ဓားကပ်ဘေးတောင်ထွတ်မှ ကျွန်းငယ်အား ဝန်းရံလာခြင်း
Vol. 38 Ch. 520
မူလသူတော်စင်တောင်ထွတ်၏ အခြေချစခန်းရှိရာ ကျွန်းငယ်ပေါ်၌
အသင်္ချေမျှသော ပုံရိပ်များမှာ ကျွန်းငယ်ထံသို့ ဦးတည်ပျံဝဲလာကြသည်။ ကောင်းကင်တစ်ခွင်လုံးမှာ ထိုပုံရိပ်များဖြင့်ပင် ပိန်းပိတ်အောင် ပြည့်နှက်နေလေသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအား ပျ့ံနှ့ံလွှမ်းခြုံနေ၏။
ကျွန်းငယ်ပေါ်ရှိ လူဦးရေငါးရာမျှသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ကောင်းကင်ထက်မှ ဦးတည်ပျံဝဲလာနေသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား ကြည့်ရှုနေကြသည်။ ဓားကပ်ဘေးတောင်ထွတ်၏ လူအင်အားမှာ များပြားလွန်းလှသဖြင့် အဆုံးမရှိသော စစ်တပ်ကြီးတစ်ခုအလားပင် ထင်မှတ်မှားရလေသည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ကောင်းကင်ထက်မှ ပုံရိပ်များအား ကြည့်ရှုနေရင်းဖြင့် ချွေးစေးများပင် ထွက်လာကြရ၏။ ဓားကပ်ဘေးတောင်ထွတ်နှင့် မူလသူတော်စင်တောင်ထွတ်မှာ နှိုင်းယှဥ်၍မရလောက်အောင်ပင် ကွာခြားလွန်းလှပေသည်။
ဇူယွမ်မှာမူ တည်ငြိမ်စွာဖြင့်ပင် တပည့်အားလုံး၏ရှေ့တွင်ရှိနေသော ကျောက်ဖျာချပ်ပေါ်တွင် မတ်တပ်ရပ်နေ၏။ ၎င်း၏ တည်ကြည်လေးနက်နေသော အနေအထားကြောင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ အနည်းငယ် စိတ်သက်သာရာ ရလာကြသည်။
ဇူယွမ်မှာ ကောင်းကင်ထက်မှ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား ကြည့်ရှုနေရင်းဖြင့်ပင် စောင့်ကြည့်ရန်အတွက် ရောက်ရှိလာကြသော အခြားတောင်ထွတ်များမှ တပည့်များကိုပါ အာရုံခံလိုက်မိ၏။
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့မှ ဦးဆောင်ထားကြလေသည်။ ခုန်းရှန်မှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ၎င်း၏အနောက်တွင်ရှိနေသော ယောင်ယောင်အား ကြည့်ရှုလိုက်၏။
ခုန်းရှန်မှာ ယောင်ယောင်ကြောင့်သာမဟုတ်လျှင် မူလသူတော်စင်တောင်ထွတ်အား မျက်စိထဲပင် ထည့်မည်မဟုတ်ချေ။ ဇူယွမ်က့ဲသို့သော သာမန်တပည့်ခေါင်းဆောင်တစ်ဦးလောက်အား ခုန်းရှန်မှ အနည်းငယ်မျှပင် ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော် ယောင်ယောင်မှာမူ ကွဲပြားခြားနား၏။ သူမသည် ကလန်၏အတွင်းတောင်သို့ ဝင်ရောက်လာသည့် အချိန်မှစ၍ မည်သည့်တောင်ထွတ်တွင်မှ တပည့်အဖြစ်ခံယူခြင်း မရှိပါသော်လည်း သူတော်စင်မှော်စာလုံးတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ယဲ့ကယ်ထက်ပင် မှော်စာလုံးပညာ၌ သာလွန်သူ ဖြစ်သည်။
ခုန်းရှန်မှာ ပိုင်လီချွီးအားကြည့်ကာ အချက်ပြလိုက်၏။ ဇူယွမ်က့ဲသို့သော တပည့်ခေါင်းဆောင်တစ်ဦးအား ခုန်းရှန်မှ စကားပြောဆိုခြင်း ပြုနေစရာ အကြောင်းမရှိပေ။
ပိုင်လီချွီးမှာ ခုန်းရှန်၏ အချက်ပေးခြင်းအား အလျင်အမြန်ပင် သဘောပေါက်သွားပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်၏။ "နောက်ဆုံးအကြိမ်အနေနဲ့ မေးမယ်။ မင်းတို့မူလသူတော်စင်တောင်ထွတ်က ငါတို့ဓားကပ်ဘေးတောင်ထွတ်ကို တကယ်ပဲ စစ်ကြေညာရဲတယ်လား။"
ဝုန်း.....
