← Chapters

ဓားကပ်ဘေးတောင်ထွတ်မှကျွန်းငယ်ထံသို့ချည်းကပ်လာခြင်း

Vol. 37 Ch. 516

ဓားကပ်ဘေးတောင်ထွတ်မှကျွန်းငယ်ထံသို့ချည်းကပ်လာခြင်း

Vol. 37 Ch. 516

မူလရေကန်ကြီးမှာ ကြီးမားကျယ်ဝန်းလှပါသော်လည်း တောင်ထွတ်အသီးသီးမှ တပည့်များဖြင့် ဆူညံပွတ်လောရိုက်နေလျက် ရှိသည်။

မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှလွဲ၍ အခြားတောင်ထွတ်များမှ တပည့်များမှာ မူလရေကန်တွင် အလွန်ပင် သက်တောင့်သက်သာ ရှိနေကြ၏။ တောင်ထွတ်အသီးသီးမှာ မူလရေကန်အတွင်းပိုင်းရှိ ကျွန်းငယ်များထံ၌ အခြေချကာ ရေနေသားရဲများအား အမဲလိုက်ရန် စတင်ပြင်ဆင်ကြလေသည်။

တောင်ထွတ်များမှ တပည့်များအားလုံးမှာ မူလနဂါးခြင်ဆီအား ရရှိနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြ၏။ မတူညီသော တောင်ထွတ်များမှ တပည့်အချင်းချင်း ပြဿနာအနည်းငယ်ဖြစ်ကြသော်လည်း တိုက်ခိုက်ကြသည်အထိ မဆိုးရွားကြပေ။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်မှလွဲ၍ အခြားသော တောင်ထွတ်များအားလုံးမှာ အင်အားကြီးတောင်ထွတ်များ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် တပည့်များမှာ ကတောက်ကဆများ ဖြစ်ပေါ်စေကာမူ မြိုသိပ်လိုက်ကြသည်သာ များ၏။

မူလသူတော်စင်တောင်ထွတ်ကိုသာ တောင်ထွတ်များအားလုံးမှ အထင်သေးရန်စရဲကြခြင်း ဖြစ်သည်။ အထူးသဖြင့် ဓားကပ်ဘေးတောင်ထွတ်ဆိုလျှင် မူလသူတော်စင်တောင်ထွတ်အား ဆိုးရွားစွာ နှိမ်ချဆက်ဆံလေ့ ရှိ၏။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်မှာ တပည့်အင်အား နည်းပါးသည့်အပြင် အရည်အချင်းမှာလည်း နိမ့်ပါးကျသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်မှာ တောင်ထွတ်တိုင်း၏ မထီမဲ့မြင်ပြုခြင်းအား ခံနေရ၏။

ဤသို့ဖြင့် တောင်ထွတ်များအသီးသီးမှ အခြေချစစ်ဆေးခြင်း ပြုနေရင်းဖြင့်ပင် ရက်အနည်းငယ်မျှ ကုန်ဆုံးသွားခ့ဲလေသည်။

ဓားကပ်ဘေးတောင်ထွတ်မှာ ဤရက်ပိုင်းများအတွင်း ပတ်ဝန်းကျင်အခြေအနေအား ကြည့်ရှုစစ်ဆေးနေပါသော်လည်း မူလသူတော်စင်တောင်ထွတ်အား မေ့ပျောက်ထားခြင်း မရှိပေ။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ရေနေသားရဲများအား အမဲလိုက်နေရင်းဖြင့်ပင် မူလသူတော်စင်တောင်ထွတ်၏ သတင်းများအား နားစွင့်နေကြ၏။

ဤသို့ဖြင့် အချိန်လေးရက်မျှ ကြာမြင့်သွားပြီးနောက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ သတင်းအစအနများ ရရှိခ့ဲလေသည်။ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ပိုင်လီချွီးထံသို့ လာရောက်သတင်းပေးကြ၏။

"မူလသူတော်စင်တောင်ထွတ်ရဲ့သတင်းကို ရခ့ဲပြီပေါ့လေ။" ပိုင်လီချွီးမှာ ကျေနပ်အားရသော မျက်ဝန်းများဖြင့် ပြုံးလိုက်သည်။

လက်ရှိအချိန်တွင် ခုန်းရှန်နှင့် ကျောင်းဇူတို့မှာ တပည့်များအား ဦးဆောင်ကာ ရေနေသားရဲများအား သွားရောက်အမဲလိုက်နေကြပြီး ပိုင်လီချွီးကိုမူ အခြေချစခန်းအား စောင့်ကြပ်ရန် ချန်ထားရစ်ခ့ဲခြင်းပင် ဖြစ်၏။

