စစ်ပွဲကြေငြာခြင်း
Vol. 38 Ch. 517
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အဝေးတစ်နေရာမှနေ၍ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားအဆက်မပြတ် စောင့်ကြည့်နေကြလေသည်။ ၎င်းတို့၏ပုံစံမှာ သားကောင်အားတိုက်ခိုက်ရန်ပုန်းကွယ်ချောင်းမြောင်းနေသော ကျားသားရဲများအလား ရှိနေ၏။
၎င်းဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနှင့် ချောမောခန့်ညားသော လူငယ်တစ်ဦးမှ ဦးဆောင်လျက်ရှိသည်။ ထိုလူငယ်၏ မျက်ဝန်းများမှာ စူးရှတောက်ပနေပြီး အနည်းငယ် ခက်ထန်မည့်အသွင် ရှိ၏။ ၎င်း၏ခန္ဓာကိုယ်မှလည်း ပြင်းထန်လှသော စွမ်းအင်ဖိအားများထွက်ပေါ်နေလေသည်။
ထိုလူငယ်မှာ ကျုံးယွမ်ဟုခေါ်တွင်ပြီး ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး တပည့်များထဲမှ တစ်ဦးဖြစ်သည်။ ကျုံးယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခန်းအနား၌ပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကာ ပိုင်လီချွီးအား ရှုံးနိမ့်ခဲ့သောကြောင့်သာလျှင် တပည့်ခေါင်းဆောင် ဖြစ်မလာရသူဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ကျုံးယွမ်မှာ သာမာန်တပည့်တစ်ဦးမဟုတ်ပဲ အလွန်ပင် ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ပေသည်။
သို့သော် ကျုံးယွမ်မှာ မောက်မာလွန်းသောသူဖြစ်သဖြစ် ပိုင်လီချွီးအား ရှုံးနိမ့်သွားခြင်းကို လက်သင့်မခံခဲပေ။ ထို့ကြောင့် ၎င်းနှင့်ပိုင်လီချွီးတို့မှာ ဆက်ဆံရေးမပြေလည်တော့ပဲ ကတောက်ကဆများ ဖြစ်ပေါ်လာရ၏။ ယင်းအတွက်ကြောင့် ပိုင်လီချွီးမှာ ကျုံးယွမ်အပေါ် အာဏာပြ၍ ယခုအခါတွင် မူလသူတော်စင်တောင်ထွတ်အား စောင့်ကြပ်ရန်အတွက် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ကျုံးယွမ်မှာ အဝေးမှ မူလသူတော်စင်တောင်ထွတ်၏ တပည့်များရှိရာ ကျွန်ငယ်အား ကြည့်ရှုနေရင်းဖြင့် ခက်ထန်စွာ ရေရွတ်လိုက်သည်။ “အဟက်....ငါ့ကိုများ မလောက်လေးမလောက်စား မူလသူတော်စင်တောင်ထွတ်ကို စောင့်ကြည့်ခိုင်းတယ်တဲ့။ ပိုင်လီချွီးဆိုတဲ့ကောင်က တော်တော်တရားလွန်တာပဲ။ တပည့်ခေါင်းဆောင်ဆိုတိုင်း လုပ်ချင်ရာလုပ်နေတယ်။ ငါ့အဆင့်နဲ့ ဒီလိုနေရာကို လာပြီးစောင့်ကြည့်စရာလား။”
