← Chapters

အခန်း (၈၄)

Vol. 10 Ch. 84

အခန်း (၈၄)

Vol. 10 Ch. 84

ဝူနာနာသည် ခေါင်းမာပြီး ပိုင်ဆိုင်လိုစိတ် ပြင်းပြသော ကလေးငယ်ဖြစ်သည်။ ဖေးယွင်ကျင်း တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်အား မြင်သောအခါ သူမ နန်ယုနှင့် ကြောင်အားလာယူနေသည်ဟု ရိပ်မိဟန်တူသည်။ သူမ နန်ယုရင်ခွင်ထဲသို့ ပို၍ကျုံ့ဝင်သွားရုံသာမက ရှောင်မီကိုပါ အားပါးတရ တင်း ကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

သူမ မျက်နှာတစ်ခုလုံးတွင် ပြတ်သားသော ငြင်းဆန်မှုသာရှိနေသည်- မရဘူး!

"အန်တီက ငါ့ဟာ၊ ကြောင်ကလည်း ငါ့ဟာပဲ!"

ဖေးယွင်ကျင်း: "ရှောင်မီ!"

ရှောင်မီ လူသားကလေးများ၏ ရန်ပွဲတွင် ပါဝင်လိုခြင်း လုံးဝမရှိပေ။ ဝူနာနာ၏ အားအင်အနည်းငယ်ပြင်းလွန်းမှုကြောင့် သူမ အမြီးအား လှုပ်ရမ်းလိုက်ကာ ကောင်မလေးလက်ထဲမှ တစ် ချက်တည်း ပျော့ပြောင်းစွာ လျှောထွက်သွားသည်။ ထို့နောက် သူမ ဖေးယွင်ကျင်းခြေထောက်နားသို့ ချက်ချင်းရောက်လာကာ ဦးခေါင်းဖြင့် နွေးထွေးစွာပွတ်သပ်လိုက်သည်။

"မြောင်!"

၎င်းမှာ ချိုသာစွာ "မင်းနဲ့ငါက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေ၊ စိတ်မကောင်းမဖြစ်ပါနဲ့!" ဟု ပြောဆို နှစ်သိမ့်နေဟန်တူသည်။ သို့သော် ဖေးယွင်ကျင်း သူ့အား ပွေ့ဖက်ရန်အသာလေး ငုံ့လိုက်သည်နှင့် ရှောင်မီ မြန်ဆန်လွန်းစွာ ပြေးထွက်သွားကာတစ်ချက် တည်းနှင့် ပျောက်ကွယ်သွားသည်။

သူတကယ်ကို အကျင့်ပျက်ကြောင်တစ်ကောင်ပါလား!

အဖြစ်အပျက်တစ်ခုလုံးအား စိတ်ထဲမှ သက်ပြင်းချလိုက်မိသော နန်ယု ဖေးယွင်ကျင်း၏မကြည်မလင်ဖြစ်နေသော မျက် နှာထား ရုတ်တရက် တောက်ပလာသည်အားမြင်သောအခါ ရှောင်မီ၏ဉာဏ်နီဉာဏ်နက်ရှိသော လှည့်ကွက်မှာ အတော်လေး ထိရောက်ကြောင်းသိလိုက်သည်။

"အန်တီ~"

ဖေးယွင်ကျင်း ဆိုဖာပေါ်သို့ အလျင်အမြန်တက်ကာ နန်ယုဘေးနားကပ်ကာ တိုးဝှေ့လိုက်သည်။

"နာနာကိုပွေ့ထားတာ အန်တီ ပင်ပန်းနေပြီလား ? ရှောင်ပိုင်နဲ့ ကျွန်တော် ပွေ့ပေးပါ့မယ်"

အန်တီအတွက်ဆိုလျှင် ဖေးယွင်ကျင်း သူ့ကိုယ် သူပင် စွန့်လွှတ်ရန် ဆန္ဒရှိသည်!

လီရီပိုင်လည်း ကူညီရန်ဆန္ဒရှိသည်။ သူက အမြင်အားဖြင့်သာ ပို၍ စိတ်ဝင်စားသည်။ နာနာ၏ချစ်စရာကောင်းသော အသွင် အပြင်အားမြင်သောကြောင့် ပိုမိုနီးစပ်ချင်သည်။ သို့သော် သူတို့ ဆန္ဒရှိသော်လည်း ဝူနာနာမှာ ခါးခါးသီးသီးငြင်းပယ်လိုက်သည်။ ကြောင်ထွက်သွားသည်ကို မြင်သောအခါ ကောင်မ လေးမှာ လှည့်လိုက်ကာ သူမလက်မောင်းများကိုဆန့်တန်းပြီး နန်ယုခါးအား တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။ "ဘယ်သူမှ ငါ့ကို ငါ့ရဲ့လှတဲ့ကျဲနဲ့ မခွဲနိုင်ဘူး" ဟူသော ပြတ်သားသည့် သဘောထားမျိုးပင်။

"နာနာ၊ အန်တီကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်လို့မရဘူး"

"ရတယ်၊ ကျဲက နာနာ့ဟာ!"

