အခန်း (၈၈)
Vol. 10 Ch. 88
တရုတ်နှစ်သစ်ကူးအကြိုနေ့ ညနေခင်းတွင် နန်ယုနှင့် အပေါင်းအပါများမှာ နန်မိသားစုအိမ်တော်ကြီးသို့ ပြန်လည် စုဝေးရောက်ရှိလာခဲ့ကြသည်။ ပါးပါးနန်နှင့် မားမားနန်တို့ သည်လည်း နန်ယုတို့ ရောက်လာချိန် မတိုင်မီ ခဏအလိုကပင် ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။
မားမားနန်မှာ အန်းနင် ကိုယ်ဝန်အစောပိုင်း ကာလတွင် သူမနှင့် အတူနေထိုင်ခဲ့ဖူးသည်။ မိခင်မရှိလျှင် အန်းနင် စိတ်အား ငယ်လွယ်ပြီး လွန်လွန်ကျွံကျွံ စိတ်ထိခိုက်သွားမည်ကို စိုးရိမ်ခဲ့သောကြောင့် ထိုသို့ ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် အချိန်ကြာလာသောအခါ မိမိ ချွေးမအပေါ် ခံစားချက်များကို လိုအပ်သည်ထက် ပိုမို မှားယွင်းခဲ့ကြောင်း သဘောပေါက်လိုက်သည်။
အန်းနင်မှာ မားမားနန် ထင်မှတ်ထားသည်ထက် စိတ်ဓာတ် ပိုမိုခိုင်မာသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် မားမားနန်ဘေး၌ ပို၍ပင် အနေရခက်နေသည်ဟု ခံစားရသောကြောင့် မားမားနန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
သူမတွင် ရှင်းလင်းသော ရည်ရွယ်ချက်ရှိသည်။ ချွေးမဖြစ်သူ လိုအပ်သောအခါမှ သူမ ရှိနေမည်ဖြစ်ပြီး၊ မလိုအပ်သော အခါ မိမိ၏မိဘများနှင့်သာ အေးချမ်းပျော်ရွှင်စွာ အချိန်ကုန် ဆုံးမည်ဖြစ်သည်။ သူမသည် စိတ်အနှောင့်အယှက်ဖြစ်စေမည့်၊ အလုပ်ရှုပ်စေမည့်ယောက္ခမ မဖြစ်ရန် အပြင်းအထန် သန္နိဋ္ဌာန်ချထားသည်။
ထိုရလဒ်ကြောင့် နန်ဇနီးမောင်နှံသည်လည်း သူတို့ခရီးစဉ်မှ အလျင်အမြန် ပြန်လာခဲ့ကြသည်။
တိုက်ဆိုင်စွာပင် နန်ယုနှင့်အခြားသူများ ရောက်ရှိလာသည့်အချိန်တွင် အဘိုးနန်မှာ ပါးပါးနန်အား ပေထန်သခင်ကြီး နှင့် ပတ်သက်၍ ဒေါသတကြီး ဆူပူကြိမ်းမောင်းနေသည်ကို တွေ့လိုက်ရသည်။
မူလက အဘိုးနန်၏ ကျန်းမာရေးအား ထည့်တွက်၍ နန်ကျီနှင့် အခြားသူများမှာ ပေထန်မိသားစု အန်းနင်နှလုံးအား တောင်းဆိုခဲ့သည့် ကိစ္စ ကို လျှို့ဝှက်ထားရန် တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ယခုအခါ ပေထန်မိသားစု လုံးလုံးလျားလျား ပျက်စီးသွားပြီဖြစ်သောကြောင့် နန်ကျီ ထိုလျှို့ဝှက်ချက်အား ထုတ်ဖော်ပြောပြရန် အခွင့်အရေး တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုနောက် ပိုင်းတွင် ဖုန်းဖြင့် စကားပြောဆိုနေစဉ် ထိုကိစ္စအား လျှို့ဝှက်ထားခဲ့သည့်အတွက် အဘိုးနန်၏ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသည်။
နန်ကျီ မိမိဖခင်ဖြစ်သူပင်လျှင် အဘိုး၏ဆူပူမှုအား မလွတ် မြောက်နိုင်သည်ကို မြင်သောအခါ တိုးတိုးလေး ရယ်မောလိုက်သည်။ ထိုသည်ကို အဘိုးနန်မြင်သွားသည်။
"ဟေ့ကောင်! မင်း ဘာရယ်နေတာလဲ! အခုချက်ချင်း ဒီကိုလာခဲ့!"
