← Chapters

ပြင်ဆင်ခြင်း

Vol. 37 Ch. 515

ပြင်ဆင်ခြင်း

Vol. 37 Ch. 515

ရေပြင်ပေါ်သို့ နေရောင်ခြည်များ ဖြာဆင်းကျနေကာ ရေနေသားရဲကြီးများမှာလည်း မူလရေကန်အား ကြီးစိုးထားလျက် ရှိသည်။

ကောင်းကင်ထက်မှ ပုံရိပ်ပေါင်းများစွာ ဆင်းသက်လာကြပြီး မြေပြင်အနေအထားအား ကြည့်ရှုစစ်ဆေးလိုက်ကြ၏။ ထိုပုံရိပ်များမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များပင်ဖြစ်ပြီး လူစုအား ဇူယွမ်နှင့် ယောင်ယောင်မှ ဦးဆောင်ထားလျက် ရှိသည်။

မူလရေကန်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် အနည်းငယ်မျှပင် အနားမယူပဲ အတွင်းပိုင်းဆီသို့ ဦးတည်ပျံဝဲလာကြခြင်းပင် ဖြစ်လေသည်။

ဇူယွမ်နှင့်ယောင်ယောင်မှာ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်အား ပြုလုပ်နိုင်ရန်အတွက် သင့်တော်သော မြေပြင်အနေအထားအား စတင်ရှာဖွေလိုက်ကြ၏။ အခြားသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ မျက်လုံးအဝိုင်းသားဖြင့် ဇူယွမ်တို့ ပြုလုပ်နေသည်များအား လိုက်လံကြည့်ရှုနေကြသည်။

အချိန်အတန်ကြာမျှ ကြာမြင့်သွားပြီးနောက်တွင် ဇူယွမ်တို့နှစ်ဦးမှာ ကျေနပ်အားရသွားဟန်ဖြင့် ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ဇူယွမ်မှာ လက်အားဝေ့ယမ်း၍ မူလသူတော်စင်တောင်ထွတ်မှ တပည့်များကိုပါ ေခါ်ဆောင်လိုက်၏။

ဇူယွမ်မှာ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ဇူထိုက်နှင့် တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "ဒီနေရာမှာ ကျွန်တော်တို့ အခြေချကြမယ်။"

ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ တစ်ဦးကိုတစ်ဦးကြည့်၍ ခါးသက်စွာပြုံးကာ မေးမြန်းလိုက်၏။ "တပည့်ခေါင်းဆောင် ငါတို့မှာ ဘာအစီအစဉ်တွေရှိလဲ။"

မူလသူတော်စင်တောင်ထွတ်မှာ အလွန်အင်အားနည်းလှသည့်အပြင် ဓားကပ်ဘေးတောင်ထွတ်အားလည်း ရန်ပြုစကား ဆိုထားသောကြောင့် ယခုအချိန်မှ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်တော့ပေ။ မည်သို့ပင်တွေးစေကာမူ မူလသူတော်စင်တောင်ထွတ်၏ လက်ရှိအခြေအနေမှာ လွန်စွာဆိုးရွားလှပေသည်။

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ "မင်းတို့ငါ့ကို ယုံဖို့ပဲလိုတယ်။ ငါ့မှာ ဓားကပ်ဘေးတောင်ထွတ်နဲ့ ရင်ဆိုင်ဖို့အတွက် အစီအစဥ်ရှိပြီသားပါ။"

တပည့်များမှာ ဇူယွမ်၏စကားအား ကြားလိုက်ရသောအခါ၌ တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။ ဇူယွမ်မှာ အမြဲတစေပင် အ့ံအားသင့်စရာများကို လုပ်ပြနိုင်ခ့ဲသော်လည်း ယခုအခြေအနေသည် ထိုက့ဲသို့ လူစွမ်းကောင်းလုပ်၍ရနိုင်သော အခြေအနေမဟုတ်ချေ။

တပည့်များမှာ မယုံကြည်နိုင်စွာဖြင်​့ တိတ်ဆိတ်ငြိမ်သက်နေစဥ်ပင် ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာ၏။ "တပည့်ခေါင်းဆောင်က အစီအစဥ်ရှိတယ်ဆိုမှတော့ ငါတို့အားလုံး သူ့ကိုယုံပေးရမှာပေါ့။ မဟုတ်ရင်လည်း ငါတို့မှ ဘာမှမလုပ်နိုင်တာ ဟုတ်တယ်မလား ဟီးဟီး။"