"အန်တီ ပင်ပန်းလိမ့်မယ်!"

"နာနာက အရမ်းပေါ့တာ..."

ရိုးရိုးသားသားဆိုရသော် ဝူနာနာ စကားပြောဆိုခြင်းနှင့် နား လည်မှုနှစ်ခုလုံးတွင် နို့စို့အရွယ်သာရှိသေးပြီး ဖေးယွင်ကျင်း ဆိုလိုရင်းအား ယုတ္တိရှိရှိနားလည်နိုင်စရာမရှိပေ။ သို့သော် ကလေးများအကြားတွင် အထူးအာရုံခံဆက်သွယ်မှုရှိပုံရသည်။ ထိုကလေးနှစ်ဦးမှာ စကားအား ထူးထူးဆန်းဆန်းပင် ဆက်လက်ပြောဆိုနေခဲ့ကြသည်။

အန်းနင်နှင့် အခြားသူများ ရောက်ရှိလာချိန်တွင် ဖေးယွင်ကျင်းနှင့်ဝူနာနာမှာတူညီသော စကားလုံးများအား ဆက်တိုက်ထပ်ခါတလဲလဲ အော်ဟစ်နေသည့် အဆင့်သို့ရောက်နေပြီဖြစ်သည်။

"ဆင်း! မရဘူး! ဆင်း! မရဘူး!"

၎င်းမှာ နားထောင်သူအား အမှန်တကယ် ပင်ပန်းနွမ်းနယ်စေ သည်။

"ရီရန်ကော!"

ကံကောင်းစွာပင် ဖေးယွင်ကျင်းအာရုံမှာ အန်းရီရန်ထံသို့ တစ်မဟုတ်ချင်း ရောက်ရှိသွားသည်။ သူ ဝူနာနာနှင့် ငြင်းခုန်ရသည်အား အလွန်အမင်းငြီးငွေ့နေပုံရသည်။ ပွဲကြည့်နေသော နန်ယုပင်လျှင် အနည်းငယ်စိတ်တိုနေပုံရသည်။

သူ လှည့်လိုက်ပြီး ဝူနာနာအား စူးစူးဝါးဝါးတစ်ချက်စိုက်ကြည့်လိုက်ကာ အန်းရီရန်ဆီသို့ အမြန်ဆုံးပြေးသွားသည်။

"ရီရန်ကော၊ ကျွန်တော် ကောအတွက် စူးချန်ကနေ လက် ဆောင်ယူလာခဲ့တယ်၊ ခဏ..."

သို့သော် လီရီပိုင် နန်ယုအိမ်တွင် ဧည့်သည်များများပြားစွာရောက်ရှိနေသည်ကိုမြင်သောအခါ ယဉ်ကျေးသိမ်မွေ့စွာ ထရပ်ကာခွင့်တောင်းလိုက်သည်။ နန်ယု ဆက်နေစေချင်သော် လည်း လီရီပိုင် ထိုညနေတွင် သူ့မိဘများအိမ်၌ ညစာစားသုံးမည်ဖြစ်သောကြောင့် ပြန်ရမည့်အချိန်နီးပြီဟုပြောလိုက်သည်။

လီရီပိုင် ယခင်က သူ့မိဘများ နှစ်သစ်ကူးနေ့တွင် လာရောက်လည်ပတ်မည်ဟု ပြောခဲ့ပြီး ဖေးယွင်ကျင်း၏စူးချန်ခရီးဖိတ် ကြားမှုအား ငြင်းဆိုခဲ့သည်။ ယခုမူ နှစ်သစ်ကူးအားလပ်ရက် ပြီးသည့်နေ့တွင် သူတို့ ထိုနေရာတွင် ဆက်ရှိနေဆဲ ဖြစ်သော ကြောင့် နန်ယု သူတို့မိသားစု ပြန်လည်ဆုံဆည်းခြင်းအား တားမြစ်ရန်မဖြစ်နိုင်တော့ပေ။

လီရီပိုင် အန်းရီရန်နှင့် အခြားသူများအား နှုတ်ဆက်နေစဉ် အန်းနင်နှင့် နန်ကျီတို့သည်လည်း နန်ယုရင်ခွင်ထဲမှ ဝူနာနာနှင့် မစ္စစ်ဝူတို့အား သတိပြုမိလိုက်သည်။ နန်ကျီ မျက်လုံးများဝင်းလက်တောက်ပလာပြီး သူ ဝူနာနာထံလက်လှမ်းလိုက်သည်။

"ချစ်စရာ ကောင်မလေး၊ ဦးလေးပွေ့လို့ ရမလား?"

