို တွေးပူနေစရာမလိုဘူး။ ပူရမှာက နင့်ကိုပဲ။ နင်ကသူတော်စင်မျိုးစေ့ရဲ့ ကနဦးအဆင့်ကိုလည်းရောက်နေပြီဆိုတော့ အခုကျန်တဲ့ နှစ်ပတ်ကို စိတ်ဝိဉာဉ် အဆင့်တတ်အောင် ကြိုးစားသင့်တယ်။ အေး......နင်သာ အဆင့်မတတ်နိုင်ရင် ငါကတော့ ယဲ့ကယ်ကိုပဲ အကူအညီသွားတောင်းရတော့မှာပဲ။”
ဇူယွမ်မှာ နှုတ်ခမ်းများ ရှုံ့မဲ့သွားပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်သည်။ “မပူပါနဲ့။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမရောက်ခင် ကျွန်တော်ရဲ့ စိတ်ဝိဉာဉ်အဆင့် တတ်စေရမယ်။”
ယောင်ယောင်မှာ အနည်းငယ်မျှ ပြုံးယောင်သမ်းသွားကာ ဇူယွမ်အား ကျောက်စိမ်းပုလင်းငယ်တစ်ခု ပေးလိုက်၏။
ဇူယွမ်မှာ ကျောက်စိမ်းပုလင်းငယ်အားကြည့်ရှုလိုက်သောအခါတွင် အတွင်း၌ ရွှေရောင်သလင်းကျောက်အမှုန့်များနှင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။ ဇူယွမ်၏ စိတ်ဝိဉာဉ်မှာ ထိုကျောက်သလင်းမှုန့်အား အလွန်ပင်ဆာလောင်နေသည့်အလား တုန်ခါလာ၏။
“ဒါက......”
“ဒါကသုံးလို့ရအောင် သေချာပြင်ဆင်ထားတဲ့ စိတ်ဝိဉာဉ်သန့်စင်ဝတ်ရည်ပဲ။ ပြီးမှ နင်ကိုငါမကူညီဘူးလို့တော့ မပြောနဲ့။” ယောင်ယောင်မှာ ဇူယွမ်အား တစ်ချက်မျှကြည့်ရှုလိုက်ပြီးနောက် စကားပြောနေရင်းဖြင့်ပင် နေအိမ်ငယ်ဆီသို့ ထွက်ခွါသွားလေသည်။
“စိတ်ဝိဉာဉ်ကို အဆင့်တတ်အောင် ကျင့်ကြံပြီးတော့ အစီအရင်ကို သေချာလေ့လာထားလိုက်တော့။”
“ငါတစ်ခုခုကိုအလေးထားတယ်ဆိုတာ အရမ်းရှားတယ်။ အဲ့ဒါကြောင့် နင်ငါ့ရဲ့ အစီစဉ်တွေကို ပျက်အောင် လုပ်ရဲလုပ်ကြည့်လိုက်။ နင့်အဆုံးသတ်က ဆိုးရွားသွားစေရမယ်။”