ထိုအချိန်၌ပင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ချီစွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းလှစွာဖြင့် လေထုကိုတင်မက မိုးကောင်းကင်ရှိ တိမ်စိုင်များကိုပါ ထိုးဖောက်ဖြိုခွင်းသွားေလသည်။
ပြင်းထန်လှသော စွမ်းအင်ဖိအားများ၏အောက်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ လေးနက်တည်ကြည်ကုန်ကြ၏။ ဓားကပ်ဘေးတောင်ထွတ်၏ စွမ်းအင်များမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မူလသူတော်စင်တောင်ထွတ်ရှိ တပည့်များအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ပိုင်လီချွီးမှာ အနည်းငယ်မျှ ပြုံးလိုက်ပြီးနောက် မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။ "ဓားကပ်ဘေးတောင်ထွတ်က အားနည်းတဲ့သူတွေကို အနိုင်မကျင့်တက်ဘူး။ ဒါပေမယ့် ငါတို့ကို ရန်စလာရင်တော့ ပြန်ပြီးပေးဆပ်ရမှာပဲ။"
"တကယ်ဆိုရင် ပြန်ပြီးပေးဆပ်သင့်တာက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေ မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေဖြစ်လာအောင် လုပ်ခ့ဲတဲ့ကောင်ကပဲ ပေးဆပ်သင့်တာ။"
၎င်းမှည ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်၏။ "မင်းတို့တွေလည်း ငါ့စကားကို ထောက်ခံတယ်ဆိုရင် အနောက်ကို နှစ်လှမ်းဆုတ်လိုက်ကြ။ အဲ့လိုဆိုရင် မင်းတို့ကို လွှတ်ပေးရုံတင်မကဘူး။ မူလနဂါးခြင်ဆီတွေပါ ပေးဦးမှာ။"
"မင်းတို့ရဲ့ တပည့်ခေါင်းဆောင်နဲ့အတူ ဦးဆောင်တဲ့သူတွေကိုပဲ ငါတို့က လိုချင်တာ။"
အခြားတောင်ထွတ်မှ လာရောက်စူးစမ်းရန် ရောက်ရှိနေကြသော တပည့်များမှာ ပိုင်လီချွီး၏ စကားအား ကြားလိုက်ရသောအခါတွင် အံကြိတ်မိလိုက်ကြ၏။ ပိုင်လီချွီးမှာ ထင်ရှားစွာပင် မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ဖိအားပေးနေခြင်းပင် ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်မှ တပည့်များကိုယ်တိုင် ခေါင်းဆောင်ဖြစ်သူဇူယွမ်နှင့် ဇူထိုက်တို့သုံးဦးအား ဓားကပ်ဘေးတောင်ထွတ်ထံအပ်နှံရန် ပြောဆိုနေခြင်းပင် ဖြစ်၏။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်တို့အား အမှန်တကယ်ပင် အပ်နှံခဲ့ပါက လူတိုင်း၏ ပါးစပ်ဖျားတွင် လှောင်ပြောင်ရယ်မောစရာတစ်ခု ဖြစ်လာရပေလိမ့်မည်။
ပိုင်လီချွီး၏စကားကြောင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြ၏။ သို့သော် မည်သူကမှ ေခြတစ်လှမ်းမျှပင် နောက်ဆုတ်မသွားကြချေ။ ဇူထိုက်မှာ အေးစက်စွာ ရယ်မောရင်းဖြင့် စကားဆိုလိုက်သည်။ "ပိုင်လီချွီး မင်းဥာဏ်နီဥာဏ်နက်မှ သုံးဖို့မကြံနေနဲ့တော့။ ငါတို့အားလုံးက ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မင်းတို့ဓားကပ်ဘေးတောင်ထွတ်ကို ရင်ဆိုင်ဖို့အသင့်ပဲ။"
"ဟုတ်တယ်။ ငါတို့ မင်းတို့ကို မကြောက်ဘူး။"
"........"
