အခန်း (၈၂)
Vol. 10 Ch. 82
စူးရှောင်နွမ်နှင့် စောစီးစွာ တွေ့ဆုံခြင်းမှာ ဘာကိုမျှပြောင်းလဲမည်မဟုတ်ဘဲ သူတို့၏နှောင်ကြိုးအား ပိုမိုနက်ရှိုင်းစေနိုင် သည် ဟု နန်ယု ကောက်ချက်ချလိုက်သည်။ သူမ စူးစမ်းထောက်လှမ်းခြင်းကိုရပ်တန့်၍ ၎င်းအား စစ်မှန်သောအား လပ်ရက်အပန်းဖြေမှုအဖြစ် သဘောထားလိုက်သည်။
သူမ မူလက ဖေးယီကျန့်အား အရင်ပြန်စေချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမကဲ့သို့ အရေးမပါသူမဟုတ်၊ သူသည် ဖေးမိသားစု၏ခေါင်းဆောင်ဖြစ်ပြီး မိသားစုစစ်ပွဲ ဆင်နွှဲနေချိန်တွင် ဤမျှအားလပ်ချိန်ရှိနေခြင်းမှာ မသင့်တော်ဟုယူဆသောကြောင့် ဖြစ်သည်။
သို့သော် ဖေးယီကျန့် ငြင်းဆန်ခဲ့သည်။
သူ့တွင် အားလပ်ချိန်များစွာရှိနေပြီး အလျင်စလို ပြန်လိုစိတ်မရှိကြောင်း စိတ်ရင်းမှန်ဖြင့် ပြောခဲ့သည်။ အမှန်တကယ် စိတ်ပူ ပန်နေကြသူများမှာ ဖေးရှင်းလင်နှင့် သူ့အပေါင်းအပါများသာ ဖြစ်သည်။
ဖေးမိသားစု၏ဂုဏ်ကျက်သရေမှာ သူတို့ပိုင်ဆိုင်သောကြီးမား သောကြွယ်ဝမှုပေါ်တွင်သာ အခြေခံတည်ရှိသည်။ အတိတ်သမိုင်းတွင် ထင်ရှားခဲ့သည့် ဂုဏ်သရေရှိဗိုလ်ချုပ်များ၊ ဝန်ကြီး ချုပ်များစသည့် ခမ်းနားသော သမိုင်းမှတ်တမ်းများသည်ပင် ငွေကြေးအထောက်အပံ့မရှိတော့ပါက အသုံးမဝင်သော စာရွက်များသာဖြစ်လာပေမည်။
ထို့အပြင် ဖေးမိသားစု ပိုင်ဆိုင်မှုအများစုမှာ ယခုအခါ ဖေးယီကျန့် လက်ထဲရှိနေပြီဖြစ်သည်။
သူ နှစ်များတစ်လျှောက် ပရောဂျက်အချို့ကို ပျက်စီးအောင်လုပ်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုပျက်စီးဆုံးရှုံးမှု အများစုမှာ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုများအား မထိခိုက်ဘဲ ဖေးမိသားစုတစ်ခုလုံး၏အကျိုးစီးပွားပေါ်တွင်သာ သက်ရောက်ခဲ့ခြင်းဖြစ် သည်။
"ကျွန်တော်သာ ဒေဝါလီခံသွားခဲ့ရင်၊ မစ္စနန် ကျွန်တော့်ကို အလုပ်တစ်ခုများပေးနိုင်မလား?"
