← Chapters

ရူးနေတဲ့လူ

Vol. 1 Ch. 67

ရူးနေတဲ့လူ

Vol. 1 Ch. 67

ကျန်းရီသည် အတော်လေး မခံမရပ်နိုင် ဖြစ်နေခဲ့သည်။ ထိုနှစ်ယောက်သည် တံဆိပ်ပြားကို သိမ်းလိုက်ကာ ကျောက်တုံးများ အတွင်းသို့ ပြန်ထွက်သွားရန် ပြင်နေကြသည်။ သူတို့သည် ကျန်းရီကို မရှိသလိုမျိုး သဘောထားကာ တစ်ချက်မှပင် လှည့်မကြည့်ခဲ့ပေ။

“ဟေး ... မင်းတို့နှစ်ယောက်က ဒီအတိုင်း ထွက်သွားဖို့ ပြင်နေတာလား”

ကျန်းရီသည် အသက်ပြင်းပြင်း ရှိုက်လိုက်၍ ဒေါသကို ထိန်းကာ မေးလိုက်သည်။

ထိုနှစ်ယောက်သည် ရပ်လိုက်ကာ ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

“ဘာလို့လဲ ... မင်းက ငါတို့ကို နေစေချင်လို့လား”

ထိုနှစ်ယောက်သည် ကျန်းရီထက် အသက်ကြီးပုံ ပေါ်လေသည်။ တစ်ယောက်သည် အရပ်ရှည်၍ တစ်ယောက်သည် အရပ်ပုသည်။ နှစ်ယောက်လုံးသည် သပ်ရပ်စွာ ဝတ်စားထားကြသည်။ သူတို့သည် မထင်မရှား ဂိုဏ်းများမှ မဟုတ်သည်မှာ ထင်ရှားသည်။ ထို့ပြင် သူတို့ နှစ်ယောက်လုံးသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်တွင် ရှိကြရာ ကျန်းရီကို အဖက် မလုပ်ကြပေ။

ကျန်းရီသည် သူ့ပခုံးကို လှည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“မင်းတို့ကို နေအောင် လုပ်ရမှာလား ... ငါ့မှာ အဲဒီလိုမျိုး လုပ်ဖို့ စွမ်းရည်မရှိဘူး ... ဒါပေမဲ့ တံဆိပ်ပြားက ငါပိုင်ဆိုင်တာ ... မင်းတို့ ဒီလိုမျိုး လုယူတာက ကောင်းပါ့မလား”

“ဟမ့်”

အရပ်ပုသော တစ်ယောက်သည် နှာခေါင်းရှုံ့လိုက်သည်။

“ဘာလို့ မင်းပိုင်ဆိုင်တာ ဖြစ်ရမှာလား ... နတ်ဆိုးသားရဲကို သတ်တာ မင်းလား ... ငါတို့ မရှိရင် မင်းက သတ်နိုင်မှာ မလို့လား ... သွားစမ်း ... အဓိပ္ပာယ် မရှိတာတွေ ... ငါမင်းကို မသန်စွမ်း ဖြစ်အောင် လုပ်လိုက်မယ်”

“အရမ်းကောင်းတယ်”

ကျန်းရီသည် ဒေါသ ထွက်လွန်း၍ ရယ်မောလိုက်သည်။ သူ၏ အမူအရာ သည်လည်း အေးစက်သွားခဲ့၍ ပြောလိုက်သည်။

“မင်းတို့တွေက ဒီလောက် လူပါးဝနေမှတော့ ငါက မင်းတို့ကို ဆရာတစ်ယောက်နဲ့ တိုင်ကြားလိုက်မယ် ... ငါအဲဒီနားမှာ ကင်းထောက်နေတဲ့ ဆရာတစ်ယောက်ကို တွေ့လိုက်တယ် ... ငါပြိုင်ပွဲက ထွက်ရမယ် ဆိုရင်တောင် မင်းတို့နှစ်ယောက်ကို ငါနဲ့အတူ ဆွဲချသွားမယ်”