အနီးအနားတွင်ရှိသော တပည့်များမှာ ကသိကအောက်ဖြင့်သာရယ်မောနေကြရ၏၊၊ အဘယ့်ကြောင့်ဆိုသော် မည်သူကမှ ပိုင်လီချွီးမကောင်းကြောင်းအား မပြောရဲသောကြောင့် ဖြစ်သည်။ ကျုံးယွမ်ကဲ့သို့သူတစ်ဦးမှ ပိုင်လီချွီးအားကျိန်ဆဲနေသည်မှာပြဿနာမရှိသော်လည်း အခြားသူများမှာ ထိုကဲ့သို့ စိတ်ရှိတိုင်းကျိန်ဆဲရန် မဖြစ်နိုင်ပေ။ အခန့်မသင့်ပါက ပိုင်လီချွီး၏ အမျက်ဒေါသကိုပင် ခံရနိုင်ခြေရှိကာ ဓားကပ်ဘေးတောင်ထွတ်၌ ငရဲတမျှဆိုးရွားလှသော နေ့ရက်များကို ဖြတ်သန်းနေရပေလိမ့်မည်။
“စီနီယာအကိုတော်ကျုံးယွမ် ကျွန်တော်တို့ ဒီမှာစောင့်နေတာ နှစ်ရက်ရှိပြီ။ ဒါပေမယ့် မူလသူတော်စင်တောင်ထွတ်က ဘာမှမလှုပ်ရှားသေးဘူး။” တပည့်တစ်ဦးမှာ ကျုံးယွမ်၏ဒေါသများ ပြေပျောက်စေရန်အလို့ငှာ စကားလမ်းကြောင်း လွှဲလိုက်၏။
ကျုံးယွမ်မှာ လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် ပြောလိုက်၏။ “ သူတို့ လူနည်းနည်းလေးနဲ့ ဘာလုပ်နိုင်မှာ မို့လို့လဲ။ အဟက်.....သူတို့ဆီမှာ တပည့်ခေါင်းဆောင်တစ်ယောက်ရှိသွားရုံလေးနဲ့ ဘာများပြောင်းလဲသွားမှာမို့လို့လဲ။ သူတို့က အရင်တုန်းကလည်း သတ္တိမရှိတဲ့ ငကြောက်တွေပဲ။ အခုလည်း ဒီအတိုင်းပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။”
“ဇူယွမ်က မူလသူတော်စင်တောင်ထွတ်လို ဘာမှသုံးစားလို့မရတဲ့နေရာမှာသာ တပည့်ခေါင်းဆောင်ဖြစ်နေတာ။ ငါတို့ဓားကပ်ဘေးတောင်ထွတ်မှာသာဆို နောက်ဆုံးငါးယောက်ထဲတောင် ပါမယ့်ကောင်မဟုတ်ဘူး။ အဲ့ကောင်က ဘာအသုံးကြလို့လဲ ....အဟက်။”
“ဇူရှောင်ယိုနဲ့ ဟိုမကောင်းဆိုးဝါးလေးသာမပါရင် ငါတစ်ယောက်တည်းနဲ့တင် မူလသူတော်စင်တောင်ထွတ်က ကောင်တွေအကုန်လုံးကို ပြိုင်ပွဲကနေ ထုတ်ပစ်လိုက်မှာ။ ဇူယွမ်လိုကောင်လောက်ကို စရင်းတောင်ထည့်တာ မဟုတ်ဘူး။ အဓိက ကဟိုနှစ်ယောက်ပဲ။ ငါသတင်းတွေကြားတာကတော့ ဇူရှောင်ယိုကလည်း သူတော်စင်မှော်စာလုံးတောင်ထွတ်က ရွေးချယ်ခံယဲ့ကယ်ထက်တောင်တော်တယ်တဲ့။ ဟိုမကောင်းဆိုးဝါးလေးက စီနီယာအကိုကျောင်းဇူကိုတောင် နိုင်ခဲ့တာလေ။ သူတို့ကြောင့်သာမဟုတ်ဘူးဆိုရင် မူလသူတော်စင်တောင်ထွတ်က ငါ့လက်ထဲမှာတင် အမှုန့်ဖြစ်နေလောက်ပြီ။”
ပိုင်လီချွီးနှင့် ကျုံးယွမ်တို့နှစ်ဦးစလုံးမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်အား အနည်းငယ်မျှပင်ကြောက်ရွံခြင်းမရှိကြပေ။ ၎င်းတို့နှစ်ဦးစလုံးမှာ ဇူယွမ်အား အရည်အချင်း မပြည့်မှီသူတစ်ဦးဟုသာ သတ်မှတ်ထားကြ၏။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်မှာ အင်အားနည်းလှပြီး တပည့်ခေါင်းဆောင်ဖြစ်လာရန်မှာလည်း ဓားကပ်ဘေးတောင်ထွတ်ထက် အဆပေါင်းများစွာ လွယ်ကူသောကြောင့်ပင် ဖြစ်သည်။ စင်စစ်အားဖြင့်ဆိုလျှင် ၎င်းတို့မှာ မူလသူတော်စင်တောင်ထွတ်နှင့် ပတ်သက်သမျှအရာအားလုံးအား အထင်မြင်သေးနေကြခြင်းပင် ဖြစ်၏။