ထိုစကားအား တပည့်များမှ အလျင်အမြန်ပင် သဘောတူလိုက်ကြ၏။ မည်သို့ပင်ဆိုစေကာမူ အခြေအနေများမှာ ဆိုးရွားနေပြီဖြစ်သောကြောင့် ဇူယွမ်၏စကားကို ယုံကြည်ပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဤသို့ဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာ အော်ဟစ်အားပေးသံများဖြင့် ပြည့်နှက်သွားလေသည်။

ဇူယွမ်မှာ ကျေနပ်သွားသော မျက်ဝန်းများဖြင့် တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် လူအုပ်တစ်နေရာမှ တပည့်တစ်ဦးအား ပြုံးကာနှုတ်ဆက်လိုက်၏။ အစောပိိုင်းတွင် တပည့်များအား လက်ခံစေရန် အော်ဟစ်ပြောဆိုပေးခ့ဲသူမှာ ရှန်ဝမ့်ကျင်းပင် ဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို ရှန်ဝမ့်ကျင်းမှာ အမြဲတစေ သစ္စာရှိပေးခ့ဲ၏။ ဇူယွမ်မှာ စိတ်ရင်းအမှန်ဖြင့် ၎င်းအား လွန်စွာကျေးဇူးတင်မိလေသည်။

ယခုဆိုလျှင်မူ ရှန်ဝမ့်ကျင်း၏ စကားများမှာ တပည့်များအား စည်းလုံးသွားစေ၏။ ဇူယွမ်နှင့်ယောင်ယောင်မှာ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်အား ပြုလုပ်ရဦးမည်ဖြစ်သောကြောင့် လူအုပ်အား ဦးဆောင်နေရန် အချိန်များစွာ မရှိချေ။ တပည့်များသာ စည်းလုံးခြင်းမရှိပါက ဓားကပ်ဘေးတောင်ထွတ်နှင့် ရင်ဆိုင်ရသောအချိန်တွင် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်သွားနိုင်ပေသည်။

မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ အကူအညီသာ မပါဝင်ပါက ဇူယွမ်မှာလည်း ဓားကပ်ဘေး​တောင်ထွတ်မှ တပည့်များအား အကုန်အစင် ဖမ်းချုပ်ထားနိုင်ရန် မဖြစ်နိုင်ချေ။

ဇူယွမ်မှာ ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးအားကြည့်ကာ ပြောလိုက်သည်။ "စီနီယာအကိုတော်ဇူထိုက်တို့သုံးယောက်က တပည့်တွေကို ဦးဆောင်ပြီးတော့ ရေနေသားရဲတွေကို ရသလောက် အမဲလိုက်ပေးပါ။ ကျွန်တော်နဲ့ ယောင်ယောင်က ဒီမှာပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ထားလိုက်မယ်။"

ဇူထိုက်တို့သုံးဦးမှာ ဇူယွမ်၏စကားအား နားမလည်နိုင် ဖြစ်သွားကြရ၏။ ယခုလက်ရှိတွင် ဇူယွမ်နှင့်ယောင်ယောင်မှာ အသန်မာဆုံး သူများဖြစ်သောကြောင့် ရေနေသားရဲများအား အမဲလိုက်ရာတွင် ဦးဆောင်ဦးရွက် ပြုသင့်ပေသည်။  ဇူယွမ်မှာ အမှန်တကယ်ပင် အတ္တကြီးလွန်းလှ၏။ သို့သော် ဇူထိုက်တို့သုံးဦးမှာ မည်သည့်စကားမှ မဆိုနေတော့ပဲ ဇူယွမ်ကိုသာ ခေါင်းညိတ်ပြလိုက်ကြသည်။

ဇူယွမ်မှာ ဇူထိုက်တို့၏ စိတ်ခံစားချက်အား နားလည်မိပါသော်လည်း ရှင်းပြပြောဆိုခြင်း မပြုတော့ပေ။ မူလသူတော်စင်တောင်ထွတ်မှ ငါးရာမျှသော တပည့်အရေအတွက်အတွင်း ဓားကပ်ဘေးတောင်ထွတ်မှ သူလျှိုမပါဝင်ဟု မည်သူမှ မပြောနိုင်ချေ။ အကယ်၍သာ အစီအစဥ် ပေါက်ကြားသွားပါက ကြိုးစားထားရသမျှ သဲထဲရေသွန်သက့ဲသို့ ဖြစ်သွားရပေလိမ့်မည်။

"နင်တို့တွေ ထန်ထန့်ကို ခေါ်သွားလိုက်ကြ။ သူသာပါရင် ပေတစ်ထောင်သားရဲတွေကိုတောင် အမဲလိုက်လို့ရတယ်။" ယောင်ယောင်မှာ ထန်ထန်အား ဂုတ်မှဆွဲ၍ ဇူထိုက်တို့ထံ ပစ်ပေးလိုက်၏။

