ဓားကပ်ဘေးတောင်ထွတ်၏လူစု
Vol. 38 Ch. 519
ပိုင်လီချွီးထံမှ သတင်းစကားကြားရပြီးသည့်နောက်တွင် အရပ်မျက်နှာအစုံသို့ ရောက်ရှိနေကြသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ အခြေချစခန်းရှိရာသို့ ပြန်လည်ရောက်ရှိလာကြသည်။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်တစ်ထောင်ခန့်အား မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှ ပြိုင်ပွဲမှထုတ်ပယ်လိုက်သည်ဟူသော သတင်းမှာ ၎င်းတို့အား အလွန်အမင်း ဒေါသဖြစ်စေ၏။
မည်သူကမှ မူလသူတော်စင်တောင်ထွတ်က့ဲသို့သော အသုံးမကျသည့် တောင်ထွတ်တစ်ခုမှ ဓားကပ်ဘေးတောင်ထွတ်က့ဲသို့သော အင်အားကြီးတောင်ထွတ်အား ရန်စရဲလိမ့်မည်ဟု ထင်မှတ်မထားကြချေ။ ယခင်နှစ်များ၌ မူလသူတော်စင်တောင်ထွတ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ ကာကွယ်မှုအား ရယူရသည်အထိ အင်အားနည်းခ့ဲကြ၏။ ယခုအခါတွင်မူ တပည့်ခေါင်းဆောင်တစ်ဦး ရရှိသွားရုံမျှဖြင့် ဓားကပ်ဘေးတောင်ထွတ်အား ရန်ပြုရဲသည်အထိပင် ရဲတင်းလာကြသည်။ မူလသူတော်စင်တောင်ထွတ်သည် အမှန်တကယ်ပင် ဘဝမေ့တက်သောသူများ ဖြစ်ပုံရပေသည်။
ဤသို့ဖြင့် ဒေါသထွက်နေကြသော တပည့်များနှင့်အတူ ခုန်းရှန်နှင့် ကျောင်းဇူနှစ်ဦးမှာလည်း အခြေချစခန်းဆီသို့ ပြန်လည်ရောက်ရှိလာကြ၏။
ဓားကပ်ဘေးတောင်ထွတ်၏ အခြေချစခန်းရှိရာကျွန်းပေါ်ရှိ တောင်ကုန်းငယ်တစ်ခုပေါ်၌
ခုန်းရှန်မှာ ကျောက်ဖျာချပ်တစ်ခုပေါ်တွင်ထိုင်၌ ဓားအား အဝတ်စဖြင့် ပွတ်သပ်သန့်ရှင်းနေလေသည်။ ကျောင်းဇူမှာမူ သစ်ပင်တစ်ပင်အားမှီကာ လက်ပိုက်၍ ရပ်နေလျက် ရှိ၏။
"ကျွန်တော်တို့ရဲ့ ဂျူနီယာညီတော်လေးဇူယွမ်က အရည်အချင်းရှိမရှိတော့ မသိပေမယ့် ဘဝင်မြင့်ချက်ကတော့ လက်လန်တယ်နော်။ မောက်မာတဲ့နေရာမှာတော့ ကန်ရွှမ်းကလန်မှာ သူနဲ့ယှဥ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူး။ တပည့်ခေါင်းဆောင်ဖြစ်သွားတာနဲ့ ကျွန်တော်တို့ရဲ့ ဓားကပ်ဘေးတောင်ထွတ်ကိုတောင် ရန်စရဲလာပြီ။" ကျောင်းဇူမှ လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးကာပြောလိုက်သည်။
ခုန်းရှန်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "တပည့်တစ်ထောင်နီးပါးကို တစ်ခါတည်းနဲ့ ဆုံးရှုံးလိုက်ရတာက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ မူလနဂါးခြင်ဆီတွေကို စုဆောင်းဖို့အတွက် နည်းနည်းအခက်ကြုံသွားနိုင်တယ်။"
၎င်းမှာ ခေတ္တမျှတိတ်ဆိတ်သွားကာ ဖြည်းညင်းစွာဖြင့် ဆက်လက်ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ်က စည်းမျဥ်းစည်းကမ်းတွေကို တကယ်နားမလည်ဘူးပဲ။"