ဖေးယီကျန့် သူ့ကိစ္စများနှင့်ပတ်သက်၍ လုံးဝအလျင်စလိုဖြစ်ခြင်းမရှိ၊ စိတ်ပူပန်ခြင်းလည်းမရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။ ထို့အပြင် သူ ဟာသနှော၍စကားပြောရန် စိတ်ပါဝင်စားနေသည်ကိုတွေ့ရသဖြင့် နန်ယုသည်လည်း သူ့အားပြန်သွားရန် စည်းရုံးခြင်းကို သဘာဝအတိုင်းပင် ရပ်တန့်လိုက်တော့သည်။
ခဏမျတွေးတောပြီးနောက် သူမ ယဲ့ယဲ့ပြုံးလိုက်သည်။ ထို့ နောက် နောက်ပြောင်ချင်သည့်လေသံဖြင့် စကားစလိုက်သည်။
"သူငယ်ချင်းဖြစ်နေတော့ ရှင့်ကိုအရင်ဆုံး ခေါ်တွေ့ပေးလို့ရတာပေါ့ ? ဘယ်လို ရာထူးလိုချင်လဲ ?အရည်အချင်းနဲ့ ကိုက်ညီရင်ယူလိုက်ပေါ့"
နန်ယုသည် ကုမ္ပဏီ၏အကြီးအကဲမဟုတ်သလို မည်သည့် ဆုံးဖြတ်ချက်ကြီးများအတွက်မျှ တာဝန်ရှိသူလည်း မဟုတ်ပေ။ သူမ ပတ်ဝန်းကျင်ရှိ ရာထူးများမှာ... အိမ်ထိန်း၊ ယာဉ် မောင်း သို့မဟုတ် ဥယျာဉ်မှူးများသာဖြစ်နိုင်သည်။ ဖေးယီကျန့်အားကားမောင်းခိုင်းပါက ခရီးသည်များပင် ဘေးကင်းရေးကို ပိုစိုးရိမ်ရလိမ့်မည်။
ထို့အပြင် ဖေးမိသားစု တကယ်တမ်းဒေဝါလီခံရလျှင်ပင် ဖေးယီကျန့်တွင် အရန်အစီအစဉ်မရှိဘဲ နေလိမ့်မည်ဟု နန်ယုမယုံကြည်ပေ။ ဤလူမှာ တော်တော်လေးပါးနပ်သူဖြစ်သည်။
"ကျွန်တော့်မှာ တစ်ခုခုရှိလာပါလိမ့်မယ်"
ဖေးယီကျန့် နိမိတ်ဖတ်သကဲ့သို့ပြောလိုက်သည်။ နန်ယု ထပ်မမေးခင်မှာပင် သူ သူမ နောက်သို့တစ်ချက်ဝေ့ကြည့်လိုက်သည်။
ဖေးယွင်ကျင်း ပြေးဝင်လာခဲ့သည်။
ထိုအချိန်တွင် ကလေးငယ်ဖြစ်သူ ဖေးယွင်ကျင်းမှာ နန်ယု ကိုယ်ပေါ်သို့ခုန်တက်လိုက်သည်။
"အန်တီ၊ ဒီနေ့ သားတို့ ဘယ်သွားကြမလဲ ?"
ဖေးယွင်ကျင်း သူ ခုနကမှပြုလုပ်ခဲ့သည့် နောက်ပြောင်မှုအား လုံးဝမေ့လျော့နေဟန်တူသည်။ သူသည် ဝတ္ထုထဲမှ လက်စား ချေလိုစိတ်ပြင်းပြသော ဇာတ်ကောင်စရိုက်နှင့် လုံးဝကွဲပြားနေပြီး၊ တွယ်တာမှုနှင့် ရွှင်လန်းမှုအပြည့်ရှိသောမျက်လုံးများဖြင့် နန်ယုအား ကြည့်နေခဲ့သည်။
နန်ယုကလေးငယ်အား ညင်သာစွာ ပွေ့ချီလိုက်ပြီး သူမ ပေါင်ပေါ်တွင် သက်တောင့်သက်သာ နေရာယူစေရန်ချပေးလိုက်သည်။
"ရှောင်ကျင်းလေး၊ ဒီနေ့ ပျော်ရွှင်စရာတွေ ထပ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား?"
"ဟုတ်!"
စကားပြောနေရင်းမှပင် ဖေးယွင်ကျင်း နန်ယုထံမှ ဖေးယီကျန့်ဘက်သို့အကြည့်လွှဲလိုက်သည်။
"ခင်ဗျား ပင်ပန်းနေလား?"
