နတ်ဆိုးပညာ
Vol. 1 Ch. 66
ဝိညာဉ်သားရဲတောင်သည် အတော်လေး ကျယ်ပြန့်ပေသည်။ တောင်သည် မြောက်ဘက်မှ တောင်ဘက်သို့ ထူးဆန်းစွာ မတ်စောက် သွားလေသည်။ ကျန်းရီသာ မြောက်ဘက်မှ တောင်ဘက်သို့ တောင်ကို တက်မည် ဆိုလျှင် ခက်ခဲပေလိမ့်မည်။ အရှေ့ဘက်နှင့် အနောက်ဘက်သည် မြေပြန့်များဖြစ်ပြီး တောင်ထွတ်များ၊ သစ်တောများ၊ ကျောက်ဆောင်များနှင့် ပြည့်နေသည်။ သို့သော် ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲအတွင်း လမ်းပျောက် မသွားနိုင်ပေ။ သူတို့သည် အမြင့်ဆုံး တောင်ထွတ်ကို မှတ်သားထားနိုင် သရွေ့ အဆင်ပြေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမြင့်ဆုံး တောင်ထွတ်တွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း တည်ရှိနေသောကြောင့် ဖြစ်သည်။
ဒါတွေက နတ်ဆိုး သားရဲတွေလား ... သားရိုင်းတွေနဲ့လည်း သိပ်မကွာပါဘူး
လက်ရှိတွင် ကျန်းရီသည် သစ်ပင်ကြီး တစ်ပင်ပေါ်တွင် လဲလျောင်းကာ နတ်ဆိုးသားရဲ လေးကောင်ကို သိုင်းပညာရှင် ခြောက်ဦး ဝန်းရံထားသည်ကို လေ့လာ စူးစမ်းနေခဲ့သည်။ ထိုနတ်ဆိုးသားရဲ လေးကောင်သည် တောဝက်ရိုင်းများ ကဲ့သို့ အစွယ်နှစ်ချောင်း ရှိပြီး ထူးခြားသည်မှာ ကျောပေါ်ရှိ ဆူးချွန်များ ဖြစ်သည်။
ကျန်းရီ၏ အမြင်တွင် ထိုတောဝက်ရိုင်းများသည် နတ်ဆိုးသားရဲများ၏ ကောလာဟလများ အတိုင်း မကြမ်းတမ်းဟု ထင်သည်။ သူတို့သည် ရန်သူများကို အစွယ်နှင့် ဆူးချွန်များ သုံး၍သာ သဲကြီးမဲကြီး တိုက်ခိုက်နေခဲ့သည်။ သားရဲကောင်တို့၏ အမြန်နှုန်းသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့် ရှိသူနှင့် တူလောက်သော်လည်း လူငယ်အုပ်စုသည် အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး ပြန်လည် တိုက်ခိုက်နိုင်နေကြသည်။ ထိုသားရိုင်းများမှာ အရေပြား ထူနေသောကြောင့်သာ မဟုတ်လျှင် အသတ်ခံနေရ လောက်သည်မှာ ကြာပြီ ဖြစ်သည်။
“ဘာလို့ သူတို့ ခြောက်ယောက်က ဒီသားရဲကောင်တွေကို အသေ မသတ်တာလဲ ... သူတို့ထဲက တစ်ယောက်ဆိုရင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်မှာ မဟုတ်ဘူးလား ... ဘာလို့ တိုက်ပွဲကို မြန်မြန် အဆုံးမသတ် လိုက်တာလဲ”