တပည့်များကပါ ဇူထိုက်၏စကားအား ဝင်ရောက်ထောက်ခံလို်က်ကြ၏။
ပိုင်လီချွီးမှာ သွေးခွဲမရသော အခြေအနေကြောင့် အနည်းငယ် အ့ံအားသင့်သွားကာ ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ၎င်းမှာ ဇူယွမ်အား မူလသူတော်စင်တောင်ထွတ်၏ တပည့်များကို ထိုမျှလောက်ထိ သြဇာညောင်းလိမ့်မည်ဟု ထင်မှတ်မထားမိချေ။ ပိုင်လီချွီးပေးသောမက်လုံးမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များပင်လျှင် သဘောတူလိုက်နိုင်၏။ သို့သော် မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာမူ ခေါင်းမာစွာဖြင့် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ ထိုအခြေအနေမှာ ၎င်းကိုပင် အားကျမနာလို ဖြစ်စေရ၏။
ပိုင်လီချွီးမှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ငါတို့က ကောင်းကောင်းမွန်မွန် ကမ်းလှမ်းစရာရှိတာ ကမ်းလှမ်းပြီးပြီနော်။ အဲ့ဒါကို မင်းတို့က ငြင်းလိုက်ပြီဆိုမှတော့ ငါတို့ကို သက်ညှာမှုမရှိဘူးဆိုပြီး အဆိုးမဆိုနဲ့တော့။"
၎င်းမှ လက်အားဝေ့ယမ်းလိုက်သည်နှင့်တကွ တပည့်နှစ်ထောင်မှာ ကျွန်းငယ်ထံသို့ ချည်းကပ်လာကြ၏။ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်ဘက်၌ ယောင်ယောင်ရှိနေသောကြောင့် လက်လွတ်စပယ် ပြုမူရဲခြင်း မရှိကြပဲ သတိအပြည့် အနေအထားဖြင့် ရှိနေကြသည်။
အခြားတောင်ထွတ်များမှ စူးစမ်းစောင့်ကြည့်ရန် ရောက်ရှိနေကြသော တပည့်များမှ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြသည်။ ပိုင်လီချွီးမှာ ရူးမိုက်သူတစ်ဦး မဟုတ်သောကြောင့် သတိကြီးစွာဖြင့် မူလသူတော်စင်တောင်ထွတ်အား ချည်းကပ်နေ၏။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှာ အားနည်းချက်မရှိနေသဖြင့် မူလသူတော်စင်တောင်ထွတ်မှာ ရှုံးနိမ့်သွားမည့်ရာခိုင်နှုန်း အလွန်ပင် များလှသည်။
မူလသူတော်စင်တောင်ထွတ်မှ တပည့်များနှင့် အခြားတောင်ထွတ်မှ တပည့်များမှာ ဇူယွမ်လှုပ်ရှားမည့်အချိန်အား မျှော်လင့်ချက်ကြီးစွာဖြင့် ေစာင့်ဆိုင်းနေကြ၏။ ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များသည်ပင် မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်တို့၏ အခြေအနေများအား စိတ်အာရုံမလွှဲနိုင်ပဲ စောင့်ကြည့်နေကြလေသည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်ရှ္ူလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ ငါ့ကို ယုံကြလား။"
တပည့်များမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။
"ကောင်းပြီ။"
ဇူယွမ်မှာ ကျေနပ်အားရသွားဟန်ဖြင့် စကားဆိုလိုက်၏။ "အရှေ့တောင်အရပ်ကိုဆုတ်ခွာဖို့ လူတိုင်းအသင့်ပြင်ထားကြပါ။ ငါတို့အကုန် အဲ့နေရာကိုပဲ သွားကြမယ်။"
တပည့်များမှာ ယခုအခြေအနေရောက်မှ နေရာပြောင်းရန်ပြောလာသောကြောင့် အနည်းငယ် အ့ံအားသင့်သွားကြရသည်။ တပည့်များမှာ ယခုအချိန်ကြမှ ထွက်ပြေးရန် အမိန့်ပေးလာသော ဇူယွမ်အား နားမလည်နိုင် ဖြစ်ကုန်ရ၏။ ယခင်အချိန်တလျှောက်လုံး ယုံကြည်ချက်အပြည့်ရှိသည့်ပုံစံနှင့် ရှိနေခ့ဲသော ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအချိန်တွင် အရှက်မရှိစွာဖြင့် ထွက်ပြေးကြရန် ပြောလာလေသည်။ ဇူယွမ်မှာ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသော်လည်း မူလသူတော်စင်တောင်ထွတ်အပေါ် အမှန်တကယ်ပင် တာဝန်မဲ့လွန်းလှ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်၏တာဝန်မဲ့သောလုပ်ရပ်အား စိတ်ပျက်သွားကြလေတော့သည်။