၎င်းမှာ ရိုးရှင်းသော မေးခွန်းတစ်ခုသဖွယ် ထင်ရသော်ငြား တကယ်တမ်းတွင် ဖေးယွင်ကျင်းရင်တွင်း၌ စိတ်မသက်မသာ ဖြစ်နေသော စိုးရိမ်စိတ်အား ဖော်ပြခြင်းသာဖြစ်သည်။ မနေ့က သူ့အား တောင်ပေါ်သို့ပွေ့ချီခဲ့ရသည့် ဖခင်မှာ ပင်ပန်းနွမ်းနယ်နေခြင်း ရှိ၊ မရှိကို သူ စိတ်ရင်းမှန်ဖြင့် သိချင်နေခဲ့ခြင်းပင်။
မနေ့က အပြန်အလှန်ဆက်ဆံမှုများပြုလုပ်ခဲ့ပြီးနောက် ကလေးသည် သူ့ရှေ့မှ ဤလူအား မုန်းတီးခြင်း မရှိတော့ပေ။ သို့သော် ဖေးယွင်ကျင်းအနေဖြင့် "ဖေဖေ" ဟူသော စကားလုံးနှစ်လုံးအား ခေါ်ဝေါ်ပြောဆိုရန်မှာ အနည်းငယ်ခက်ခဲနေဆဲဖြစ်သည်။ ထို့ကြောင့် သူ အစားထိုး၍ "ခင်ဗျား" ဟူသော နာမ်စားကိုသာ ဆက်လက် အသုံးပြုနေခြင်းဖြစ်သည်။ ဤသည်မှာ ကလေးငယ်များ၏ရင်တွင်း၌သာ ရှိတတ်သော မစွမ်းမသန်သည့် စိတ်ခံစားမှုမျိုးပင်။
"အင်း၊ ငါ မပင်ပန်းပါဘူး"
ကျေးဇူးတင်စရာကောင်းသည်မှာ ဖေးယီကျန့် သူ့အားခေါ်ဝေါ်သည့် နာမ်စားကို ဂရုမစိုက်ခဲ့ခြင်းပင်။ သူသည် ဖေးယွင်ကျင်း ၏ ကြည်လင်သော မျက်လုံးများအား ပြန်လည်စိုက်ကြည့်ရင်း နွေးထွေးစွာပြုံးပြခဲ့သည်။ သို့သော် ကလေးသည် ချက်ချင်းပင် မျက်နှာလွှဲသွားကာ နန်ယုရင်ခွင်ထဲသို့တိုးဝင်သွားသော အခါ ဖေးယီကျန့်အပြုံးသည်လည်း အနည်းငယ်မှေးမှိန်သွားခဲ့သည်။
နန်ယု ထိုမြင်ကွင်းအား ကြည့်ပြီးပြုံးလိုက်သည်။ ထို့နောက် ဖေးယွင်ကျင်းအား တိုးတိုးလေးကပ်၍ စနောက်လိုက်သည်။
"ရှက်နေတာလား ?"
ဖေးယီကျန့် ပြုံးလိုက်သည်မှာ ပိုမိုသိသာလာသည်။ သို့သော် နန်ယုကဲ့သို့မဟုတ်ဘဲ သူသည် ရယ်မောသံကိုထိန်းချုပ်ထား သည်။ အကြောင်းမှာ သူသာ ရယ်လိုက်ပါက ဖေးယွင်ကျင်း ရှက်ရွံ့သွားပြီး နောက်တစ်ကြိမ် ခေါင်းမဖော်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
---
မနေ့က တောင်တက်ခြင်းမှာ ကလေးငယ်အတွက် အနည်းငယ်အလွန်အကျွံ ဖြစ်ခဲ့သောကြောင့် နန်ယု ယနေ့တွင် ပင်ပန်းသောလှုပ်ရှားမှုများအား စီစဉ်ခြင်း မရှိတော့ပေ။ သူမ နှစ်သစ်ကူးနေ့တွင် ကာတွန်းရုပ်ရှင် အသစ်တစ်ခုထွက်ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမ ဖေးယွင်ကျင်းအား အနီးအနားရှိ ရုပ်ရှင်ရုံသို့ ခေါ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။
နန်ယု ဗီလာတွင် ကိုယ်ပိုင်ရုပ်ရှင်ရုံ ရှိနေသော်လည်းအပြင်ဘက်တွင် သွားရောက်ကြည့်ရှုခြင်းမှာ ဆန်းသစ်မှုတစ်ခုဖြစ် သည်။ ဘဝဆိုသည်မှာ အရာသစ်များအား စမ်းသပ်ကြိုးစားခြင်းသာ။
ဖေးယီကျန့် ထိုအစီအစဉ်အား ကန့်ကွက်ခြင်းမရှိဘဲ အံ့ဩစရာကောင်းလောက်အောင် အလွန်လွယ်ကူသော အမူအရာရှိခဲ့သည်။ သူ စိတ်မဝင်စားသည့် ကာတွန်းရုပ်ရှင်ကြည့်ရန်အတွက်ပင် လိုက်ပါရန်အသင့်ရှိနေခဲ့သည်။