ဝူနာနာ၏ချစ်စဖွယ်ပုံသဏ္ဍာန်မှာ နန်ကျီ စိတ်ကူးထဲမှ အိပ်မက်မင်းသမီးလေး၏ပုံစံဖြစ်သည်။ သူသည် သူ့သမီးလေးကိုလည်း ဤမျှချစ်စရာကောင်းစေရန် စိတ်အားထက်သန်စွာ မျှော်လင့်နေသည်!

နန်ယုသည် ဝူနာနာ ဤ "ထူးဆန်းသော ဦးလေး" အားငြင်း ပယ်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နန်ကျီအား ခဏတာကြည့်ပြီးနောက် သူမ အမှန်တကယ် လက်လွှတ်လိုက်ကာ သူ့အား ပွေ့ချီရန်လက်မောင်းလေးများကို ဖွင့်ပြလိုက်သည်။

နန်ကျီ ဝမ်းမြောက်ဝမ်းသာ အမူအရာဖြင့် ဝူနာနာအား ချက် ချင်း အန်းနင်ထံခေါ်ဆောင်လာပြီး သူမ၏ကိုယ်ဝန်ဆောင်ဗိုက်အား စတင်စကားပြောလိုက်သည်။

"ကောင်မလေး၊ ဒီချစ်စရာကောင်းတဲ့ ကောင်မလေးကိုကြည့်လိုက်ပါ၊ ချစ်ဖို့ကောင်းတယ် မဟုတ်လား ? ပိုအနီးကပ်ကြည့်ကြည့်လိုက်....."

သူ တစ်နေရာမှ ကြားဖူးသည့် အယူသီးမှုတစ်ခုအား အလေးထားနေသည်။ ဗိုက်ထဲတွင်ရှိစဉ် ခန့်ညားသောယောက်ျားများနှင့် လှပသော အမျိုးသမီးများအား မြင်ပါက သင့်ကလေးသည်လည်း လှပလိမ့်မည်တဲ့။ နန်ယု ထိုအပြုအမူအား ရယ်မော၍သာ နေနိုင်သော်လည်း နန်ကျီ လုပ်ရပ်များမှာ အန်းရီရန်၏ စိတ်ဝင်စားမှုအား ဆွဲဆောင်လိုက်သည်။

သူ ဝူနာနာအား စူးစမ်းသော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူ့ညီမလေးသာ အနာဂတ်မှာ ဒီလိုမျိုး ချစ်စရာကောင်းမယ်ဆိုရင် မဆိုးဘူး။ မင်းသမီးလေး တစ်ပါးလိုမျိုး နူးညံ့စွာ သူ့အား "ကော" ဟု ခေါ်လျှင် သူ လိုချင်သမျှ အရာအားလုံးအား ချက်ချင်းပေးမည်။

ထိုအရာအားတွေးရင်း အန်းရီရန် ဝူနာနာအား နွေးထွေးသော အပြုံးဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

"မင်္ဂလာပါ ညီမလေး၊ ငါက အန်းရီရန်ပါ၊ စကားပြောတတ်လား ? ငါ့ကို ကောလို့ ခေါ်လို့ ရပါတယ်"

ဖေးယွင်ကျင်း ၎င်းကို မြင်သောအခါ အန်းရီရန်အားလျင်မြန်စွာဆွဲလိုက်သည်။

"သူ စကားပြောတတ်ပါတယ် ဒါပေမယ့် လူတွေကိုမခေါ်ချင်ရုံ သက်သက်ပါ"

သူတို့ အကြိမ်ပေါင်းများစွာတွေ့ဆုံဖူးပြီး ဝူနာနာ သူ့အားကောဟု တစ်ခါမျှမခေါ်ဖူးပေ။ သို့သော် ဖေးယွင်ကျင်း နောက်တစ်စက္ကန့်တွင်ပင် မျက်နှာရိုက်ခံရလိမ့်မည်ဟု လုံးဝမမျှော် လင့်ခဲ့ ပေ။

"ကော~ကော~"

ဝူနာနာ နူးနူးညံ့ညံ့ခေါ်ပြီး လက်ဆန့်တန်းလိုက်သည်။ သူမ အန်းရီရန်အား ပွေ့ဖက်စေချင်ပုံရသည်။

ဖေးယွင်ကျင်း: "???"

ဒီကောင်မလေးက အခုထိ တခြားသူတွေကို အထင်သေးနေတုန်းလား!

