အခန်း (၉၁)
Vol. 11 Ch. 91
နှစ်သစ်ကူးနေ့တွင် ဖေးမိသားစု တရားဝင်ဒေဝါလီခံကြောင်း ကြေညာသောအခါ၊ နန်ယု လေယာဉ်ပေါ်၌ ဖေးယီကျန့်အား ဖေးယွင်ကျင်း ခေါင်းပေါ်ရှိ စာသားများ ပြောင်းလဲသွားခြင်း ရှိ၊ မရှိ စစ်ဆေးခိုင်းခဲ့သည်။
နောက်ဆုံးတွင် ကလေးငယ်၏ ကံကြမ္မာတွင် ရှင်းရှင်းလင်း လင်း ဖော်ပြထားသည်မှာ- "ဖေးမိသားစုကို ဖျက်ဆီးရန်ကြီး ပြင်းလာ" ဟူ၍ဖြစ်သည်။ သို့သော် ဖေးမိသားစု ပျက်စီးနေပြီဖြစ်ရာ သူ ဘယ်အရာကိုဖျက်ဆီးနိုင်မည်နည်း။
ဖေးယီကျန့် တကယ်ပင် သတင်းကောင်းယူဆောင်လာခဲ့သည်။
ဖေးယွင်ကျင်း ခေါင်းပေါ်ရှိ စာသားများမှာ ယခင်က ၈၀% ခန့် ပြည့်နေခဲ့သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှဖြည်း ဖြည်းချင်း လျော့ကျလာခဲ့သည်။ ဖေးမိသားစု ဒေဝါလီခံရခြင်းမှာ ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး၊ ယခုအခါ ၅၀% ခန့်သာ ကျန်တော့သည်။
၎င်းမှာ ဝမ်းမြောက်ဖွယ် သတင်းကောင်းဖြစ်၏။
သို့သော် ကံကြမ္မာအတွက်မူ ကောင်းသောသတင်း မဟုတ်ချေ။
နန်ယု သူမရရှိသော အရိပ်အမြွက်အား နားကြားမှားသည်ဟု မထင်သလို၊ မတော်တဆဖြစ်မှုဟုလည်း မယူဆပေ။ တစ်စုံ တစ်ယောက်က သူမအား ကူညီစောင့်ရှောက်နေခြင်းသာဖြစ် သည်။
ယခင် ပေထန်မိသားစု ဗီဒီယိုဖြစ်ရပ်၌ကဲ့သို့ပင်၊ ယခုတစ်ကြိမ်၌လည်း လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးမှ သူတို့အား ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရန် အားပေးကူညီနေခြင်း ဖြစ်သည်။
[T/N: ကြိုတင်သတ်မှတ်ထားသောအရာကို ပြောင်းပြန်လှန်ရန်]
ထိုသူတို့မှာ နန်ယုနှင့်ပတ်သက်သော အရာအားလုံးကို သိရှိထားကြ၏။ သို့သော် ကန့်သတ်ချက်များ ရှိနေသောကြောင့် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထင်ရှားသော အရိပ်အမြွက်များပေးခြင်းတို့ကို မပြုနိုင်ဘဲ၊ သွယ်ဝိုက်သော နည်းလမ်းများဖြင့်သာ နန်ယုထံသို့ သတင်းအချက်အလက် ပေးပို့နိုင်သည်ဟု ယူဆရသည်။
ရန်သူလား ?