အဘိုးနန် နန်ကျီအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒီလို အရေးကြီးကိစ္စကို ငါ့ဆီက ဝှက်ထားရဲတယ်ပေါ့လေ၊ အဲဒီအဘိုးအိုက ဒီလောက်တောင် အရှက်မဲ့တဲ့သူဆိုတာ ငါသာ အစကတည်းက သိခဲ့ရင် သူ့အိမ်ကိုပြေးပြီး သေတဲ့အထိ ကြိမ်းမောင်းပစ်မှာ!"
"အဘိုး၊ ဒေါသမထွက်ပါနဲ့၊ စိတ်လျှော့ပါ"
"ဒါဆို အခု ဘာဆက်လုပ်ရမှာလဲ ? ဟိုပေထန်အဘိုးကြီးကရော သတိပြန်ရလာပြီလား"
အဘိုး၏အမူအရာအား ကြည့်ရသည်မှာ ပေထန်အဘိုးကြီးသာ နိုးနေပါက၊ "ပန်းတွေ ဘာကြောင့် နီရတာလဲ" ဆိုသည့် သင်ခန်းစာကို သွားရောက် ပေးချင်နေပုံရသည်။
(T/N: "ပန်းတွေ ဘာကြောင့် နီရတာလဲ" (花儿为什么这样红 - Huā'er wèishéme zhèyàng hóng) ဟူသော စကားစုသည် စိတ်ဆိုးဒေါသဖြင့် တစ်စုံတစ်ဦးကို ရိုက်နှက် ဆုံးမရာမှ ထွက်ပေါ်လာသော သွေးစက်များကြောင့် ဖြစ်ပေါ်သည့် "နီရဲခြင်း" ကို ရည်ညွှန်းသော တရုတ်ရုပ်ရှင်မှ အလွန်ခေတ်စားခဲ့သည့် အပြောအဆိုဖြစ်သည်။)
နန်ယု အလျင်အမြန် ရှေ့သို့တိုးလာသည်။
"အဘိုးရယ်၊ ပျော်ရွှင်စရာ နှစ်သစ်ကူး ကာလမှာ အဲဒီလိုလူမျိုးကြောင့် စိတ်တိုပြီး စိတ်ရှုပ်မခံပါနဲ့တော့နော်~"
ချွဲနွဲ့သော အသံနေအသံထားဖြင့် ပြောဆိုလိုက်သည့် စကားအဆုံးမှာ နန်ယု ကိုယ်တိုင်အတွက်ပင် မခံမရပ်နိုင်ဖြစ်ခဲ့ရသည်။ ကလေးဆန်သော အမူအရာဖြင့် ချစ်စရာကောင်းအောင်ပြုမူခြင်းမှာ ကျွမ်းကျင်မှုတစ်ရပ်ပင် လိုအပ်သည်ကို သူမ သိသည်။
သို့သော် အဘိုးနန်မှာမူ ရှင်းလင်းစွာကျေနပ်သွားသည်။ သူ့အဖိုးတန်မြေးမလေးအားမြင်သောအခါ မျက်နှာအမူအရာ ချက်ချင်းဝင်းပလာသည်။
"ဒီကနေ့စပြီး ဘာကိစ္စကိုမှ ငါ့ဆီက လျှို့ဝှက်မထားနဲ့တော့! သဘောပေါက်လား ?"
ပါးပါးနန်၏ဦးဆောင်မှုဖြင့် နန်မိသားစုဝင်သုံးဦးမှာ ခေါင်းတညိတ်ညိတ်နှင့်အပြည့်အဝနာခံသည့်ပုံစံအား ပြသလိုက်ကြသည်။
ဤသို့သော ပျော်ရွှင်ဖွယ် ပြန်လည်ဆုံဆည်းသည့်နေ့တွင် ပေထန်မိသားစုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရန် လုံးဝမလိုအပ်တော့ပေ။
နန်ယု သိထားသည့်အတိုင်း ပေထန်ကျိကော်—(ပေထန်အဘိုးကြီး၏အမည်ရင်း ဖြစ်ပြီး လူသိနည်းသည်)—မှာ ယနေ့နံနက်တွင် ပြန်လည်သတိရလာခဲ့သော်လည်း သူ ရင်ဆိုင်ရမည့် အကျိုးဆက်များစွာ ကျန်ရှိနေသေးသည်။
ပြောရလျှင် ပေထန်ယောင်မှာ ဖခင်ဖြစ်သူ ဖမ်းဆီးခံထားရကြောင်း "မတော်တဆ" သိလိုက်သည်နှင့် မည်သူကမျှ သူ့အား ကယ်တင်နိုင်မည် မဟုတ်တော့ကြောင်း သဘောပေါက်ပြီးနောက် သူ့ထွက်ဆိုချက်အား ချက်ချင်းပြောင်းလဲပစ်ခဲ့သည်။ သူသည် ပူးပေါင်းပါဝင် သူ သက်သက်သာဖြစ်ပြီး၊ ၎င်းအားလုံးမှာ ဖခင်ဖြစ်သူ အဘိုးကြီး၏အမိန့်များသာဖြစ် သည်ဟု အခိုင်အမာထွက်ဆိုခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကြံစည်သူနှင့် ပူးပေါင်းပါဝင်သူ ပြစ်ဒဏ်များမှာ ကွဲပြားခြားနားသည် မဟုတ်ပါလား ?