"ဇူယွမ်နဲ့ ​ဇူရှောင်ယိုကိုရော ရှာတွေ့ပြီလား။" ပိုင်လီချွီးမှ လာရောက်သတင်းပေးသော တပည့်များအား မေးလိုက်သည်။

တပည့်များမှာ ခေါင်းကိုခါယမ်းကာ ဖြေကြားလိုက်၏။ "သူတို့နှစ်ယောက်ကိုတော့ မတွေ့ခဲ့ဘူး။ ဒါပေမယ့် ဟိုကြောက်ဖို့ကောင်းတဲ့ ချစ်စရာသတ္တဝါသေးသေးလေးကို တွေ့ခဲ့တယ်။ အဲ့ဟာလေးက ဘာကောင်မှန်း မသိပေမယ့် တော်တော်ကြောက်ဖို့ကောင်းတယ်။ ကျွန်တော်တို့က မူလသူတော်စင်တောင်ထွတ်က တပည့်တွေဆီက မူလနဂါးခြင်ဆီတွေ သွားလုနေတုန်းမှာပဲ အဲ့ဟာလေးက ရောက်လာပြီး တိုက်ခိုက်တော့တာပဲ။ အခုတော့ ကျွန်တော်တို့ ရှာထားသမျှ မူလနဂါးခြင်ဆီတွေ ကုန်ပါပြီ။ အဲ့မကောင်းဆိုးဝါးလေးက အကုန်စားပစ်လိုက်တာလေ။"

ပိုင်လီချွီးမှာ မျက်ခုံးများ မြင့်တက်သွားရသည်။ ၎င်းသည်လည်း ထိုသတ္တဝါလေးအား ကြောက်ရွံ့မိ၏။ ထိုသေးငယ်လှသော မကောင်းဆိုးဝါးလေးမှာ ဓားကပ်ဘေးတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ကျောင်းဇူကိုပင် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျသည်အထိ ပြေးရအောင် လုပ်ခဲ့ဖူးသည်ဟု ကြားသိခ့ဲရသည်။

"တပည့်ခေါင်းဆောင် ကျွန်တော်တို့ သူတို့ကို ဝိုင်းထားလိုက်ရတော့မလား။" တပည့်တစ်ဦးမှ မေးမြန်းလိုက်၏။

ပိုင်လီချွီးမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "မလောပါနဲ့။ အခုအချိန်မှာ တောင်ထွတ်တွေအကုန်လုံးက ရေနေသားရဲတွေကို အားသွန်ခွန်စိုက် အမဲလိုက်နေကြတာ။ ဒီလိုအချိန်မှာ ငါတို့ရဲ့အင်အားတွေကို မူလသူတော်စင်တောင်ထွတ်အပေါ် သွားမဖြုန်းသင့်သေးဘူး။"

"ဒါပေမယ့် ဇူယွမ်နဲ့ ဇူရှောင်ယိုက ဘာလို့ပျောက်နေကြတာလဲ။ ဒီအချက်ကတော့ စဥ်းစားစရာပဲ။ ဇူယွမ်ဆိုတဲ့ကောင်က မတရားဉာဏ်များတဲ့ကောင်။ ဘာတွေကြံစည်နေပြန်ပြီလဲ မသိဘူး။"

"အခုအချိန်မှာ မူလသူတော်စင်တောင်ထွတ်ကို မတိုက်ခိုက်သေးဘူးဆိုပေမယ့် လုံးဝလွှတ်ပေးထားလို့တော့ မရဘူး။ အဲ့ဒါကြောင့် တပည့်တစ်ထောင်လောက်ကို သူတို့ကို စောင့်ကြည့်ထားဖို့ လွှတ်ထားမှ ဖြစ်မယ်။ အဲ့ကောင်တွေကို ဒီတိုင်းကြီး လွှတ်ပေးထားဖို့တော့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် ငါတို့သက်သက်မဲ့ အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်။"

"မူလသူတော်စင်တောင်ထွတ်က ကောင်တွေကို မင်းတို့ဘာမှ ကြောက်နေစရာ အကြောင်းမရှိဘူး။ အခုလောလောဆယ် အဓိက ပြဿနာက ဟိုသေးသေးကွေးကွေး မကောင်းဆိုးဝါးလေးပဲ။ မင်းတို့တွေ လူစုခွဲပြီးတော့ အဲ့ကောင်တွေကို စောင့်ကြည့်ထားကြ။ သူတို့ကိုလည်း တက်နိုင်သမျှ သွေးကွဲသွားအောင် လုပ်ထား။ ဒါပေမယ့် ဟိုမကောင်းဆိုးဝါးလေးကိုလည်း သေချာသတိထားကြဦး။ သူ့လက်ထဲမှာ စီနီယာအကိုတော်ကျောင်းဇူတောင် မလွတ်တာ။ မင်းတို့ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။ သေချာဂရုစိုက်ကြ။"