ဖေးယွင်ကျင်းကမူ သူတို့ သွားရောက်ကြည့်ရှုမည့် ရုပ်ရှင်နာမည်အား ကြားသောအခါ ပိုပျော်ရွှင်လာခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်လမ်းအကျဉ်းအား စိတ်အားထက်သန်စွာ ရှင်းပြခဲ့သည်။ ဥပမာအားဖြင့် အပြာရောင် ခွေးကလေးမှာ ပန်းရောင်ကြောင်ကလေးအားကြိုက်သော်လည်း၊ ကြောင်လေး အန္တရာယ်မဖြစ်စေရန်အတွက် မကြိုက်ဟန်ဆောင်ရသဖြင့် ကြောင်ကလေး ဝမ်းနည်းရသည့် ဒရာမာဆန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
နန်ယု ထိုဇာတ်လမ်းကြောင့် လုံးဝရှုပ်ထွေးသွားခဲ့သည်။
"ကလေးတွေရဲ့ ကာတွန်းတွေက ဒီခေတ်မှာ ဒီလောက်တောင် ရှုပ်ထွေးပြီး စိတ်ကူးယဉ်ဆန်နေပြီလား ?"
သူမ ငယ်ဘဝ၌ Ultramanနှင့် နတ်ဆိုးငယ်များတိုက်ခိုက်ခြင်း အဆင့်၌သာ ပိတ်မိနေခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် ကလေးသူငယ်များမှာ "သူ့ကို ကြိုက်ခြင်း သို့မဟုတ် မကြိုက်ခြင်း" စသည့် အဆင့်သို့ရောက်လာခဲ့လေပြီ။ နန်ယု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ရှောင်ကျင်းက မူကြိုက မိန်းကလေးတစ်ယောက်ကို သဘော ကျနေတာလား?"
"မကျပါဘူး! သူတို့က အရမ်းစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်"
ဖေးယွင်ကျင်း မျက်မှောင်ကြုတ်၍ ခပ်ပြတ်ပြတ်ပြောသည်။ ၎င်းမှာ ဖြောင့်သောယောက်ျားတစ်ဦး၏ပုံမှန်လေသံမျိုးပင်။
"ဒါဆို ရှောင်ကျင်း ဘယ်လို မိန်းကလေးမျိုးကိုကြိုက်လဲ?"
သူတို့သုံးဦး ရုပ်ရှင်ရုံဆီသို့ စကားလက်ဆုံပြောရင်းလမ်း လျှောက်နေကြသည်။ ဖေးယီကျန့် ထိုနေ့တွင် ပေါ့ပေါ့ပါးပါးကုတ်အင်္ကျီအား ဝတ်ဆင်ထားသည်။ ၎င်းမှာ သူ့နှင့်နန်ယုအား ချစ်သူစုံတွဲတစ်တွဲကဲ့သို့ ထင်မှတ်ရစေပြီး သူတို့၏ထူးခြား သော ရုပ်ရည်ကြောင့် လမ်းတစ်လျှောက်လုံး အာရုံစိုက်မှုအား ရရှိခဲ့သည်။ သို့သော် သူတို့မည်သူမျှ ထိုအာရုံစိုက်မှုအား ဂရုမစိုက်ကြဘဲ ကိုယ်ပိုင်စကားဝိုင်းပေါ်တွင်သာ အာရုံစိုက်နေခဲ့ကြသည်။
ဖေးယွင်ကျင်းကမူ နန်ယု မေးခွန်းအား အလေးအနက်စဉ်းစားနေခဲ့သည်။ ထို့နောက် သူ့ညာလက်အား ဆန့်ထုတ်၍လိုအပ် ချက်များကို လက်ချောင်းများဖြင့် စတင်ရေတွက်သည်။ သူသည် မိန်းကလေးတစ်ဦးအတွက် အတော်လေးများပြားသော စံနှုန်းများအားချမှတ်ထားပုံရသည်။
အန်တီလို အံ့ဩဖို့ကောင်းတဲ့သူ
အန်တီလို လှတဲ့သူ
Ultraman နဲ့ ဂိုကိုလည်း ကြိုက်တဲ့သူ
ပြီးတော့ သားကို အရမ်းစိတ်အနှောင့်အယှက်မပေးဘဲ စကားနည်းတဲ့သူ။
နန်ယု: ...တောင်းဆိုမှုတွေ များလှချေလား ??