"ဘာလို့ ငါ့ကိုကောလို့ မခေါ်တာလဲ? ငါက မင်းထက် အသက် ကြီးတယ်"

ဖေးယွင်ကျင်း ဝူနာနာအား မကျေနပ်သော အမူအရာဖြင့် တို့လိုက်သော်လည်း ဝူနာနာ၏လက်ကလေးဖြင့် ချက်ချင်းပုတ်ထုတ်ခံလိုက်ရသည်။

"မရဘူး၊ ကော ပွေ့ပါ"

ပထမဝါကျတစ်ဝက်မှာ ဖေးယွင်ကျင်းအတွက်ဖြစ်ပြီး ဒုတိယဝါကျတစ်ဝက်ကတော့ အန်းရီရန်အတွက်သာ ဖြစ်သည်။

အန်းရီရန် နန်ကျီလက်ထဲမှ "အရုပ်" လေးသဖွယ် ဝူနာနာအား အလွယ်တကူ ယူလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ခြောက်နှစ်သားအရွယ်တွင် ဝူနာနာအား ပွေ့ချီရန် သူ့အတွက် အနည်းငယ်ခက်ခဲနိုင်သော်လည်း သူ့လှုပ်ရှားမှုများမှာ တိကျပြည့်စုံပြီး သူမအား လုံးဝ မနာကျင်စေခဲ့ပေ။ ၎င်းမှာ မြင်ကွင်းအား နွေးထွေးပြီး အလွန်နှစ်သက်ဖွယ်ရာဖြစ်စေသည်။

မစ္စစ်ဝူပင်လျှင် အန်းရီရန်အား ပါးနပ်စွာ ချီးကျူးခဲ့ပြီး အနာဂ တ်တွင် သူ့အား ချစ်ခင်သော ညီမလေးတစ်ဦးရရှိမည်ဟု ကတိပေးခဲ့သည်။

ဤအဖြစ်အပျက်များပြီးနောက် ဖေးယွင်ကျင်း ရုတ်တရက် အဓိကအချက်အား ရှင်းလင်းစွာ နားလည်သွားသည်။

"သူမက ဦးလေးနဲ့ ရီရန်ကောကို အန်တီနဲ့တူတယ်လို့ ထင်နေတာပဲ!"

နန်ကျီနှင့်နန်ယုတို့သည် မောင်နှမရင်းချာများဖြစ်သော ကြောင့် သေချာပေါက် မျိုးရိုးဗီဇအရ ဆင်တူမှုအချို့ရှိသည်။ အန်းရီရန်မှာ နန်ကျီနှင့် တူနေသော်လည်း၊ သူ့အသက်ငယ်သေးသောကြောင့် ယောက်ျားဆန်သော လက္ခဏာများမှာ သိပ်မထင်ရှားပေ။ ပထမတစ်ချက်ကြည့်လျှင် အန်းရီရန်သည် နန်ကျီထက် နန်ယုနှင့် ပိုတူနေပုံရသည်။

ထို့ကြောင့် အချုပ်အားဖြင့် ဆုံးဖြတ်ချက်ချရလျှင် ဝူနာနာ၏ အချစ်စစ်မှာ နန်ယု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိသော် လည်း အန်းရီရန်သည် နန်ယုနှင့် ဆင်တူသော အရည်အချင်းရှိသောကြောင့် နန်ကျီအား မျက်နှာသာပေးရန် ဆန္ဒရှိနေခြင်းသာ ဖြစ်သည်။

"သင့်ကို အသိဆုံးသူသည် သင့်ရန်သူဖြစ်သည်" ဟု ဆိုထားသည်မဟုတ်ပါလား?

ဖေးယွင်ကျင်း ပြတ်သားစွာ မှတ်ချက်ချသည်။ ထိုကောင်မ လေးမှာ မယုံနိုင်အောင် ဉာဏ်နီဉာဏ်နက်များလွန်းပြီး အန်တီ၏ကုန်ပစ္စည်းများကိုပင် လောဘတကြီး စုဆောင်းရန် ကြိုးစားနေသည်၊ ရီရန်ကောကိုပင် ပစ်မှတ်ထားနေသည်။

"ဟားဟားဟား"

ဖေးယွင်ကျင်း သတိပေးချက်ကြောင့် နန်ယုနှင့် အခြားသူများအားလုံး ဝူနာနာ၏လျှို့ဝှက်သော အတွေးအမြင်လေးများအား ရှင်းလင်းစွာ သဘောပေါက်သွားကြသည်။

"ဒီခေတ်က ကလေးတွေများ အံ့ဩစရာကောင်းလိုက်တာ၊ သူတို့ ငယ်ရွယ်စဉ်ကတည်းက အစားထိုး ရှာဖွေတတ်ဖို့ သင်ယူထားကြတယ်" ဟု အားလုံးက ကျေနပ်စွာ မှတ်ချက်ချလိုက်ကြသည်။