ကျုံးယွမ်၏အနီးတွင်ရှိနေသော တပည့်တစ်ဦးမှာတွေဝေနေဟန်ဖြင့် စကားဆိုလိုက်သည်။ “ဒီနှစ်ရက်လုံးလုံး ကျွန်တော်တို့ မူလသူတော်စင်တောင်ထွတ်ရဲ့ အခြေချစခန်းကို စောင့်နေကြပေမယ့် ဇူယွမ်နဲ့ ဇူရှောင်ယိုကို လုံးဝမမြင်ရဘူး။ ကျွန်တော်တို့ မူလသူတော်စင်တောင်ထွတ်က တပည့်တွေကို ရသလောက် အနိုင်ကျင့်နှိပ်စက်နေတာတောင်မှ သူတို့နှစ်ယောက်က နည်းနည်းလေးတောင် ပေါ်မလာဘူး။ တော်တော်လေးထူးဆန်းနေသလိုပဲ။”
ကျုံးယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ကျွန်းငယ်အားလှမ်းမျှော်ကြည့်ကာ ပြောလိုက်၏။ “ဇူယွမ်ကတော့ဘာအရည်အချင်းမှ မရှိတာဆိုတော့ ကြောက်လို့ပုန်းနေတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် ဇူရှောင်ယိုကတော့ ဓားကပ်ဘေးတောင်ထွတ်က ရွေးချယ်ခံအကိုတွေတောင် မထိပါးရဲတဲ့သူမျိုးပဲ။ သူမပျောက်နေတာက တော်တော်ထူးဆန်းတယ်။ သူမက ငါတို့လို တပည့်လေးကို ကြောက်နေစရာ အကြောင်းမရှိဘူး။ အဲ့ဒါကြောင့် ဇူယွမ်နဲ့ ဇူရှောင်ယို ပျောက်နေတယ်ဆိုတာက တစ်ခုခု ကြံစည်နေတာ ဖြစ်နိုင်တယ်။ ဇူယွမ်ဆိုတဲ့ကောင်က အရည်အချင်းသာမရှိတာ ဉာဏ်နီဉာဏ်နက်တွေက ညှစ်ထုတ်လို့ကို မကုန်နိုင်ဘူး။”
ကျုံးယွမ်မှာ ခေတ္တမျှငြိမ်သက်သွားပြီးနောက် တိုးညင်းသောအသံဖြင့် စကားဆိုလိုက်သည်။ “ဝူချင်းထျန်း မင်းတပည့်ရှစ်ရာလောက်ကို ဦးဆောင်သွားပြီးတော့ မူလသူတော်စင်တောင်ထွတ်က တပည့်တွေနဲ့ ဟိုမကောင်းဆိုးဝါးသေးသေးလေးကို မျှားခေါ်သွားလိုက်။ ငါကကျန်တဲ့ တပည့်နှစ်ရာကိုဦးဆောင်ပြီးတော့ ဇူယွမ်နဲ့ ဇူရှောင်ယိုတို့ကို ရှာကြည့်လိုက်မယ်။”
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ဤနေရာ၌ စောင့်ကြပ်နေကြသည်မှာ ရက်အနည်းငယ်မျှ ကြာမြင့်နေပြီဖြစ်သောကြောင့် အလွန်ပင်ပျင်းရိနေကြပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့မှာ ကျုံးယွမ်၏ အမိန့်အား ကြားလိုက်ရသောအချိန်တွင် ရွှင်လန်းတက်ကြွသွားကြလေသည်။
“နားလည်ပါပြီ စီနီယာအကိုတော်။”
အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား မျှားခေါ်နိုင်ရန်အတွက် စတင်တိုက်ခိုက်ကြတော့၏။