သူမ မိမိကိုယ်ကို အထင်ကြီးခြင်း မဟုတ်သော်ငြား ပထမဆုံးလိုအပ်ချက် နှစ်ခုကိုပင် ပြည့်မီရန်မယုံနိုင်လောက်အောင် ခက်ခဲသည်။
အရေးကြီးဆုံးအချက်မှာ ဇာတ်လိုက်မစူးရှောင်နွမ်သည် ဤလိုအပ်ချက်များရှိ မည်သည့်အရာကိုမျှမပြည့်မီခဲ့ခြင်းပင်။ မူရင်းဇာတ်လိုက်မသည် စကားအလွန်များသော၊ စကားပြောကောင်းသောသူဖြစ်သည်။
ခဏလေး!
နန်ယု ထိုအချက်ကို သတိပြုမိကာ ဖေးယီကျန့်အား တစ်ချက်ကြည့်လိုက်သည်။ ဖေးယီကျန့်သည်လည်း သူမ အတွေးအား နားလည်ဟန်ဖြင့် ရိုးရှင်းစွာပြောလိုက်သည်။
"စိတ်မဝင်စားဘူး"
မှန်သည်။ နန်ယု စရိုက်ကြောင့် ဖေးယွင်ကျင်းအား ဘယ်တော့မှအလွဲသုံးစားမလုပ်သောကြောင့်သာ သူမသည် သူ့ကံကြမ္မာမှ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဖေးယွင်ကျင်း၏ လက်ရှိအတွေးများနှင့်ဆိုလျှင် သူ စူးရှောင်နွမ်အား သေချာပေါက်မကြိုက်တော့ပေ။
"လူသည် သဘာဝကိုအောင်နိုင်သည်!" ဟူသော စကားဟောင်းမှာ ဤဇာတ်လမ်း၌ ထင်ရှားပေါ်လွင်စွာ မှန်ကန်နေသည်။ ဖေးယွင်ကျင်းသည် မူရင်းစာအုပ်ထဲမှ သနားစရာကောင်းသော ကလေးငယ်မဟုတ်တော့ပေ။ သူသည် သူ့ကိုယ်ပိုင် အလင်း ရောင်ဖြစ်လာနိုင်သောကြောင့် အခြားသူ၏နွေးထွေးမှုအားမလိုအပ်တော့ပေ။
"ဒီလိုလား ? ဒါဆို လာခဲ့၊ ရှောင်ကျင်း"
နန်ယု ဖေးယွင်ကျင်း လက်ကလေးအား ပိုမိုခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။ သူမလက်ရှိဖေးယွင်ကျင်းမှာ မူရင်းစာအုပ်ထဲမှ ဇာတ်ကောင်လို လုံးဝဖြစ်လာတော့မည်မဟုတ်ကြောင်း ယုံကြည်မှုအပြည့်အဝ ရှိနေခဲ့သည်။
လမ်းပေါ်ရှိ နို့လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ကိုမြင်လိုက်ရသောအခါ ဖေးယွင်ကျင်း နန်ယု အကြိုက်အားချက်ချင်းသတိ ရပြီး မေးလိုက်သည်။
"အန်တီ၊ နို့လက်ဖက်ရည်သောက်ချင်လား? ရှောင်ကျင်း ဝယ်တိုက်မယ်"
ထို့နောက် သူ ဖေးယီကျန့်ကိုပါလှမ်းကြည့်ပြီး မာနသံဖြင့်ပြောလိုက်သည်။
"ခင်ဗျားကိုလည်း ဝယ်တိုက်မယ်၊ ရှောင်ကျင်းမှာ ပိုက်ဆံရှိတယ်"
ဖေးယီကျန့်၏ပထမဆုံး စိတ်ခံစားမှုမှာ ကလေးပိုက်ဆံအား မသုံးလို၍ ငြင်းဆန်ရန်ဖြစ်သော်လည်း နန်ယုမှာ သူ့ထက်ပိုလျင် မြန်စွာပြောလိုက်သည်။
"ဝါး၊ ရှောင်ကျင်း အရမ်းရက်ရောတာပဲ! အန်တီ ဈေးအကြီးဆုံးတစ်ခု ရနိုင်မလား?"