သူမ၏လက်ရှိရန်သူ... ပေထန်မိသားစုမှာ ပြီးဆုံးသွားပြီဖြစ်သော်လည်း၊ အခြားသူများ ပြဿနာရှာရန် ကြိုးပမ်းနေခြင်းအား ဖယ်ထုတ်၍မရသေးပေ။ အဘယ်ကြောင့်ဆိုသော် နန်မိသားစုမှာ ယခုအခါ အလွန်ထင်ရှားနေသောကြောင့်ဖြစ် သည်။
ဖေးနှင့်ပေထန်မိသားစုများ ဒေဝါလီခံကာ ပျောက်ကွယ်သွားခဲ့ပြီး၊ ဝူမိသားစုမှာ အရှိန်အဝါမှေးမှိန်သွားရာ နန်မိသားစုမှာ မငြင်းနိုင်သော မြင့်မြတ်သည့် မိသားစုများ၏ခေါင်းဆောင် ဖြစ်လာသည်။
နန်ကျီ အာရုံလွှဲရန် အရာများစွာ လုပ်ဆောင်ခဲ့သော်လည်း နန်မိသားစု ခွန်အားမှာ ရှင်းလင်းစွာ မြင်သာနေသည်။ တစ်ခါ တစ်ရံတွင် ထင်ပေါ်လွန်းခြင်းမှာ ဘေးဒုက္ခဖြစ်လာနိုင်သည်။
တစ်ခုတည်းသော အခြားရန်သူအားကြည့်လျှင် ကံကြမ္မာသာ တစ်ခုခု ကြံစည်နေနိုင်ဖွယ်ရှိသည်။ သို့ဆိုလျှင်ကံကြမ္မာသည် နောက်တစ်ဖန် တစ်ခုခုကြံစည်နေခြင်းလား ?
တိကျသော အရိပ်အမြွက်တစ်ခုပေးရန် လိုအပ်သည်ဆိုလျှင် ဤတစ်ကြိမ်တွင် အားကုန်သုံး၍ တိုက်ခိုက်တော့မည်ဖြစ် သည်။
၎င်းမှာ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည်။ အန်းနင်၏ ကိုယ်ဝန်ဆောင်ကလေးငယ်မှာ ကျန်းမာသည်။ သူမ လုံခြုံစွာမွေးဖွားပြီး ဖေးယွင်ကျင်း ကြီးပြင်းလာသည်နှင့်အမျှ ကံကြမ္မာ၏စွမ်းအားမှာ ပိုမိုအားနည်းလာမည်။ "လှုပ်ရှားနိုင်" သေးချိန်တွင် မတိုက်ခိုက်ပါက စွမ်းအားမဲ့သွားမည်။
[T/N: အင်အားအပြည့်အဝ ရှိနေတုန်း အခွင့်အရေးယူပြီး တိုက်ခိုက်မထားရင်၊ နောက်ကျရင် ဘာမှလုပ်နိုင်စွမ်းရှိတော့မှာ မဟုတ်ဘူးလို့ပြောချင်တာပါ]
ထိုအခါ ဘာလုပ်မည်နည်း ??
နန်ယု၏ပထမဆုံးသုံးသပ်မှုမှာ ကျွန်းပေါ်ရှိ လူအားလုံးဘေး အန္တရာယ်နှင့် ကြုံတွေ့ရမည်ဟူ၍ ဖြစ်သည်။
ပိုမိုဂရုတစိုက် ဆင်ခြင်မိသောအခါ လီယွမ်မို၊ လီရီပိုင်၊ အန်းနင်နှင့် ဖေးယီကျန့်တို့ ယခင်က ကြေကွဲဖွယ်သေဆုံးခဲ့ဖူး သည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့အားလုံး တစ်ပြိုင်နက်တည်း ရှင်းပစ်နိုင်လျှင်... အန်းနင်နှင့် ဖေးယီကျန့်တို့ အထူး သဖြင့် အရေးပါသော ကိရိယာများဖြစ်လာပေလိမ့်မည်။
သို့သော် သူတို့သေဆုံးရသည့် အကြောင်းခြင်းရာများကွဲပြား သည်။ ရွှံ့တောင်ပြိုမှုဖြင့် သေဆုံးခဲ့သော အန်းနင်မှအပ ကျန်သုံးဦးစလုံး လေယာဉ်ပျက်ကျမှုဖြင့်သေဆုံးခဲ့သည်။
ကံကြမ္မာ ဂရုမစိုက်တော့ပါက၊ အချိန်ဆွဲခြင်းထက် ၎င်းတို့အား ဦးစွာသတ်ခြင်းက ပို၍သင့်တော်သည်။ သေဆုံးရသည့် အကြောင်းအရင်း ကွဲပြားမှုကြောင့် အင်အားယုတ်လျော့သည်ဆိုလျှင်ပင် အချိန်ဆွဲခြင်းထက် ပိုကောင်းသည်။
ဤသို့ဆိုလျှင် ဖေးယွင်ကျင်းနှင့် အန်းယီရန်တို့ မည်သို့ရှင် သန်နိုင်မည်နည်း။ သူမပင်လျှင် မိမိကိုယ်ကို အနိုင်နိုင်တွက် ချက်ရမည်ဆိုလျှင် အန်းနင်နှင့် အခြားသူများအား သတ်ရန် မည်သို့သော အဖြေမျိုး လိုအပ်မည်နည်း ?