၎င်းတို့၏ တိုက်ခိုက်မှုများမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား အလွန်ပင် ဂယက်ရိုက်သွားစေ၏။ အဆုံးတွင်မူ ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ တပည့်များအား သေချာစွာ စုစည်းဦးဆောင်၍ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ပြန်လည်တိုက်ခိုက်ရပေတော့သည်။ ဤသို့ဖြင့် မူလသူတော်စင်တောင်ထွတ်၏ အခြေစိုက်စခန်းရှိရာ ကျွန်ငယ်အနီး၌ ပြင်းထန်လှသော တိုက်ပွဲများ စတင်ဖြစ်ပေါ်သွားရ၏။
ထန်ထန်မှာ ဆူညံအော်ဟစ်သံများကြောင့် အနားယူနေရာမှ နိုးထလာရသည်။ ထို့နောက် ပျင်းရိစွာဖြင့်ပင် တိုက်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်၏။ ၎င်းမှာ အလွန်ပြင်းရိစွာတိုက်ခိုက်နေရပါသော်လည်း ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ တစ်ဦးပြီးတစ်ဦး ရှုံးနိမ်ကြကုန်၏။ ထန်ထန်မှာ ကစားစရာမျှပင်အသုံးမကျသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားတိုက်ခိုက်နေရခြင်းကြောင့် ပြန်လည်၍ပင် အိပ်ငိုက်နေပြီဖြစ်သည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ တိုက်ခိုက်နေရခြင်းကြောင့် ကျွန်းငယ်အားစောင့်ကြပ်ရန် အာရုံမရ ဖြစ်နေကြသည်။ ထိုအချိန်မှာပင် ကျုံးယွမ်နှင့် တပည့်နှစ်ရာတို့မှာ ကျွန်ငယ်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ကာ ဇူယွမ်နှင့် ဇူရှောင်ယိုတို့အား စတင်၍ ရှာဖွေကြတော့သည်။
အသက်ရှုချိန် အနည်းငယ်မျှသော အချိန်အတွင်မှာပင် ကျုံးယွမ်တို့အုပ်စုမှာ တစ်လက်မ ပင်မကျန် ရှာဖွေပြီးစီးသွားကြ၏။ သို့သော် ဇူယွမ်နှင့် ဇူရှောင်ယိုတို့၏ အရိပ်အယောင်အနည်းငယ်မျှပင် မမြင်တွေ့ရသောကြောင့် ကျုံးယွမ်မှာ အံ့အားသင့်သွားရသည်။ ဇူယွမ်တို့ နှစ်ဦးမှာ ကျွန်းငယ်အတွင်းတွင်ရော တိုက်ပွဲအတွင်း၌ပါ ပျောက်ဆုံးနေခြင်းဖြစ်၏။
“သူတို့နှစ်ယောက်က ဒီမှာလည်းမရှိပါလား။”
ကျုံးယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် နှုတ်ခမ်းထက်တွင် လှောင်ပြောင်သရော်လိုသော အပြုံးတစ်ခုပေါ်ပေါက်လာသည်။ “သူတို့နှစ်ယောက်က မူလသူတော်စင်တောင်ထွတ်က တပည့်တွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားခဲ့ပြီးတော့ နှစ်ယောက်တည်းမူလနဂါးခြင်ဆီတွေ သွားရှာနေတာများလား။”
“အဟက်....သူတို့က ဦးနှောက်တော့ရှိသားပဲ။ ဘာပဲဖြစ်ဖြစ် မူလသူတော်စင်တောင်ထွတ်က တပည့်တွေက ဘယ်နေရာမှာမှ သုံးစားလို့ရမှာမှ မဟုတ်တာ။ သူတို့ဘာသာပဲ မူလနဂါးခြင်ဆီရှာတာ ပိုကောင်းတာပေါ့။”
ဝှစ်...ဝှစ်...