ကျန်းရီသည် လူအုပ်ထဲမှ အားအကောင်းဆုံး ဖြစ်ဟန်တူသော မိန်းမပျိုလေးကို ကြည့်ရင်း ပဟေဠိ ဖြစ်နေခဲ့သည်။ သူမသည် အသက်ဆယ့်ရှစ်နှစ် ဝန်းကျင် ဖြစ်ပြီး ကျီထင်ယွီလောက် မလှပသော်လည်း သာမန်ထက်တော့ လှပလေသည်။ လူအုပ်ထဲတွင် သူမ၏ အဆင့်အတန်းသည် အမြင့်ဆုံး ဖြစ်သည်မှာ သေချာသည်။ သူမသည် သွေးနီရောင် ဓားရှည် တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။ သူမသည် ဘယ်မှ ညာသို့ ရွေ့လျားရင်း နတ်ဆိုးသားရဲများ၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာ အစင်းကြောင်းကြီးများ ဖန်ဆင်းနေလေသည်။ သို့သော် သူမသည် အင်အားအပြည့် မတိုက်ခိုက်ပဲ တစ်ချက် တိုက်ခိုက်ပြီးသည်နှင့် အမြန် နောက်ဆုတ်၍သာ နေခဲ့သည်။
“ဂရုစိုက်”
ရုတ်တရက် ထိုမိန်းကလေးသည် အော်ဟစ်လိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ ကျန်လူများသည်လည်း သွေးရူးသွေးတန်းဖြင့် တကွဲတပြားစီ ဖြစ်သွားကြသည်။ ကျန်းရီသည်လည်း ချောက်ချားသွားပြီး နတ်ဆိုးသားရဲ တောဝက်များကို အလျင်အမြန် ကြည့်လိုက်လေသည်။ ထိုအကောင်များသည် နတ်ဆိုးပညာကို စတင် အသက်သွင်းလိုက်ပြီ ဖြစ်သည်။
ထိုနတ်ဆိုးသားရဲ လေးကောင်သည် တဝုဝုမြည်သံများ ပြုလိုက်ကြပြီး သူတို့၏ ကျောရှိ ဆူးချွန်များသည် ပြုတ်ထွက်သွားကာ နေရာအနှံ့သို့ မြားလေးများနှယ် တိုးဝင်သွားကြသည်။ ဆူးချွန်များသည် လျှပ်စီးအလျင်နှင့် ပျံသန်းလာပြီး ကျန်းရီ၏ ရှေ့ရှိ လူသုံးယောက် ဖက်စာလောက် ရှိသော သစ်ပင်ကြီး ထိုးဖောက်သွားသည် အထိ အင်အားအပြည့် ပါလေသည်။
ကြမ်းတမ်း လိုက်တာ …
သစ်ပင်အိုကြီးရှိ အပေါက်များစွာကို ကြည့်ရင်း ကျန်းရီမှာ ဆွံ့အသွားရသည်။ မုဆိုးသာ ထိုသားရဲများကို နတ်ဆိုး သားရဲများဟု မသိလျှင် သို့မဟုတ် ဆူးချွန်များကို သတိမထားဘဲ နေလျှင် ထိုသူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ဖြစ်စေ၊ နဝမအဆင့်ဖြစ်စေ ဆူးချွန်များ စိုက်၍ သေရပေမည်။
“သေစမ်း”
လူငယ် ခြောက်ယောက်သည် ရှောင်တိမ်း လိုက်နိုင်သောကြောင့် မည်သည့် ဒဏ်ရာမှ မရခဲ့ပေ။ သူတို့သည် ဒေါသကြီးသော ကျားများကဲ့သို့ ပြေးဝင်လာကြပြီး ဆူးချွန်များ ပစ်ထုတ်လိုက်ရ၍ အားနည်းနေသော နတ်ဆိုးသားရဲများကို အလွယ်တကူ သတ်လိုက်လေသည်။
“ဒါတွေက တံဆိပ်ပြားတွေပေါ့”
လူငယ်များသည် သားရဲများ၏ ကိုယ်တွင်းမှ လက်လေးသစ် အရွယ် တံဆိပ်ပြားများကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသော် ကျန်းရီသည် အတော်လေး စပ်စုချင်သွားခဲ့သည်။ တံဆိပ်ပြားများသည် သာမန်သာဖြစ်၍ နှစ်ခုသည် အနီရောင်ဖြစ်၍ ကျန်နှစ်ခုမှာ အဝါရောင်နှင့် အစိမ်းရောင် ဖြစ်သည်။ ထိုသားရဲများ၏ ကိုယ်ထဲတွင် တံဆိပ်ပြားများမှာ သဘာဝအတိုင်း ရှိမနေနိုင်ပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာများ ထည့်သွင်းထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