ကျန်းရီ၏ အမူအရာသည် သတ်ဖြတ်လိုစိတ်တို့ ဖုံးလွှမ်းလာခဲ့သည်။ သူသည် လက်တွင်းရှိ ကံတရား၏ ဓားစိမ်းကို အတွင်းအား ဖြည့်သွင်းလိုက်ပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်လိုက်သည်။

လုံလောက်ပြီ။

လူငယ်နှစ်ယောက်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ကျန်းရီထံ ပြေးလာကြသည်။ အရပ်ပိုပုသော လူသည် ပြေးလာရင်း အော်ဟစ်လိုက်သည်။

“ခွေးကောင် ... မင်းက ဒီလောက် ဖြစ်နေမှတော့ မင်းမိဘတွေ ကိုယ်စား ဒီသခင်လေးက သင်ပေးရသေးတာပေါ့ ... ငါက မင်းကို အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြုမူတတ်တဲ့ လူဖြစ်အောင် သင်ပေးရတာပေါ့”

“ဝှစ်”

ပုံရိပ်နှစ်ခုသည် လေထဲသို့ ခုန်လိုက်ကာ ကျန်းရီ၏ ပခုံးတစ်ဖက် တစ်ချက်ဆီသို့ အဖြူရောင် အလင်းများ ဖြာထွက်နေသော ဓားရှည်များဖြင့် ခုတ်လာခဲ့သည်။ ထိုလက်နက်များသည် ကံတရား၏ ဓားစိမ်းနှင့် အဆင့်တူ ဖြစ်သည်မှာ ထင်ရှားသည်။

ကျန်းရီသည် မျက်လုံးများ တောက်ပသွားသည် အထိ ပြုံးလိုက်သည်။ ဓားနှစ်လက်သည် သူ့ထံနီးကပ် လာသောအခါ သူသည် ခြေချော်သွားကာ လဲကျသွားခဲ့သည်။ လူငယ် နှစ်ယောက်၏ လှောင်ပြောင်လိုသော အပြုံးသည် ပို၍ ထင်ရှားလာခဲ့သည်။ ကျန်းရီသည် တုန်လှုပ်သွားခဲ့သည်။ သူတို့တွေက သူ့ကို မတော်တဆ သတ်မိတော့မလို့ပင် ...

“ဘန်း”

ကျန်းရီသည် မြေပြင်ပေါ်သို့ လဲကျသွားလျှင် သွားခြင်း လက်တစ်ဖက်ကို ထောက်၍ အမြန်ထလိုက်သည်။ ထို့နောက်သူသည် ပတ်ဝန်းကျင်သို့ လျင်မြန်သော အရှိန်နှင့် ပြေးကာ ကျောက်တုံးငယ်များကို ကောက်၍ ဓားသွားများကဲ့သို့ ပစ်လွှတ်လိုက်သည်။ ကျန်းရီသည် အော်ပြောလိုက်သည်။

“ငါ့ရဲ့ အဆင့်မြင့် လူသတ်အဆိပ်ကို ကြည့်ထား”

“အမ်”

ကျန်းရီ မျှော်လင့်ထားသည့် အတိုင်း ထိုနှစ်ယောက်သည် အနက်ရောင် အရိပ်များစွာ သူတို့ထံ ပျံသန်းလာသည်ကို မြင်လျှင် မျက်နှာများ ပျက်ယွင်းသွားကြသည်။ သူတို့သည် ထိုအရာမှာ ဘာဖြစ်သည်ကို မစူးစမ်းနိုင်တော့ပဲ ဓားရှည်များကို ဝှေ့ယမ်းကာ အလျင်အမြန် ကာကွယ်လိုက်ရသည်။

ကျန်းရီသည် ထိုသူနှစ်ယောက်ထံ တည့်တည့်ပြေး သွားလိုက်သည်။ သူတို့နှင့် သုံးမီတာခန့် အကွာသို့ ရောက်သောအခါတွင် သူသည် ပုံရိပ်ယောင် လက်သီးကို အသုံးပြုလိုက်ပြီး ညာဘက်လက်မှ လက်သုံးခု ဖြစ်သွားကာ ဓားသုံးချောင်းကို ပုံဖော်လိုက်သည်။