လုယန်းမှ အံကိုကြိတ်ကာ စကားဆိုလိုက်၏။ "ငါတို့ ထွက်ပြေးကြရမယ်ဟုတ်လား။ အခုအနေအထားမှလား။ ဘယ်လိုပြေးပြေး သူတို့လက်ထဲကနေ မလွတ်နိုင်တော့ဘူး။ စိတ်ကူးယဥ်မနေနဲ့။"
ဇူယွမ်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် တိုးညင်းစွာဖြင့် ပြောလို်က်သည်။ "ငါ့ကိုယုံတယ်ဆိုရင် ငါ့အမိန့်ကို နာခံကြစမ်းပါ။ ဒီမူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မူလသူတော်စင်တောင်ထွတ်ရဲ့ အခြေအနေတွေ ဆိုးဝါးခဲ့မယ်ဆိုရင် ငါကိုယ်တိုင် တပည့်ခေါင်းဆောင်နေရာကနေ နှုတ်ထွတ်ပေးမယ်။"
တပည့်များမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အရှေ့တောင်အရပ်သို့ စတင်ထွက်ခွာသွားကြသည်။
"ယောင်ယောင် သူတို့ကို ဦးဆောင်ပြီး ခေါ်သွားပေးပါ။ ကျွန်တော် နောက်ကလိုက်လာခ့ဲမယ်။" ဇူယွမ်မှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ ယောင်ယောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထန်ထန်နှင့်အတူ ကောင်းကင်ထက်သို့ပျံဝဲလိုက်ကာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား ဦးဆောင်သွားတော့၏။
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာလည်း ယောင်ယောင်၏နောက်သို့ လျင်မြန်စွာ လိုက်ပါသွားကြသည်။
လူတိုင်းမှာ ထင်မှတ်မထားသော အခြေအနေကြောင့် အလွန်ပင် အ့ံအားသင့်သွားကြ၏။ မူလသူတော်စင်တောင်ထွတ်သည် ကျားနှုတ်ခမ်းစပ်သို့ ရောက်သည့်အချိန်တွင်မှ ထွက်ပြေးရန် ကြံစည်နေကြလေသည်။ လူများအားလုံးမှာ အင်အားနည်းလှသော်လည်း ယုံကြည်ချက်များ ပြည့်ဝနေသော တပည့်ခေါင်းဆောင်ဇူယွမ်ကြောင့် မူလသူတော်စင်တောင်ထွတ်၌ တန်ပြန်စစ်ဆင်ရေးတစ်ခုရှိလိမ့်မည်ဟု ယူဆထားကြပါသော်လည်း ယခုတွင်မူ ရွေးချယ်ခံများနှင့် တစ်တန်းတည်းရှိသူဟု သတ်မှတ်ခံထားရသည့် ဇူရှောင်ယိုကိုယ်တိုင်ဦးဆောင်၍ ထွက်ပြေးနေကြ၏။
ဟင်....
ဘယ်လိုအခြေအနေကြီးလဲ....
အခြားတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား လွန်စွာပင် စိတ်ပျက်သွားကြ၏။ ဇူယွမ်မှာ လေလုံးထွားသော တပည့်ခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး မူလသူတော်စင်တောင်ထွတ်အပေါ်၌ ကောင်းမွန်စွာ တာဝန်ယူမှုမရှိသူ ဖြစ်သည်။ ထိုသို့သော တပည့်ခေါင်းဆောင်မျိုးနှင့် မကြုံတွေ့ရသည်မှာ ၎င်းတို့အတွက် ကံကောင်းခြင်းတစ်မျိုးပင် ဖြစ်ပေသည်။
ခုန်းရှန်မှာ ထွက်ပြေးသွားကြသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား ကြည့်ရှုနေရင်းဖြင့် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "အစက သူတို့ဆီမှာ အစီအစဥ်တစ်ခုခုရှိမယ် ထင်နေတာ။ လက်စသတ်တော့ ငါကသာ သက်သက်စိတ်ပူနေမိတာပဲ။"
ပိုင်လီချွီးမှာ လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် ကျယ်လောင်စွာပင် အော်ဟစ်ပြောဆိုလိုက်၏။
"ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေ ငါ့အမိန့်ကို နာခံကြပါ။ သူတို့နောက်ကို ချက်ချင်းလိုက်ကြ။ ပြီးရင် မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေကို တစ်ယောက်မကျန် ပြိုင်ပွဲကနေ ထုတ်ပစ်ကြ။"
ဝုန်း....
ချက်ချင်းဆိုသလိုပင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များ ထွက်ပြေးသွားရာအရပ်သို့ လိုက်ပါသွားကြ၏။
ဇူယွမ်မှာလည်း ချီတိမ်တိုက်တစ်ခုအား ဖန်တီးကာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များ ထွက်ခွာသွားရာ အရှေ့တောင်အရပ်သို့ လိုက်ပါသွားလိုက်သည်။
"ဓားကပ်ဘေးတောင်ထွတ်..."
"ငါပေးမယ့် လက်ဆောင်ကို မင်းတို့စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။"