မစ္စစ်ဝူ သူမ သမီးကြောင့် အလွန် ပီတိဖြစ်နေသဖြင့် သူမ၏ အမျိုးသမီးဆန်သော ဂုဏ်ပုဒ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပျော်ရွှင်ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော် သူမ နန်ယုနှင့် ခိုင်မာသော ဆက်ဆံရေးအား တည် ဆောက်လိုသော်လည်း သူမ၏ ကန့်သတ်ချက်များအား ကောင်းစွာနားလည် ထားသည်။ ယခုအခါ ၎င်းမှာ နန်မိသားစုအတွက် သီးသန့် ညစာစားပွဲဖြစ်ကြောင်း ထင်ရှားသောကြောင့် သူမနှင့်နာနာ ဆက်လက်ဝင်ရောက် နှောင့်ယှက်ရန် မသင့်တော်ပေ။

မစ္စစ်ဝူ နှုတ်ဆက်ပြီးသည်နှင့် ဝူနာနာအား လျင်မြန်စွာပွေ့ချီကာ ဗီလာမှထွက်သွားရာ ဖေးယွင်ကျင်းမှာ သက်ပြင်းရှည်ကြီးချကာ စိတ်သက်သာရာ ရသွားတော့သည်။

"ဝူရွှယ်ခိုင်က မျက်ခုံးထူထူနဲ့ မျက်လုံးကြီးကြီး ရှိတယ်၊ သူ့သားတွေ အားလုံးက သူ့နဲ့ တူတယ်။ ဒီကောင်မလေးက ဒီလောက် ချစ်စရာကောင်းလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး"

နန်ကျီ ထိုစကားအား ပြောရင်း အန်းနင်၏ကိုယ်ဝန်ဆောင်ဗိုက်အား တမင်တကာပင် ကြည့်လိုက်သည်။

"သူမက ဝူရွှယ်ခိုင်ထက် အများကြီးပိုလှတယ်၊ သမီးက ဖခင်နဲ့ တူတယ်လို့လည်း ဆိုကြတယ် ၊ ဒါကြောင့် ငါ့ရဲ့ မင်းသမီးလေးလည်း အရမ်း လှပနေရမည်!" ဟူသော အတွေးမှာ သူ့စိတ်ထဲပေါ်လာသည်။

"ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး ကလေး ဖြစ်စေရမည်!"

နန်ကျီနှင့် သူ့သူငယ်ချင်းများမှာ ဤတစ်ကြိမ်တွင် ပစ္စည်းများစွာ ယူဆောင်လာခြင်း မရှိကြပေ။ အများစုမှာ ကိုယ်ဝန်ဆောင် အန်းနင်အတွက်သာ ဖြစ်သည်။ ဦးလေးကျိုး ဒုတိယထပ်ရှိ အခန်းများအား ရှင်းလင်းထားပြီး နန်ကျီနှင့် အန်းနင်အတွက် အိမ်ထောင်သည် အိပ်ခန်းတစ်ခန်း၊ အန်းရီရန်အတွက် သီးခြားအခန်းတစ်ခန်း ပေးထားသည်။ လေးထပ်ဗီလာဖြစ်သည့်အ တွက် ဤလူများအတွက် ကျယ်ဝန်းလုံလောက်သည်မှာထင် ရှားသည်။

နန်ယုနှင့် အခြားသူများမှာ အိမ်တွင်းကိစ္စများ၊ သန့်ရှင်းရေးအတွက် လုံးဝစိတ်ပူစရာမလိုပေ။ အိမ်တော်ရှိ ဝန်ထမ်းများမှာ အားလုံးအား ဂရုစိုက် စီမံခန့်ခွဲလိမ့်မည်။

ညစာစားပွဲသို့ ရောက်သောအခါ အန်းနင်အတွက် ကိုယ်ဝန် ဆောင်အမျိုးသမီးများအတွက် အထူးသီးသန့် အာဟာရပြည့်ဝသော အစားအစာများအား ပြင်ဆင်ပေးထားသည်။ သူမ ၎င်းအား ထိုမျှ ထူးထူးခြားခြား ပြုလုပ်စေလိုခြင်း မရှိခဲ့ပေ။

နန်ကျီနှင့် အခြားသူများကဲ့သို့ တူညီသော အစားအစာကို စားရန်သာ ရိုးရှင်းစွာ ဆန္ဒရှိသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ အစားအသောက် ကန့်သတ်ချက်များ ရှိသည်၊ သို့သော် ဤမျှအထိ အစစအရာရာ အထူးဂရုပြုရန် မလိုအပ်ပေ။ ၎င်းမှာ နန်ယုအိမ်မ်ဖြစ်သောကြောင့် အဆင်မပြေဖြစ်မည်ဟုလည်း သူမ တွေးခဲ့သည်။

သူမ အံ့အားသင့်စရာကောင်းလောက်အောင်ပင် နန်ယု အသေး စိတ် အရာအားလုံးအား ကြိုတင်စီစဉ် ပြင်ဆင်ထားခဲ့သည်။ ၎င်းမှာ သူမ၏ ပေါ့ပေါ့ပါးပါး တောင်းဆိုချက်တစ်ခု ဖြစ်နိုင်သော်လည်း အန်းနင် ထိုအသေးစိတ်ကျသော ကြင်နာမှုကြောင့် ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်းထိမိခဲ့သည်။

"ညီမလေး၊ ဟိုတစ်နေ့က အဘိုး ဘယ်သူနဲ့ ဖုန်းပြောနေတာလဲဆိုတာ ညီမ သိလား ?"