ဇူထိုက်တို့မှာ ယခုမှသာ စိတ်သက်သာရာ ရသွားကြရသည်။ ၎င်းတို့အားလုံးမှာ ချစ်စဖွယ်ကောင်းလှသော ထန်ထန်၏ ကြောက်မက်ဖွယ်ရာစွမ်းအင်များအကြောင်း မျက်မြင်တွေ့ထားဖူးကြသည်။ ဓားကပ်ဘေးတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ကျောင်းဇူသည်ပင် ထန်ထန့်အား ကြောက်လန့်သွားသောကြောင့် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးခ့ဲရဖူးသည်။ ထို့ကြောင့် ထန်ထန်သာ လိုက်ပါလာပါက များစွာလုံခြုံစိတ်ချမှု ရှိပေလိမ့်မည်။

မှာကြားစရာရှိသည်များအား ပြောဆိုပြီးသည့်နောက်တွင် ဇူယွမ်နှင့်ယောင်ယောင်မှာ ကျွန်းငယ်အတွင်းပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

၎င်းတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ဇူထိုက်တို့သုံးဦးမှာ တစ်ဦးကိုတစ်ဦးကြည့်၍ ခါးသက်စွာရယ်မောလိုက်ကြသည်။ ဇူထိုက်တို့သုံးဦးမှာ ဇူယွမ်တို့၏ အကြံအစည်အား မသိရှိရပါသော်လည်း သူတို့၏အမြင်တွင်မူ မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ ဓားကပ်ဘေးတောင်ထွတ်၏လက်မှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။ မူလသူတော်စင်တောင်ထွတ်၏ အထူးချွန်ဆုံး ခရမ်းရောင်ခါးစည်း တပည့်များအနေဖြင့် ဇူထိုက်တို့သုံးဦးမှာ ဓားကပ်ဘေးတောင်ထွတ်အကြောင်း ကောင်းစွာသိရှိထားကြလေသည်။

ဇူထိုက်မှာ တပည့်များအားကြည့်၍ လေးနက်သော အမူအရာဖြင့် စကားဆိုလိုက်၏။ "ငါတို့အရင်ဆုံး ခဏလောက် အနားယူကြမယ်။ ပြီးရင် ငါတို့ ဆယ်ယောက်တစ်ဖွဲ့စီဖွဲ့ပြီးတော့ ရေနေသားရဲတွေကို အမဲလိုက်ကြရမယ်။ ​အမဲလိုက်နေတဲ့ အချိန်အတွင်း တစ်ခုခုဖြစ်ခ့ဲရင် အမြန်ဆုံး အသိပေးပါ။"

"နားလည်ပါပြီ။"

တပည့်များမှာ ဦးဆောင်ဦးရွက်ပြုမည့် ဇူယွမ်နှင့်ယောင်ယောင်နှစ်ဦး ထွက်ခွာသွားကြသောကြောင့် အားအင်ချိနဲ့စွာဖြင့်သာ ပြန်လည်ဖြေကြားလိုက်ကြသည်။ မူလသူတော်စင်တောင်ထွတ်တွင် ဇူယွမ်က့ဲသို့သော တပည့်ခေါင်းဆောင် ရှိနေခြင်းမှာ အမှန်တကယ်ပင် ကံဆိုးလှပေသည်။ အခက်အခဲကြုံသောအချိန်၌ ကာကွယ်ပေးခြင်း မရှိသည့်အပြင် အရှေ့မှ ဦးအောင် ထွက်ပြေးတက်သေး၏။ ထိုသို့သော တပည့်ခေါင်းဆောင်မျိုးအား မည်သို့ယုံကြည်အားကိုးရပါမည်နည်း။

..........

မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ရေနေသားရဲများအား အမဲလိုက်ရန်အတွက် ပြင်ဆင်နေသက့ဲသို့ ဇူယွမ်နှင့်ယောင်ယောင်မှာလည်း အစီအရင်အား ရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်နေကြလေသည်။

"ကြည့်ရတာ မူလသူတော်စင်တောင်ထွတ်က တပည့်တွေက ကျွန်တော်တို့ကို သိပ်မယုံကြသလိုပဲ။" ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ တပည့်များ၏ အယုံအကြည်မရှိသော မျက်ဝန်းများအား ဇူယွမ်မှ ကောင်းစွာမြင်တွေ့ခဲ့ရ၏။ ၎င်းမှာ မူလသူတော်စင်တောင်ထွတ်အတွက် များစွာသောကောင်းကျိုးများကို ယူဆောင်လာပေးသူတစ်ဦး ဖြစ်နေ၍သာ တပည့်များမှ ဆန့်ကျင်စကား မဆိုကြခြင်းပင် ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက တပည့်များနှင့် ဇူယွမ်၏ ဆက်ဆံရေးမှာ ခွာပြဲနေလောက်ပြီပင် ဖြစ်၏။

