ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအကြောင်းကြားသိရခြင်း
Vol. 37 Ch. 512
ဒေါင်....ဒေါင်....
ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်ခုသည် ကန်ရွှမ်းကလန်တစ်ခုလုံးသို့ ပျ့ံနှ့ံလွှမ်းခြုံသွားလေသည်။ ကန်ရွှမ်းကလန်တစ်ခုလုံးမှာ ပျံကျစျေးတစ်ခုအလား လူများစွာမှ ဥဒဟိုသွားလာနေကြ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း သက်ဝင်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။
ယနေ့သည် မူလရေကန် အခမ်းအနား ဖွင့်လှစ်မည့်နေ့ပင် ဖြစ်၏။
မူလသူတော်စင်တောင်ထွတ်၌
ဇူထိုက်နှင့် အခြားတပည့်များမှာ ဂူနန်းတစ်ခု၏ရှေ့၌ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။ ယောင်ယောင်မှာမူ ထန်ထန်အားပွေ့ချီ၍ တည်ငြိမ်စွာပင် ရှိနေ၏။
ဇူထိုက်မှာ မစောင့်ဆိုင်းနိုင်တော့ဟန်ဖြင့် ယောင်ယောင်အား မေးမြန်းလိုက်သည်။ "ဂျူနီယာညီမတော်ရှောင်ယို....ဂျူနီယာညီတော်ဇူယွမ်က အခုချိန်ထိ အဆင်သင့်မဖြစ်သေးဘူးလားဟင်။ ခဏနေဆိုရင်ပဲ ကျွန်တော်တို့ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကို သွားကြရတော့မှာလေ။ ဂျူနီယာညီတော်ဇူယွမ်က အဆင်သင့်မဖြစ်သေးရင် ကျွန်တော်တို့အကုန် နောက်ကျသွားလိမ့်မယ်။"
ယောင်ယောင်မှာ ခေါင်းကိုခါယမ်းကာ ပြန်၍ပြောလိုက်၏။ "ဇူယွမ်က အခုသီးသန့်ကျင့်ကြံနေတာ။ သူကျင့်ကြံတာပြီးသွားရင် ထွက်လာလိမ့်မယ်။ နင်တို့ဘယ်သူမှ သူ့ကိုနှောင့်ယှက်ဖို့ မစဥ်းစားနဲ့။"
ဇူထိုက်နှင့် တပည့်များမှာ ယောင်ယောင်အား မည်သည့်စကားမှ ပြန်လည်ပြောကြားရဲခြင်း မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်ထက်ပင် ယောင်ယောင်မှာ အဆပေါင်းများစွာ သာလွန်လှကြောင်း ဇူထိုက်တို့မှ ကောင်းစွာသိရှိထားကြသောကြောင့်ပင် ဖြစ်သည်။
ဒေါင်....ဒေါင်....
ခေါင်းလောင်းသံမှာ အဆက်မပြတ် ထွက်ပေါ်နေသက့ဲသို့ ဇူထိုက်တို့မှာလည်း လွန်စွာစိုးရိမ်နေကြပြီ ဖြစ်၏။
ဇူယွမ်သာ အချီမှီ ပေါ်ထွက်လာခြင်းမရှိပါက မူလသူတော်စင်တောင်ထွတ်မှာ အမှန်တကယ်ပင် လူရယ်စရာ ဖြစ်သွားရပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားခဲ့ပါက ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား သူရဲဘောကြောင်လှသည်ဟု သတ်မှတ်လိုက်ကြမည်သာ ဖြစ်သည်။