ခုန်းရှန်၏ အမြင်အရဆိုလျှင် ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား လက်လွတ်စပယ် ထုတ်ပယ်ခြင်း မပြုသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ဓားကပ်ဘေးတောင်ထွတ်နှင့် မူလသူတော်စင်တောင်ထွတ်၏ ကွာခြားလှသော အင်အားကြောင့်ပင် ဖြစ်၏။ ယခုအခါတွင် ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်အား ရန်ပြုလိုက်ပြီဖြစ်သောကြောင့် ဖြစ်လာမည့်အကျိုးဆက်များအား ရှောင်လွဲ၍ရနိုင်တော့မည် မဟုတ်ချေ။ မူလသူတော်စင်တောင်ထွတ်၏ အဆုံးသတ်မှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဆိုးရွားသွားနိုင်ပေသည်။
"ဇူယွမ်က ဦးနှောက်မရှိတဲ့ အရူးကောင်သက်သက်ပဲ။" ကျောင်းဇူမှာ ဓားအားမြေပြင်ပေါ်သို့ စိုက်ချရင်းဖြင့် စကားဆိုလိုက်သည်။ ၎င်း၏ မျက်ဝန်းများမှာ အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
"အခုသူတို့က ဓားကပ်ဘေးတောင်ထွတ်ကို စစ်ကြေညာလိုက်ပြီဆိုတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"
ခုန်းရှန်မှာ ပိုင်လီချွီးအားကြည့်ကာ ပြောလိုက်၏။ " တပည့်တွေအကုန်လုံးကို စုစည်းထားလိုက်။ သူတို့ဖက်က စစ်ကြေညာရဲတယ်ဆိုမှတော့ ငါတို့ကလည်း ဒီတိုင်းထိုင်နေစရာ အကြောင်းမရှိဘူး။ သူတို့အဆင့်နဲ့ ဓားကပ်ဘေးတောင်ထွတ်ကို ရန်စရဲတာ ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ ပြပေးရမှာပေါ့။"
"ဇူယွမ်ဆိုတာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ လှောင်စရာတစ်ခုအဖြစ်ပဲ ကျန်သွားစေရမယ်။"
ခုန်းရှန်၏ စကားသံမှာ တည်ငြိမ်အေးစက်နေ၏။ ကျောင်းဇူနှင့် ပိုင်လီချွီးတို့သည်ပင် အေးစက်လှသော စကားသံကြောင့် ကြက်သီးမွှေးညှင်းများ ထကုန်ကြရသည်။ ဇူယွမ်၏လုပ်ရပ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး ရွေးချယ်ခံဖြစ်သူ ခုန်းရှန်ကိုပင် ဒေါသထွက်စေခ့ဲလေသည်။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်၏ အဆုံးသတ်မှာလည်း ကောင်းမွန်နိုင်တော့မည်မဟုတ်ကြောင်း ကြိုတင်မှန်းဆနိုင်နေပြီပင် ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်က့ဲသို့သော တပည့်ခေါင်းဆောင်မျိုး ရရှိထားသည်မှာ အမှန်တကယ်ပင် ဆိုးရွားလွန်းလှ၏။ ထို့အတွက် ၎င်းတို့၏ ကံတရားကိုသာ အပြစ်တင်သင့်ပေသည်။
..........
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များ စုဝေးနေကြသည့်သတင်းမှာ အခြားတောင်ထွတ်မှ တပည့်များဆီသို့ အလျင်အမြန်ပင် ပျ့ံနှ့ံရောက်ရှိသွား၏။ မူလသူတော်စင်တောင်ထွတ်မှ ဓားကပ်ဘေးတောင်ထွတ်အား စစ်ကြေညာလိုက်သည့် အကြောင်းအရာမှာလည်း လူတိုင်းအား အ့ံအားသင့်သွားစေသည်။
"ဇူယွမ်က ရူးနေတာလား။"
"မူလသူတော်စင်တောင်ထွတ်က တပည့်နည်းနည်းလေးနဲ့ ဓားကပ်ဘေးတောင်ထွတ်ကို ဘယ်လိုဆန့်ကျင်မှာလဲ။"
"ဇူရှောင်ယိုရှိနေတာနဲ့ပဲ အခြေအနေအားလုံး ပြောင်းလဲသွားမှာ ကြနေတာပဲ။ သူမရှိရုံနဲ့ ဘာတွေဖြစ်လာမှာမို့လို့လဲ။ မူလသူတော်စင်တောင်ထွတ်က တော်တော်ဇောင်းကြွနေတာပဲ။"
"ဒီတစ်ခါတော့ သူတို့ကို ဘယ်သူမှ ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့ထိုက်နဲ့ သူတို့ကံပဲ။"
"........."