"သူတို့သာ သွေးကွဲသွားရင် ငါတို့ဘာမှတောင် သိပ်လုပ်စရာ မလိုတော့ဘူး။ အချိန်တန်ရင်လည်း သူတို့ရဲ့ ဒေါသတွေက အသုံးမကျတဲ့ ဇူယွမ်အပေါ်ပဲ ရောက်သွားလိမ့်မယ်။"

"အခုမင်းတို့လုပ်ရမှာက မူလသူတော်စင်တောင်ထွတ်က ကောင်တွေနဲ့ စကားပြောဖို့ ကြိုးစားပြီးတော့ ဇူယွမ်နဲ့ဇူရှောင်ယိုအကြောင်း ရသလောက် စုံစမ်းလာခ့ဲ။"

"တစ်ခုခုအကြောင်းထူးတာနဲ့ ငါ့ဆီကို သတင်းပို့။ နည်းနည်းမှ နောက်မကျစေနဲ့။"

"နားလည်ပါပြီ။"

တပည့်များမှာ ပိုင်လီချွီးအား အရိုအသေပြုနှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။

ပိုင်လီချွီးမှာ အဝေးတစ်နေရာမှ ကျွန်းငယ်လေးအား လှမ်းမြော်ကြည့်ရှုလိုက်ပြီးနောက် လျှို့ဝှက်စွာဖြင့် ပြုံးလိုက်သည်။ ၎င်း၏အမြင်တွင်မူ မူလသူတော်စင်တောင်ထွတ်မှာ အမဲလိုက်ဆော့ကစားရန် သင့်လျော်သော ယုန်သူငယ်လေးတစ်ကောင်သာ ဖြစ်၏။ လူငါးရာမျှသာရှိသော မူလသူတော်စင်တောင်ထွတ်အား လူအင်အား တစ်သောင်းကျော်မျှရှိသော ဓားကပ်ဘေးတောင်ထွတ်မှ အနည်းငယ်မျှပင် ဂရုစိုက်နေစရာ အကြောင်းမရှိပေ။ ​ဖြစ်နိုင်ခြေများအားလုံးကို တွက်ဆချင့်ချိန်နေသောကြောင့်သာ အစစအရာရာ သတိထားလုပ်ကိုင်နေခြင်း ဖြစ်၏။

"ဇူယွမ်....ဒီတစ်ကြိမ်ရော မင်းပြေးနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။"

..........

မူလသူတော်စင်တောင်ထွတ်မှ တပည့်များ အခြေချရာ ကျွန်းငယ်ပေါ်၌

ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှာ စိုးရိမ်ပူပန်နေဟန်ဖြင့် ရေစပ်နားတွင် စုဝေးနေကြလေသည်။ လွန်ခဲ့သော အချိန်အနည်းငယ်က တပည့်တစ်ဦးမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ အနိုင်ကျင့်နှိပ်စက်မှုကို ခံခဲ့ရကြောင်း သတင်းပို့လာခ့ဲ၏။ ဆိုလိုသည်မှာ ဓားကပ်ဘေးတောင်ထွတ်သည် မူလသူတော်စင်တောင်ထွတ်၏ အခြေချစခန်းအား သိရှိသွားခဲ့ပြီပင် ဖြစ်သည်။

ထိုသတင်းမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား စိုးရိမ်ပူပန်မှု မြင့်တက်စေ၏။ ထို့အပြင် တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်နှင့် ရွေးချယ်ခံတစ်ဦးမျှပင် အရည်အချင်းရှိသူဖြစ်သော ဇူရှောင်ယိုတို့နှစ်ဦးမှာလည်း ပျောက်ဆုံးနေသည်မှာ ရက်အတန်ကြာမျှ ရှိပြီဖြစ်သည်။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ စိတ်အခြေအနေများ ပုိမိုဆိုးရွားလာကြ၏။ အရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးရမည်ဖြစ်သော တပည့်ခေါင်းဆောင်မှာ မည်သည့်သတ္တဝါမှန်းမသိရသော မူလသားရဲတစ်ကောင်သာ ချန်ထားရစ်ပြီး ပျောက်ခြင်းမလှ ပျောက်ဆုံးသွားလေသည်။ ထိုအချက်မှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား အလွန်ပင် စိတ်ထိခိုက်စေ၏။