လူတိုင်းသည် တံဆိပ်ပြားများကို မိန်းကလေးအား ပေးလိုက်သည်ကို မြင်လျှင် ကျန်းရီမှာ ထိုလူစုသည် ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြောင်း သိလိုက်သည်။ ကျန်လူများသည် မိန်းကလေး သွေးရှင်းတမ်း ပြိုင်ပွဲကို ဖြတ်ကျော်နိုင်ရန် အကူအညီပေးဖို့ လာသည်မှာ ထင်ရှားသည်။
“အလုပ် လုပ်ရမယ့် အချိန်ပဲ”
ကျန်းရီသည် နောက်သို့ တိတ်ဆိတ်စွာ ထွက်လာခဲ့ပြီး နတ်ဆိုး သားရဲများကို ရှာဖွေလိုက်သည်။
သူတောင်ပေါ်သို့ ရောက်သော အချိန်သည် နောက်ကျနေပြီ ဖြစ်ပြီး အခြားပြိုင်ပွဲဝင် ၈၀၀ကျော်သည် တောအနှံ့ ပျံ့နှံ့နေကြပြီ ဖြစ်သည်။ ကျန်းရီသည် နေရာတိုင်းတွင် လူအရိပ်များကိုသာ တွေ့ရပြီး အများစုသည် နတ်ဆိုးသားရဲများကို ဝန်းခံ တိုက်ခိုက်နေကြသည်။ တစ်နာရီမျှ ကြာပြီးသည်အထိ ကျန်းရီသည် နတ်ဆိုးသားရဲကောင် တစ်ကောင်တလေတောင် မတွေ့ရပေ။
တိုက်ပွဲ တော်တော်များများကို စူးစမ်း လေ့လာပြီးနောက် ကျန်းရီသည် နတ်ဆိုးသားရဲများ အကြောင်းကို တော်တော်လေး သိလာပြီ ဖြစ်သည်။ နတ်ဆိုးသားရဲ အားလုံးသည် နတ်ဆိုး ပညာရပ်အား ပိုင်ဆိုင်ကြသည်။
“ဒါက အလုပ်မဖြစ်ဘူး ... အချိန်က သုံးရက်ပဲ ကျန်တော့တယ် ... ညဘက်ကျတော့ ပိုပြီး အန္တရာယ်များတယ် ... ငါက ရှိသမျှ အချိန်ကို အပြည့်အဝ သုံးသင့်တယ်”
ကျန်းရီသည် ပို၍ စိတ်ပူလာပြီး အနီးအနားတွင် ဆက်မရှာတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အလယ် ဗဟိုလောက်ရှိ အမြင့်ဆုံး တောင်ထွတ်သို့ တက်သွားလိုက်သည်။ ထိုနေရာတွင် လူနည်းလောက်မည်ဟု သူထင်ခဲ့သော်လည်း လူအများကြီး ရှိနေခဲ့သည်။
သူသည် တစ်နာရီကြာအောင် လျှောက်သွားနေခဲ့ပြီး မြေမျက်နှာ သွင်ပြင်သည်လည်း ပို၍ ရှုပ်ထွေးလာခဲ့သည်။ တောင်ထွတ်များကိုသာ မှတ်သားထားခြင်း မရှိပါလျှင် လမ်းပျောက် သွားနိုင်ပေသည်။
“ဒီမှာ လူတွေတကယ် နည်းတာပဲ ... ရှေ့မှာတစ်ခုခု လှုပ်ရှားနေတယ် ... ဒါက နတ်ဆိုးသားရဲပဲ ...”
ကျန်းရီသည် ကျောက်တုံး တစ်ခုအနားတွင် ရပ်လိုက်သည်။ လမ်းသည် ကျောက်အချွန်များဖြင့် ပြည့်နေခဲ့ပြီး မညီမညာ ဖြစ်နေခဲ့သည်။ ကျန်းရီသည် ပေအနည်းငယ် ဆက်လျှောက် လာခဲ့ပြီး ရုတ်တရက် ဘယ်ဘက်ခြမ်းရှိ ကျောက်တုံးကြီး တစ်ခုထံမှ ကျောချမ်းစရာ အငွေ့အသက်များကို ရလေသည်။ သူသည် ချက်ချင်း နောက်သို့ ဆုတ်လိုက်ပြီး မာဖေးထံမှ ယူလာခဲ့သော ကံတရား၏ ဓားစိမ်းကို ထုတ်လိုက်လေသည်။
ကြီးလိုက်တဲ့ မြွေကြီး…