သဘာဝဘေးအန္တရာယ်လား? သို့မဟုတ် ခေါင်းပေါ်သို့ လေယာဉ်ပျက်ကျခြင်းလား?
နှစ်ခုလုံး ဖြစ်နိုင်ခြေရှိသော်လည်း၊ ကံကြမ္မာ၏ စွမ်းအားအား လွန်စွာ ခန့်မှန်းထားသလိုလည်း ဖြစ်နေသည်။
[T/N: ဒီမှာ နန်ယုက ကံကြမ္မာက ကျွန်းပေါ်ရှိလူအားလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်မည်ဟု ယူဆနေသော်လည်း၊ ထိုသို့ကြီးမားသော တိုက်ခိုက်မှုမျိုး ပြုလုပ်ရန် ကံကြမ္မာ၏ စွမ်းအား လက်ရှိအခြေအနေတွင် မလုံလောက်နိုင်ဟုသုံးသပ် နေခြင်းဖြစ်သည်။]
နန်ယု စဉ်းစားနေစဉ် လီယွမ်မိုနှင့် ဖေးယီကျန့်တို့ပြန်ရောက် လာကြသည်။ မွန်းတည့်ချိန် နီးလာ၍ သူတို့သုံးဦးစလုံးကျွန်းသို့ ပြန်လာကြသည်။
"အန်တီ~"
ဘောကွင်းအား လက်တစ်ဖက်ဖြင့်ဆွဲကာ ကိုင်ထားသော ဖေးယွင်ကျင်း နန်ယု လှမ်းမြင်သည်နှင့် အပြေးအလွှားလာသည်။ သူ့မျက်လုံးလေးများမှာ တောက်ပနေသည်။
"ရှောင်ကျင်းအတွက် ဘာများ ယူလာခဲ့သေးလဲဟင် ?"
ထိုအခါမှ နန်ယု အပြေးအလွှား ထွက်ခွာမသွားမီ ရှောင်ကျင်းအား လက်ဆောင်တစ်ခုပေးမည်ဟု ကတိပေးခဲ့သည်ကိုပြန် လည်အမှတ်ရသွားသည်။ သို့သော် လျှို့ဝှက်ကုဒ်ကိစ္စများကြောင့် သူ လုံးဝမေ့လျော့နေခဲ့သည်။
"တောင်းပန်ပါတယ်"
မျှော်လင့်တကြီး စောင့်ကြည့်နေသော ဖေးယွင်ကျင်း၏ မျက်နှာငယ်လေးအား နန်ယု ကြည့်လိုက်သည်။
"အန်တီ... မေ့သွားခဲ့တယ်"
ဖေးယွင်ကျင်း စိတ်ပျက်အားငယ်သည့် အရိပ်အယောင် အနည်းငယ်မျှမပြခဲ့ပေ။ ထို့အစား ဆုပ်ထားသည့် လက်ဖဝါးသေးသေးလေးအား သူမဆီသို့ ဆန့်တန်းလိုက်သည်။
"ရပါတယ်! ရှောင်ကျင်းက အန်တီ့အတွက် လက်ဆောင်ယူ လာခဲ့တယ်!"