ပေထန်ယောင် အသက်ငါးဆယ်ဝန်းကျင်သာ ရှိသေးသဖြင့် ရှေ့ရေး အလားအလာကောင်းများ ကျန်ရှိနေသေးသည်။ ဖခင်ဖြစ်သူ အဘိုးကြီးမှာမူ အသက်ရှစ်ဆယ်ရှိနေပြီဖြစ်ပြီး အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့သည်။ ထို့ ကြောင့် မိမိ၏ မျိုးဆက်များအတွက် တစ်ခုခုပေးဆပ်သင့်သည် မဟုတ်လားဟု ပေထန်ယောင် တွေးလိုက်ပုံရသည်။
ပေထန်ကျိကော် သူ့သား၏ဝန်ခံချက်အား ကြားသောအခါ မည်သို့သော ဝေဒနာခံစားရမည်ကိုပြောရန်ပင် မလိုတော့ချေ။ သူ နှစ်သစ်ကူးပွဲတော်အား ဆေးရုံတွင်ဖြစ်စေ၊ ထောင်ထဲတွင်ဖြစ်စေကုန်ဆုံးရပေလိမ့်မည်။ သူ "ပျော်ရွှင်" ပါစေ ဟုသာ ဆုတောင်းလိုက်သည်။
(T/N: ဤနေရာမှ "ပျော်ရွှင်ပါစေ" ဟူသော စကားကလှောင် ပြောင်လိုသည့် သဘော သို့မဟုတ် စိတ်ထဲမပါဘဲ ဆုတောင်းသည့် သဘောပါ။)
နှစ်သစ်ကူးအကြိုနေ့ မနက်ခင်းတွင် မားမားနန် ဦးဆောင်မှုဖြင့် နန်ယု၊ နန်ကျီနှင့် အခြားသူများမှာ နန်မိသားစု၏နှစ်စဉ် ထုံးတမ်းစဉ်လာဖြစ်သည့် ဖက်ထုပ်လုပ်ခြင်း အစီအစဉ်တွင် တိတ်ဆိတ်စွာစုဝေးနေရာယူကြသည်။
နှစ်သစ်ကူးအကြို ညစာအား ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို သီးသန့်စားဖိုမှူးများနှင့် အစေခံများမှ ကိုင် တွယ်သောကြောင့် နန်ယုနှင့် အခြားသူများမှာဝင်ရောက်လုပ် အားပေးရန် မလိုအပ်သည်မှာသေချာသည်။
သို့သော်လည်း လက်ပိုက်ကြည့်နေ၍မသင့်တော်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ဖြင့် နှစ်သစ်ကူးပွဲတော်အား ကျင်း ပခြင်းမှာ ဘာအဓိပ္ပာယ်မှရှိမည်မဟုတ်တော့ပေ။
နန်ယု၏ အဘွားလက်ထက် ကတည်းက စတင်ခဲ့သော ဖက် ထုပ်လုပ်ခြင်းမှာ မိသားစုချစ်ကြည်ရင်းနှီးမှုအတွက် ယနေ့တိုင် ဆက်လက်ထိန်းသိမ်းထားသည်။
ယခုနှစ် မိသားစုဝင်အပိုများကို ထည့်သွင်းစဉ်းစား၍ မားမားနန် အမျိုးမျိုးသော အဆာပလာများကိုပင် ပြင်ဆင်ခဲ့သည်။ ၎င်းတို့တွင် ပျံသန်းနိုင်သော (ငှက်/တိရစ္ဆာန်အသား)၊ ရေကူးနိုင်သော (ငါး/ပင်လယ်စာ) နှင့် မြေမှ ပေါက်ရောက်သော (ဟင်းသီးဟင်းရွက်) အဆာပလာများပါဝင်သည်။ ထိုအရာများစွာအား ဖက်ထုပ်အဆာပလာအဖြစ် အသုံးပြုနိုင်သည်ကိုမြင်သောအခါ နန်ယု အံ့အားသင့်သွားရသည်။
ထားလိုက်တော့။
သူမ မိခင် ပျော်ရွှင်နေသရွေ့ ၎င်းမှာ အရေးအကြီးဆုံးဖြစ် သည်။ နန်ယု၏ စိတ်ပါဝင်စားမှုနည်းပါးခြင်းနှင့် နှိုင်းယှဉ်လျှင် ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့သည် ထိုအလုပ်အား ပြီးမြောက်အောင် လုပ်ဆောင်ရန် စိတ်အားထက်သန်နေကြသည်။
၎င်းမှာ သူတို့၏ ဖက်ထုပ်လုပ်ခြင်း ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အဖြူရောင်မုန့်သားမှာ အဘွား၏လက်ထဲတွင် ပါးလွှာသော မုန့်ချပ်များအဖြစ် ပြောင်းလဲသွားသည်ကို စောင့်ကြည့်ရင်း သူတို့မျက်လုံးများ တောက်ပလာကာ ချက်ချင်းစမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြနေကြသည်။
"အဘွား၊ ဒါကို ဘယ်လိုလုပ်တာလဲ ? အဘွားက တကယ် အံ့မခန်းပဲ!"
