ပျံသန်းထွက်ပြေးခြင်း
Vol. 37 Ch. 514
ကလန်ခေါင်းဆောင်၏ ကြေညာသံအား ကြားလိုက်ရသည်နှင့်တကွ တောင်ထွတ်အသီးသီးမှ တပည့်များမှာ မူလရေကန်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေကြသည်။ ခရမ်းရောင်ခါးစည်း တပည့်များမှာမူ တည်ငြိမ်နေလျက်သာ ရှိကြ၏။ မည်သို့ပင်ဆိုစေကာမူ ခရမ်းရောင်ခါးစည်း တပည့်များမှာ မူလရေကန်နှင့် ရင်းနှီးကျွမ်းဝင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့မှာ အနည်းငယ်မျှပင် စိတ်လှုပ်ရှားနေဟန်မရှိကြပဲ တည်ငြိမ်နေကြ၏။
ခရမ်းရောင်ခါးစည်း အဆင့်ထက်နိမ့်သော တပည့်များမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေကြဟန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ မူလရေကန်အတွင်းသို့ တစ်နှစ်လျှင် တစ်ကြိမ်သာ ဝင်ရောက်ခွင့် ရှိကြသောကြောင့် ဖြစ်၏။
ကောင်းကင်ထက်တွင်ရှိနေသော ကလန်ခေါင်းဆောင်ချင်းယန်မှာ မူလရေကန်အား ကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ဖက်ကိုချိတ်ဆက်ကာ စွမ်းအင်တစ်ခုအား ပတ်ဝန်းကျင်တစ်ခွင်သို့ ပျ့ံနှ့ံလွှမ်းခြုံစေလိုက်သည်။
ဝုန်း......
နဂါးကြီးတစ်ကောင် နိုးထလာသည့်အလား ကမ္ဘာမြေတစ်ခုလုံး တုန်ခါမြည်ဟီးသွား၏။ မြေပြင်အတွင်းပိုင်းနက်နက်ထဲမှ နဂါးဟိန်းသံသ့ဲသဲ့မှာလည်း ပ့ဲတင်ထပ်သွားလေသည်။
တပည့်များမှာ မည်သည့်အကြောင်းအရာများ ဖြစ်ပေါ်နေမှန်း မသိပါသော်လည်း ခြေဖဝါးအောက်မှ ကြောက်မက်ဖွယ်စွမ်းအင်များကို ခံစားနေကြရသည်။
ဇူယွမ်၏ မျက်ဝန်းများမှာ ပြူးကျယ်နေရ၏။ ဇူယွမ်မှာ ကိုယ်ထဲတွင်ရှိနေသော နဂါးဒေါသအဆိပ်ကြောင့် ယခုခံစားနေရသည့် စွမ်းအင်များအား ရင်းနှီးကျွမ်းဝင်နေသည်ဟု ထင်မှတ်နေမိသည်။ ယခုခံစားနေရသော ပြင်းထန်လှသည့် စွမ်းအင်များမှာ နဂါးချီများပင်ဖြစ်ပြီး ဇူယွမ်၏ခန့်မှန်းချက်သာ မမှားပါက ကန်ရွှမ်းကလန်၏ ေအာက်ခြေတွင်ရှိနေသော မူလနဂါးသွေးကြောပင် ဖြစ်ပေလိမ့်မည်။
ဝုန်း....
မူလရေကန်အတွင်းရှိ ရေလှိုင်းလုံးများမှာလည်း နေမင်းကိုပင် ဖုံးကွယ်တော့မည့်အလား တလိပ်လိပ်တက်လာသည်။ အသက်ရှုချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ငြိမ်သက်တိတ်ဆိတ်နေသော မူလရေကန်သည် လှိုင်းရိုက်သံ လေထန်သံများဖြင့် ဆူညံနေရပြီ ဖြစ်၏။ မူလရေကန်အတွင်းရှိ ရာသီဥတုမှာ ဆိုးရွားပြင်းထန်သွားသောကြောင့် ခရမ်းရောင်ခါးစည်း တပည့်များသည်ပင် အနည်းငယ် ကြောက်ရွ့ံကုန်ကြသည်။
ဝေါင်း....ဝေါင်း.....