"သေချာတာပေါ့! ရှောင်ကျင်းမှာ ယွမ်သုံးရာရှိတယ်။ အန်တီ လိုချင်သလောက် အများကြီးဝယ်တိုက်နိုင်တယ်"
ဖေးယွင်ကျင်း ပျော်ရွှင်စွာပြောလိုက်သည်။
ဖေးယီကျန့်သည် နန်ယု ဖေးယွင်ကျင်းအားတန်းစီစေပြီး ဈေးအကြီးဆုံးနို့လက်ဖက်ရည်အား ထပ်ထည့်စရာ အစုံအလင်ဖြင့်ပင် မှာယူစေသည်အား ပြုံးစစဖြင့်ကြည့်နေခဲ့ရသည်။ မှာယူပြီးသောအခါ နှစ်ဦးသားပြိုင်တူလှည့်ကြည့်ကာ မျက်လုံးများမှာ ရှင်းလင်းစွာမေးနေသည်။
"ဘာ သောက်မလဲ ?"
ဖေးယီကျန့်- "...နန်ယုနဲ့ အတူတူပဲ"
လေးနှစ်သားကလေးတစ်ဦး၏ နို့လက်ဖက်ရည် ဝယ်တိုက်ခံရခြင်းမှာ ဖေးယီကျန့်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဤအ တွေ့အကြုံမှာ သူ့အတွက်တော်တော်လေးဆန်းသစ်နေခဲ့သည်။ ရုပ်ရှင်ရုံထဲသို့ ရောက်သောအခါတွင်လည်း နန်ယု ပြောင်းဖူး ပေါက်ပေါက်ကိုပင် ဖေးယွင်ကျင်းအား ထပ်မံဝယ်ကျွေးရန် တောင်းဆိုပြန်သည်။
"နန်ယု၊ မင်း တကယ် ဆိုးလှချည်လား ?" ဟူသော အတွေးမှာ ဖေးယီကျန့်စိတ်ထဲ ပေါ်လာသည်။ သို့သော် ထိုလုပ်ရပ်မှာ သူမအားမထင်မှတ်သော အံ့ဩလေးစားမှုအား ဖြစ်စေခဲ့သည်။ ထို့အတူပင် ဖေးယွင်ကျင်းနှင့်နန်ယု နှစ်ဦးစလုံးချစ်စရာကောင်းနေသည်ကိုမူ သူ ဝန်ခံရပေမည်။
လူသုံးဦး ရုပ်ရှင်ရုံထဲရောက်ရှိလာကြသည်။ ရုပ်ရှင်စမပြသေးသော်လည်း ပတ်ဝန်းကျင်မှာ ဆူညံပွက်လောရိုက်နေသည်။ ထိုင်ခုံနေရာယူနေစဉ်မှာပင် ရှေ့မှလူက ရုတ်တရက်လှည့်ကြည့်ပြီး "မင်းတို့ပါလား! ကွက်တိပဲ!" ဟုလှမ်းပြောလာသည်။
ထိုသူမှာ စူးရီဖေးပင်။ သူ့ရင်ခွင်ထဲ၌ စူးရှောင်နွမ်အား ပွေ့ထားပြီး ဘေးတွင်လည်း စူးသခင်မရှိနေသည်။
ဤမျှ ကွက်တိ ရုပ်ရှင်ရုံ၌ ဆုံတွေ့ကြလိမ့်မည်ဟု နန်ယုတို့အဖွဲ့ လုံးဝ တွေးမထားခဲ့ကြပေ။ နန်ယုနှင့် ဖေးယီကျန့်တို့လည်း ထိုနည်းတူ အံ့ဩခဲ့ကြသည်။ သူတို့ နှစ်ဦးစလုံး မျက်လုံးချင်းဆုံကာ ခေါင်းညိတ်ပြလိုက်ကြသည်။
"ကော ~"
စူးရှောင်နွမ် ဖေးယွင်ကျင်းအား လှမ်းခေါ်လိုက်သည်။ သူမ မငိုသည့်အခါ ချစ်စဖွယ် ကလေးမလေးတစ်ဦး ဖြစ်သည်။
