← Chapters

အခန်း (၄၉၅+၄၉၆)

Vol. 33 Ch. 495+596

အခန်း (၄၉၅+၄၉၆)

Vol. 33 Ch. 495+596

အခန်း (၄၉၅) နိုရီယိုဆေးတိုက်ပွဲ (၁)

ကပ်ဘေးအဆင့် စူပါနှစ်ဦးလုံးက သူတို့ရဲ့ စွမ်းအင်တွေကို ထိန်းချုပ်မှုမရှိဘဲ ထုတ်လွှတ်လိုက်တဲ့အခါ ဟန်ရှောင်းဟာ သူ့မျက်ခုံးတွင် နှိုးစက်တစ်ခု ရူးသွပ်စွာ မြည်နေသလိုမျိုး ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ဦးထုပ်ရှိ စွမ်းအင်စကန်နာ မြင်ကွင်းမှာ အန်နွာနဲ့ အမ်ဘာတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက တောက်ပတဲ့ နေမင်းတစ်ခုလို စွမ်းအင်များ စိမ့်ထွက်နေသည်။ စက္ကန့်တိုင်းတွင် သူတို့သည် သူတို့၏ အက်စ်ပါစွမ်းရည်များကို အသက်သွင်းရန်အတွက် သူတို့ရဲ့ဆဲလ်များက ပံ့ပိုးပေးနေသော စွမ်းအင်များ၏ အပိုင်းအစတိုင်းကို လောင်ကျွမ်းပစ်ရင်း စွမ်းအင်များ ပေါက်ကွဲထွက်နေကြသည်။

အဆင့် အေ စူပါ၏ စွမ်းအင် တုံ့ပြန်မှုသည် ရှိနေကြသော အဆင့် ဘီ စူပါအားလုံးထက် အများကြီး သာလွန်သည်။ နှစ်ခုကြားက ကွာခြားချက်သည် နှိုင်းယှဉ်ကြည့်လျှင် မီးခြစ်က ထွက်လာသော မီးတောက်နှင့် တောက်ပစွာ လောင်ကျွမ်းနေသော စခန်းမီးပုံနှင့် တူ၏။ လက်ရှိတွင် နာဂါကင်သာ ထိုသို့ စွမ်းအင်ထုတ်လွှတ်မှုကို ယှဉ်ပြိုင်နိုင်ပြီး၊ ဟန်ရှောင်းရဲ့ ကိုယ်ပိုင် စွမ်းအင်တုံ့ပြန်မှုသည်ပင် ကပ်ဘေးအဆင့် စူပါသုံးယောက်နှင့် ယှဉ်ပြိုင်ရန် ဝေးလွန်းနေသေးသည်။ ဤသည်မှာ အဆင့်ရဲ့ ကွာခြားမှုတစ်ခုပင်။

အဆောက်အအုံ ပြိုကျမှုက ပတ်ဝန်းကျင်တစ်ခုလုံးကို လုံးဝရှုပ်ထွေးသွားစေသည်။ ဟန်ရှောင်းသည် ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းကို သူ့ဦးနှောက်က အလျင်အမြန် စဉ်းစားနေသည်။

လက်ရှိမှာ ငါတို့ရဲ့ အခြေအနေက မကောင်းဘူး။ အမှောင်ကြယ်က သူတို့ရဲ့ တပ်ဖွဲ့ဝင်အားလုံးကို စေလွှတ်ထားတယ်၊ ကပ်ဘေးအဆင့် စူပါနှစ်ယောက်လုံးက ပူးပေါင်းပြီး ငါတို့ကို အရင်ဆုံး ရှင်းထုတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အယ်လ်ဗင်အတွက် အချိန်အနည်းငယ် ဆွဲနိုင်ပေမယ့် ဒီနေရာမှာ သေဆုံးမယ့်သူတွေ အများကြီး ရှိလိမ့်မယ်။

ငါ အကောင်းပကတိ လွတ်မြောက်နိုင်ပေမယ့် ဟားလပ်စ်၊ ဆေးလ်ဗီးယားနဲ့ တခြားသူတွေက အန္တရာယ်ရှိလိမ့်မယ်။ သူတို့က အမ်ဘာ့လက်ချက်နဲ့ သေဆုံးသွားနိုင်ပြီး ဆုံးရှုံးမှုတွေက ကြီးလိမ့်မယ်။ အယ်လ်ဗင်က ထွက်ပြေးနေပြီ၊ အမှောင်ကြယ်ရဲ့ အဓိက ရည်ရွယ်ချက်က သစ္စာဖောက်ကို သတ်ဖို့ပဲ။ သစ္စာဖောက်က ဒီမှာမရှိဘူးဆိုတာ သိတာနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို ခွဲပြီး လိုက်ဖမ်းဖို့ ၅၀ရာခိုင်နှုန်းဖြစ်နိုင်တယ်...

အယ်လ်ဗင်က သိပ်အဝေးကြီး မရောက်သေးဘူး၊ ရန်သူက သူ့ရဲ့ ထွက်ပြေးနေတာကို မြင်နိုင်လောက်တယ်။ ငါတို့က သူတို့ အယ်လ်ဗင်နောက်ကို လိုက်မှာကို ကြောက်တယ်လို့ ရန်သူထင်သွားအောင် လုပ်ဖို့လိုတယ်။

ဟန်ရှောင်း မျှော်လင့်ထားတဲ့အတိုင်း အန်နွာက အရင်ဆုံး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်၊ သစ္စာဖောက် မရှိဘူးဆိုတာ သိလိုက်သည်နှင့် သူ့မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် သူပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူရောက်နေတဲ့ အမြင့်မှ အမြင့်ဆုံးအမြန်နှုန်းနှင့် ထွက်ပြေးနေသော လေယာဉ်တစ်စင်းကို တွေ့လိုက်၏။ စီးနင်းနေသူမှာ အယ်လ်ဗင်ဖြစ်သည်။

"ငါတွေ့ပြီ"

အန်နွာရဲ့ ကျောပေါ်က ပြွန်တွေက ပြင်းထန်သည့်အော်သံကို ထုတ်လွှတ်ပြီး သူ အရှိန်မြှင့်ပြီး လိုက်ဖို့ လုပ်နေစဉ် ဟန်ရှောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ "သူတို့ကို တား!"