နတ်ဆိုးသားရဲသည် ကျောက်တုံးများ ကြားထဲမှ တိုးထွက်လာခဲ့သည်။ ၎င်းသည် မြွေကြီးတစ်ကောင် ဖြစ်ပြီး အနက်ရောင်နှင့် အညိုရောင် အကြေးခွံများ ရှိလေသည်။ ၎င်းသည် တြိဂံပုံ ဦးခေါင်းနှင့် စိတ်ကို ချောက်ချား သွားစေနိုင်သော သွေးနီရောင် မျက်လုံးတစ်စုံ ရှိလေသည်။
ကျန်းရီသည် လူများစွာနှင့် တိုက်ခိုက်ခဲ့ ဖူးသော်လည်း သားရဲတစ်ကောင်နှင့် တိုက်ခိုက်ရသည်မှာ ပထမဆုံးဖြစ်သည်။ သူသည် နတ်ဆိုးသားရဲ အားလုံးမှာ အမြင့်ဆုံးမှ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်နှင့် တူညီရုံမျှလောက်သာ ရှိမှန်း သိထားလေသည်။ မဟုတ်လျှင် သွေးရှင်းတမ်း ပြိုင်ပွဲသည် လူတိုင်းပါဝင်ရန် ခက်ခဲမည် ဖြစ်သည်။ သို့သော်လည်း သူ့လက်ဖဝါးများ ချွေးများဖြင့် ရွှဲစိုနေခဲ့ပြီ ဖြစ်သည်။
“အနက်ရောင် အတွင်းအား”
သူသည် မျက်လုံးထံ အနက်ရောင် အတွင်းအား တစ်မျှင်ကို ပို့ဆောင်လိုက်ပြီး ကျောက်တုံးများ လွတ်ရာ အပြင်ဘက်သို့ ဆုတ်ကာ မြွေကြီး ထွက်ပေါ်လာမည့် အချိန်ကို စောင့်နေလိုက်သည်။
“ရွှီ ... ရွှီ”
နတ်ဆိုးသားရဲ မြွေကြီးသည် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ အရှိန်သည် မြန်ဆန်လွန်းနေရာ ကျန်းရီမှာ ကြောက်လန့် လာရသည်။ ထိုမြွေကြီး၏ အင်အားသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်နှင့် တူညီလောက်ပြီး သူပထမဆုံး တွေ့ခဲ့သော တောဝက်ကြီးများထက် မြန်ဆန်ပေသည်။
“ဝှစ်”
မြွေကြီးသည် ပေသုံးဆယ်ခန့် ရှည်လျားပြီး ကျောက်တုံးများ ကြားထဲမှ ထွက်လာလာချင်း သူ၏ ပြောင်လက်နေသော အမြီးကြီးနှင့် ကျန်းရီကို ရိုက်ချလာခဲ့လေသည်။
“ဘန်း”
သူသည် အတွင်းအားသုံး၍ ဘယ်ဘက်သို့ ခုန်ရှောင်လိုက်သည်။ သူ၏ မျက်လုံးအစုံမှာမူ မြွေကြီးအမြီးကို သေချာ စိုက်ကြည့် နေလိုက်ပြီး ညာဘက်လက်မှ ကံတရား၏ ဓားစိမ်းကို ကိုင်ဆောင်ထားကာ အမြီးကို ပိုင်းဖြတ်လိုက်သည်။
“ဗုန်း”
ပြင်းထန်သော တွန်းကန်အားကြောင့် ကျန်းရီ၏ ဘယ်ဘက်လက်မှာ ထုံကျဉ်သွားရပြီး မြေပေါ်သို့ လွင့်ကျသွားခဲ့သည်။ သို့သော် သူ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ မြွေကြီးသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းပေသည်။ သူ၏ ပိုင်းဖြတ်မှုကြောင့် အမြီးမှာ ပြတ်သွားလု နီးပါး ဖြစ်သွားခဲ့သည်။ ဒီအတိုင်းသာ ဆက်သွားနေပါလျှင် သူသည် ဤနတ်ဆိုးသားရဲကို သတ်နိုင်ပေတော့မည်။
အမြီးထံမှ နာကျင်မှုကြောင့် မြွေကြီးသည် ဒေါသတကြီး ရှေ့သို့ တိုးလာခဲ့သည်။ အနီရင့်ရင့် သွေးများ စီးကျနေသော အမြီးကြီးသည် ကျန်းရီကို ရိုက်ချ လာခဲ့ပြန်သည်။ ကျန်းရီသည် ဘေးသို့ အသာလှိမ့်ကာ ရှောင်တိမ်း လိုက်သောကြောင့် ရိုက်ချက်သည် မြေပြင်ပေါ်သို့ ကျသွားကာ မြေကြီးပင် တုန်ခါသွားရသည်။