ဇူထိုက်တို့မှာ စိုးရိမ်ပူပန်မှုများဖြင့် ချွေးစေးများပင် ထွက်နေရ၏။ ထိုအချိန်၌ပင် ဂူနန်းအတွင်းမှ ရင်းနှီးနွေးထွေးသော အသံတစ်ခုအား ကြားလိုက်ရသည်။
"ဟဲဟဲ....ကျွန်တော့်ကို စောင့်နေရတဲ့အတွက် စီနီယာအကိုတော်တွေကို တောင်းပန်ပါတယ်။"
ဇူထိုက်တို့လူစုမှာ ဂူနန်းအတွင်းမှ ထွက်ခွာလာသောဇူယွမ်အား လျင်မြန်စွာ ကြည့်ရှုလိုက်ကြသည်။
ဇူယွမ်မှာ ယုံကြည်ချက်ရှိစွာ ပြုံးရယ်နေပြီး မျက်ဝန်းများမှာလည်း ကြယ်ပွင့်များအလား လင်းလက်တောက်ပနေ၏။
ဇူထိုက်မှာ ယနေ့မြင်တွေ့ရသော ဇူယွမ်သည် တစ်စုံတစ်ခု ထူးခြားနေသည်ဟုပင် ခံစားလိုက်မိသည်။ သို့သော် ထိုအကြောင်းအရာအား တွေးတောနေရန် အချိန်မရှိသဖြင့် ဇူထိုက်မှ လျင်မြန်စွာပင် စကားဆိုလိုက်၏။ "မြန်မြန်သွားကြရအောင်။ မူလသူတော်စင်တောင်ထွတ်က တခြားတပည့်တွေလည်း ညီတော်ဇူယွမ်ကို ေစာင့်နေကြတယ်။"
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ယောင်ယောင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ယောင်ယောင်မှာ ဇူယွမ်အား ကြည့်ရှုကာ ကျေနပ်အားရနေဟန်ဖြင့် ပြောလိုက်၏။ "မဆိုးဘူးပဲ။ ငါ့ကို စိတ်မပျက်စေဘူး..."
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ကာ မည်သည့်စကားမှ ထပ်၍မပြောတော့ပဲ ချီတိမ်တိုက်တစ်ခုကိုဖန်တီး၍ လူစုတစ်ခုလုံးအား ကောင်းကင်ထက်သို့ ခေါ်ဆောင်သွားလိုက်သည်။
ချီတိမ်တိုက်မှာ လေထုကိုပင် ဆုတ်ပြဲစေသောအရှိန်ဖြင့် ပျံဝဲသွားပြီးနောက် အသက်ရှ္ူချိန် အနည်းငယ်အတွင်းမှာပင် မူလသူတော်စင်တောင်ထွတ်၏ ခန်းမတစ်ခုရှေ့သို့် ရောက်ရှိလာသည်။ ထိုခန်းမ၏ရှေ့၌ မူလသူတော်စင်တောင်ထွတ်မှ တပည့်များစွာ စုဝေးနေကြလေသည်။
တပည့်များမှာ ဇူယွမ်အား မြင်တွေ့လိုက်ရသည်နှင့်တကွ လျင်မြန်စွာပင် အရိုအသေပြု နှုတ်ဆက်လိုက်ကြ၏။
"တပည့်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။"
ဇူယွမ်မှာလည်း ပြန်လည်အရိုအသေပြုလိုက်ပြီးနောက် စိန်းထိုက်ယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ကျွန်တော့်ကြောင့် အားလုံးနောက်ကျကုန်တော့မလို့။ အဲ့ဒါကြောင့် တောင်းပန်ပါတယ်။"
စိန်းထိုက်ယွမ်မှပြုံးကာ လက်အားဝေ့ယမ်း၍ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အခုရောက်လာပြီပဲလေ။ ငါတို့သွားကြရအောင်။"
စိန်းထိုက်ယွမ်မှာ အင်္ကျီလက်မောင်းအိုးအားဝေ့ယမ်း၍ ချီတိမ်တိုက်တစ်ခုအားဖန်တီးကာ တပည့်များစွာအား တင်ဆောင်ပျံဝဲသွားလေသည်။
..........