ဘုန်း

နာဂါကင်က လေထဲကို ခုန်တက်ပြီး အန်နွာကို ကြားဖြတ်လိုက်သည်။ လေဖိအား အကာအရံ ချက်ချင်း ပျက်စီးသွားပြီး သူတို့နှစ်ဦးလုံး မြှားတွေလို မတူညီတဲ့ ဦးတည်ရာနှစ်ခုဆီ လွင့်ထွက်သွားသည်။

အန်နွာဟာ ချက်ချင်း အချိန်ဆွဲခံလိုက်ရသည်။

မြေပြင်တွင် ကြေးစားစစ်သားများသည် အမှောင်ကြယ်တပ်ဖွဲ့ဝင်များနှင့် ပြင်းထန်သည့် တိုက်ပွဲမှာ ရင်ဆိုင်နေကြသည်။ တောက်ပတဲ့ ပေါက်ကွဲမှုလုံးများကို ပတ်ပတ်လည်တွင် မြင်နိုင်ပြီး တိုက်ခိုက်သံများကို နေရာတိုင်းတွင် ကြားနေရသည်။

ဟမ်

ဟန်ရှောင်း၏ ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာပြီး စက်ရုပ်သားရဲ စစ်တပ်တစ်ခုက ရဲရင့်စွာ ခုန်ထွက်လာသည်။ အနက်ရောင် ကျားသစ်များ၊ မြင်းစီးတပ်တွေနဲ့ ပင့်ကူများပါဝင်၏။ သူတို့သည် ရှုပ်ထွေးသည့် စစ်မြေပြင်ထဲကို အရှိန်နှင့် ဝင်ရောက်ပြီး တခြား ကြေးစားစစ်သားများကို တိုက်ပွဲမှာ ကူညီပေးကြသည်။ အမြောက် မျှော်စင် ၁၇၈ခုကိုလည်း ထုတ်လွှတ်လိုက်ပြီး လေဆာ ကွန်ယက်များကိုလည်း ပစ်ထုတ်လိုက်သည်။ ဖီးလစ်သည်လည်း လူမပါသည့် ယန္တရားဝတ်စုံ ၃စုံကို ထိန်းချုပ်ပြီး တိုက်ပွဲထဲ ဝင်သွားသည်။

နောက်တစ်စက္ကန့်မှာ ဟန်ရှောင်း၏ အသေးစား စက်ရုပ်စစ်တပ်သည် သူတို့ရဲ့ စွမ်းအား အပြည့်အဝကို ပြသတော့တယ်။

သူ ခေါင်းမော့ကာ အမ်ဘာကို ကြည့်လိုက်ပြီး သူ့လက်ထဲရှိ ဖိသိပ်ထားသော ဘောလုံးတစ်ခုကို အသက်သွင်းလိုက်တယ်။

ကချပ်...

ထူထဲသော မီးခိုးရောင် သတ္တုစပ်များစွာ ပွင့်သွားပြီး ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံ၏ အစိတ်အပိုင်း အမျိုးမျိုးပေါ်တွင် တပ်ဆင်လိုက်တယ်။ ဟန်ရှောင်းရဲ့ ခန္ဓာကိုယ် အရွယ်အစားသည် လျင်မြန်စွာ ကြီးမားလာပြီး ၅မီတာ အမြင့်ရှိသည့် အလယ်အလတ်အရွယ် သံချပ်ကာတစ်ခု ဖြစ်သွားသည်။ သံချပ်ကာမှာ အလွန်ထူထဲပြီး သံချပ်ကာရဲ့ အားနည်းသည့် ချိတ်ဆက်မှုအားလုံးကို ဖုံးအုပ်ထားတယ်။ သူဟာ သံချပ်ကာဝတ် တပ်သားတစ်ယောက်လို ဖြစ်နေပြီး မတုန်မလှုပ်နိုင်သော တောင်တစ်ခုလို ထင်ရ၏။ အလင်းဝိုင်း အစီအရင်နှင့် အသံလှိုင်းစက်လုံးများသည် အလယ်အလတ်အရွယ် သံချပ်ကာနောက်တွင် ဝဲပျံနေပြီး အလင်းဝိုင်း အကြီးနှင့် အသေးတစ်ခုစီ ဖြစ်ပေါ်နေသည်။

ပိတ်ဆို့ရေးမုဒ်။ ဒုတိယအဆင့်မြှင့်တင်မှု

ထိပ်တန်းအသိပညာကို ရရှိပြီးနောက် ဟန်ရှောင်းသည် ပြင်ပကိုယ်ထည် တိုက်ခိုက်ရေး သံချပ်ကာ၏ စွမ်းအင် အရင်းအမြစ်ကို အားကောင်းအောင်လုပ်ခဲ့သည်။ ထိုအရာကက သံချပ်ကာ၏ ဆောင်ရွက်နိုင်သော လုပ်ဆောင်ချက်များကို တိုးလာစေပြီး လုပ်ဆောင်ချက်များ ပိုထည့်လိုက်သောအခါ သံချပ်ကာ၏ အရွယ်အစားကလည်း ကြီးလာတော့သည်။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်က သံချပ်ကာ၏ အလယ်မှာ ရှိနေပြီး ခန္ဓာကိုယ်နဲ့ ချိတ်ဆက်မှုကနေတစ်ဆင့် ပြင်ပကိုယ်ထည် သံချပ်ကာကို ထိန်းချုပ်နိုင်၏။

သူ၏ ကျော၊ ခြေသလုံးနဲ့ ခြေထောက်များပေါ်က ဒုံးပျံစက်များ တစ်ချိန်တည်းမှာ အသက်ဝင်လာပြီး သံချပ်ကာသည် ကောင်းကင်သို့ ထိုးတက်သွားသည်။ ဟန်ရှောင်းu လက်သီးတစ်ချက် ပစ်ထုတ်လိုက်ပြီး သတ္တု လက်သီးသည် အင်အားပြင်းထန်သော လေဖိအားကို သယ်ဆောင်လာသည်။

"မင်းပဲလား။" အမ်ဘာ၏ ဒဏ်ရာများက နာကျင်နေဆဲဖြစ်သည်။ မျက်နှာတွင် ဒေါသအပြည့်ဖြင့် အနက်ရောင် တိမ်တိုက်က ကျောက်သားလို ခိုင်မာတဲ့ အကာအရံတစ်ခု ဖြစ်သွားသည်။

ဗုန်း!

သတ္တုလက်သီးက အကာအရံနဲ့ တိုက်မိပြီး သူ့လက်ကောက်ဝတ်ရှိ တုန်ခါမှုယန္တရားက ထိုးနှက်မှုရဲ့ တုန်ခါမှုကို အကာအရံထဲကို လွှဲပြောင်းပေးသည်။ နောက်တစ်စက္ကန့်တွင် အမ်ဘာ၏ အကာအရံက အရပ်မျက်နှာပေါင်းစုံသို့ အက်ကွဲလာပြီး ကာဗွန်မှုန်များ ပြန်ဖြစ်သွားသည်။

အမ်ဘာ၏ မျက်လုံးများက အေးစက်နေပြီး သူ အားကုန်ထုတ် တိုက်ခိုက်ရန်ပြင်နေစဉ် နာဂါကင်နှင့် တိုက်ခိုက်နေသော အန်နွာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည် “သူတို့က ငါတို့ သစ္စာဖောက် လိုက်ဖမ်းတာကို တားချင်နေတာ။ သစ္စာဖောက်က ငါတို့ရဲ့ ပစ်မှတ်ပဲ။ သူတို့ကို ငါတားထားမယ်။ သူတို့နဲ့ တိုက်မနေနဲ့တော့၊ လိုက်ဖမ်း"

ထိုစကားကို ကြားလိုက်သောအခါ အမ်ဘာ၏ မျက်နှာအမူအရာ ပြောင်းသွားပြီး သူက ဟန်ရှောင်းကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

"ငါမင်းနဲ့ ကစားဖို့ အချိန်မရှိတာ မင်းကံကောင်းသွားတယ်။ သွားစမ်း!”