သူသည် ဓားသုံးချောင်းကို အရပ်ပိုရှည်သော သူထံ ပစ်သွင်းလိုက်ပြီး သူ၏ ပစ်မှတ်များမှာ ရန်သူ၏ ဦးခေါင်း၊ နှလုံးနှင့် ပေါင်ကြားတို့ ဖြစ်သည်။

“ခလွမ် ... ခလွမ်”

အရပ်ပိုရှည်သော လူငယ်သည် ကျောက်တုံးများကို ဓားဖြင့် ရိုက်ထုတ်နေချိန်တွင် အစိမ်းရောင်ဓားသည် သူ့ထံ ချဉ်းကပ်လာခဲ့သည်။ ဓားပုံရိပ်သုံးခုကို မြင်လျှင် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက် သွားခဲ့သည်။ ဓားတစ်ချောင်းသည် သူ့ကိုယ်ကို ထိမိလျှင်ပင် သူသေဆုံး သွားလိမ့်မည် ဖြစ်သည်။

သူသည် ဓားရှည်ကို မရပ်မနား ဝှေ့ယမ်းကာ နောက်သို့ အလျင်အမြန် ခုန်ရှောင်လိုက်ရသည်။ သူသာ ယခု တိုက်ခိုက်မှုကို ရှောင်တိမ်း ခုခံနိုင်လျှင် ကျန်းရီသည် သူတို့၏ တိုက်ခိုက်မှုဖြင့် ရှုံးနိမ့်ရတော့မည် ဖြစ်သည်။

သူ့ရဲဘော်ရဲဘက်သည် အန္တရာယ် ရှိနေသည်ကို မြင်လျှင် အရပ်ပုသော လူငယ်သည် သူ့ဓားကို ကျန်းရီရှိရာသို့ ခုတ်ချလာခဲ့သည်။ သူသည် စိတ်လော နေသောကြောင့်သာ ကျန်းရီသူ့ကို တစ်ချက် စောင်းကြည့်လိုက်စဉ်တွင် မျက်နှာထက်ရှိ အေးစက်စက် အပြုံးကို သတိ မထားမိလိုက်ခြင်း ဖြစ်သည်။

ကျန်းရီ ဓားသုံးချောင်းကို ကိုင်ဆောင်ထားသော လက်ပုံရိပ်များသည် ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ သူ့ကိုယ်သည် ရှေ့သို့ ပြေးသွားလိုက်ကာ အစိမ်းရောင်ဓားကို မြှောက်၍ ကျဆင်းလာသော အဖြူရောင်ဓားကို ခုခံလိုက်သည်။ ခြေထောက်များသည် ကျာပွတ်များ ကဲ့သို့ ပြိုင်ဘက်၏ ခြေထောက်ထံ တိုးဝင်သွားလေသည်။

“ဘန်း”

ကျန်းရီသည် တွေဝေမနေဘဲ လှုပ်ရှားမှုကို ချက်ချင်း ပြောင်းလဲလိုက်သည်။ အရပ်ပုသော လူငယ်သည် သူ့ခြေထောက်သည် နာကျင်သွားပြီး လူသည်လည်း လဲကျ သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူအော်ရန် အချိန် မရလိုက်ခင်မှာပင် အဆက်မပြတ် ကန်ချက်များ ကျရောက်လာခဲ့သည်။ ထို့နောက်ကျန်းရီသည် အလျင်အမြန် သူ့ရင်ဘတ်ကို တက်နင်းလိုက်ကာ အစိမ်းရောင်ဓားဖြင့် မျက်နှာကို ချိန်ရွယ် ထားခဲ့လေသည်။