ထို့နောက် သူ့လက်ဝါးအား ဖြန့်ချလိုက်ရာ နူးညံ့သောပန်း ရောင်စပ် ခရုခွံလှလှလေးတစ်ခု လင်းလက်စွာပေါ်လာသည်။ ၎င်းခရုခွံသည် နေရောင်အောက်တွင် တောက်ပနေသည်။
"ကျေးဇူးတင်ပါတယ်၊ ရှောင်ကျင်း၊ အန်တီ ဒါကိုအရမ်းကြိုက်တယ်"
နန်ယု ဖေးယွင်ကျင်းလက်ဖဝါးလေးထဲမှ နူးညံ့လှပသော ခရုခွံအားယူလိုက်ပြီး စိတ်ထဲမှ အကြိမ်ကြိမ်ကျေးဇူးတင်မိ သည်။ သူမ ချစ်ခင်စွာပြုံးလိုက်ကာ ဖေးယွင်ကျင်း ပါးပြင်နုနုအား ညင်သာစွာဆွဲပြီးချီးကျူးလိုက်သည်။
"သွား၊ ရေချိုးလိုက်ဦး ပြီးရင် ညစာစားကြမယ်နော်"
"ဟုတ်! မနေ့က စားခဲ့တဲ့အသားပြည့်နေတဲ့ ဂဏန်းကြီးမျိုး စားချင်သေးတယ်!"
"ကောင်းပြီ၊ သေချာပေါက် စားရမှာပေါ့"
ဤမျှ နွေးထွေးကောင်းမွန်သော ကလေးတစ်ဦးအား စာအုပ်ထဲမှ လမ်းစဉ်အတိုင်းလိုက်ကာနာကျင်ခံစားရဖို့အတွက် ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်တော့ပေ။
ထိုနေ့ နေ့လယ်ခင်းတွင် နန်ယု ခရီးပန်းသည်ဟု အကြောင်း ပြကာ အိမ်မှမထွက်ဘဲ အနားယူနေခဲ့သည်။ သူမ၏ရည်ရွယ် ချက်တစ်ခုခုအား ရိပ်မိဟန်တူသော ဖေးယီကျန့်သည်လည်း အပြင်မထွက်ဘဲ နန်ယုနှင့်အတူ နေရစ်ရန် ရွေးချယ်ခဲ့သည်။
သူတို့နှစ်ဦး ဗီလာပတ်ပတ်လည်တွင် ပုံမှန်အတိုင်းလမ်း လျှောက်နေဟန်ရှိသော်လည်း၊ တကယ်တမ်းတွင် သူတို့၏ လေသံတိုးတိုးလေးများဖြင့် အရေးကြီးသောသတင်းအချက် အလက်များအား လျှို့ဝှက်စွာ ဖလှယ်နေကြခြင်းဖြစ်သည်။
"ရန်သူလား ?"