မူလရေကန်၏ အပြင်ဖက်၌
မူလရေကန်၏ အနီးနားတွင်ရှိသော တောင်ထွတ်များအားလုံးမှာ လူများစွာဖြင့် ပြည့်နှက်နေကြပြီပင် ဖြစ်၏။
တောင်ထွတ်တစ်ခုချင်းစီအလိုက် တပည့်များ စုဝေးနေမှုမှာလည်း ကွဲပြားကြသည်။ လက်ရှိအချိန်တွင် တောင်ထွတ်များအားလုံးမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များစုဝေးရာအရပ်သို့ ကြည့်ရှုနေကြသည်။ အဘယ့်ကြောင့်ဆိုသော် အခြားသော တောင်ထွတ်များအားလုံးမှ ရောက်ရှိနေကြပြီဖြစ်သော်လည်း မူလသူတော်စင်တောင်ထွတ်၏ တပည့်များစုဝေးရာအရပ်တွင် တစ်ဦးတစ်လေမှ မရှိနေသောကြောင့်ပင် ဖြစ်၏။
အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် တီတိုးစကားသံများ စတင်၍ထွက်ပေါ်လာလေသည်။
"မူလသူတော်စင်တောင်ထွတ်ကလူတွေက ဘာလုပ်နေကြတာလဲ။ အခုချိန်ထိ တစ်ယောက်မှ ပေါ်မလာသေးဘူး။"
"သူတို့က ဓားကပ်ဘေးတောင်ထွတ်ကို ကြောက်နေကြတာများလား။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကိုတောင် မလာရဲကြတော့ဘူးလား။"
"ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်.....ဒီလိုသာ ပုန်းနေမယ်ဆို သူတို့မှာ မျက်နှာထားစရာတောင် ကျန်တော့မှာ မဟုတ်ဘူး။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ တောင်ထွတ်တစ်ခုလုံးပျောက်နေတာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။"
"ဟားဟား.....မူလသူတော်စင်တောင်ထွတ်က တကယ့်ငကြောက်တွေပဲ။"
"သူတို့ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်ကလည်း ဘာမှသုံးစားမရဘူး ထင်ပါတယ်။"
".........."
မူလရေကန်အနီးရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တီတိုးစကားသံများဖြင့် ပြည့်နှက်နေလေသည်။
တပည့်အများစုမှာ မူလသူတော်စင်တောင်ထွတ်အား လှောင်ရယ်နေကြပြီပင် ဖြစ်သည်။
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များစုဝေးရာအရပ်တွင်ရှိနေသော ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့သုံးဦးမှာ တစ်ဦးကိုတစ်ဦးကြည့်၍ ကျေနပ်အားရစွာ ပြုံးရယ်လိုက်ကြ၏။
မူလသူတော်စင်တောင်ထွတ်မှာ အမှန်တကယ်ပင် သူရဲဘောကြောင်လွန်းလှသည်။
"ဟားဟား....ကြည့်ရတာ ငါကပဲ ဇူယွမ်ကို အထင်ကြီးမိသွားတာများလား။" ပိုင်လီချွီးမှာ လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် ကျေနပ်အားရစွာ ရေရွတ်လိုက်၏။ ၎င်းသည် မူလသူတော်စင်တောင်ထွတ်မှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ရောက်မလာရဲသည်ထိပင် ကြောက်ရွ့ံနေလိမ့်မည်ဟု မထင်မှတ်ထားခ့ဲချေ။
ဇူယွမ်မှာ အရည်အချင်းမရှိပဲ လေကျယ်နေသူသက်သက်သာဖြစ်ကြောင်း ပိုင်လီချွီးမှ သိရှိလိုက်ရသည်။ ထိုအချက်မှာ သူ့အား အနည်းငယ်မျှပင် ဒေါသဖြစ်စေ၏။
ဝှစ်.....