ရေလှိုင်းလုံးများ ထန်လာသက့ဲသို့ ကြီးမားလှသော ရေနေသားရဲကြီးများလည်း ပြည့်နှက်လာ၏။ ထွက်ပေါ်နေသော နဂါးချီများ များပြားလာသည်နှင့်အညီ ရေနေသားရဲ အရေအတွက်မှာလည်း ပိုမိုတိုးပွားလာရသည်။
မူလရေကန်အတွင်း၌ အန္တရာယ်ရှိသော စွမ်းအင်ဖိအားများဖြင့် ပြည့်နှက်နေ၏။ တပည့်များမှာ မူလရေကန်အား ကြည့်ရှုနေရင်းဖြင့် ကြောက်လန့်ကာ တံထွေးများ မြိုချမိကုန်ကြသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ မူလရေကန်အား ကြည့်ရှုလိုက်ပြီးနောက် ကျေနပ်အားရသွားဟန်ဖြင့် အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းလိုက်သည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး တပည့်များအား လွှမ်းခြုံသွားကာ မူလရေကန်နှင့် အနီးတွင်ရှိသော ကျွန်းငယ်များဆီသို့ ပို့ဆောင်ပေးလိုက်၏။
တပည့်များအားလုံး မူလရေကန်အတွင်းပတ်ဝန်းကျင်ဆီသို့ ရောက်ရှိသွားပြီသည်နှင့်တကွ ကလန်ခေါင်းဆောင်ချင်းယန်၏ ကြည်လင်ပြတ်သားသော စကားသံထွက်ပေါ်လာသည်။
"မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနား စတင်ပါပြီ။"
"တပည့်တွေအားလုံး အကောင်းဆုံး ကြိုးစားကြပါ။"
ကျွန်းငယ်များပေါ်တွင်ရှိနေသော တပည့်အသီးသီး၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကြ၏။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အနီးတွင်ရှိနေသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်ရှုလိုက်ကြသည်။
"တပည့်ခေါင်းဆောင် ဇူယွမ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။" မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ လှောင်ပြောင်သရော်နေကြသော အပြုအမူများကြောင့် စိတ်မသက်မသာ ဖြစ်လာကြရ၏။
"ငါတို့ဘာလုပ်ကြမှာလဲ ဟုတ်လား။"
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ငါတို့ပြေးကြမယ်လေ။"
"မင်းတို့ပြေးနိုင်သလောက်သာပြေးကြ။ သူတို့လက်ထဲမှာ အဖမ်းခံလိုက်ရရင်တော့ ကိုယ့်ကံတရားကိုပဲ အပြစ်တင်လိုက်။"
ဇူယွမ်မှာ ယောင်ယောင်နှင့် အကြည့်ချင်းဖလှယ်ကာ ကောင်းကင်ထက်သို့ ပျံဝဲသွား၏။ ဇူယွမ်မှာ ပျံဝဲနေသော အရှိန်အဟုန်အားတိုးမြှင့်၍ မူလေရေကန်အတွင်းပိုင်းနက်နက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ပျံသန်းထွက်ခွာသွားသော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှာ ခါးသက်စွာ ရယ်မောလိုက်ကြသည်။ ထို့နောက် ချီတိမ်တိုက်အားဖန်တီးကာ ဇူယွမ်၏နောက်သို့ လိုက်ပါပျံဝဲသွားကြ၏။
အခြားတပည့်များမှာလည်း ကူကယ်ရာမဲ့စွာဖြင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏လက်မှလွတ်ရန်သာ အလျင်အမြန် ပျံဝဲသွားကြလေတော့သည်။
အခြားတောင်ထွတ်များမှ တပည့်များမှာ မူလရေကန်၏ အခြေအနေများအား စောင့်ကြည့်သုံးသပ်နေဆဲသာ ဖြစ်ပါသော်လည်း မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာမူ အလျင်အမြန် ပျံဝဲပုန်းကွယ်သွားကြပြီပင် ဖြစ်သည်။ ထိုလုပ်ရပ်မှာ လူတိုင်းအား အ့ံအားသင့်သွားစေ၏။