သူမ သတင်းအချက်အလက်အား မည်သည့်နေရာမှရခဲ့သည် သို့မဟုတ် မည်သူကပေးခဲ့သည်ကို လုံးဝ ထုတ်ဖော်မပြောခဲ့ပေ။ သူမ ဖေးယီကျန့်အား လျှို့ဝှက်ကုဒ်ဖြင့်သာ စကားစခဲ့ခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ဖေးယီကျန့် နောက်ထပ် မေးခွန်းများ တစ်လုံးတစ်ပါဒမျှ မမေးတော့ဘဲ ဤအတွေးလမ်းကြောင်းအတိုင်းလိုက်ကာ ဆက်လက်ပြော ဆိုလာခဲ့သည်။
"ကျွန်တော် ဒီရက်ပိုင်း ကျွန်းရဲ့မိုးလေဝသခန့်မှန်းချက်ကို စစ်ဆေးပြီးပြီ၊ နေသာတယ်"
"ပြီးတော့၊ ကျွန်တော်တို့ ပင်မကုန်းမြေနဲ့ သိပ်မဝေးဘူး"
အရေးပေါ်အခြေအနေတစ်ခု ပေါ်လာပါက ကုန်းမကြီးသို့သွားမည့် လှေတစ်စင်းသည် ခန့်မှန်းခြေအားဖြင့် တစ်နာရီခန့်သာ ကြာမြင့်မည် ဖြစ်သည်။
စကားပြောနေရင်းတွင် နန်ယုနှင့် ဖေးယီကျန့်တို့ ကျွန်း၏ မြေအောက်သိုလှောင်ခန်း ဝင်ပေါက်သို့ရောက်ရှိလာကြသည်။ ဤကျွန်းတွင် နေထိုင်သူများအတွက် ပြင်ဆင်မှုများ ရှိခဲ့ပြီးသားဖြစ်သည်။ ကျွန်း၌ ရေချိုသန့်စင်စနစ်ရှိပြီး လူတစ်ရာကျော်အား နေ့စဉ် ထောက်ပံ့နိုင်စွမ်းရှိသည်။ ထို့ပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးခြံတစ်ခုလည်းရှိပြီး သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကာ ကြက်ငှက်များပါ မွေးမြူထားသည်။
သို့သော်၊ ရေရှည်အတွက်လိုအပ်သောအထောက်အပံ့ပစ္စည်း အချို့ကိုမူ ထပ်မံစုဆောင်းရန် လိုအပ်နေသေးသည်။
ဥပမာအားဖြင့် ဆားကဲ့သို့သော အခြေခံ အရသာဖြည့်စွက်ပစ္စည်းများအပြင် အခြားသော ကိရိယာတန်ဆာပလာများလည်း လိုအပ်ပါသည်။
လက်ရှိအချိန်တွင် ဤပစ္စည်းများအားလုံးကို မြေအောက်သိုလှောင်ခန်းတွင် သိုလှောင်ထားပြီးဖြစ်သည်။ သို့သော် အရေးပေါ်အခြေအနေတစ်ခု သို့မဟုတ် ထိုနေရာတွင် တစ်ခု ခုဖြစ်ပျက်ခဲ့လျှင်ပင် ပင်မတရုတ်ပြည်မှ နောက်ထပ် အထောက်အပံ့များ လွယ်လွယ်ကူကူ တင်ပို့နိုင်ရန် စီစဉ်ထားသည်။
"ပြောပါဦး"
နန်ယု သိုလှောင်ခန်း၏ တံခါးဝတွင် ရပ်နေရင်း ရုတ်တရက် လေသံမာမာဖြင့် မေးလိုက်သည်။
"ကျွန်မတို့ ဒီကျွန်းပေါ်မှာ ပိတ်မိနေနိုင်ခြေရှိလား?"
"အဲဒီလို အခြေအနေမျိုး ဖြစ်ဖို့ဆိုတာ..."
နန်ယု ဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သော ဖေးယီကျန့် မျက်မှောင်ကြုတ်သွားသည်။
"မလွယ်ပါဘူး"
ယခုခေတ်သည် ရှေးခေတ်ကလို သတင်းအချက်အလက် နည်းပါးသော ခေတ်မဟုတ်တော့ပေ။ တစ်စုံတစ်ဦးမှ ကျွန်းပေါ်ရှိ အချက်ပြမှုများအားလုံးကို ပိတ်ဆို့ပြီး ထွက်ခွာရန် ဦးတည်နိုင်သည့် အရာအားလုံးအား ဖျက်ဆီးခဲ့လျှင်ပင် နန်ကျီ အပြင်တွင် ကျန်ရှိနေသေးသည်။
နန်ကျီ၏ စရိုက်အရဆိုလျှင် သူ နန်ယု သို့မဟုတ် အန်းနင် အပါအဝင် အခြားသူများနှင့်တစ်နာရီအတွင်း ဆက်သွယ်နိုင်ခြင်းမရှိပါက စုံစမ်းရန် တစ်စုံတစ်ဦးအား သေချာပေါက် စေလွှတ်လိမ့်မည်။
"ဘယ်လောက်တောင် မုန်းစရာကောင်းလိုက်သလဲ!"