မျက်တောင် တစ်ခတ်လေးပဲ…

ထိုဆက်တိုက် လှုပ်ရှားမှုများသည် မျက်စိတစ်မှိတ် အတွင်း ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ အရပ်ရှည်သော သူသည် ဆွံ့အသွားရလေသည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်၌သာ ရှိသေးသူသည် သူ့ရဲဘော်ရဲဘက်ကို အသာအယာပင် အနိုင်ယူသွားခဲ့သည်။

သူ့အမြင်တွင် ကျန်းရီသည် အများ မလုပ်ခဲ့သော်လည်း အချိန်တိုလေး အတွင်း နည်းလမ်းများစွာကို အသုံးပြုသွားခဲ့သည်။ သူသည် ပထမဆုံး သူတို့နှစ်ယောက်ကို ဒေါသထွက်လာအောင် ရန်စသည်။ ထို့နောက်တွင်မူ လဲကျသွားချင်ယောင် ဆောင်လိုက်ပြီး သူတို့ကို အချိန်ဆွဲရန် ကျောက်တုံးများကို လက်နက်ပုန်း အဖြစ် အသုံးချခဲ့သည်။ နောက်ဆုံးတွင် တိုက်ခိုက်မှု အစစ်အမှန်ကို ဖုံးကွယ်ကာ အထင်မှားအောင် လုပ်ခဲ့သည်။

သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားသော အဖြစ်က ဖြစ်လာခဲ့သည်။ အရာရာသည် ကျန်းရီ၏ တွက်ချက်မှု အတွင်း၌ပင်။ ကျန်းရီက သူတို့နှစ်ယောက်ကို အနိုင်မတိုက်နိုင်ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား ... ကျန်းရီသည် သူ၏ အနက်ရောင် အတွင်းအားကို မဖြုန်းတီးချင်၍သာ ... မဟုတ်လျှင် နှစ်ယောက်ထဲမှ တစ်ယောက်သည် ဒဏ်ရာ အပြင်းအထန်ရ၍ အခြားတစ်ယောက် ထမ်းခေါ် သွားရလောက်ပေပြီ။

ကျန်းရီသည် ဆွံ့အနေသော အရပ်ရှည်ရှည် တစ်ယောက်ကို လျစ်လျူရှု ထားလိုက်ပြီး သူ့ခြေထောက် အောက်ရှိ တစ်ယောက်ကိုသာ ငုံ့ကြည့်၍ ပြောလိုက်သည်။

“ဉာဏ်ကောင်းတဲ့ လူက အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြုမူတတ်ရမယ် ... မင်းသာ ထက်မြက်ရင် ဘာလုပ်ရမလဲဆိုတာ သိမှာပါ”

“ဟမ့်”

အရပ်ပုသော လူငယ်သည် အလျှော့ မပေးသေးပေ။ သို့သော် သူ့ရင်ဘတ်မှ နာကျင်မှုကြောင့် စကားတစ်ခွန်းမှ မဆိုနိုင်ပေ။ သူသည် ကျန်းရီကို စိုက်ကြည့်ကာ တတ်နိုင်သမျှ အော်ပြောလိုက်သည် ...

“ခွေးကောင် ... မင်းငါ့ကို သတ်ရဲရင် သတ်လိုက်”

ကျန်းရီ၏ ဓားသည် မျက်စိ ကျိန်းလောက်သော အရှိန်နှင့် အောက်သို့ ထိုးကျလာခဲ့သည်။ ကျန်းရီ၏ ဓားသည် သူ့ခေါင်းအနီးသို့ ရောက်လာသောကြောင့် သူသည် ဆံပင်မွေးများ ထောင်ထသွားအောင် ကြောက်လန့်သွားရသည်။

အနည်းငယ်သာ လွဲချော်သွားပါလျှင် သူ့ခေါင်းသည် ထက်ခြမ်းကွဲ သွားပေလိမ့်မည်။

ကျန်းရီသည် သူ့ခြေထောက်ကို အားပိုထည့် လိုက်ပြီး ဖိချလိုက်သည်။ ထို့နောက် သူသည် ကံတရား၏ ဓားစိမ်းကို အရပ်ပုပုလူငယ်၏ မျက်နှာအနီး ဝှေ့ယမ်းနေခဲ့သည်။ ထို့နောက် မေးလိုက်သည်။