"အဘွား၊ ရှောင်ကျင်းလည်း စမ်းကြည့်ချင်လို့၊ ရမလားဟင်"
စာကလေးငယ်နှစ်ကောင်ကဲ့သို့သော ကလေးနှစ်ယောက် ဝန်းရံထားသော မားမားနန်မှာ ပျော်ရွှင်စွာ ပြုံးရယ်နေသည်။
"အားရုံ၊ မုန့်ညက်လုံးတဲ့ တုတ်ချောင်း သေးသေးလေးနှစ်ချောင်း ထပ်ယူလာပေးပါဦး"
ထို့နောက် နေရာတွင်ပင် မုန့်သားလုံးနည်းသင်ခန်းစာအား စတင် သင်ကြားခဲ့သည်။
တစ်ဦးက စိတ်ရှည်စွာ သင်ကြားပေးနေသလို ကျန်နှစ်ဦးကလည်း အနီးကပ် လိုက်နာကြသည်။ သူတို့သည် အံ့အားသင့်စရာကောင်းလောက်အောင်ပင် ပါရမီရှိသည်ကိုတွေ့ရသည်။
မကြာမီတွင် ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့ အမှန်တကယ် ကျွမ်းကျင်ပြီးသေသပ်သောမုန့်ချပ်များလုံးနိုင်လာကြသည်။
"ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်တဲ့တိုင်အောင် သင်ယူလို့ မရသေးတဲ့သူတစ်ယောက်ကို စဉ်းစားကြည့်ပါဦးလား ? ချီးယား၊ အသက်နည်းနည်းပဲရှိတဲ့ ကလေးတွေတောင် သူ့ထက် သာနေပြီ"
နန်ကျီ အနီးတွင်ရပ်နေရင်း နန်ယုအားလှည့်ကြည့်ကာ နောက်ပြောင်လိုက်သည်။ သူ ဘယ်သူ့ကို ရည်ညွှန်းနေသည်ကိုမူ ခန့်မှန်းရန်လွယ်ကူသည်။
နန်ယု ပြန်ပြုံးပြကာ လတ်လတ်ဆတ်ဆတ် ထုပ်ပြီးသား ဖက်ထုပ်တစ်ခုအား ဘေးချထားလိုက်သည်။
"တကယ်လား ? တစ်ထိုင်တည်းမှာ ဖက်ထုပ်ငါးဆယ်စားပြီး နှစ်သစ်ကူးနေ့မှာ ဆေးရုံရောက်သွားတဲ့သူတစ်ယောက်ကို ငါလည်း ကောင်းကောင်း မှတ်မိနေတယ်လေ"
"ဟားဟား၊ အဲဒါက တချို့လူတွေရဲ့ ဖက်ထုပ်တွေပြဲကုန်လို့ မလုပ်ထားဘူးဆိုပြီး အတင်းငြင်းတာထက်တော့ ပိုကောင်းပါတယ်နော်"
"ဟမ် ? သူတို့က ငါ မလုပ်ထားတဲ့ ဖက်ထုပ်တွေပဲလေ!"
"ကြည့်စမ်းပါဦး၊ ဝန်မခံရုံသက်သက်ပဲ!"
ဘေးနားတွင် ရပ်ကြည့်နေသော အန်းနင် "..."