ကျုံးယွမ်မှာ လေတိုးသံကြားရာနေရာသို့ ကြည်ရှုလိုက်သောအခါတွင် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှ တပည့်တချို့အားဦးဆောင်ကာ ကျွန်ငယ်အတွင်းသို့ အလျင်အမြန် ပြန်လည်ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရသည်။
၎င်းမှာ ဇူထိုက်အား ကြည့်ရှုနေရင်းဖြင့် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်၏။ “အရူးတွေ မင်းတို့ရဲ့ အားကိုးရပါချည်ရဲ့ ဆိုတဲ့ တပည့်ခေါင်းဆောင်ဇူယွမ်နဲ့ ဇူရှောင်ယိုက မင်းတို့ကိုထားခဲ့တာ ကြာလှပြီ။ အဲ့ဒါကို မင်းတို့က အရူးတွေလိုမျိုး ဒီနေရာကို ကာကွယ်သေးတယ်လား။”
ဇူထိုက်တို့သုံးဦးမှာ ကျွန်းငယ်လေးအား အံ့အားသင့်စွာ ငေးမောကြည့်ရှုလိုက်ကြသည်။ ၎င်းတို့မှာ ကျွန်းငယ်၏ အတွင်းပိုင်း၌ ဇူယွမ်တို့ရှိနေမည်ဟူသော မျှော်လင့်ချက်ဖြင့် ကာကွယ်စောင့်ရှောက်နေကြပါသော်လည်း စင်စစ်တွင်မူ ဗလာကျင်းနေသော ကျွန်းတစ်ခုသာ ဖြစ်နေလေ၏။ ယင်းတို့၏ ခေါင်းဆောင်မှာ အမှန်တကယ်ပင် မူလသူတော်စင်တောင်ထွတ်အား စွန့်ပစ်သွားပြီပင် ဖြစ်သည်။
အခြားသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာလည်း မျှော်လင့်ချက်မဲ့ကုန်ကြ၏။ ဗလာကျင်းနေသော ကျွန်ငယ်အား ကြည့်ရှုနေရင်းဖြင့် အားတင်းထားရသော စိတ်ခံစားချက်များ တစ်စစီကျိုးပဲ့ကုန်ရပြီပင် ဖြစ်သည်။ လုံခြုံမှုမရှိသော စိတ်ခံစားချက်၊ ဝမ်းနည်းအားငယ်သော စိတ်ခံစားချက်များသာ တလှိုက်လှိုက်ထွက်ပေါ်လာ၏။
ကျုံးယွမ်မှာ စိတ်ပျက်အားလျော့နေကြသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအားကြည့်ရှုရင်းဖြင့် ကျေနပ်အားရစွာ ပြောလိုက်သည်။ “မင်းတို့ဘာသာ ဒီပြိုင်ပွဲကနှုတ်ထွက်သွားကြဖို့ ငါအကြံပေးချင်တယ်။ မဟုတ်ရင်တော့ ငါအဆိုးမဆိုနဲ့၊၊”
“ဘာပဲဖြစ်ဖြစ် မင်းတို့ခေါင်းဆောင်ကလည်းအားကိုးလို့မှ မရတာ...ဟဟ။”
ကျုံးယွမ်မှာ အလွန်ပင် ကျေနပ်သဘောကျနေဟန်ဖြင့် ရယ်မောနေ၏။
အခြားသောဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား လှောင်ပြောင်သရော်ကြလေတော့သည်၊၊
လုယန်းမှာ ခက်ထန်နေသော အမူအရာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ပါးစပ်ပိတ်ထားကြစမ်း။”
ကျုံးယွမ်မှာ အလေးမထားဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ “အဟက်..... ကောင်မလေး မင်းတို့ကိုငါက အခွင့်အရေးပေးနေတာနော်။ မင်းတို့ ကိုယ့်ဘာသာ နှုတ်မထွက်လို့ ငါတို့က လိုက်ထုတ်မယ့် အချိန်ကြရင် အဆုံးသတ်လှမယ်မထင်နဲ့။”
ထိုစကားအား ပြောကြားလိုက်ပြီးနောက် ကျုံးယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား အချက်ပြကာပြန်လည်ထွက်ခွါရန် ပြင်ဆင်လိုက်သည်၊၊ ထိုအချိန်မှာပင် တည်ကြည်လေးနက်သော အသံတစ်ခုအား ကြားလိုက်ရသည်။ “မင်းက ဒီကိုရောက်နေပြီဆိုမှတော့ ဘာလို့မင်းတို့ရဲ့အစီအစဉ်အတိုင်း တစ်ခါတည်း မလုပ်သွားတာလဲ။”
ကျုံးယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် သဲတောင်ပို့တစ်ခုတွင်ရပ်နေသော ငယ်ရွယ်ခန့်ညားသည့် လူငယ်တစ်ဦးအား တွေ့ရှိလိုက်ရ၏။
ဇူထိုက်နှင့် မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ထိုလူငယ်အား မြင်တွေ့လိုက်ရသောအခါတွင် အလွန်ပင် အံ့အားသင့်သွားကြရသည်။ “တပည့်ခေါင်းဆောင်။”
ထိုလူငယ်မှာ ရက်ပေါင်းများစွာ ပျောက်ဆုံးနေသော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ဇူယွမ်ပင် ဖြစ်လေသည်။
ကျုံးယွမ်မှာ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ဇူယွမ်အား မေးမြန်းလိုက်သည်။ “မင်းဘယ်နေရာကနေ ထွက်လာတာလဲ။”
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ဖြေကြားခြင်းမပြုပဲ ကျုံးယွမ်ကိုသာ အေးစက်စွာ ကြည့်ရှုလျက်ရှိသည်။ ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ပုံရိပ်မှာ သဲတောင်ပို့ထံမှ တဆင့် ကျုံးယွမ်အနီးသို့ ရောက်ရှိလာ၏။
“အရူးကောင်။”
ကျုံးယွမ်မှာ ရုတ်တရက်တိုက်ခိုက်လာသော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် အမူအရာများ အေးစက်ခက်ထန်သွားရသည်။ “မူလသူတော်စင်တောင်ထွတ်ရဲ့တပည့်ခေါင်းဆောင်လို ကောင်မျိုးကို ငါကမျက်စိထဲထည့်မယ် ထင်နေတာလား။”
“မင်းကိုယ်တိုင် အရှက်ကွဲချင်နေမှတော့ မူလသူတော်စင်တောင်ထွတ်နဲ့ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကွာခြားချက်ကို ငါကိုယ်တိုင် ပြရသေးတာပေါ့ကွာ။”
ဝုန်း....
ကျုံးယွမ်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းမှာ လက်နှစ်ဘက်အား ချိပ်ဆက်လိုက်သည်နှင့်တကွ နက်မှောင်လှသော အပြာရင့်ရောင် ဓားတစ်လက်၏ ပုံရိပ်ထွက်ပေါ်လာသည်။
“လရိပ်ပြာဓား.....”
ကျုံးယွမ်မှာ အော်ဟစ်လိုက်သည်နှင့်တကွ ထိုဓားပုံရိပ်မှာ ဇူယွမ်ထံသို့ လျင်မြန်လှသောအရှိန်ဖြင့် ပျံဝဲသွားတော့၏။
ဇူယွမ်မှာ အရှိန်အဟုန်ပြင်းစွာဖြင့် ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာသည်။
အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် လင်းလက်တောက်ပလာလေသည်၊၊ ပြင်းထန်လှသော ချီစွမ်းအင်များမှာ ဇူယွမ်၏ ခန္ဓာကိုယ်တလျှောက်သို့ ဖြတ်သန်းစီးဆင်းသွား၏။
ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ဖြူဖွေးသော စုတ်တံအမွှေးစများမှာ အဝတ်ဖြူစတစ်ခုအလား ရစ်ပတ်ချည်နှောင်သွား၏။
ကောင်းမွန်စွာအရှိန်ယူလိုက်ပြီးနောက် ဇူယွမ်မှာ လက်သီးအား ပြင်းထန်စွာပင် ထိုးချလိုက်တော့သည်။
“ချီဖြိုခွဲခြင်း.....”