"ဓားကပ်ဘေးတောင်ထွတ်က ငါတို့ကို ရှာတွေ့သွားပြီပေါ့။" ဇူထိုက်မှ လေးလံစွာဖြင့် စကားဆိုလိုက်သည်။ "အဲ့ဒါဆို သိပ်မကြာခင်ပဲ သူတို့လှုပ်ရှားကြလိမ့်မယ်။"

လုယန်းမှာ ကျွန်းငယ်အား ကြည့်ရှုနေရင်းဖြင့် မေးလိုက်၏။ "ဇူယွမ်က ဘယ်ပျောက်နေတာလဲ။ ဘာတွေလုပ်နေတာလဲ။ သူက တပည့်ခေါင်းဆောင်လေ။ အခုအချိန်ထိ အဆင်သင့်မဖြစ်သေးဘူးလို့တော့ ငါ့ကိုမပြောနဲ့။ ဟိုသတ္တဝါလေးကို ထားခ့ဲပြီးကတည်းက သူနဲ့ဇူရှောင်ယိုက ဘယ်ရောက်နေမှန်းကို မသိဘူး။"

ဇူထိုက်မှာ ခါးသက်စွာပြုံးရင်းဖြင်​့ ခေါင်းအားခါယမ်းလိုက်သည်။ မူလရေကန်အတွင်းသို့ စတင်ရောက်ရှိစဥ်မှစ၍ ဇူယွမ်မှာ ဤကျွန်းငယ်ပေါ်၌ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ထားရစ်ခ့ဲလေသည်။ ထိုအချိန်မှစ၍ ဇူယွမ်နှင့် ဇူရှောင်ယိုတို့အား အရိပ်ကလေးမျှပင် မြင်တွေ့ရခြင်း မရှိတော့ချေ။

လုယန်းမှာ ဒေါသထွက်နေဟန်ဖြင့် စကားဆိုလိုက်သည်။ "ဇူယွမ်က မူလသူတော်စင်တောင်ထွတ်ရဲ့ ကျောထောက်နောက်ခံအဖြစ် ရှိနေပေးရမယ့် တပည့်ခေါင်းဆောင်လေ။ အခုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းကို မသိရဘူး။ သူပျောက်နေတော့ ငါတို့တောင်ထွတ်က တပည့်တွေရဲ့ စိတ်အခြေအနေတွေလည်း မကောင်းကြတော့ဘူး။ အခုဆိုရင် ဓားကပ်ဘေးတောင်ထွတ်ကလည်း ငါတို့ကို တွေ့သွားပြီ။ ဒီပုံစံအတိုင်းဆိုရင်တော့ ငါတို့အကုန် ငါးပါးမှောက်ကုန်တော့မှာပဲ။"

ဇူထိုက်မှာ ဇူယွမ်အားကာကွယ်ပြောဆိုလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ် အခုလို ပျောက်နေရတယ်ဆိုတာ သူ့အကြောင်းနဲ့သူ ရှိမှာပါ။ သူတစ်ခုခု စီစဥ်နေတာလည်း ဖြစ်နိုင်တာပဲလေ။ စိတ်ကိုအေးအေးထားပါ။ ဒေါသမထွက်ပါနဲ့ဦး။ သူက ငါတို့တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ပဲလေ။ ငါတို့ကို ပစ်ထားမှာ မဟုတ်ပါဘူး။"

"ငါလည်း နင်ပြောသလို ဖြစ်ပါစေလို့ပဲ ဆုတောင်းနေရတာပဲ။ တကယ်ဆို ငါလည်း ဒေါသမထွက်ချင်ပါဘူး။ ဒါပေမယ့် အခုအခြေအနေတွေက နင်မြင်တဲ့အတိုင်းပဲလေ။" လုယန်းမှ သက်ပြင်းချကာ ပြောလိုက်သည်။

"စီနီယာအကိုတော်ဇူထိုက်..."