“ငါမင်းရဲ့ ပေါင်ကြားက အ‌မွေးတွေကို ရိတ်ပစ်လိုက်ရင် ကောင်းမလား ... ဒါဆို မင်းက ပိုမိုက်သွားမယ် ထင်တယ်”

အရပ်ပုပု လူငယ်သည် ပေါင်ကြားမှပင် အေးခနဲ ဖြစ်သွားလေသည်။ ချွေးစေးများ သည်လည်း သူ့နဖူးမှ စီးကျလာခဲ့သည်။ သူ့မျက်လုံးများသည် ကျဉ်းမြောင်း သွားခဲ့ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ငါ မင်းရဲ့ တံဆိပ်ပြားကို ပြန်ပေးပါ့မယ် ... ငါတို့ ရှုံးကြောင်းလည်း ဝန်ခံပါတယ်”

အရပ်ပိုရှည်သော လူငယ်သည် သဘောတူကြောင်း ချက်ချင်း ခေါင်းညိတ်လာခဲ့သည်။ ထို့နောက် သူသည် ကျန်းရီထံမှ သူတို့ လုလိုက်သော အနက်ရောင် တံဆိပ်ပြားကို ပစ်ပေးလိုက်သည်။ တံဆိပ်ပြားကို လက်တစ်ဖက်နှင့် ဖမ်းလိုက်ရင်း ကျန်းရီသည် သူ့ခြေထောက်ကို ဖယ်မပေးသေးပဲ အရပ်ရှည်သော လူငယ်ကို စူးရဲသော မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်သည်။

“မင်းတို့မှာရှိတဲ့ တံဆိပ်ပြားတွေ အကုန်ပေး မင်းမှာရှိသမျှ ခရမ်းရောင်ရွှေတွေ၊ ကျင့်စဉ်တွေ၊ ဆေးလုံးတွေ အားလုံးကိုပေး ... အခု ငါ့စိတ်အ‌ခြေအနေက တော်တော်လေး ကောင်းနေလို့ ... မဟုတ်ရင် မင်းတို့နှစ်ယောက် တောင်အောက်ကို အဝတ်အစားမပါဘဲ ဆင်းသွားရမယ်”

“အိပ်မက် မက်နေလိုက် ... မင်း ...”

အရပ်ပုပု လူငယ်သည် ခေါင်းငုံ့ကြည့် လိုက်ပြီး တုန်လှုပ်သွားခဲ့သည်။ သူသည် စကားကို ချက်ချင်း ရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရီသည် အစိမ်းရောင်ဓားကို သူ့ပေါင်ကြားသို့ အချိန်မရွေး စိုက်ချနိုင်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် သူသည် ဘဝတစ်လျှောက်လုံး ကုန်းကုန်း ဖြစ်သွားပေတော့မည်။

“သူ့ကိုပေးလိုက် ... သူ့ကို အားလုံးပေးလိုက်”

အရပ်ပုပု လူငယ်သည် သူ့ပေါင်ကြားမှ အရမ်းအေးစိမ့်‌ လာသောကြောင့် သွေးရူးသွေးတန်းဖြင့် အော်ပြောလိုက်သည်။ သူသည် ကျန်းရီ၏ အပြုံးမမည်သော အပြုံးကို ကြည့်ရင်း နတ်ဆိုး တစ်ကောင်ထက်တောင် ကြောက်စရာ ကောင်းသည်ဟု တွေးနေခဲ့သည်။

ဒါက ရူးနေတဲ့သူပဲ ... သူသည် ရူးနေသော လူတစ်ယောက်နှင့် ကစားနိုင်စွမ်းလည်း မရှိသလို ကစားရဲတော့ မည်လည်း မဟုတ်ပေ။

***

All Chapters