နန်မိသားစု ညစာစားပွဲတွင် တရားဝင် အခမ်းအနားမရှိပေ။ ပေါ့ပေါ့ပါးပါး ရင်းနှီးသော စကားစမြည်ပြောဆိုမှုများဆက် လက် ဖြစ်ပေါ်လာပြီး နန်ကျီ သဘာဝအားဖြင့်ပင် စကားဝိုင်းအား စတင်သူဖြစ်သည်။ သူ၏တင်းခံမရတော့သော အတင်း အဖျင်း ပြောလိုသည့် အမူအရာအား မြင်သောအခါ နန်ယု နောက်ထပ် အကြောင်းအရာမှာ သူမနှင့် ပတ်သက်လိမ့်မည်အား ချက်ချင်း ရိပ်မိလိုက်သည်။

သူမ နန်ကျီအား အလိုက်သင့် ပူးပေါင်းဆောင်ရွက်ပြီး မေးလိုက်သည်။

"ဘယ်သူလဲ?"

နန်ကျီ ချက်ချင်း မိုက်ကရိုဖုန်းအား ဖွင့်လိုက်သည်။

"မစ္စတာကျင်း! အဘိုးကြီး ဖုန်းပြောနေတဲ့စကားတွေအရ နင် မစ္စတာကျင်းရဲ့ မြေးနဲ့ ဘလိုင်းဒိတ် လုပ်ရတော့မယ်လို့ ငါ ထင်တယ်"

"ဘယ်လို?!"

ထိုစကားအား ပြောသူမှာ ပတ်သက်သူ နန်ယုမဟုတ်ဘဲ ဘေးမှ နားထောင်နေသည့် ဖေးယွင်ကျင်း ဖြစ်သည်။

"အန်တီက ဘလိုင်းဒိတ်လုပ်တော့မယ်"

နန်ယု- "...မနောက်နဲ့"

"ငါ အတည်ပြောနေတာ!"

နန်ကျီ အစားအစာကိုပင် စားချင်စိတ်လုံးဝမရှိတော့ပေ။

"အဘိုးကြီးကျင်းက နင့်ကို အမြဲတမ်းသဘောကျနေတာ၊ သူ လွန်ခဲ့တဲ့ တစ်ခေါက်ကတောင်အရိပ်အမြွက်ပြောခဲ့သေးတယ်၊ နင် လက်ထပ်သွားရင် သူ လက်လျှော့သွားမှာပဲ၊ ဒါပေမယ့် နင်က..."

နန်ယု- "ဒါဆို ဘာဖြစ်လဲ?"

နန်ကျီ ချက်ချင်း လျှို့ဝှက်ဆန်းကြယ်ပြီး အဓိပ္ပာယ်ပါသော အပြုံးပြုံးလိုက်သည်။

"ဒါကြောင့် ညီမလေး၊ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသင့်တယ်.. အဘိုးကြီးကျင်းမှာ အိမ်ထောင်ပြုဖို့အသက် ပြည့်နေတဲ့ မြေးနှစ်ယောက် ရှိတယ်၊ နှစ်ယောက်စလုံးက စစ်တပ်ကပဲ"

"ငါ ထင်တာတော့ သူက အဘိုးကြီးကျင်းလိုပဲ တင်းမာတဲ့ စရိုက်ရှိပေမယ့် ပေါင်းသင်းဆက်ဆံရလွယ်ကူလိမ့်မယ်၊ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ ပြီးတော့ သူက အချိန်အများစုကို စစ်တပ်မှာကုန်ဆုံးတာဆိုတော့ နင် လက်ထပ်ရင်တောင် နင့်ရဲ့ လွတ်လပ်တဲ့ ဘဝက အခုလက်ရှိနဲ့သိပ်မကွာခြားပါဘူး"

နန်ယု စကားမပြောနိုင်တော့ပေ။

"ငါ ကလေးဘယ်နှစ်ယောက် လိုချင်လဲဆိုတာ နင် ထည့်စဉ်း စားဖူးလား ?" ဟု စိတ်ထဲကမေးခွန်းထုတ်သည်။

"ဗေဒင်အကြောင်းမပြောနဲ့ဦး၊ အခုထိ ဘာမှမသိရသေးဘူး!"