သူ့ရဲ့ မစ်ရှင်က အရေးအကြီးဆုံးဖြစ်ပြီး အမ်ဘာသည် သူ့နှလုံးသားထဲက သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်လိုက်သည်။ အနက်ရောင် တိမ်တိုက်ကို မြွေတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး စစ်မြေပြင်ကနေ ထိုးထွက်သွားကာ ထွက်ပြေးနေသော အယ်လ်ဗင်နောက်ကို လိုက်တော့သည်။ ရလဒ်အနေဖြင့် သူ့လမ်းကြောင်းရှိ ကြီးမားသော အဆောက်အအုံတစ်ခု ပြိုကျသွား၏။

ဆူညံသံက မရပ်တန့်ဘဲ ဖုန်မှုန့်တိမ်တိုက်တွေက နေရာအနှံ့ လှိုင်းထနေသည်။ တုန်ခါမှုများက လှိုင်းလုံးများလို တစ်လုံးပြီး တစ်လုံး ထပ်တလဲလဲ ရောက်လာသည်။

တိုက်ပွဲ၏ ပျက်စီးမှုက ပျံ့နှံ့စပြုလာပြီး ထိခိုက်သော ဒေသများလည်း လျင်မြန်စွာ ကျယ်ပြန့်လာ၏။ လမ်းသွားလမ်းလာအားလုံးသည် အသက်အတွက် ထွက်ပြေးနေကြရသည်။ မကြာသေးမီက အလားတူ ဖျက်ဆီးမှု ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားနေသည့်အတွက် အများပြည်သူ လုံခြုံရေးတပ်ဖွဲ့သည် အချိန်တိုင်း အပြည့်အဝ သတိထားနေသည်။ ထိုအခိုက်တွင် အများပြည်သူ လုံခြုံရေးလေယာဉ် အစီး ၂၀၀ ကျော်သည် အမ်ဘာ၏ရှေ့၌ ပေါ်လာသည်။ သူ့ကို ရှောင်ရှားဖို့ အချိန်အလုံအလောက်မရှိဘဲ လေယာဉ်အားလုံးကို အနက်ရောင် တိမ်တိုက်က ဝါးမြိုပစ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း သတ္တု အပိုင်းအစများ ဖြစ်သွားကြသည်။ လေယာဉ်များထဲမှ အများပြည်သူ လုံခြုံရေး ဝန်ထမ်းအားလုံးသည် ဖိချေခံရပြီး သေဆုံးသွားကြသည်။

လေယာဉ် ၂၀၀ ကျော် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။

ဟန်ရှောင်းဟာ အမ်ဘာကို တားဆီးလို့ မရသလို ဟန်ဆောင်ပြီး လမ်းညွှန်ဒုံးကျည်အသေးစား အချို့ကို အယောင်ပြ ပစ်ခတ်လိုက်ပြီး သူ့ရဲ့ လိုက်လံမှုကို ရပ်လိုက်တယ်။ အမ်ဘာ ထွက်ခွာသွားသည်ကိုကြည့်ပြီး ဟန်ရှောင်း သက်ပြင်းချလိုက်၏။ အမှောင်ကြယ်၏ ကပ်ဘေးအဆင့် စူပါနှစ်ဦးလုံး ခွဲထွက်သွားခြင်းသည် သူတို့၏ အန္တရာယ်ကို အကြီးအကျယ် လျော့ချနိုင်လိမ့်မည်။ အယ်လ်ဗင်အတွက်မူ သူသည် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည်။

သူ့အကြည့်က မြေပြင်ကို ဝေ့ကြည့်လိုက်ရာ ဟန်ရှောင်းသည် ဒေသတစ်ခုလုံး လုံးဝ ပျက်စီးသွားတာကို သတိထားမိလိုက်သည်။ ကြေးစားစစ်သားများက အမှောင်ကြယ်စစ်သားများနှင့် ပြင်းထန်သည့်တိုက်ပွဲမှာ ပါဝင်နေကြပြီး စစ်မြေပြင် သေးသေးလေးတစ်ခုကို သတ်မှတ်ထားတယ်။ ကောင်းကင်တွင် အန်နွာနဲ့ နာဂါကင်တို့က သူတို့ရဲ့ တိုက်ပွဲကို ပျော်မွေ့နေကြတယ်။ သူတို့ရဲ့ ပုံရိပ်များက အဆောက်အအုံ တစ်ခုပြီးတစ်ခုကို ဖြတ်၍ ပြေးလွှားနေကြပြီး သူတို့ရဲ့ ထိတွေ့မှုများမှ ဖြစ်ပေါ်လာသော အလင်းကွင်းများက သူတို့၏ လှုပ်ရှားမှု လမ်းကြောင်းကို ပြသနေသည်။

ဟန်ရှောင်းရဲ့ မျက်လုံးတွေ တောက်ပလာတယ်။

အမ်ဘာက အယ်လ်ဗင်ကို လိုက်နေပြီး အမြန်နှုန်းမြင့်တဲ့ အန်နွာက အချိန်ဆွဲခံနေရတာဆိုတော့ အခြေအနေက မဆိုးဘူး။ အနည်းဆုံးတော့ အယ်လ်ဗင်ကို အလွယ်တကူ ဖမ်းမိမှာ မဟုတ်ဘူး။ အန်နွာက ရုန်းထွက်နိုင်ပေမယ့် တခြား အမှောင်ကြယ်စစ်သားတွေကတော့ လုပ်နိုင်မှာ မဟုတ်ဘူး။ သူ ထွက်သွားတာနဲ့ နာဂါကင်ဟာ ဒီ အမှောင်ကြယ်စစ်သားတွေ အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မယ်။ ဒါကြောင့် အန်နွာက အဲဒီလို လုပ်မှာ မဟုတ်ဘူး။

တစ်ခုတည်းသော ပြဿနာကတော့ အန်နွာက အရမ်းအားကောင်းပြီး သူ့စွမ်းရည်တွေက ကိုင်တွယ်ရ ခက်တယ်။ ငါတို့နဲ့ ရင်ဆိုင်တဲ့အခါ တကယ်တမ်းကျ သူက မရှုံးနိုင်သလို သူ့ရဲ့ အမြန်နှုန်းကို ဘယ်သူမှ လိုက်မီနိုင်မှာ မဟုတ်ဘူး။

ဟန်ရှောင်း မျက်မှောင်ကြုတ်လိုက်ပြီး နာဂါကင် အကူအညီ လိုအပ်နေတယ်ဆိုတာ သိလိုက်သည်။

အဲဒါကို စဉ်းစားပြီး ဟန်ရှောင်းဟာ သာမန် လေဆာရိုင်ဖယ်တစ်လက်ကို ထုတ်ယူကာ ပစ်ခတ်ရင်း အန်နွာဆီသို့ ရွေ့လျားသွားသည်။

...