အခြားတောင်ထွတ်များမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်၏ အကြောင်းအား အလျင်အမြန်ပင် ဆွေးနွေးငြင်းခုံလိုက်ကြသည်။ မည်သူကမှ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်အသစ်ဖြစ်သူ ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်အား ထိုမျှလောက်ရဲတင်းစွာ ပြုမူလိမ့်မည်ဟု ထင်မှတ်မထားကြချေ။ ၎င်းမှာ မူလသူတော်စင်တောင်ထွတ်၏ ဖြစ်လာနိုင်သော အကျိုးဆက်များအား ထည့်မတွက်ပဲ ဓားကပ်ဘေးတောင်ထွတ်အား ရန်ပြုခ့ဲလေသည်။ အမှန်တကယ်ပင် ဆိုးရွားလှသော တပည့်ခေါင်းဆောင်တစ်ဦးပင် ဖြစ်၏။
နှင်းပဒုမ္မာတောင်ထွတ်၏ အခြေချစခန်းရှိရာ ကျွန်းပေါ်၌
လီချင်းချန်မှာ မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်တို့၏ အခြေအနေအား ကြားသိလိုက်ရသောအခါတွင် မျက်ဝန်းများ ကျဥ်းမြောင်းသွားရ၏။ "ဇူယွမ်က ဘာတွေလုပ်နေတာလဲ။"
မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်တို့မှာ အင်အားခြင်း ကွာခြားလွန်းလှ၏။ ယောင်ယောင်နှင့် ထန်ထန်တို့မှာ ရွေးချယ်ခံများက့ဲသို့ ထူးချွန်ထက်မြက်ပါသော်လည်း ဓားကပ်ဘေးတောင်ထွတ်မှ ရွေးချယ်ခံနှစ်ဦးဖြစ်သော ခုန်းရှန်နှင့် ကျောင်းဇူတို့ကိုသာ တားဆီး၍ရနိုင်မည် ဖြစ်သည်။ ကျန်ရှိနေသော ဓားကပ်ဘေးတောင်ထွတ်မှ သာမန်တပည့်များ၏ အင်အားနှင့်ပင် မူလသူတော်စင်တောင်ထွတ်တစ်ခုလုံးအား အနိုင်ပိုင်းသွားနိုင်၏။ ထို့ကြောင့် လီချင်းချန်မှာ မည်သို့ပင်တွေးတောစေကာမူ ဓားကပ်ဘေးတောင်ထွတ်အား စစ်ကြေညာလိုက်သော ဇူယွမ်၏လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေရလေသည်။
လီချင်းချန်သည်သာမက အခြားသော တောင်ထွတ်အသီးသီး၏ ရွေးချယ်ခံများမှာလည်း မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်တို့၏ အခြေအနေအား စောင့်ကြည့်နေလျက် ရှိကြ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းရွေးချယ်ခံများမှာ ဇူရှောင်ယို၏အကြောင်းအား သိရှိလိုကြသောကြောင့်ပင် ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်တို့ တိုက်ခိုက်ကြမည့်အချိန်တွင် ခုန်းရှန်မှ ဇူရှောင်ယိုအား ရင်ဆိုင်ရလိမ့်မည်ပင် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သူမ၏စွမ်းအင်အစစ်အမှန်အား မြင်တွေ့နိုင်ေတာ့မည်ပင် ဖြစ်၏။ ထိုအချက်မှာ ရွေးချယ်ခံများအားလုံးအား စိတ်ဝင်စားစေသည်။
ဤသို့ဖြင့် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များ စုဝေးနေကြသည်နှင့်အတူ အခြားတောင်ထွတ်များမှာလည်း ထိုကိစ္စအား စုံစမ်းရန်အတွက် တပည့်အသီးသီး စေလွှတ်ထားကြ၏။ မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်တို့ တိုက်ခိုက်ကြမည့်အကြောင်းမှာ မူလရေကန်အတွင်းရှိ တောင်ထွတ်များအားလုံး၏ အာရုံစိုက်စရာတစ်ခု ဖြစ်လာလေတော့သည်။
...........