အထူးသဖြင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များပင် ဖြစ်သည်။ ၎င်းတို့မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား ဖမ်းဆီးနှိပ်စက်ရန် ကြံရွယ်နေပါသော်လည်း ချက်ချင်းဆိုသလိုပင် တစ်ဦးပြီးတစ်ဦး ပျံဝဲပျောက်ကွယ်သွားကြ၏။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ခေတ္တမျှအ့ံအားသင့်သွားကြပြီးနောက် ကျယ်လောင်စွာပင် လှောင်ပြောင်ရယ်မောကြတော့သည်။ အချို့တပည့်များဆိုလျှင် ရယ်မောလွန်းသဖြင့် ဗိုက်များပင် အောင့်ကုန်ကြရသည်အထိပင် ဖြစ်သည်။
မူလသူတော်စင်တောင်ထွတ်မှာ အမှန်တကယ်ပင် သနားစဖွယ် ကောင်းလှ၏။ တပည့်များမှ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးမှာပင် ခေါင်းဆောင်ဖြစ်သူ ဇူယွမ်၏ ချန်ထားရစ်ခြင်းကို ခံလိုက်ရလေသည်။
အခြားတောင်ထွတ်များမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား သနားလွန်းလှသဖြင့် ခေါင်းများပင် ခါယမ်းမိကြ၏။ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်မှာ အမှန်တကယ်ပင် တာဝန်မဲ့လွန်းလှသည်။
လီချင်းချန်မှာ သက်ပြင်းချလိုက်ပြီးနောက် အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ "ဇူယွမ်က ဘာတွေလုပ်နေတာလဲ။ ဒီလိုပုံစံနဲ့ ဓားကပ်ဘေးတောင်ထွတ်လက်ထဲကနေ ပြေးလို့လွတ်မယ်များ ထင်နေတာလား။"
မူလသူတော်စင်တောင်ထွတ်၏ လုပ်ရပ်များမှာ အမှန်တကယ်ပင် အသိဉာဏ်မဲ့လွန်းလှ၏။ ထို့အပြင် ဇူယွမ်မှာ အရှက်မရှိသောလုပ်ရပ်အား တစ်ဦးတည်း မလုပ်ဆောင်ပဲ ယောင်ယောင့်ကိုပင် အတူဆွဲခေါ်သွားသေးသည်။
ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့မှာလည်း ဇူယွမ်၏ တာဝန်ကင်းမဲ့လှသော လုပ်ရပ်ကြောင့် အနည်းငယ် အံ့အားသင့်သွားကြ၏။ "ဇူယွမ်က တကယ်ကို ဟာသပဲ။"
ခုန်းရှန်တို့သုံးဦးမှာ ပျံသန်းထွက်ပြေးသွားသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ပုံရိပ်အား ဆော့ကစားစရာတစ်ခုက့ဲသို့ လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။
ပိုင်လီချွီးမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားကြည့်ရှု၍ စကားဆိုလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်က ကောင်တွေကို အခုလွှန်ထားပေးလိုက်ဦး။ အရင်ဆုံး ငါတို့မူလရေကန်ရဲ့ အတွင်းပိုင်းထဲကိုသွားပြီးတော့ ရေနေသားရဲတွေကို အမဲလိုက်ဖို့အတွက် အခြေချရမယ်။"
"စီနီယာအကိုတော်ပိုင်လီချွီး ကျွန်တော်တို့ သူတို့ကို တကယ်လွှတ်ထားပေးရမှာလား။" တပည့်တစ်ဦးမှ မေးမြန်းလိုက်၏။
"ဘာတွေလောနေတာလဲ ဟားဟား။" ပိုင်လီချွီးမှ ခပ်ဖွဖွရယ်မောလိုက်သည်။ "သူတို့ ငါတို့လက်ထဲကနေ မလွတ်နိုင်ပါဘူး။ အခုမူလနဂါးခြင်ဆီ စုဆောင်းဖို့အတွက် ခဏလွှတ်ပေးထားတာပါ။"
တပည့်များမှာ နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
ပိုင်လီချွီးမှာ အဝေးသို့ လှမ်းမျှော်ကြည့်ရှုလိုက်ပြီးနောက် လျှို့ဝှက်စွာ ပြုံးလိုက်သည်။
"ဇူယွမ်....မင်းပြေးထားစမ်းပါ။ မင်းဘယ်လောက် ပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"
.........
ဇူယွမ်မှာ ပျံသန်းထွက်ခွာလာသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ဦးဆောင်ထားလျက် ရှိသည်။ ၎င်းမှာ အနောက်သို့ တစ်ချက်မျှလှည့်ကြည့်ကာ ရေရွတ်လိုက်လေသည်။
"ဓားကပ်ဘေးတောင်ထွတ်...."
"မင်းတို့ရယ်နိုင်တုန်း ရယ်ထားကြ။ ဘာလို့လဲဆိုတော့ မင်းတို့မျက်ရည်တွေ မြေခရတော့မှာ မို့လို့ပဲ။"