ဗုန်း!

သူ့နောက်က ပြိုကျနေတဲ့ အဆောက်အအုံများသည် သေခြင်း၏ ခေါင်းလောင်းများလိုပင်။ အယ်လ်ဗင်သည် ချွေးများရွှဲနစ်နေပြီး သူ့လေယာဉ်၏ အမြန်နှုန်းကို ဆက်လက် တိုးမြှင့်နေသည်။ သူ့လေယာဉ်ရဲ့ အမြန်နှုန်းဟာ မတ်ချ် ၁.၃ မှာ ရှိနေပြီး လေယာဉ်၏ စိတ်ချရသော အမြန်နှုန်းထက် အများကြီး သာလွန်နေသည်။ လေယာဉ်မှူးအခန်း၏ ဖောက်ထွင်း မြင်ရသော လေကာမှန်က ပြင်းထန်စွာ တုန်ခါနေပြီး အချိန်မရွေး ကွဲကြေသွားနိုင်သလိုပင်။

မြို့ထဲတွင် အသုံးပြုသည့် သာမန်လေယာဉ်တစ်စင်းမှာ လုံခြုံရေး ကန့်သတ်ချက် တပ်ဆင်ထားပြီး အများဆုံး တစ်နာရီ ကီလိုမီတာ ၃၅၀ အထိ သွားနိုင်တယ်။ သို့သော် အမှောင်ကြယ်၏ တိုက်ခိုက်မှုမတိုင်မီ သူတို့ရရှိသည့် ပြင်ဆင်ချိန်တိုလေးအတွင်းမှာ ဟန်ရှောင်းသည် ယန္တရားပညာရှင်တစ်ဦး၏ စွမ်းအားကို ပြသပြီး လုံခြုံရေး ကန့်သတ်ချက်ကို ဖယ်ရှားပေးခဲ့သည်။ ထို့အပြင် သူသည် ဤလေယာဉ်ကို ထွက်ပြေးသည့်ယာဉ်အဖြစ် ပြောင်းလဲရန်အတွက် တာဘို အားမြှင့်စက်ကိုလည်း တပ်ဆင်ခဲ့တယ်။

"အမ်ဘာရဲ့ အမြန်နှုန်းက ငါ့ထက် မနှေးပေမယ့် သူက အဆောက်အအုံတွေကို ရှောင်စရာ မလိုဘူး။ ဒီအတိုင်း ဆက်သွားရင် သူငါ့ကို ဆယ့်ငါးမိနစ်အတွင်း ဖမ်းမိလိမ့်မယ်!" အယ်လ်ဗင်ဟာ အံတင်းတင်း ကြိတ်လိုက်တယ်။ "မင်းမှာ အကြံဉာဏ်ရှိလား။"

အေရိုရှီးယားက ပြန်မဖြေဘဲ သူမရဲ့ လက်မောင်းက သူတို့ရဲ့ လေယာဉ်ကို ကာကွယ်ဖို့ စွမ်းအင် အကာအရံတစ်ခု ဖြစ်သွားသည်။ သူမဟာ အယ်လ်ဗင်ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဂရုမစိုက်ဘဲ ဟန်ရှောင်းရဲ့ အမိန့်များကိုသာ လိုက်နာနေခြင်းဖြစ်သည်။

"အချိန်က အရမ်းကျပ်နေတယ်" အယ်လ်ဗင်က ပြောသည်။ "မင်းက တယ်လီပို့ မှော်ဆရာက မြို့ ၈ မှာ ရှိတယ်လို့ ပြောခဲ့တယ်။ ဒီအမြန်နှုန်းအတိုင်းဆိုရင် ငါတို့ ဆယ့်ငါးမိနစ်အတွင်း ရောက်လိမ့်မယ်။ ဒါပေမယ့် အမ်ဘာက အဲဒီအချိန်လောက်မှာ ငါတို့ကို ဖမ်းမိသွားလိမ့်မယ်..."

အေရိုရှီးယားက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး စိတ်ရှုပ်ထွေးနေသည်။

အဝေးက အမ်ဘာသည် လိုက်လံဖမ်းဆီးမှုကို လက်မလျှော့သေးချေ။

မြင့်မားသည့် အဆောက်အအုံများကြားတွင် အနက်ရောင် မြွေတစ်ကောင်သည် လမ်းကြောင်းကို အဆက်မပြတ် ပြောင်းလဲနေသည့် လေယာဉ်နောက်သို့ အလျင်အမြန်ဖြင့် တန်းတန်းမတ်မတ် လိုက်ဖမ်းနေသည်။

...

မကြာသေးမီက ပျက်စီးမှုများသည် နိုရီယိုဆေး ဘဏ္ဍာရေးအဖွဲ့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။ ဤတိုက်ပွဲရဲ့ ဆူညံသံက အလွန်ကြီးမားပြီး၊ နိုရီယိုဆေး၏ အထက်အရာရှိကြီးမျာသည် ချက်ချင်း သတင်းရကာ အရေးပေါ် အစည်းအဝေးတစ်ခုကို ကျင်းပနေကြသည်။

“... ပြဿနာ ဖန်တီးနေသူတွေက အများအားဖြင့် ဂိုဒိုရာလူတွေပဲ။ ကျွန်တော်တို့ရဲ့ စနစ်က အဆင့် အေ စူပါတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်။ သူက ဂိုဒိုရာစစ်ဗျူရိုက အဆင့်မြင့် အရာရှိ နာဂါကင် ဖြစ်တယ်။ သူ့ရဲ့ ပြိုင်ဘက်က လက်ရှိမှာ မသိရသေးဘဲ သူဆင်းလာတုန်းက အိုင်ဒီအတုကို အသုံးပြုခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ သူက ဂိုဒိုရာရဲ့ ရန်သူဖြစ်တာကြောင့် သူဟာ အမှောင်ကြယ်အဖွဲ့ဝင်ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်။ ဒီအဖွဲ့နှစ်ခုအပြင် ဘလက်စတားရဲ့ ပုံရိပ်ကိုလည်း ကျွန်တော်တို့ သတိထားမိတယ်။ သူကလည်း တိုက်ပွဲမှာ ပါဝင်နေပြီး ဂိုဒိုရာဘက်က ရပ်တည်နေတယ်။”

အထက်အရာရှိကြီးတွေအားလုံး ခေါင်းကိုက်နေကြတယ်။

“သူတို့က တိုက်ပွဲဖြစ်နေတုန်းပဲ၊ ပျက်စီးမှုရဲ့ အကျယ်အဝန်းက တောက်လျောက်ကျယ်ပြန့်နေတယ်။ ငါတို့ သူတို့ကို ချက်ချင်း ရပ်တန့်ရမယ်။ အရေးပေါ် အစီအစဉ် ၃ ကို အသုံးပြုဖို့ အကြံပြုတယ်။ လေထုအပြင်ဘက်က တပ်ဖွဲ့တွေကို တိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်ခိုင်းပါ”