၎င်းမှာ ပုံမှန် မောင်နှမဆက်ဆံရေးပင် ဖြစ်သည်။ အရေးကြီးသော အခိုက်အတန့်များတွင် မင်းအတွက် အပြစ်ကိုခံယူပေး မည်၊ သို့သော် သာမန်နေ့ရက်များတွင်တော့ အမြဲတမ်း စနောက်ပြီး ဓားနှင့်ထိုးမည်။
ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့ သူတို့ကိုယ်သူတို့ "ဖက်ထုပ်လုပ်နေသော ကြောင်ကလေးများ" အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲပြီးနောက် ရာပေါင်းများစွာသော ဖက်ထုပ်များမှာ နောက်ဆုံးတွင် စားပွဲပေါ်၌ သေသပ်စွာတန်းစီနေပြီး နေ့လယ် စာအတွက် အဆင်သင့်ဖြစ်နေသည်။
ကလေးငယ်နှစ်ဦးအား အစေခံများမှ မျက်နှာနှင့်လက်ဆေး ကြောရန် ခေါ်ဆောင်သွားပြီးနောက် နန်ယု သူမ အခန်းသို့ ပြန်ကာ အဝတ်လဲပြီး ပြင်ဆင်နေခဲ့သည်။
နေ့လယ်စာ စားပြီးသည်နှင့် နန်မိသားစုဆွေမျိုးများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာမည်ဖြစ်ရာ၊ မိသားစု၏မျက်နှာအား ထောက်၍ သူမ ပေါ့ဆ၍မရနိုင်ပေ။
"ဝိုး၊ ဒါ ဘယ်သူ့ရဲ့ နတ်သမီးလေးပါလိမ့်"
နန်ယု အောက်ထပ်သို့ ဆင်းလာသည့်အခါ နန်ကျီ၏ အမူအ ရာကြီးကြီးဖြင့် ဟန်ဆောင်အံ့သြဟန်မှာ ပတ်ဝန်းကျင်ရှိ လူတိုင်းအား ချက်ချင်းရယ်မောစေခဲ့သည်။
နန်ယု မတုန်လှုပ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
"နန်မိသားစုရဲ့ နတ်သမီးလေးဖြစ်နိုင်ပါတယ်"
"ဟားဟားဟားဟား"
အဘိုးနန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟုတ်တယ်၊ နန်မိသားစုရဲ့ နတ်သမီးလေးပဲ!"
"အန်တီ၊ ဒီနေ့ အန်တီ အရမ်းလှတယ်နော်~"
မျက်နှာသစ်၊ လက်ဆေးပြီး သန့်ရှင်းလာသော ဖေးယွင်ကျင်း လျင်မြန်စွာ နန်ယုအား ဝန်းရံလာကာ သူ့ချိုသာသော စကား လုံးများမှာ ပျားရည်ကဲ့သို့ဖြစ်နေသည်။
"နတ်သမီးထက်တောင် ပိုလှတယ်!"
"ဟမ်? အန်တီက ပုံမှန်ဆို မလှဘူးလား"
နန်ယု နာကျင်ဟန်ဆောင်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။ သို့သော် ဖေးယွင်ကျင်း၏ စိုးရိမ်ပူပန်သွားသော မျက်နှာအား မြင်သောအခါ သူမ ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ မားမားနန်ပင်လျှင် ထိုသို့သော ကလေးဆန်သည့် စနောက်မှုအား မခံရပ်နိုင်ဘဲ ရယ်မောလိုက်ရသည်။
"ရှောင်ကျင်း၊ သွားရအောင်၊ ဒီနတ်သမီးဆိုးကို လျစ်လျူရှုလိုက်တော့"
"ဟားဟားဟား"
ရယ်သံများ ခန်းမတစ်လျှောက်တွင် ပဲ့တင်ထပ်သွားပြန် သည်။ နန်မိသားစုအိမ်ကြီးမှာ ဤမျှလောက် တက်ကြွပြီး ပျော်ရွှင်စရာကောင်းနေသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။
၎င်းမှာ လူအုပ်ကြီး စုရုံးမှုကြောင့် ဖြစ်ပေါ်လာသော ဆူညံသံမျိုးမဟုတ်ဘဲ၊ စစ်မှန်သော ဝမ်းမြောက်ပျော်ရွှင်ခြင်းမှ ပေါက်ဖွားလာသည့် တက်ကြွမှုဖြစ်သည်။
ပြီးခဲ့သည့်နှစ်၏ နှစ်သစ်ကူးပွဲတော်မှာ ယခုနှစ်ထက် ပိုစောခဲ့သည်။