ဖေးယွင်ကျင်း ယဉ်ကျေးစွာပြန်ဖြေခဲ့သော်လည်း သူ့စိတ်မှာ ပြသမည့်ရုပ်ရှင်ပေါ်တွင်သာ စူးစိုက်နေခဲ့သည်။ မီးများမှိန်ကျသွားပြီး စူးရှောင်နွမ် မလှည့်လာတော့မှ "ငါ ရုပ်ရှင်ကြည့်ချင်တယ်၊ တိတ်တိတ်နေပါ" ဟု တိုက်ရိုက်ပြောလိုက်သည်။ စူးရီဖေးလည်း ကလေးမအားပြန်ထိုင်စေခဲ့ပြီး လူတိုင်း၏အာရုံမှာ ပိတ်ကားထက်သို့ စုပြုံရောက်ရှိသွားသည်။
ရုပ်ရှင်ပြီးဆုံးသောအခါ စူးရီဖေး သူတို့မိသားစုအား ညစာဖိတ်ကျွေးရန်ကမ်းလှမ်းခဲ့သည်။ အကြောင်းမှာ မနေ့က လက်ကိုင် ပဝါဈေးနှုန်းမှာ အနည်းဆုံးယွမ်နှစ်ထောင်တန်သည်ကို သိလိုက်ရသဖြင့် သူ အပြစ်ရှိသလိုခံစားရသောကြောင့်ဖြစ် သည်။ ညစာဖြင့် ကျေးဇူးဆပ်ချင်သည်။
သို့သော် နန်ယု ပြတ်သားစွာငြင်းပယ်ခဲ့သည်။ သူမ စူးမိသားစုနှင့် ရင်းနှီးသော ပေါင်းသင်းဆက်ဆံရေးအား လုံးဝဆန္ဒမရှိခဲ့ပေ။ ဤစူးမြို့တွင် ဤမျှမျက်နှာချင်းဆိုင် မကြာခဏတိုးနေရသည်မှာ ကံကြမ္မာဝင်ရောက်စွက်ဖက်နေသည်ဟု သံသယမဖြစ်ရန်ခက်ခဲနေသည်။
စူးရီဖေး ဖေးယွင်ကျင်းအတွက် ကျေးဇူးတင်လက်ဆောင်အဖြစ်ကာတွန်းပုံပါ အရုပ်လေးတစ်ခုဝယ်ပေးခဲ့သည်။
ထို့နောက် မိသားစုနှစ်စုသည် လမ်းဆုံ၌ လျင်မြန်စွာ နှုတ်ဆက်ခွဲခွာခဲ့ကြသည်။ ဖေးယွင်ကျင်းနှင့် ဆော့ကစားချင်ပုံရသော စူးရှောင်နွမ်မှာ သူမ မိဘများ အတင်းခေါ်ဆောင်သွား၍သာ လမ်းခွဲခဲ့ရရှာသည်။
"ခုနက ကလေးမလေးက ရှောင်ကျင်းကိုကြိုက်တဲ့ပုံပဲ"
နန်ယု အရုပ်ကို စစ်ဆေးနေသော ဖေးယွင်ကျင်းအားကြည့်လိုက်သည်။
"ရှောင်ကျင်း၊ သူ့ကို ချစ်စရာကောင်းတယ်လို့ထင်လား ?"
ဖေးယွင်ကျင်း ခေါင်းပင်မဖော်ဘဲ ပြောလိုက်သည်။
"သူက ရိုးရိုးလေးပဲ၊ နာနာ့လို ချစ်စရာမကောင်းပါဘူး"
ကလေးများမှာ သူတို့စိတ်ထဲရှိသည်ကိုသာပြောတတ်သည် မဟုတ်ပါလား?
ဝူနာနာသည် သူ့အန်တီအားလုကာ ရန်ပြုပြီးရိုက်နှက်နေတတ်သော်လည်း ဖေးယွင်ကျင်းကမူ ဝူနာနာသည် သူနှင့်တွေ့ဆုံဖူးသမျှ ကလေးမများထဲ အချစ်စရာအကောင်းဆုံးဖြစ်သည်ဟု လက်ခံထားရသည်။ တစ်ခုသေချာသည်မှာ ဝူနာနာသာ သူ့အန်တီနှင့် ခပ်ဝေးဝေးနေနိုင်ပါက အဆပေါင်းများစွာ ပိုပြီးချစ်ဖို့ကောင်းလာပေလိမ့်မည်။