“ကျွန်တော် ကန့်ကွက်ပါတယ်။ တကယ်လို့ အဖွဲ့နှစ်ဖွဲ့လုံး လက်နက်မချရင် အဆင့် အေ စူပါတွေက တပ်ဖွဲ့ကို တိုက်ခိုက်ပြီး ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေ ပိုကြီးလာလိမ့်မယ်။ ကျွန်တော် အကာအကွယ်ပေးသူကို စေလွှတ်ဖို့ အကြံပြုတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို ကိုင်တွယ်ဖို့ စူပါတွေကို လွှဲပြောင်းပေးသင့်တယ်။ အမှောင်ကြယ်ရဲ့ အဆင့် အေ စူပါကို ဖယ်ရှားဖို့ ဂိုဒိုရာကို ကူညီခိုင်းပါ။ ကျွန်တော်တို့က အကြမ်းဖက်သမားတွေ ဘက်က ရပ်တည်လို့ မရဘူး။ တစ်ချိန်တည်းမှာပဲ မြို့ရဲ့ အကာအကွယ်ကို အသက်သွင်းပြီး ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကို လျော့ကျအောင်လုပ်ဖို့ အကြံပြုပါတယ်”

“အကြံပြုချက် အများစုကို ကျွန်တော် သဘောတူပေမယ့် ကိစ္စသေးသေးလေးတစ်ခုကို ပြောင်းလဲဖို့ လိုအပ်တယ်။ အကာအကွယ်ပေးသူ ရောက်လာပြီးရင် သူက အဖွဲ့နှစ်ခုကြားက တိုက်ပွဲမှာ ဝင်မစွက်ဖက်ဘဲ အဖွဲ့နှစ်ခုကြားက ပျက်စီးမှုကို ထိန်းချုပ်ဖို့အတွက်ပဲ လေ့လာသူအနေနဲ့ ဆောင်ရွက်လိမ့်မယ်။

ကျွန်တော်တို့ရဲ့ နိုရီယိုဆေးက ကြားနေအဖြစ်ပဲ ဆက်လက်ရပ်တည်နေမယ်။ ဂိုဒိုရာ ဒါမှမဟုတ် အမှောင်ကြယ်ဘက်က ရပ်တည်တာဟာ ကျွန်တော်တို့အတွက် ပြဿနာတွေပဲ ယူလာလိမ့်မယ်။ သူတို့ရဲ့ နိုင်တာ ရှုံးတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါစေ၊ အကာအကွယ်ပေးသူက အဆင့် အေ စူပါတစ်ဦး အသတ်မခံရခင်လေးမှာပဲ ဝင်ရောက်စွက်ဖက်လိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဘလက်စတားကို သေဆုံးခွင့်မပြုနိုင်ဘူး။ အေးမီစ်က မျောလွင့်နဂါးကျွန်းကို ကျွန်တော်တို့ဆီ ပစ်ပေါက်တာကို မမြင်ချင်ဘူး။

“သူတို့ နိုရီယိုဆေးမှာ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ ကျွန်တော်တို့ ကံမကောင်းတာလို့ သတ်မှတ်ရမှာပဲ။ ဆုံးရှုံးတာတွေကို ရှောင်လို့ မရနိုင်ပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြဿနာတက်အောင်တော့ လုပ်လို့မရဘူး။ သူတို့ တိုက်ခိုက်ဖို့အတွက် ဒေသတစ်ခုကို သတ်မှတ်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီဂြိုလ်ကို အာမခံထားပြီးသားပဲ?”

"ကျွန်တော် သဘောတူပါတယ်"

"ထောက်ခံပါတယ်"

အထက်အရာရှိကြီးများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

“အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ပါ”

အခန်း (၄၉၆) နိုရီယိုဆေး တိုက်ပွဲ (၂)

ဘန်း ဘန်း ဘန်း… “မင်းသတ္တိရှိရင် ငါ့ကို မရှောင်နဲ့။” ရှာမန်းက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။ သူ၏အမြောက်ကို မတင်လိုက်ပြီး နောက်ထပ် အလင်းဘောလုံးကြီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ အလင်းဘောလုံးသည် အဆောက်အအုံ၏ နံရံများကို ထိုးဖောက်ဝင်ရောက်သွားပြီး ယုန်တစ်ကောင်ကဲ့သို့ ထွက်ပြေးနေသော ဟားလပ်စ်၏ ပုံသဏ္ဍာန်နောက်သို့ လိုက်သွားသည်။ “မင်းသတ္တိရှိရင် ပစ်တာရပ်လိုက်စမ်း။”

ဟားလပ်စ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ စစ်သင်္ဘောလှီးဓါးကို ဆွဲယူကာ အဆောက်အအုံများကို အကာအကွယ်အဖြစ် အသုံးပြုရင်း ရှာမန်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။ ရှုပ်ထွေးသော စစ်မြေပြင်ကို အခွင့်ကောင်းယူပြီး သူက ရှာမန်းကို ပတ်ရှောင်လိုက်သည်။ တိုက်ပွဲ စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ရှာမန်းသည် ဟားလပ်စ်ကို သူ၏ပြိုင်ဘက်အဖြစ် ချက်ချင်း ရွေးချယ်ခဲ့သည်။ သူ့ကို ဒဏ်ရာရစေခဲ့သော ဤကြေးစားစစ်သားကို သူမှတ်မိနေသေးပြီး ရန်ငြိုးကို ဖြေရှင်းရန် စီစဉ်ထားသည်။

အမှောင်ကြယ်နှင့် ကြေးစားစစ်သားများကြား ရှုပ်ထွေးပွေလီသော တိုက်ပွဲသည် နေရာအနှံ့ ပြန့်ကျဲနေသော တိုက်ပွဲငယ်လေးများစွာကို ဖြစ်ပေါ်စေသည်။ သတ်ဖြတ်သံ၊ ပေါက်ကွဲသံ၊ ပစ်ခတ်သံများ နေရာတိုင်းတွင် ကြားနေရပြီး စွမ်းအားရှင်များကြား တိုက်ပွဲများကြောင့် ဒေသတွင်း ပျက်စီးမှုများ ပိုမိုများပြားလာသည်။ နေရာတိုင်းတွင် မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ကို တွေ့မြင်နိုင်သည်။

ဟားလပ်စ်သည် ရှာမန်း၏ အမြောက်ဆံများကြောင့် အကြိမ်အနည်းငယ် ထိမှန်ခဲ့သည်။ ဤလူပု အမြောက်မာစတာ၏ တိုက်ခိုက်မှုသည် အားပြင်းပြီး ထိုတိုက်ခိုက်မှုများကို ခံရသည့်အတွက် ဟားလပ်စ်မှာ မသက်မသာ ခံစားနေရသည်။ သူ၏ ကွဲအက်အလင်း ချပ်ဝတ်တန်ဆာသည် နေရာတော်တော်များများတွင် မီးလောင်ကျွမ်းနေပြီး သူတို့ ပြေးလွှားတိုက်ခိုက်နေရင်း အဓိကစစ်မြေပြင်မှ တဖြည်းဖြည်း ပို၍ ပို၍ ဝေးကွာသွားကြသည်။