နန်ယု ပြီးခဲ့သည့်နှစ် ဤအချိန်တွင် နန်နှင့် ဖေးမိသားစုတို့ မကြာမီ ကျင်းပတော့မည့် မင်္ဂလာပွဲအတွက် အလုပ်များနေခဲ့ကြောင်း ပြန်လည်အမှတ်ရလိုက်သည်။
သူတို့ ဖေးယီကျန့်အား အကောင်းမြင်ခြင်း မရှိသော်လည်း၊ နန်မိဘများမှာ သူတို့၏ အဖိုးတန်သမီးအား မည်သည့်နစ်နာမှုမျိုးမှ မခံစားစေလိုခဲ့ကြပေ။ ထို့ကြောင့် သူတို့ စိုးရိမ်ပူပန်ခြင်း၊ မတည်မငြိမ်ဖြစ်ခြင်းတို့ဖြင့် မင်္ဂလာပွဲ၏ ရှုထောင့်တိုင်းအား စေ့စေ့စပ်စပ် စစ်ဆေးပြီးမှသာ စိတ်သက်သာရာ ရခဲ့သည်။
နန်ကျီသည်လည်း ခြွင်းချက်မရှိပေ။ ညီမဖြစ်သူ လက်ထပ်ပြီးခဲ့သော်လည်း သူသည် ရည်းစားပင် မရှိသေးချေ။ နှစ်သစ်ကူးပိတ်ရက်များ အတွင်းတွင် သူသည် ဆွေမျိုးများထံမှ မရေမတွက်နိုင်သော စုံစမ်းမေးမြန်းမှုများနှင့် ဖူးစာရှာဖွေပေးမှုများအား လက်ခံရရှိခဲ့ပြီး ၎င်းတို့ကို တစ်ဦးချင်းစီ ပယ်ချခဲ့ရသည်။
မျှော်လင့်မထားဘဲ တစ်နှစ်တာကာလအတွင်း နန်မိသားစုမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ လူတိုင်း အိပ်မက်မက်သော ပြည့်စုံပြီး ပျော်ရွှင်ရမည့်ဘဝမျိုး မဟုတ်ပါလား?
သူတို့ ဝိုင်းဝန်းပြင်ဆင်ခဲ့သော ဖက်ထုပ်များ အရသာရှိလွန်းသဖြင့် ဖြစ်မည်၊ ကလေးငယ်နှစ်ဦးမှာ မတော်တဆ ဗိုက်ကားအောင် စားသုံးမိခဲ့ ကြသည်။ ထို့ကြောင့် ဖောင်းကားနေသော ဝမ်းဗိုက်များဖြင့် အိမ်တော်ခန်းမတစ်လျှောက် လမ်းလျှောက်လေ့ကျင့်ရန် တောင်းဆိုခံခဲ့ရသည်။
မကြာမီတွင် ဆွေမျိုးများ၏ ပထမဆုံးအုပ်စု ရောက်ရှိလာသည်။
"အိုး၊ ဒုတိယဦးလေး၊ မတွေ့ဖြစ်တာကြာပြီနော်"
"ဝိုး၊ ရီရန်နဲ့ ယွင်ကျင်းကို မမြင်ရတာ ကြာပြီ။ ကလေးတွေ တကယ် မြန်မြန် ကြီးပြင်းလာလိုက်တာ"
...
ဤနေရာရှိ ဆွေမျိုးအများစုမှာ နန်ကျီ၏ မင်္ဂလာပွဲတွင် တွေ့ဆုံဖူးခဲ့ကြပြီး၊ ဤမျှ ခမ်းနားသော ပျော်ပွဲရွှင်ပွဲနေ့တွင် မသက်ဆိုင်သော အကြောင်းအရာများကို ယူဆောင်လာနိုင်လောက်အောင် ဉာဏ်နည်းမည် မဟုတ်ချေ။
သို့သော် လက်ထပ်နိုင်သည့် အရွယ်ရောက်ပြီးသော တစ်ကိုယ်ရေ အမျိုးသမီးတစ်ဦးအနေဖြင့် နန်ယု "ဖူးစာရှာဖွေပေးခြင်း" ဟူသော လုပ်ဆောင်မှုအချို့နှင့် မလွဲမသွေကြုံ တွေ့ လာခဲ့ရသည်။
"ရှောင်ယု၊ ငါ့သူငယ်ချင်းရဲ့ သားက တကယ် အရည်အချင်းရှိတာ။ နိုင်ငံခြားမှာ ပညာသင်ပြီး ခုမှ ပြန်လာတာ၊ နင်နဲ့ အသက်ချင်းလည်း တူတူပဲ၊ သူက အစ်ကိုတစ်ယောက် ရှိတော့ နင် သူ့မိသားစုနဲ့ လက်ထပ်မယ်ဆိုရင် သူတို့ သဘော တူလိမ့်မယ်"
"ဟုတ်တယ်၊ ရှောင်ယု၊ နင့်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် နတ်ဘုရားတစ်ပါးလောက်အထိကို ပြဿနာမရှိဘူး၊ ဘယ်လိုပုံစံမျိုး လိုချင်လဲဆိုတာပြောလိုက်၊ ဒုတိယအန်တီက နင့်အတွက် သေချာပေါက်ရှာပေးလိမ့်မယ်!"