လက်သီးနှင့် ဓားပုံရိပ်တို့ လေထုထဲတွင် တွေ့ဆုံသွားကြ၏။
“မင်းကသေချင်နေတာပဲ။” ကျုံးယွမ်၏ မထီမဲ့မြင်စကားသံမှာ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွား၏။
ခရက်.....
သို့သော် ထိုအချိန်အတွင်းမှာပင် နက်မှောင်သော အပြာရင့်ရောင် ဓားပုံရိပ်မှာ ကွဲအက်သွားရသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။” ကျုံးယွမ်မှာ အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။ ထိုလရိပ်ပြာဓားမှာ ၎င်း၏ပြင်းထန်လှသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပါသော်လည်း ဇူယွမ်မှာ လက်သီးတစ်ချက်တည်းဖြင့်ပင် ချိုးဖျက်ပြသွားလေသည်၊၊
ကျုံးယွမ်မှာ ဇူယွမ်၏ တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ရန်အတွက် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွါလိုက်၏။ သို့သော် ထိုအချိန်မှာပင် ဇူယွမ်မှာ လင်းယုန်ငှက်တစ်ကောင်မှ ကုပ်ဆွဲသည့်အလား လျင်မြန်စွာဖြင့် ကျုံးယွမ်၏ လည်မြိုအား ဖမ်းဆုပ်ပစ်လိုက်သည်။
ဇူယွမ်မှာ ကျုံးယွမ်အား အထင်သေးသော မျက်ဝန်းများဖြင့် ကြည့်ရှုကာ ပြောလိုက်၏။ “မင်းကိုကြည့်ရတာ ပြောပရလောက်အောင်လည်းမတော်ပါဘူး။ အဲ့ဒါကို ဘာလို့များ မတရားမောက်မာနေရတာလဲ။”
မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ဇူယွမ်အားကြည့်ရှုနေရင်းဖြင့် ပြန်လည်၍ အားတတ်လာကြပြီးပင် ဖြစ်သည်။ ပထမအကြိမ်အဖြစ် မူလရေကန်အတွင်း၌ ရက်ပေါင်းများစွာ ကြမြင့်သွားပြီးနောက် ပျောက်ဆုံးနေသော ယုံကြည်ချက်များအား ပြန်လည်ရရှိလိုက်သလို ခံစားလိုက်ရ၏။
ကျုံးယွမ်မှာ ဒေါသထွက်ကာ ရှက်ရွံ့သွားသော မျက်နှာထားဖြင့် စကားဆိုလိုက်သည်။ “ဇူယွမ် မင်းငါ့ကိုထိတာနဲ့ ဓားကပ်ဘေးတောင်ထွတ်က မင်းတို့ကို တိုက်ခိုက်ဖို့ ကြေငြာလိမ့်မယ်။ ငါပြောတာယုံလိုက်။”
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ဇူယွမ်အားအော်ဟစ်လိုက်ကြ၏။ “စီနီယာအကိုတော်ကို လွှတ်လိုက်စမ်း။ ငါတို့ကို မကြောက်ရင် စီနီယာအကိုတော်ကို ထိကြည့်လိုက်။”
ကျုံးယွမ်မှာ အသက်ရှုကြပ်နေသောကြောင့် သည်းမခံနိုင်တော့ဟန်ဖြင့် အော်ဟစ်လိုက်သည်။ “ဇူယွမ် ငါ့ကိုလွှတ်ပေးစမ်း။”
ဖြောင်း....
