မူလရေကန်ဖွင့်လှစ်ခြင်း
Vol. 37 Ch. 513
ကလန်ခေါင်းဆောင်ချင်းယန်၏ ကြေငြာချက်အား ကြားသိလိုက်ရပြီးနောက် မူလရေကန်အနီးရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမူများနှင့် ပြည့်နှက်သွားလေသည်။ တပည့်များ၏မျက်ဝန်းများမှာ လိုချက်ရမ္မက်များဖြင့် တောက်လောင်နေကြ၏။
အဘယ့်ကြောင့်ဆိုသော် မူလစဦးအဆင့်မှာ ချီစွမ်းအင်အခြေခံအုတ်မြစ်အား ခိုင်မာလာအောင်တည်ဆောက်ရသော အဆင့်ဖြစ်သောကြောင့် ဖြစ်သည်။ မူလစဦးအဆင့်၌ ချီစွမ်းအင်အခြေခံအုတ်မြစ် ခိုင်မာလေလေ နတ်ဘုံခန်းဝါအဆင့်သို့ တတ်လှမ်းချိန်၌ ကောင်းကျိုးများစွာရလေလေ ဖြစ်၏။
သို့သော် မူလစဦးနဝမအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ချီစွမ်းအင်အခြေခံအုတ်မြစ်အား ခိုင်မာလာစေရန်တည်ဆောက်ရသည်မှာ ပို၍ခက်ခဲလာရသည်။ ချီပင်လည်အတွင်းချီကြယ်ပွင့်တစ်ပွင့်မျှ တိုးပွါးလာစေရန်ပင် အချိန်များစွာပေးဆပ်ကျင့်ကြံလာရ၏။
ထိုအချိန်သို့ ရောက်ရှိလာပါက ကျင့်ကြံသူအများစုမှာ ဆက်လက်စောင့်ဆိုင်းလိုခြင်း မရှိတော့ပဲ နတ်ဘုံခန်းဝါအဆင့်သို့ ကူးပြောင်းသွားကြလေသည်။
ထို့ကြောင့် နတ်ဘုံခန်းဝါအဆင့်သို့ ကောင်းမွန်စွာ တက်လှမ်းနိုင်ရန်အတွက် ထူးခြားသော ကောင်းချီးများလည်းလိုအပ်လှ၏။ သို့သော် ထိုသို့ထူးခြားသောကောင်းချီးများမှာ လွန်စွာရှားပါးလှသဖြင့် ပေါ်ပေါက်လာတိုင်းတွင် တိုက်ပွဲများပင် ဖြစ်ပေါ်ရသည်။ ကန်ရွှမ်းကောင်းကင်ဒေသတွင်မူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှာ ထိုသို့ထူးခြားသောကောင်းချီးများ ရှာဖွေရန်အတွက် အကောင်းဆုံးနေရာတစ်ခုပင် ဖြစ်သည်။
ရှန်ဟွပုံရိပ်ယောင်ကမ္ဘာ၌ ထူးခြားကောင်းမွန်သော ကောင်းချီးများ ရရှိသွားသူတစ်ဦး ရှိခဲ့ဖူးသည်ဆိုသည့် ပါးစပ်ရာဇဝင်တစ်ခု လည်း ရှိသေး၏။ ထိုသူမှာ နတ်ဘုံခန်ဝါလေးခုမျှသာ ရရှိနိုင်မည့်သူဖြစ်ပါသော်လည်း ရှန်ဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ထူးခြားသောကောင်းချီးများရရှိခဲ့ခြင်းကြောင့် နတ်ဘုံခန်းဝါကိုးခုအား ပိုင်ဆိုင်နိုင်ခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
ထိုပါးစပ်ရာဇဝင်မှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၌ အလွန်ပင်ကျော်ကြားလှ၏။ အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၌ပင် နတ်ဘုံခန်းဝါရှစ်ခုရရှိသူမှာ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်သွားမှသာ နတ်ဘုံခန်းဝါရှစ်ခုရရှိသူတစ်ဦးမျှ ပေါ်ထွက်လာတတ်၏။
ထို့ကြောင့် ကောင်းချီးများ ပေါကြွယ်ဝရာနေရာဖြစ်သော ရှန်ဟွပုံရိပ်ယောင်ကမ္ဘာမှာ မူလစဦးကျင့်ကြံသူများကြား၌ အလွန်ပင် ကျော်ကြားလှပေသည်။ ရှန်ဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာသည့် အချိန်တိုင်းတွင် သွေးချောင်းစီးမတတ်ပင် တိုက်ပွဲများ ဖြစ်ပေါ်ရလေ့ရှိ၏။
နောက်ပိုင်းတွင်မူ အင်အားကြီးကလန်ကြီးများမှာ ထိုအဖြစ်အပျက်အား ထိန်းချုပ်ခဲ့ကြပြီး ရှန်ဟွပုံရိပ်ယောင်ကမ္ဘာနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ရှန်ဟွပုံရိပ်ယောင်ကမ္ဘာမှာထူးခြားသော ကောင်းချီးများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည့်အပြင် ပွင့်ဟလာမည့် အချိန်ကိုလည်း အတိအကျ မသိရှိနိုင်ချေ။ တစ်ကြိမ်ပွင့်ဟလာရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းရခြင်းမျိုးလည်း ဖြစ်ပေါ်နိုင်၏။