နန်ကျီရဲ့စိတ်ကူးစိတ်သန်းနဲ့ ဇာတ်ညွှန်းဆရာမဖြစ်တာ တကယ့် ရှက်စရာကောင်းတယ်။

"နင့်ကောက အဲ့လိုလူမျိုးမလို့လား? ငါက ရိုးရိုးသားသား နင့်ကို ကြိုတင် ပြင်ဆင်စေချင်ရုံ သက်သက်ပါ!"

နန်ကျီ မျက်နှာမှာ အပြစ်တင်ခံရခြင်း၏နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

အန်းနင်ပင်လျှင် ဆက်ကြည့်မနေနိုင်တော့ဘဲ တူတစ်ချောင်းအား ယူကာ သူ့ပန်းကန်ထဲသို့ ခရမ်းသီးတစ်ဖတ် ထည့်လိုက်သည်။

"များများစား! စကားနည်းနည်းပြော!"

နန်ကျီ- ဟန်နီရေ၊ ကိုယ် ခရမ်းသီး မကြိုက်တာမေ့နေပြီလား...

သို့သော် သင့်ဇနီး ပေးသော အစားအစာအား မကြိုက်ရင် တောင် မည်သည့် ယောက်ျားမဆို စားအောင်လုပ်ရမည်သာ။

နန်ကျီ ခရမ်းသီးအား နာကျင်သော အမူအရာဖြင့် စားနေသည်ကိုကြည့်ပြီး နန်ယုနှုတ်ခမ်းများ တိတ်တဆိတ်အကြိမ်အနည်း ငယ် ကွေးညွှတ်သွားသည်။ နန်ကျီ စိတ်ဆင်းရဲနေသည်ကို မြင်ရခြင်းမှာ သူမအား ပျော်ရွှင်စေသည်။

သို့သော် နန်ယု နောက်တစ်နေ့တွင်ပင် အဘိုးထံမှ ဖုန်းခေါ်ဆိုမှု ရရှိလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။ သူသည် အစပိုင်းတွင် မိသားစုကိစ္စများစွာအား ရစ်ပတ်ကာ ပြောဆိုခဲ့သော်လည်း အမှန်တကယ် ရည်ရွယ်ချက်မှာ နောက်ဆုံး စကားအနည်းငယ်တွင်သာ တည်ရှိနေသည်။

"အဘိုးကြီးကျင်းရဲ့မြေးကို အရင်က တွေ့ဖူးတယ်၊ သူက လူကောင်းတစ်ယောက် ဖြစ်ရမယ်"

"ရှောင်ယု၊ ငါ့မျက်နှာကို ထောက်ထားပြီး သွားတွေ့လိုက်ပါလား"

"မကြိုက်ရင်တောင် သူနဲ့ လက်ထပ်ဖို့ အတင်းအကျပ်လုံးဝမလုပ်ပါဘူး"

...

အဘိုးမှာ ဤမျှအထိပြောလာသောကြောင့် အဘိုးကြီးကျင်း မျက်နှာအား ထောက်ထား၍ နန်ယုဝန်လေးသောစိတ်ဖြင့် မတတ်သာဘဲ သဘောတူလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ မနက်ဖြန်လား? ငါ အဲဒီကောင်လေးရဲ့ ဖုန်းနံပါတ်ကို မင်းကို ပေးလိုက်မယ်၊ မင်းတို့ လူငယ်တွေ ကိုယ့် ဘာသာကိုယ် စီစဉ်ကြပါ၊ ငါတို့ ဝင်မပါတော့ဘူး"

အဘိုးမှာ သိသိသာသာ ဝမ်းမြောက်ပီတိဖြစ်နေသည်။ သူ နန်ယု အခြားအဘိုးအိုသူငယ်ချင်းများ၏မြေးမများကဲ့သို့ ဘလိုင်းဒိတ်အကြောင်း ပြောလျှင် စိတ်တိုမည်အား စိုးရိမ်ခဲ့သည်။

သူမအား လက်ထပ်ရမည်ဟု မပြောခဲ့ပါ။ နန်မိသားစုမှာ သူမအား ထာဝရထောက်ပံ့ပေးနိုင်ပါသည်။ သို့သော် အဘိုးကျင်းမှာ ဖုန်းခေါ်ပြီးပြီဖြစ်သောကြောင့် သူ့မြေး၏ရုပ်ရည်နှင့် စရိုက်မှာ သေချာပေါက် အလားအလာကောင်းပါသည်။

"ကံကြမ္မာက နောက်ဆုံးတွင် သူတို့ကို ပေါင်းဖက်ပေးမလား?" ဟု အဘိုးနန် စိတ်ထဲမှ လျှို့ဝှက်စွာတွေးနေသည်။

အဘိုးနန် ဖုန်းချလိုက်ပြီးနောက် မကြာမီတွင် နန်ယု မရင်းနှီးသော ဖုန်းခေါ်ဆိုမှုတစ်ခုအား ထပ်မံရရှိခဲ့သည်။