ထိုအချိန်မှာပင် ကျုံးယွမ်၏ ပါးပြင်ပေါ်သို့ ပြင်းထန်လှသော လက်ဝါးချက်တစ်ချက် ရောက်ရှိလာ၏။ သွေးစများမှာ ၎င်း၏နှုတ်ခမ်းထောင့်စွန်းဆီမှ ကျဆင်းလာလေသည်။
ဇူယွမ်မှာ လက်ဝါးအား ခါလိုက်ရင်းဖြင့် တည်ငြိမ်စွာပင် ပြောလိုက်သည်။ “တအားမဆူညံနဲ့ နားငြီးတယ်။”
ကျုံးယွမ်မှာ ပါးရိုက်ခံလိုက်ရသဖြင့် ခေတ္တမျှကြက်သေ သေသွားပြီးနောက် ဒေါသထွက်ပေါက်ကွဲစွာဖြင့် မီးကုန်ယမ်းကုန် အော်ဟစ်လိုက်၏။ “မင်းကငါ့ကို ရိုက်ရဲတယ်လား....”
ဝုန်း....
ထိုအချိန်မှာပင် ပြင်းထန်လှသော လက်သီးတစ်လုံးမှာ ကျုံးယွမ်၏ ရင်အုပ်ထံသို့ ကျရောက်လာလေသည်။ ၎င်းမှာ လက်သီး၏အရှိန်ဖြင့် အဝေးသို့ လွင့်စင်သွားကာ တောင်ကုန်းငယ်များနှင့် ရိုက်ခတ်သွားရ၏။ ထို့နောက်တောင်ကုန်းငယ်များထံမှ ကျောက်တုံး ကျောက်ဆောင်များ ပြိုကျလာကာ ကျုံးယွမ်၏ခန္ဓာကိုယ်အား ဖုံးအုပ်သွားလေတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရ၏။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြောက်လန့်တုန်လှုပ်နေရသည်။ ၎င်းတို့မှာ ဇူယွမ်မှ ထိုကဲ့သို့ အကြောက်အလန့်မရှိပဲ ကျုံးယွမ်ကဲ့သို့သောသူအား တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ပို၍ဆိုးရွားသည်မှာ ပိုင်လီချွီးနှင့် မတိမ်းမယိမ်းသာ လက်ရည်ကွာသော ကျုံးယွမ်အား ဇူယွမ်မှာ တစ်ချက်တည်းဖြင့် အမှောက်သိပ်နိုင်ခဲ့ခြင်းပင်ဖြစ်၏။
မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာလည်း ဇူယွမ်၏လုပ်ရပ်အား အလွန်ပင် အံ့အားသင့်နေရလေသည်။ ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်အား အနည်းငယ်မျှပင် အလေးမထားကြောင်း လုပ်ရပ်များဖြင့် သက်သေပြလိုက်ခြင်းပင် ဖြစ်၏။
ဇူယွမ်မှာ ဇူထိုက်တို့နှင့် မူလသူတော်စင်တောင်ထွတ်မှ တပည့်များအားကြည့်ရှုကာ မေးမြန်းလိုက်သည်။ “မင်းတို့တွေ ကြောက်ကြလား။”
တပည့်များမှာ တွေဝေနေခြင်းမရှိပဲ လျင်မြန်စွာ ဖြေကြားလိုက်ကြ၏။ “တပည့်ခေါင်းဆောင်သာ ရှိမယ်ဆိုရင် ဘာကိုမှ မကြောက်ပါဘူး။”
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား တစ်ချက်မျှကြည့်ကာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ပြောလိုက်သည်။ “အဲဒါဆိုရင် သူတို့တွေတစ်ယောက်မှ မလွတ်စေနဲ့။”
“အခုအချိန်ကစပြီး....”
“မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ကို စစ်ကြေညာလိုက်တယ်။”
ဇူယွမ်၏ စကားကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ သွေးများဆူပွက်လာသည့်အထိပင် စိတ်ဓာတ်များတက်ကြွလာကြလေတော့သည်။