ပြိုင်ဘက်သည် အမှောင်ကြယ်၏ လက်ရွေးစင် စစ်သည်တစ်ဦးဖြစ်ပြီး အဆင့် ဘီ စွမ်းအားရှင်တစ်ဦးလည်း ဖြစ်သည်။ ဟားလပ်စ်မှာ အာရုံအပြည့်စိုက်ထားရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိဘဲ တခြားအရာများကို ဂရုစိုက်ရန် အာရုံမရှိတော့ပေ။ သူသိသည်မှာ အခြားသူများလည်း အားကောင်းသော ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့ကြသည် ဆိုသောအချက်ပင်။ ဝီလ်ဆန်ဒါသည် ဖော်စစ်သ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ရှိနေပြီး အဓိကစစ်မြေပြင်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဗော်ဂါ ညီအစ်ကိုသုံးယောက်သည် ပူးပေါင်းပြီး သူတို့၏ အဖွဲ့လိုက်လုပ်ဆောင်မှုကို အားကိုးကာ အမှောင်ကြယ် စစ်သည်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်။

ဖေဒင်သည် ဆေးလ်ဗီးယားနှင့်အတူ တစ်နေရာရာတွင် ပုန်းအောင်းနေသင့်သော်လည်း ဤမျှကျယ်ပြန့်သော ဧရိယာတွင် စစ်မြေပြင်က ကျယ်ပြန့်လာနေသဖြင့် ဟားလပ်စ်က သူတို့နှစ်ဦး ပုန်းအောင်းစရာနေရာမရှိဘဲ ရန်သူက ခြေရာခံမိသွားမည်ကို စိုးရိမ်နေမိသည်။

ဖျူး

လေဆာရောင်ခြည်တန်းတစ်ခုက သူ့ပခုံးကို ပွတ်တိုက်သွားပြီး အဝေးရှိ အဆောက်အအုံတစ်ခုကို ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိမှန်သွားသည်။ ဟားလပ်စ်က ကျိန်ဆဲလိုက်ပြီး ဝင်လာသော တိုက်ခိုက်မှုများကို ရှောင်ရှားရန် အလျင်အမြန် အာရုံစိုက်လိုက်သည်။

ထိုအချိန်တွင် ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဟားလပ်စ်မှာ ၎င်းကို မတွန်းလှန်နိုင်ပေ။ သူသည် လေပြင်းတိုက်ခတ်မှုကြောင့် လွင့်ထွက်သွားပြီး မီတာဆယ်ဂဏန်းကျော်အကွာသို့ လွင့်စင်သွားသည်။ သူ့မျက်လုံးထောင့်မှ လွင့်ထွက်သွားသော နောက်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ရှာမန်းသည်လည်း လေပြင်းတိုက်ခတ်မှုမှ လွတ်ကင်းခဲ့ခြင်း မရှိပေ။

သူမော့ကြည့်လိုက်သောအခါ လေနတ်ဆိုး အန်နွာသည် တစ်စတုရန်းကီလိုမီတာ အချင်းဝက်ရှိသော ဆိုင်ကလုန်းအသေးစားတစ်ခုကို ဆွဲကိုင်ကာ ကောင်းကင်ယံတွင် လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ သူသွားလေရာ နေရာတိုင်းတွင် အဆောက်အအုံများနှင့် လမ်းများသည် လုံးဝ ပရမ်းပတာ ဖြစ်သွားကြသည်။

မူလက မြင်ကွင်းကို ပိတ်ဆို့ထားသော မြင့်မားသည့် အဆောက်အအုံများမှာ လုံးဝ ပြိုကျသွားခဲ့ပြီဖြစ်သည်။ သူတို့၏ မြင်ကွင်းသည် ယခင်ကထက် များစွာ ပိုမိုကျယ်ပြန့်လာပြီး နာဂါကင်နှင့် ဘလက်စတားတို့က ကောင်းကင်တွင် အန်နွာကို တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်သည်။ သို့သော် အန်နွာ၏ အရှိန်က အလွန်မြန်သောကြောင့် သူတို့နှစ်ဦးမှာ ခါးသီးသော တိုက်ပွဲတစ်ခုတွင် ပါဝင်နေရသည်။

ဘန်း။

လေဖိအားအမြောက်တစ်ချက်က ဘလက်စတားကို မြင့်မားသော အဆောက်အအုံတစ်ခုဆီသို့ လွင့်စင်သွားစေသည်။ ဟားလပ်စ်က သူ၏လက်နက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ရှာမန်းဆီသို့ ပြေးသွားသည်။ သူသည် ဟန်ရှောင်းကို အားဖြည့်ကူညီလိုသော်လည်း၊ သူ၏ လက်ရှိပြိုင်ဘက် ရှာမန်းကို ဦးစွာ ဖယ်ရှားပစ်ရမည် ဖြစ်သည်။

…

“အား ကျွတ် ကျွတ်။ ငါ့ ခါး”

ဟန်ရှောင်းသည် အဆောက်အအုံရှိ အပေါက်ကြီးတစ်ခုမှ ပျံထွက်လာပြီး လေအေးများကို ရှူသွင်းလိုက်သည်။ သူ့သံချပ်ကာသည် ဆိုးရွားစွာ ပျက်စီးနေပြီး တိုက်ပွဲအခြေအနေကို သူ၏တိုက်ပွဲမျက်နှာပြင်ပေါ်တွင် ဖီးလစ်က ပြသနေသည်။ လက်ရှိတွင် နှစ်ဖက်စလုံးကြား တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး သူ့အာရုံကို အန်နွာအပေါ်တွင်သာ ထားရုံမှတပါး ရွေးချယ်စရာ မရှိပေ။ သူတို့ကို လှောင်ပြောင်နေသကဲ့သို့ လာလိုက်သွားလိုက်လုပ်နေသော လေနတ်ဆိုးကို ကြည့်ရင်း ဟန်ရှောင်းမှာ အလွန်ခေါင်းကိုက်သွားသည်။

“ဒီကောင်က အမှောင်ကြယ်ရဲ့ ဝါရင့်အဆင့်မြင့် ကျွမ်းကျင်သူပဲ။ သူ့စွမ်းရည်က တကယ်ကို ဒုက္ခများလွန်းတယ်၊ သူ့ကို လိုက်မမီနိုင်တာက ငါတို့ တော်တော်လေး အခြေအနေမကောင်းဘူး။”

ဟန်ရှောင်း၏ အမူအရာသည် တည်ကြည်နေသည်။ အဆင့် အေး မစ်ရှင် [ဂိုဒိုရာ၏ မဟာမိတ်] တွင် လိုအပ်ချက် ဒါဇင်အနည်းငယ်ရှိပြီး အများစုမှာ အမှောင်ကြယ် အဖွဲ့ဝင်များ သို့မဟုတ် စစ်သင်္ဘောများကို သတ်ရန် သို့မဟုတ် ဖမ်းဆီးရန် ဖြစ်သည်။ ၎င်းတို့သည် လိုအပ်ချက်ပြည့်မီရန် အရေအတွက် အတိုင်းအတာတစ်ခု လိုအပ်သည်။ ဆုကြေး ပိုမိုမြင့်မားသည့် အခြားလိုအပ်ချက်အချို့လည်းရှိပြီး ပစ်မှတ်မှာ အရေးကြီးသော အမှောင်ကြယ် အရာရှိများဖြစ်သည်။ အန်နွာသည် ထိုပစ်မှတ်များထဲမှ တစ်ဦးဖြစ်သည်။