"ရှောင်ယု၊ နင်က ငယ်သေးတာပဲ..."
နန်ယု: "..."
ဆွေမျိုးများက လက်ထပ်ရန် တိုက်တွန်းခြင်းမှာ ပန်းနိုင်ငံ၏ ထာဝရ ထုံးတမ်းစဉ်လာ ဖြစ်သည်။ သင် မည်မျှပင် ချမ်းသာပြီး လှပနေပါစေ၊ ၎င်းအား ရှောင်လွှဲ၍ မရနိုင်ပေ။
တစ်ခါတည်းနှင့် အပြီးသတ် ရှင်းလင်းပြေလည်စေရန် နန်ယု ချောင်းဟန့်လိုက်သည်။ ဆွေမျိုးများ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သူမ ပြုံးလိုက်သည်။
"ကျွန်မ ပြန်လက်ထပ်ဖို့ မရှိပါဘူး၊ ကျွန်မရဲ့ ချစ်သူဖြစ်ချင်တဲ့ ယောက်ျားတွေ ရှိရင် ဓာတ်ပုံတွေပို့ပေးပါ၊ ရုပ်ရည်ကောင်းတဲ့ ယောက်ျားတွေကို ကျွန်မ သဘောကျတယ်"
ဆွေမျိုးများ အံ့အားသင့်စွာ တိတ်ဆိတ်သွားကြသည်။
သို့သော် သူတို့ ပြန်မပြောနိုင်ခင် နန်ယု ဝင်ပြောလိုက်သည်။
"ကျွန်မ အလေးအနက်ပြောတာနော်၊ နောက်တာ မဟုတ်ဘူးနော်"
သူမ အပြုံးမှာ ရင့်ကျက်မှုနှင့်လေးနက်မှုဖြင့် တောက်ပနေသဖြင့် သူမ တကယ်ပင် အတည်ပြောနေကြောင်း ဆွေမျိုးများ သဘောပေါက်သွားကြသည်။
လူတို နန်ယု၏ ယခင်က ခေါင်းမာပြီး စိတ်ဆန္ဒအတိုင်း လုပ်တတ်ပုံအား ကောင်းစွာ မှတ်မိနေကြသည်။ ဒီကလေးမလေး ဒေါသထွက်လျှင် မည်သူ့မျက်နှာကိုမှ မထောက်ဘဲလုပ်တတ် သည်ကို သိကြသည်။ ဤဆွေမျိုးများမှာ ယခုအခါ နန်မိသားစုအပေါ် မှီခိုနေရ ပြီး နန်ယုမှာ သူတို့၏ အဖိုးတန်ကလေး ဖြစ်သည်။ သူမအား စိတ်အနှောင့်အယှက်ပေးရန် မိုက်မဲသူ တစ်ဦးမျှ မရှိချေ။
သူတို့အပြုံးများ ခဏတာ ရပ်တန့်သွားသော်လည်း လျင်မြန်စွာ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
ထို့နောက် ဝမ်းကွဲညီမတစ်ဦးမှ ရုတ်တရက် သူမ ဖုန်းအား ဆွဲထုတ်ပြီး ဓာတ်ပုံတစ်ပုံကို ပြသလိုက်သည်။
"ယုယု၊ ဒီကောင်လေးကို ဘယ်လိုထင်လဲ? အသက်နှစ်ဆယ်ပဲ ရှိသေးပြီး ကောလိပ်ကျောင်းသားပဲ၊ အရမ်းနာခံတတ်ပြီး အကျင့်ကောင်းတယ်၊ ချစ်သူကောင်းတစ်ယောက် ဖြစ်နိုင်ေလာက်တယ်"
ဓာတ်ပုံထဲမှ အမျိုးသားမှာ ချစ်စရာကောင်းသော ကလေးမျက်နှာရှိသည်။ ရိုးရိုးတီရှပ်အားဝတ်ထားပြီး ကောလိပ် ကျောင်းသားတစ်ဦး၏ နုပျိုသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။ အနည်းငယ်လှန်ထားသော ရှပ်အင်္ကျီကြောင့် သူ့ဗိုက်သားများအား တစ်ချက်တစ်ချက်မြင်ရပြီး အန်တီများကို ဆွဲဆောင်မည့် ပုံစံဖြစ်သည်။
နန်ယု: "..."