“လာစမ်းပါ ... မင်းကို ဒီသခင်လေးရဲ့ အင်အားတွေ ပြပေးမယ်”
ကျန်းရီသည် မြေပြင်ပေါ်မှ ထလာပြီး သူ့လက်ထဲမှ အစိမ်းရောင်ဓားနှင့် ဆက်တိုက် ပိုင်းဖြတ်နေခဲ့သည်။
အစိမ်းရောင် အလင်း လက်သွားတိုင်း သွေးများ ဖြာထွက်လာခဲ့သည်။ သူသည် အကြိမ်ပေါင်းများစွာ လွင့်ထွက် သွားသော်လည်း ဦးခေါင်းနှင့် ရင်ဘတ်ကို မထိခိုက်မိစေရန် သတိထားနေခဲ့သည်။ သူ၏ လက်မနှင့် လက်ညှိုးကြားရှိ ဟူခို့ အမှတ်သည်လည်း သွေးများ စိမ့်ထွက်နေခဲ့ပြီ ဖြစ်သည်။
“ရွှီ ... ရွှီ”
မိနစ်ငါးဆယ်ခန့် ကြာပြီးနောက် မြွေကြီး၏ ကိုယ်သည် ဒဏ်ရာများနှင့် ပြည့်နေပြီဖြစ်ကာ မြေပြင်တွင်လည်း သွေးများဖြင့် ခြင်းခြင်းနီနေသည်။ ထိုအချိန်တွင် မြွေကြီး၏ ခေါင်းသည် မြင့်တက်သွားပြီး သွေးနီရောင် မျက်လုံးနှစ်ခုသည် ရုတ်တရက် တောက်ပလာကာ ကျန်းရီကို အနီရောင် အလင်းတန်း နှစ်ခုနှင့် ပစ်လွှတ်လာခဲ့သည်။
“နောက်ဆုံးတော့ နတ်ဆိုးပညာတွေ ထုတ်သုံးလာပြီပေါ့ ... ငါဒါကို စောင့်နေတာ”
ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူလေ့လာကြည့်ခဲ့ သလောက်တွင် သားရဲများသည် အသက်အန္တရာယ် ကြုံချိန်မှသာ နတ်ဆိုးပညာကို ထုတ်သုံးကြသည်။ နတ်ဆိုးပညာကို သုံးလိုက်သည်နှင့် သူတို့၏ ကိုယ်သည် အားနည်းသွားပြီ ဖြစ်သည်။ သူသာ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင် လိုက်လျှင် နိုင်သွားပြီ ဖြစ်သည်။
သူသည် ဘေးဘက်သို့ လှိမ့်ရှောင်လိုက်သည်။ အနီရောင် အလင်းတန်းနှစ်ခုသည် သူစောစောက ရှိနေခဲ့သော နေရာကို ကျရောက်သွားခဲ့ပြီး ထိုနေရာရှိ ကျောက်ဆောင်ကို ထိသွားခဲ့လေသည်။ ကျောက်တုံးကြီးသည် အမှုန့်များ ဖြစ်သွားခဲ့သည်။
“ငါ တံဆိပ်ပြားတစ်ခု ရပြီ”
ကျန်းရီသည် မြွေကြီးရှိရာသို့ ပြေးသွားခဲ့သည်။ သို့သော် သူဆွံ့အ သွားရသည်မှာ သူ့ထက်လျင်သော အရိပ်နှစ်ခုသည် ကျောက်တုံးများ အကွယ်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မြွေကြီးဆီ ရောက်ရှိသွားကာ လက်ထဲရှိ လက်နက်များနှင့် သတ်ဖြတ်လိုက်လေသည်။
“မင်းတို့ ငါ့တံဆိပ်ပြားကို လုရဲတယ်လား”
ထိုနှစ်ယောက်သည် သူ့ကို လျစ်လျူရှုထားကာ မြွေကြီး၏ ဗိုက်ထဲမှ တံဆိပ်ပြားကို ထုတ်ယူလိုက်သည်ကို မြင်လျှင် ကျန်းရီ၏ မျက်လုံးများသည် ချက်ချင်း အေးစက်သွားခဲ့သည်။
သူတောင် တံဆိပ်ပြား တစ်ခုမှ မလုရသေးပဲ ... တစ်ယောက်ယောက်က သူ့တံဆိပ်ပြားကို အရင် လာလုသည်တဲ့လား။