ပိုင်လီချွီးမှ အတွေးများကြား နစ်မြုပ်နေစဥ်မှာပင် လေတိုးသံသ့ဲသ့ဲအား ကြားလိုက်ရသည်။ ထို့နောက် မူလသူတော်စင်တောင်ထွတ်၏ တပည့်များစုဝေးရာအရပ်သို့ ချီတိမ်တိုက်တစ်ခု ဆင်းသက်လာလေသည်။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များစုဝေးရာအရပ်သို့ လျင်မြန်စွာပင် ကြည့်ရှုလိုက်ကြ၏။
စိန်းထိုက်ယွမ်မှာ ကောင်းကင်ထက်တွင်ရှိနေသော ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များအားကြည့်ကာ စကားဆိုလုိက်သည်။ "ကလန်ခေါင်းဆောင်ချင်းယန်ကို သတင်းပို့ပါတယ်။ မူလသူတော်စင်တောင်ထွတ်က တပည့်တွေအကုန်လုံး မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအတွက် ရောက်ရှိပါပြီ။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးအားကြည့်ကာ ပြောလိုက်၏။
"မူလရေကန်ဆိုတာ ငါတို့ကလန်ရဲ့ အောက်မှာရှိနေတဲ့ မူလနဂါးသွေးကြောကနေ ဖြစ်တည်လာခ့ဲတာပဲ။ မူလနဂါးသွေးကြောရှိနေလို့သာ ငါတို့ကလန်က ဒီနေ့အထိ ရပ်တည်နေနိုင်တာ။ အဲ့ဒါကြောင့် မင်းတို့အားလုံး ဒီနေ့မှာကျင်းပမယ့် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားကြဖို့ မျှော်လင့်တယ်။"
တပည့်များမှာ လေးနက်သေ အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကလန်ခေါင်းဆောင်ချင်းယန်အား အရိုအသေပြုလိုက်ကြသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်၏။ "မင်းတို့အားလုံး မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအတွက် စည်းမျဥ်းစည်းကမ်းတွေကို သိကြမယ်လို့ ထင်တယ်။ ဒီအခမ်းအနားက တောင်ထွတ်တွေအချင်းချင်း ယှဥ်ပြိုင်ရတဲ့ ပြိုင်ပွဲပဲ။ မူလနဂါးခြင်ဆီများများရတဲ့တောင်ထွတ်က ကောင်းချီးများများ ခံစားရလိမ့်မယ်။"
၎င်းမှာ ခေတ္တမျှရပ်တန့်သွားပြီးနောက် ဆက်လက်ပြောကြားလိုက်သည်။ "ပြီးတော့ ရှန်ဇူတိုက်ကြီးထဲက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကလည်း ပြန်ပြီးဖွင့်လှစ်တော့မယ်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက ကန်ရွှမ်းကောင်းကင်ဒေသရဲ့ ကောင်းချီးတွေအများကြီး ရှိနေတဲ့နေရာပဲ။ အဲ့ဒါကြောင့် ကလန်တွေအားလုံးက အဲ့နေရာကို သွားရောက်ကြလေ့ ရှိတယ်။ အဲ့အချိန်ရောက်ပြီဆိုရင် ကန်ရွှမ်းကောင်းကင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ကြရောပဲ။"
"အခု ငါတို့တောင်ထွတ်ဆရာသခင်တွေ တိုင်ပင်ထားကြတာက ဒီနေ့မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ တပည့်တွေရဲ့လုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲ သွားရဖို့အတွက် ဆုံးဖြတ်ပေးမယ်။"
ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွတ်လောရိုက်သွားရသည််။ သာမန်တပည့်များကို မဆိုထားနှင့် ရွေးချယ်ခံတပည့်များသည်ပင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားကြရသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ.....
ကောင်းချီးများနှင့် ပြည့်နှက်နေသော နယ်မြေတစ်ခု...
နောက်ဆုံး၌ လူတိုင်းစောင့်မျှော်နေခ့ဲရသော ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှာ ဖွင့်လှစ်တော့မည်ပင် ဖြစ်၏။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များစုဝေးရာအရပ်၌ရှိနေသော ဇူယွမ်မှာလည်း ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် အလွန်ပင် အ့ံအားသင့်သွားရသည်။
ဇူယွမ်မှာ ဤနေရာ၌ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏အကြောင်းအား ကြားသိရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
တတိယမြောက် သူတော်စင်မှော်စာလုံးသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ တစ်နေရာ၌ ရှိနေခြင်းပင် ဖြစ်ပေတော့သတည်း။