"အဲ့ဒါတွေ တွေးနေလို့လည်း အပိုပဲ။" ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "လူငါးရာလောက်နဲ့ လူတစ်သောင်းကျော်ကို ရင်ဆိုင်ရမှာလေ။ အဲ့ဒါကို နင့်ဆီက လေလေးတစ်ခွန်းနှစ်ခွန်းနဲ့ သူတို့က ပစ်ယုံကြရမှာလား။"

"ပြီးတော့ ငါတို့က သူတို့ကို ဘာမှပြောပြထားတာလဲမဟုတ်ဘူး။ နင်ကလည်း သူများတွေရှေ့မှာ တပည့်ခေါင်းဆောင်ဖြစ်ပြီးတော​့ သူတို့ထက် ဦးအောင်ပြေးပြတယ်လေ။ သူတို့ မယုံကြည်နိုင်တာ လက်ခံပေးလို့ ရပါတယ်။"

"သူတို့ဆီက ယုံကြည်မှုကို လိုချင်တယ်ဆိုရင် အစီအစဥ်ကို အရင်ဖြစ်မြောက်အောင် လုပ်ပြလိုက်ဦး။"

ယောင်ယောင်မှာ အင်္ကျီလက်မောင်းအိုးအတွင်းမှ ကျောက်စိမ်းစာလိပ်များအား ထုတ်ယူကာ ဇူယွမ်ထံသို့ ပေးလိုက်သည်။ "ဒါက အစီအရင်မှာ နင်တာဝန်ယူရမယ့် အပိုင်းတွေပဲ။ ကျန်တာတွေကိုတော့ ငါပဲလုပ်မယ်။ လိုအပ်ရင်တော့ နင်ကကူညီပေးပေါ့။"

"ကျွန်တော်တို့ စကြတော့မလား။" ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်များအား ကြည့်ရှုနေရင်းဖြင့် မေးလိုက်၏။

ယောင်ယောင်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ "အင်း...ဒီနေရာမှာတော​့ မဟုတ်ဘူး။"

ဇူယွမ်မှာ အ့ံအားသင့်သွားပြီးနောက် လျင်မြန်စွာပင် မေးလိုက်၏။ "ဒီမှာမဟုတ်ဘူးလား။ ဘာလို့လဲ။"

"ငါတို့ အစီအရင်ကိုရေးဆွဲဖို့ အချိန်ခြောက်ရက်တောင် သုံးရမှာ။ ပြီးတော့ ဘာအမှားမှလည်း လုပ်လို့မရဘူး။ အခုအချိန်မှာ ဓားကပ်ဘေးတောင်ထွတ်က မူလသူတော်စင်တောင်ထွတ်ကို လွှတ်ပေးထားတယ်ဆိုပေမယ်​့ ငါတို့ပေါ့ဆနေလို့ မရဘူး။"

"မူလသူတော်စင်တောင်ထွတ်က တပည့်တွေကို ဓားကပ်ဘေးတောင်ထွတ်ကလူတွေကို အာရုံလွှဲဖို့အတွက် ဒီနေရာမှာ ထားခ့ဲကြမယ်။ သူတို့ကိုကာကွယ်ဖို့ ထန်ထန်လည်း ရှိနေတာပဲလေ။ အစီအရင်ရေးဆွဲဖို့အတွက်ကိုတော​​့ ငါပဲတခြားနေရာတစ်ခုကို ထပ်ရှာလိုက်မယ်။"

ဇူယွမ်မှာ ခေတ္တမျှတွေးတောလိုက်ပြီးနောက် သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယောင်ယောင်၏ အစီအစဥ်မှာ များစွာအန္တရာယ်ကင်းပေသည်။ ဓားကပ်ဘေးတောင်ထွတ်အား အ့ံအားသင့်စရာ လက်ဆောင်ပေးနိုင်ရန်အတွက် အချိန်အချို့ ရင်းနှီးရဦးမည်ဖြစ်သောကြောင့် ပုန်းကွယ်၍သာ လုပ်ဆောင်သင့်၏။

"အဲ့ဒါဆိုလည်း နေရာရှာဖို့ စလိုက်ကြရအောင်။ ကျွန်တော်တို့မှာ အချိန်အများကြီး မရှိဘူး။"

ဇူယွမ်၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက်ပြတ်သားသော အငွေ့အသက်များဖြင့် တောက်ပနေ၏။

"ကျွန်တော်တကယ်ကို ဓားကပ်ဘေးတောင်ထွတ်ကို လက်ဆောင်ကောင်းကောင်းလေး ပေးချင်လှပြီ။"

All Chapters