"ဟယ်လို၊ သခင်မလေး နန်၊ ကျွန်တော် ကျင်းရယ်ထင်း ပါ"

"အာ၊ ဟယ်လို"

အမျိုးသား၏အသံမှာ နက်ရှိုင်းပြီး ကြည်လင်ပြတ်သားသည်၊ နန်ယု အဘိုးကျင်းမြေး၏စရိုက်အား စိတ်ထဲတွင်ပင် မြင်ယောင်နေပြီး ဖြစ်ပုံရသည်။ သူမ အနည်းဆုံး ဆက်ဆံရေး တည်ဆောက်လိုသော လူစားမျိုးဖြစ်လိမ့်မည်ဟု ယူဆမိ သည်။

သို့သော် သူမ သဘောတူပြီးဖြစ်သောကြောင့် နန်ယု နောက်တစ်နေ့အတွက် ကျင်းရယ်ထင်းနှင့် နေ့လယ်စာဒိတ် ပြုလုပ်ခဲ့ပြီး သူမ၏ ပထမဆုံး ဘလိုင်းဒိတ်ခရီးအား တရားဝင်စတင်လိုက်သည်။

သူမ ထိုညနေ ညစာစားပွဲတွင် ဤအကြောင်းအား ပြောပြသောအခါ နန်ကျီ၏ဖုံးကွယ်မထားနိုင်သော အောင်နိုင်သူအပြုံးအား မြင်လိုက်ရသည်။

"ဟေး၊ ညီမလေး၊ ငါ ကျင်းရယ်ထင်းကို သိတယ်၊ သူက သုံးဆယ်ကျော်အရွယ် ဗိုလ်ချုပ်ကြီးတစ်ယောက်.. သူ့မှာ တောက်ပတဲ့ အနာဂတ် ရှိတယ်"

"သူက ရုပ်လည်း အတော်လေးကြည့်ကောင်းပြီး ယောက်ျားပီသတယ်ပြီးတော့ နင် နှိပ်စက်တာကို သူ မကြောက်လောက်ဘူး၊ ဟားဟားဟား"

"နန်ကျီ၊ ကောရဲ့ ရယ်သံက ငါ့ကို စိတ်အနှောင့်အယှက် အရမ်းဖြစ်စေတယ်"

နန်ယု စိတ်ထဲတွင် ဆက်တိုက်သော ပုဒ်ဖြတ်စကားများ မီးပွင့်သကဲ့သို့ လင်းလက်သွားသော်လည်း နန်ကျီ ရယ်မောခြင်းအား မရပ်တန့်ခဲ့ပေ။

"တစ်ခုတည်းသော အားနည်းချက်ကတော့ နင် သူ့ကို လက် ထပ်ရင် တစ်နှစ်ပတ်လုံး သူ့ကို မြင်ရမှာမဟုတ်ဘူး"

အန်းနင် ထိုစကားအား ကြားသောအခါ မျက်မှောင်ကုပ်မိ သည်။ တစ်နှစ်တစ်ခါသာ တွေ့ဆုံရမည့် ခင်ပွန်းကောင်းတစ်ဦးမှာ မည်မျှပင် ကောင်းမွန်ပါစေ၊ အမှန်တကယ်တော့ အဓိပ္ပာယ်မဲ့လွန်းပါသည်။ နန်ယုကဲ့သို့ အရည်အချင်းပြည့်ဝပြီးကောင်း မွန်သော အမျိုးသမီးတစ်ဦးမှာ သူမ၏ခံစားချက်များနှင့် လို အပ်ချက်များအား ကောင်းကောင်း နားလည်ပေးနိုင်သော လူကောင်းတစ်ဦးနှင့်သာ သေချာပေါက် လက်ထပ်သင့်သည်။

သူမ တစ်ခုခုပြောရန် ပြင်ဆင်နေစဉ် ဖေးယွင်ကျင်း အရင်ဖြတ်ပြောလိုက်သည်။ သူ့မျက်နှာတွင် သိသာထင်ရှားသော စိုးရိမ်ပူပန်မှု ရှိနေသည်။

"အဲဒါ လုံးဝ အဆင်မပြေဘူး!"

"အန်တီ၊ ရှောင်ကျင်းကို ခေါ်သွားလို့ မရဘူးလား? ရှောင်ကျင်းက အသေးစိတ် စစ်ဆေးပေးပါ့မယ်"

နန်ယု- "...ငါတို့ နေ့လယ်စာပဲ စားမှာပါ၊ ရှောင်ကျင်း စစ်ဆေးဖို့ လုံးဝမလိုပါဘူး"

"ကောတို့အားလုံး ဘာလို့ မနက်ဖြန်လက်ထပ်တော့မလိုဇာတ် လမ်းတွေ ဆင်နေကြတာလဲ ?!"

All Chapters