မူလသူတော်စင်တောင်ထွတ်၏ အခြေချစခန်းရှိရာ ကျွန်းငယ်ပေါ်၌
ဇူယွမ်မှာ ကျောက်ဖျာချပ်တစ်ခုပေါ်တွင် ထိုင်နေလျက်ရှိပြီး ယောင်ယောင်မှာမူ ထန်ထန်အားပွေ့ချီထားလျက် မတ်တပ်ရပ်နေ၏။
တပည့်တစ်ဦးမှ အလောတကြီးဖြင့်ရောက်ရှိလာကာ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင် ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေ စုစည်းနေကြပြီ။ ကျွန်တော်တို့ဆီကို အချိန်မရွေး ရောက်လာနိုင်ပါတယ်။"
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်ပြီးနောက် တပည့်များအားကြည့်ကာ ပြောလိုက်၏။ "ငါတို့က ဓားကပ်ဘေးတောင်ထွတ်လောက် အင်အားမရှိပေမယ့်လည်း ဘယ်လောက်တောင် စည်းလုံးကြလဲဆိုတာ လူတိုင်းသိစေရမယ်။"
"သူတို့က ငါတို့ကို လာကိုက်ကြမှတော့ ပြန်ပြီးပေးဆပ်ရမှာပဲ။"
"အင်အားကြီးလို့ဆိုပြီး ဘာမှကြောက်နေစရာ မလိုဘူး။"
ဇူယွမ်၏အသံမှာ တည်ကြည်လေးနက်နေ၏။
တပည့်များမှာ လေးနက်စွာဖြင့် ဇူယွမ်အား ခေါင်းညိတ်ပြလိုက်ကြသည်။
"ဂျူနီယာညီတော်ဇူယွမ် ငါတို့ဘယ်လိုတွေ တိုက်ခိုက်ကြမှာလဲဆိုတာ အစီအစဥ်တွေ ပြောပြပေးပါဦး။ နောက်ဆုံး ငါတို့ထွက်ရတော့မယ်ဆိုရင်တောင် ဓားကပ်ဘေးတောင်ထွတ်က တစ်ယောက်ကိုတော့ ငါတို့နဲ့အတူ မဖြစ်ဖြစ်အောင် ခေါ်သွားမှာပါ။" ဇူထိုက်မှ အံကိုကြိတ်ကာ ပြောလိုက်သည်။
ကျန်းယန်နှင့် လုယန်းတို့မှာလည်း ဇူထိုက်၏စကားအား ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။ ၎င်းတို့မှာ တိုက်ခိုက်လိုစိတ်များဖြင့် နှလုံးသွေးများပင် ဆူပွက်နေကြပြီ ဖြစ်သည်။
"ဓားကပ်ဘေးတောင်ထွတ်ပေါ်လာတဲ့အချိန်ကြမှသာ ကျွန်တော်ပြောတဲ့ အမိန့်အတိုင်း လိုက်လုပ်ပါ။"
ဇူယွမ်မှာ ကောင်းကင်ထက်ရှိ တိမ်ထုများအား မော့ကြည့်လိုက်၏။ ကြည့်ရသည်မှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်တော့မည့်ပုံစံ ရှိနေသည်။
ဤသို့ဖြင့် အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားလေသည်။
ပတ်ဝန်းကျင်၌ ပြင်းထန်လှသော စွမ်းအင်ဖိအားများ စတင်သက်ရောက်လာ၏။ ထိုအချိန်၌ပင် ဇူယွမ်မှ တည်ငြိမ်စွာ ရေရွတ်လိုက်သည်။ "သူတို့ရောက်လာပြီပဲ။"
တပည့်များမှာ ကောင်းကင်ထက်ရှိ အဝေးတစ်နေရာသို့ လှမ်းမြော်ကြည့်ရှုလိုက်ကြသည်။ မူလသူတော်စင်တောင်ထွတ်ထံသို့ ဦးတည်ပျံဝဲလာကြသော များပြားလှသည့် ပုံရိပ်များအား တွေ့ရှိလိုက်ကြရပေသည်။
ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် မူလရေကန်သည်ပင် လှိုင်းလုံးများ ထန်လာရ၏။
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်ရှိရာနေရာသို့ ရောက်ရှိလာကြပြီပင် ဖြစ်လေတော့သတည်း။