ထို့ကြောင့် ကလန်ခေါင်းဆောင်ချင်းယန်မှ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအကြောင်း ပြောကြားလာသည့်အချိန်တွင် တပည့်များအားလုံးမှာ အလွန်ပင်စိတ်လှုပ်ရှားသွားကြခြင်းဖြစ်သည်။
ကန်ရွှမ်းကလန်ကဲ့သို့သော အင်အားကြီးကလန်ကြီးသည်ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲသို့ အရေအတွက်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ရှိ၏။ ယခုအခါတွင် ၎င်းကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် အခွင့်အရေးရလာပြီပင် ဖြစ်သည်။
ရွေးချယ်ခံများနှင့် တောင်ထွတ်အသီးသီး၏ တပည့်ခေါင်းဆောင်များမှာ ရှန်ဟွပုံရိပ်ယောင်ကမ္ဘာဆီသို့ သွားရောက်ရန် အခွင့်အရေးအများဆုံးသူများဖြစ်၏။ ထို့ကြောင့် တပည့်များမှာ ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များအား အားကျမနာလိုသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။
ချူချင်းသည်ပင် စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောင်လက်နေသော ဦးခေါင်းအားပွတ်ကာ ရေရွတ်လိုက်၏။ “နောက်ဆုံးတော့ ရှန်ဟွပုံရိပ်ယောင်ကမ္ဘာက ပွင့်ဟလာတော့မှာပေါ့လေ။ ဒါပေမယ့် အဲဒီနေရာက ကောင်းချီးရဖို့ဆိုရင် တော်တော်တိုက်ခိုက်ရမှာပဲ။”
“ဘာပဲဖြစ်ဖြစ် ငါလည်းအဲ့ကို သွားချင်တယ်။”
“ဟူး......”
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာသည်နှင့်တပြိုင်နက် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးရှိ ထူးချွန်ထက်မြက်သော မူလစဦးကျင့်ကြံသူများစွာမှာ ထိုနေရာသို့ရောက်ရှိလာကြမည်ပင် ဖြစ်သည်။ ထိုအချက်မှာ ချူချင်းအားခေါင်းခဲစေ၏။ အဘယ့်ကြောင့်ဆိုသော် ချူချင်းမှာ တိုက်ခိုက်ရမည်ကို ပျင်းရိလွန်းသောကြောင့်ပင်ဖြစ်သည်။
ဆူညံပွတ်လောရိုက်နေသော ပတ်ဝန်းကျင်အတွင်း ဇူယွမ်မှာ ယောင်ယောင်နှင့် အကြည်ချင်းဖလှယ်လိုက်ကြသည်။ သူသည်ယောင်ယောင်အား ဒုတိယမြောက်သူတော်စင်မှော်စာလုံးအားရယူစဉ် ဖြစ်ပွါးခဲ့သောအကြောင်းအရာများနှင့် တတိယမြောက် သူတော်စင်မှော်စာလုံးအတွက် သဲလွန်စများလုံးကို ပြောပြပြီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယောင်ယောင်သည်လည်း တတိယမြောက်သူတော်စင်မှော်စာလုံးသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရှိနေသည်ကို သိရှိထားလေသည်။
ထိုအချက်မှာ ဇူယွမ်အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ရ၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့်အချိန်သည် အတိအကျမရှိသောကြောင့် နှစ်ပေါင်းများစွာစောင့်ဆိုင်းရခြင်းမျိုးလည်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါတွင် ကံကောင်းထောက်မစွာဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတော့မည်ပင် ဖြစ်၏။
“ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။” ဇူယွမ်မှာ တိုးညင်းစွာ ရေရွတ်လိုက်သည်။ သို့သော် ဇူယွမ်မှာ အတွေးအချို့ ဖြစ်ပေါ်နေမိ၏။ မည်သို့ရှင်းပြရမည်မှန်းမသိသော်လည်း သူသည် ဒုတိယမြောက်မှော်စာလုံးအား ရယူနိုင်ခဲ့ခြင်းနှင့် ရှန်ဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာခြင်းမှာ ဆက်နွယ်မှုရှိနိုင်သည်ဟု ထင်မှတ်နေမိသည်။
မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်ဖြစ်သောကြောင့် ထိုသို့သောအကြောင်းအရာအား ပြုလုပ်နိုင်သည့် အစွမ်းအစရှိသူဖြစ်၏။ သို့သော် ထိုယူဆချက်မှာ ဇူယွမ်၏ အတွေးစသက်သက်သာ ဖြစ်သည်။
“ရှန်ဟွပုံရိပ်ယောင်ကမ္ဘာကို သွားရဖို့အတွက်က မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားက လုပ်ဆောင်ချက်နဲ့ ဆုံးဖြတ်ကြမှာပေါ့လေ.....အဟတ်။” ဇူယွမ်မှာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်၏။ ကြည့်ရသည်မှာ ကလန်ခေါင်းဆောင်ချင်းယန်သည် မူလရေကန်ဖွင့်လှစ်ခြင်းအခမ်းအနား၌ တောင်ထွတ်အသီးသီးမှ တပည့်များအား လေးနက်စွာ ပြုလုပ်ကြလိုဟန် ရှိသည်။
ဇူယွမ်မှာ အလွန်ပင်စိတ်လှုပ်ရှားနေဟန်ရှိသော ဇူထိုက်၊ ကျန်းယန်၊ လုယန်းနှင့် တခြားတပည့်များအား ကြည့်ရှုလိုက်၏။ ဇူထိုက်တို့မှာလည်း ကလန်ခေါင်းဆောင်ချင်းယန်၏ စကားများကြောင့် စိတ်ဓာတ်တက်ကြွသွားဟန် ရှိသည်။
တခြားတောင်ထွတ်များ၏ တပည့်များစုဝေးရာအရပ်များအား ဇူယွမ်မှကြည့်ရှုလိုက်သောအခါတွင် အကြီးအကဲများမှ တိတ်ဆိတ်စွာဖြင့် ရွေးချယ်ခံများထံအကြောင်းအရာ လာရောက်ပြောကြားနေကြဟန် ရှိ၏။
“ဟူး......”
အခြားတောင်ထွတ်မှ အကြီးအကဲများမှာ ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များအား မှာကြားစရာရှိသည်များကို ပြောကြားနေကြပါသော်လည်း စိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှာမူ တစ်ဦးကိုတစ်ဦးကြည့်ကာ သက်ပြင်းချလျှက်ရှိသည်။
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အမြင်တွင်မူ မူလသူတော်စင်တောင်ထွတ်မှာ အလွန်ပင် အင်အားနည်းလှသဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ သွားရောက်မည့်သူ တစ်ဦးတစ်လေ ရှိလိမ့်မည်မဟုတ်ဟု ယူဆထားကြ၏။
အကြီးအကဲနှစ်ဦးမှာ မျက်စိမျက်နှာ မကောင်းကြသဖြင့် တပည့်များမှာလည်း စိတ်ပျက်အားလျော့သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်မှာ အခြေအနေကောင်းနိုင်မည် မဟုတ်သောကြောင့် ရှန်ဟွပုံရိပ်ယောင်ကမ္ဘာအကြောင်းအားလည်း စိတ်ကူး၍ပင် ရနိုင်မည်မဟုတ်ပေ။
ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များစိတ်ပျက်အားလျော့နေသည်ကို တွေ့ရှိနေရပါသော်လည်း အစီအစဉ်ပေါက်ကြားမည်စိုးသောကြောင့် မည်သည့်စကားမှ ပြောဆိုခြင်းမပြုချေ။
ထိုအချိန်၌ပင် ဇူယွမ်မှာ လှောင်ပြောင်သရော်နေကြသော စကားသံများအား ကြားလိုက်ရ၏။ ဇူယွမ်မှာ အသံကြားရာအရပ်သို့ ကြည့်ရှုလိုက်သောအခါတွင် လှောင်ပြောင်သရော်နေကြသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားတွေ့ရှိလိုက်ရသည်။
ပိုင်လီချွီးမှာ ဇူယွမ်မှ ကြည့်ရှုနေသည်ကို သိရှိလိုက်ရသည်နှင့်တကွ လှောင်ပြောင်သရော်သောစကားများ လှမ်း၍ပြောကြားလိုက်၏။
“မင်းအခုနောင်တရနေပြီမလား.....အဟက်။”
“ဒါပေမယ့်.....”
“အခုတော့ အရမ်းကို နောက်ကျသွားပြီ။”
ဇူယွမ်မှာ ပိုင်လီချွီး၏စကားများအား ကြားနေရသော်လည်း အလေးပင်မထားဟန်ဖြင့် တည်ငြိမ်စွာသာရှိနေသည်။
ထိုအချိန်၌ပင် ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျံ့နှံ့လွှမ်းချုံသွားပြီးနောက် ကလန်ခေါင်းဆောင်၏ တည်ကြည်လေးနက်သော စကားသံ ထွက်ပေါ်လာလေသည်။
“မူလရေကန် ဖွင့်လှစ်ပါပြီ။”