ဆုကြေးပမာဏသည် မစ်ရှင်၏ ခက်ခဲမှုအဆင့်ကို ခန့်မှန်းရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အန်နွာကို ဖယ်ရှားခြင်းအတွက် ဆုကြေးသည် မစ်ရှင်ရှိ အခြားလိုအပ်ချက်အားလုံးတွင် ဆဋ္ဌမအမြင့်ဆုံး ဖြစ်သည်။ ဤသည်မှာ အန်နွာ၏ ခွန်အားကို ညွှန်ပြနေခြင်း ဖြစ်သည်။

ငါ့ရဲ့ သာမန်တိုက်ခိုက်ရေးနည်းလမ်း အများစုက သူ့ကိုတိုက်ဖို့ အသုံးမဝင်ဘူး။ သူ့အရှိန်က အရမ်းမြန်ပြီး ကိုယ်တောင်ဖျောက်နိုင်သေးတယ်။ ငါ့လက်နက်တွေက သူ့ကိုထိဖို့ အရမ်းခက်ပြီး သူက ငါတို့ကို ထိဖို့တောင် မလိုဘူး။ သူ ငါတို့ပေါ်က ဖြတ်ပျံသွားရုံနဲ့ သူထုတ်လိုက်တဲ့ လေဖိအားက ငါတို့ကို တိုက်ခိုက်လိမ့်မယ်။

ပြီးတော့ သူက လေဖိအားကို ဒိုင်းတစ်ခုလို ထိန်းချုပ်နိုင်ပြီး သူ့ရဲ့ ခုခံစွမ်းအားကလည်း မနည်းဘူး။ နာဂါကင်က ကောင်းကင်မှာ လျင်မြန်ဖျတ်လတ်မှုနှင့် ပတ်သက်ရင် သူ့ကို မယှဉ်နိုင်ဘူး။ နာဂါကင်ရဲ့ လက်သီးတွေနဲ့ လှိုင်းလေပြင်း ပေါက်ကွဲမှုတွေက အားကောင်းနေရင်တောင် ပစ်မှတ်ကို မထိနိုင်ရင် အသုံးမဝင်ဘူး။ သူက ကစားစရာတစ်ခုလိုပဲ ဖြစ်သွားလိမ့်မယ်။

ဟန်ရှောင်းသည် သူ၏လက်နက်များကို ပစ်ခတ်ရင်း အခြေအနေကို တည်ငြိမ်စွာ သုံးသပ်လိုက်သည်။ အန်နွာ၏ စွမ်းရည်များသည် အလွန်ပြည့်စုံပြီး သူ၏ စကေးများအားလုံးထဲမှ အနည်းငယ်သာ အန်နွာကို ကိုင်တွယ်နိုင်စွမ်းရှိသည်။ အစွမ်းအထက်ဆုံးတစ်ခုမှာ သဘာဝအတိုင်းပင် အေးမီစ်၏ ဇာတ်ကောင် ဆင့်ခေါ်ကတ် ဖြစ်ပေမည်။ အန်နွာကို ဆယ်စက္ကန့်ကြာ တားဆီးထားခြင်းသည် အမြန်နှုန်းကို အားကိုးရသော ရန်သူအတွက် ဆိုးဆိုးရွားရွား သေနိုင်ခြေရှိသည်။ သို့သော် ဇာတ်ကောင် ဆင့်ခေါ်ကတ်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အလွန်တန်ဖိုးရှိသည်။ သူသုံးချင်ရင်တောင် ဟန်ရှောင်းက ပိုကောင်းတဲ့ အခွင့်အရေးကို စောင့်ရလိမ့်မည်။

ချန်ရှင်းရဲ့ ဇာတ်ကောင် ဆင့်ခေါ်ကတ်ကို အသုံးပြုလို့ ရနိုင်မလား… ရန်သူကို သွေးဆောင်ဖျားယောင်းတာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုပေါ့…

သူက ရန်သူကို လေ့လာနေသလိုပဲ အန်နွာကလည်း သူ့ကို လေ့လာနေသည်။

ဒါဆို သူက ဘလက်စတားပဲ…

အန်နွာက ဟန်ရှောင်းကို ဂရုတစိုက် လေ့လာလိုက်သည်။ ဤသည်မှာ သူ ဟန်ရှောင်းနှင့် ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။ ယခင်က သူသည် ဟန်ရှောင်းကို ထောက်လှမ်းရေး အစီရင်ခံစာများနှင့် အမ်ဘာ၏ ဖော်ပြချက်များမှသာ နားလည်ခဲ့သည်။ အန်နွာသည် အမ်ဘာကို အကြိမ်များစွာ ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့သော ဤလူအပေါ် အမှန်တကယ် သိချင်နေမိသည်။

အဘယ်ကြောင့် အမ်ဘာသည် ဘလက်စတား၏ လက်ထဲတွင် အမြဲတမ်း ရှုံးနိမ့်မှုများ ခံစားခဲ့ရသည်ကို သူ နားမလည်ခဲ့ပေ။ ဘလက်စတားက သူ့ရဲ့ ကမ္ဘာမကြေရန်သူ ဖြစ်နေသလိုပင်။

အဖွဲ့အစည်းသည် အမ်ဘာကို ပိုမိုအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နိုင်စေရန် ပြုစုပျိုးထောင်ပေးခဲ့သည်။ အမ်ဘာ၏ စွမ်းရည်သည် ဘေးပတ်ဝန်းကျင် ပျက်စီးမှုမဖြစ်စေဘဲ ရန်သူအုပ်စုကြီးကို တိတိကျကျနှင့် လျင်မြန်စွာ သတ်ဖြတ်နိုင်စွမ်းရှိသည်။ ဤသည်မှာ သူတို့အတွက် သွေးသန့် ဂိုဒိုရာ လူမျိုးများ အားလုံးကို သုတ်သင်ရန် အရေးကြီးသော လက်နက်တစ်ခု ဖြစ်သည်။ လက်နက်တစ်ခုသည် ချွတ်ယွင်းမှု ဖြစ်ခွင့်မရှိပေ။

အမှောင်ကြယ်သည် အမ်ဘာ၏ အရည်အချင်းကို ရှာဖွေတွေ့ရှိသောအခါ၊ သူတို့သည် သူ့ကို အမှောင်ကြယ် တစ်ဦးတည်းသော ပိုင်ဆိုင်သည့် ကြီးမားသော လူသတ်လက်နက်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်သည်။