ဇူထိုက်တို့သုံးဦး ပြောဆိုဆွေးနွေးနေစဥ်မှာပင် အဝေးတစ်နေရာမှ တပည့်တစ်ဦး၏အော်သံအား ကြားလိုက်ရ၏။ "ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေအများကြီး ဒီနေရာကို ဝိုင်းထားလိုက်ကြပြီ။"

၎င်းတို့သုံးဦးမှာ အလျင်အမြန်ပင် ကောင်းကင်ထက်သို့ ကြည့်ရှုလိုက်ကြ၏။ များပြားလှသော ပုံရိပ်များမှာ ကောင်းကင်ထက်မှနေ၍ ကျွန်းငယ်တစ်လျှောက်လုံးအား ဝိုင်းပတ်ကာရံထားသည်ကို တွေ့ရှိလိုက်ရပေသည်။

ဇူထိုက်တို့ခန့်မှန်းထားသည့်အတိုင်းပင် ဓားကပ်ဘေးတောင်ထွတ်မှ စတင်၍လှုပ်ရှားလာပြီပင် ဖြစ်၏။

ဇူထိုက်မှာ ကျန်းယန်နှင့်လုယန်းအားကြည့်ကာ ပြောလိုက်သည်။ "ဒါလူတစ်ထောင်ဝန်းကျင်လောက်ပဲ ရှိမယ်။ ဓားကပ်ဘေးတောင်ထွတ်က သူတို့ရဲ့အင်အားအကုန် မသုံးသေးဘူး။"

"သူတို့က ငါတို့ကို စောင့်ကြည့်ဖို့ လာကြတာပဲ ဖြစ်မယ်။ သူတို့ဓားကပ်ဘေးတောင်ထွတ်က မူလနဂါးခြင်ဆီတွေ လုံလောက်အောင် စုဆောင်းပြီးပြီဆိုတာနဲ့ ငါတို့ကို တိုက်ခိုက်တော့မယ့် သဘောရှိတယ်။" လုယန်းမှ ခက်ထန်နေသော မျက်နှာထားဖြင့် စကားဆိုလိုက်သည်။

"အခုငါတို့ ထွက်ပြေးလို့တောင် မရတော့ဘူး။"

ဇူထိုက်တို့သုံးဦးလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ကြောက်လန့်စွာဖြင့် ထွက်ပြေးပျံသန်းရန် ကြံစည်နေကြပါသော်လည်း ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ ပိတ်ပင်တားဆီးမှုကြောင့် အထမမြောက်နိုင်ပဲ ရှိ၏။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ အမူအရာမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ဆော့ကစားစရာတစ်ခုအဖြစ် ယူဆထားဟန် ရှိသည်။

"ဝေါင်း...."

မူလသူတော်စင်တောင်ထွတ်မှ တပည့်များ ကြောက်လန့်စွာဖြင့် အော်ဟစ်နေစဥ်မှာပင် ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ ဟိန်းဟောက်သံအား ကြားလိုက်ကြရ၏။ လူတိုင်းမှ အသံလာရာသို့ ကြည့်ရှုလိုက်သောအခါတွင် ပျင်းရိစွာ လှဲလျောင်းနေသော ထန်ထန်အား တွေ့ရှိလိုက်ရပေသည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ထန်ထန်အား တွေ့ရှိလိုက်ရသည်နှင့်တကွ အလွန်ပင် ကြောက်လန့်တုန်လှုပ်သွားကြ၏။ ထို့နောက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အလျင်အမြန်ပင် ပျံသန်းထွက်ပြေးကြလေတော့သည်။ အလုအယက် ထွက်ပြေးကြသောကြောင့် အချို့သောတပည့်များမှာ မူလရေကန်အတွင်းသို့ပင် ပြုတ်ကျကုန်ကြ၏။ ၎င်းတို့မှာ ထိုမျှပင် ထန်ထန်အား ကြောက်ရွ့ံကြလေသည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ထန်ထန်အား ကြောက်ရွ့ံသဖြင့် ထွက်ပြေးသွားကြသော်လညး် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ စိတ်ဓာတ်ကျဆင်းနေကြဆဲပင် ဖြစ်သည်။ အထူးသဖြင့် တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်ပျောက်ဆုံးနေခြင်းမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအပေါ် အကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်စေ၏။ ယခုဆိုလျှင် ၎င်းတို့မှာ အမှန်တကယ်ပင် မျှော်လင့်ချက်ကင်းမဲ့နေကြပြီ ဖြစ်သည်။

ဇူထိုက်တို့သုံးဦးမှာလည်း တပည့်များ၏ စိတ်ပျက်အားငယ်နေကြသော မြင်ကွင်းအား စိတ်မကောင်းစွာဖြင့်သာ ကြည့်ရှုနေရ၏။ ဇူထိုက်မှာ ပြာလွင်နေသော မိုးကောင်းကင်အား ငေးမောကြည့်ရှု၍ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဂျူနီယာညီတော်ဇူယွမ်....မင်းမှာတကယ်ရော အစီအစဥ်တွေ ရှိရဲ့လား..."

All Chapters