ခဏတာ စကားမပြောနိုင်ဘဲသွားကာ ရုတ်တရက် သဘော ပေါက်လိုက်သည်။
"မရဘူး၊ ကျွန်မ ကိုယ့်ဘာသာကိုယ် ရှာဖွေရတာကိုပိုသဘော ကျတယ်"
"ငါ နားလည်ပါတယ်"
ဝမ်းကွဲညီမသည် နားလည်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။
"ရှောင်ယု၊ အချိန်ရရင် ငါနဲ့ စကားပြောပါဦးနော်"
ထိုအခါမှ နန်ယု သူမအန်တီ၏ ဇာတ်လမ်းအား ပြန်သတိရလိုက်သည်။ သူမသည် စောစောစီးစီး ကွာရှင်းခဲ့ပြီး သူမ အမျိုးသားမှာ မော်ဒယ်ကုမ္ပဏီအား စတင်တည်ထောင်ခဲ့ကြောင်း ကြားသိရသည်။ သူမ ကြားဖူးသည်မှာ... အဟမ်း။
နန်ယု မသိလိုက်သည်မှာ သူမ၏ ထွက်ဆိုချက် ဗားရှင်းများစွာမှာ ရက်အနည်းငယ်အတွင်း ပျံ့နှံ့ သွားပုံရသည်။
နန်ယု ဖုန်းနံပါတ်မှာ ထိုမျှ လျှို့ဝှက်ထားခြင်းမရှိသဖြင့် တစ်စုံတစ်ဦးမှ စိတ်ပိုင်းဖြတ်ထားလျှင် ရယူနိုင်သေးသည်။
ရလဒ်အနေဖြင့် ရက်အနည်းငယ်အတွင်း သူမ သူတို့၏ ဝန်ဆောင်မှုများကို ကမ်းလှမ်းသော မက်ဆေ့ချ်များစွာအား လက်ခံရရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ ဓာတ်ပုံများနှင့် ကိုယ်ရေးအချက်အလက်များ ပါဝင်ပြီး ပထမတစ်ချက်ကြည့်ရုံဖြင့် အတော်လေး အထင်ကြီးစရာ ကောင်းပုံရသည်။
နောက်ထပ် လူတစ်ဦးမှာ နန်ကျီမှတစ်ဆင့် နန်ယုထံ တိုက်ရိုက် မက်ဆေ့ချ် ပို့ခဲ့သည်။ သူ နန်မိသားစုနှင့် လက်ထပ်ရန် ဆန္ဒရှိကြောင်း၊ နန်ယုသည် သူမ လိုချင်သလောက် မည်သူကိုမဆို ထောက်ပံ့နိုင်ကြောင်း၊ မိသားစုတစ်ခုလုံးကိုပင် ထောက်ပံ့နိုင်ကြောင်း နှင့် သူမအား မည်သည့်အခါမျှ စိတ်အနှောင့်အယှက်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဒါက ဒဏ္ဍာရီလာ "သီလနှင့်ပြည့်စုံသော" ဇနီး လား?
(T/N: ဤနေရာတွင် ရည်ညွှန်းသည်မှာ မိသားစုအား ကောင်း မွန်စွာ စောင့်ရှောက်နိုင်သော၊ ငြိမ်သက်ပြီး အလိုလိုက်တတ်သော ဇနီးကို ရည်ညွှန်းသည်ကို လှောင်ပြောင်သည့်အနေဖြင့် "သီလနှင့်ပြည့်စုံသော ခင်ပွန်း (Good Husband)" ဟု အဓိပ္ပာယ်ရသည်)
သို့သော် နန်ကျီ ထိုလူများအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။ သူသည် ဇနီးအား မှီခိုနေထိုင်သော ထိုသို့သော အမျိုးသားများအား မုန်းတီးသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် နန်ယုအား သူမ ဖုန်းနံပါတ်ကိုပြောင်းရန် အတင်းအကျပ် လုပ်ခဲ့ကြသည်။ ထို့နောက် ဓာတ်ပုံများကို ကျိန်ဆဲပြီးအပြစ်ရှာခဲ့ကြသည်။ နန်ယုထက်ပင် ပိုဒေါသထွက်နေပုံရသည်။
နန်ယု စိတ်ထဲမှ မေတ္တာမပို့ဘဲမနေနိုင်ပေ။ ဓာတ်ပုံတွေ ကြည့်ရုံသက်သက်ပါပဲ၊ သူ့မှာ အားနည်းချက်မရှိပါဘူး။
ဤလူများမှာ ချက်ချင်းအလွန်အမင်းထုတ်ဖော်သော အကြောင်းအရာအား ပို့ရဲကြမည် မဟုတ်ပေ။ အများဆုံး သူတို့ ဗိုက်သားများကိုသာပြသကြလိမ့်မည်၊ ၎င်းမှာ ဧကရီမှ မောင်းမများအား ရွေးချယ်နေသကဲ့သို့ ဖြစ်သည်။
ဒါတောင်မှ တော်တော်လေးကိုစိတ်လှုပ်ရှားစရာကောင်းနေတာ မဟုတ်ဘူးလား ?