ဟန်ရှောင်းကို အသက်ရှင်ခွင့်ပေးခြင်းသည် အမ်ဘာ၏ စိတ်အခြေအနေနှင့် အမှောင်ကြယ်၏ အကျိုးကျေးဇူးများကိုသာ သက်ရောက်မှုရှိစေမည် ဖြစ်သည်။ ယခု သူ အခွင့်အရေးရသောအခါ၊ အန်နွာက အမ်ဘာသည် ဤ ကြေးစားစစ်သားအပေါ် စွဲလမ်းမသွားစေရန် ဘလက်စတားကို ဖယ်ရှားပစ်သင့်သည်ဟု ခံစားမိသည်။

“ငါ့ရဲ့ အသုံးမကျတဲ့ တပည့်က မင်းကို မဖယ်ရှားနိုင်မှတော့ ငါပဲ အစားလုပ်ပေးလိုက်ပါရစေ။” အန်နွာက ရေရွတ်လိုက်သည်။

ဒုန်း။

ထိုအချိန်တွင် မြေကြီး စတင် တုန်ခါလာသည်။ ပတ်ဝန်းကျင် ကီလိုမီတာအနည်းငယ်အတွင်း မြို့၏မြေပြင်သည် စတင်ကွဲအက်လာပြီး မြို့အောက်ရှိ ယန္တရားအခြေစိုက်စခန်းတစ်ခု ပေါ်ထွက်လာသည်။ မပျက်စီးသေးသော အဆောက်အအုံများအားလုံးသည် ကာကွယ်မှုအတွက် မြေအောက်သို့ ပြန်လည်ရုပ်သိမ်းသွားပြီး မီတာနှစ်ဆယ်မြင့်သော ယန္တရားတိုင်များသည် မြေအောက်မှ ထွက်ပေါ်လာကာ စစ်မြေပြင်တစ်ခုလုံးကို ဝန်းရံလိုက်သည်။

ဟမ်...

ထိုယန္တရားတိုင်များသည် တစ်ချိန်တည်းတွင် လင်းထိန်လာပြီး အပြာရောင် ခွက်ပုံသဏ္ဍာန် အကာအကွယ်ဒိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် မှောက်ထားသော ပန်းကန်လုံးတစ်လုံးနှင့်တူပြီး အချင်း ကီလိုမီတာ နှစ်ဆယ် ရှိသည်။ ၎င်းသည် စစ်မြေပြင်ကို မြို့၏ အခြားဒေသများနှင့် ခွဲထုတ်လိုက်သည်။

မြို့တိုင်းသည် မြေအောက်တွင် များပြားလှသော ထောက်ပံ့ရေးအဆောက်အအုံများ တည်ဆောက်ထားပြီး ဤသည်မှာ အကာအကွယ်ဒိုင်း ဖြစ်သည်။ နိုရီယိုဆေးသည် သူတို့၏ ဆုံးရှုံးမှုများကို ဖြတ်တောက်ရန်နှင့် ကယ်တင်၍မရနိုင်တော့သော ဤဒေသတွင် စစ်မြေပြင်ကို ကန့်သတ်ရန် အရေးယူဆောင်ရွက်ခဲ့သည်။ သူတို့သည် မြို့၏ အခြားဒေသများကို ကာကွယ်ရန် စစ်မြေပြင် ပိုမိုပျံ့နှံ့မသွားစေရန် တားဆီးလိုကြသည်။

သူတို့၏ ဤလုပ်ဆောင်ချက်သည် မြို့၏ ထိုဒေသကို စွန့်လွှတ်လိုက်ခြင်းနှင့် ညီမျှသော်လည်း ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော မြို့တစ်မြို့လုံး ဆုံးရှုံးခြင်းနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပညာရှိသော ဆုံးဖြတ်ချက် ဖြစ်သည်။

အကယ်၍ သာမန်လူများက ပြဿနာရှာနေခြင်းဖြစ်ပါက သူတို့သည် ကျူးလွန်သူများကို မဆိုင်းမတွ ဖမ်းဆီးကြမည် ဖြစ်သည်။ သို့သော် ကပ်ဘေးအဆင့် စူပါများကြား တိုက်ပွဲကို လွယ်လွယ်ကူကူ မတားဆီးနိုင်ဘဲ နိုရီယိုဆေးတွင် အဆင့် အေ အကာအကွယ်ပေးသူ တစ်ဦးတည်းသာ ရှိသည်။ ထို့အပြင် ဤအကာအကွယ်ပေးသူကို ကောင်းကင်အထိမြင့်သော လစာဖြင့် ငှားရမ်းထားခြင်းဖြစ်ရာ သူတစ်ဦးတည်း တိုက်ပွဲကို တားဆီးမည် မဟုတ်ပေ။

ဤတိုက်ပွဲတွင် အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခြင်းသည် သူတို့၏ ဆုံးရှုံးမှုများကိုသာ တိုးပွားစေမည်ဖြစ်ပြီး ဤပုဂ္ဂိုလ်များ၏ နောက်ခံသည်လည်း လျစ်လျူရှုနိုင်သည့်အရာ မဟုတ်ပေ။

ဂိုဒိုရာကို ကူညီမည်လား။ နိုရီယိုဆေး ဘဏ္ဍာရေးအဖွဲ့သည် အမှောင်ကြယ်ကို မကြောက်သော်လည်း သူတို့သည် စီးပွားရေးသမားများဖြစ်ပြီး ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အဖွဲ့အစည်းတစ်ခု၏ ပစ်မှတ်စာရင်းတွင် မပါဝင်လိုကြပေ။

အမှောင်ကြယ်ကို ကူညီမည်လား။ သူတို့ အိပ်မက်မက်နေမှသာ ထိုသို့လုပ်လိမ့်မည်။

ထို့ကြောင့် နိုရီယိုဆေး၏ အထက်ပိုင်းလူကြီးများသည်လည်း အလွန်အမင်း ကူကယ်ရာမဲ့ ဖြစ်နေကြသည်။ သူတို့သည် နိုင်ငံရေးသမားများ မဟုတ်ဘဲ ဤဂြိုလ်၏ မန်နေဂျာများသာ ဖြစ်သည်။ အမြတ်အစွန်းသည် သူတို့၏ တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။ အကယ်၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကုန်ကျစရိတ်က အလွန်မြင့်မားနေပါက သူတို့သည် ဘေးမှ စောင့်ကြည့်ရန် စဉ်းစားကြမည်ဖြစ်သည်။ အဆင့် အေ စွမ်းအားရှင်များ နိုရီယိုဆေးတွင် နောက်ဆုံး တိုက်ခိုက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ဤသည်မှာ လွန်ခဲ့သော ဆယ်နှစ်အတွင်း အမှောင်ကြယ်က ဖန်တီးခဲ့သော အကြီးမားဆုံး ဆူပူအုံကြွမှု ဖြစ်နိုင်ဖွယ်ရှိသည်။

အထက်ပိုင်းလူကြီးများက မည်သည့်အန္တရာယ်ကိုမဆို ရှောင်ရှားနိုင်ရန် ဤကိစ္စတွင် ဝင်မစွက်ဖက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ခံစားမိကြသည်။

All Chapters