နန်ယု စိတ်ပျက်လက်ပျက်ဖြင့် ဘေးရှိနံရံအား ခြေထောက် ဖြင့် ဒေါသတကြီးကန်လိုက်သည်။
"ကျွန်မ အပြင်ထွက်ကစားတိုင်း ဘာလို့ ပြဿနာကအမြဲဖြစ်နေရတာလဲ!"
"ကျွန်မ မိဘတွေက ဒီကျွန်းကိုပေးတုန်းကတည်းက ကံကြမ္မာဝင်နေရာယူနေပြီလားလို့တောင် သံသယဝင်လာတယ်..."
ကျွန်းကို နန်ယုအား ပေးလိုက်သည်နှင့် နန်ယု ဘာမှမပြောလျှင်ပင် နန်ကျီ သို့မဟုတ် အန်းနင်မှာ ဆောင်းရာသီတွင် အေးလာသောအခါ ထိုနေရာသို့ အပန်းဖြေခရီးထွက်ရန် သေချာပေါက် အကြံပြုလိမ့်မည်ဟု သူမ ယုံကြည်သည်။ သို့သော် ပူးပေါင်းကြံစည်ခံလိုက်ရသည်ဟု တွေးလိုက်မိသောအခါ သူ အလွန်စိတ်တိုခဲ့ရသည်။
တကယ်တမ်းတော့ အိမ်မှာနေခြင်းသည် အကောင်းဆုံးရွေး ချယ်မှုတစ်ခု ဖြစ်နိုင်သည်။ ၎င်းသည် ပူးပေါင်းကြံစည်ခံရနိုင်ခြေအား လျှော့ချပေးနိုင်သည်။
ဒါပေမယ့် ဘာကြောင့်လဲ ?
ကံကြမ္မာကို လက်မခံဘဲ မရှုံးနိမ့်သရွေ့ သူတို့ အိမ်ထဲမှာပဲ ကြောက်ရွံ့စွာ ပုန်းအောင်းနေရမှာလား ?
"မင်း ပုန်းလို့မရဘူး"
ဖေးယီကျန့် နန်ယု စိတ်ထဲရှိ အတွေးများအား ထိုးထွင်းသိ မြင်လိုက်ပုံရသည်။ သူ့လေသံမှာ တည်ငြိမ်သော်လည်း အလေးအနက်ရှိသည်။
"မင်း ပုန်းအောင်းပြီးကံကြမ္မာကိုကြောက်လေလေ၊အပြောင်း အလဲလုပ်နိုင်ဖို့ အခွင့်အရေးနည်းလေလေ ဖြစ်လိမ့်မယ်"
ဤစကားအား သူ ပေါ့ပေါ့ပါးပါး ပြောနေခြင်းမဟုတ်ပေ။ ၎င်းမှာ ဖေးယီကျန့် သူ့မိဘများအကြောင်းကို နန်ယုအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြောပြခြင်းလည်း ဖြစ်သည်။
ဖေးယီကျန့် အသက်ခြောက်နှစ်အရွယ်တွင် ကံကြမ္မာနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် သူ စာလုံးပေါင်းများစွာကို သိနေပြီဖြစ်ပြီး သူ့အသက်တူ ကလေးများထက်များစွာပို၍ ဉာဏ်ကောင်းခဲ့သည်။ သူ ထိုလူများ၏ ခေါင်းပေါ်ရှိ စာလုံးများမှာ ၎င်းတို့ကြိုတင်သတ် မှတ်ထားသော ကံကြမ္မာဖြစ်ကြောင်း လျင်မြန်စွာနားလည်ခဲ့သည်။
သူ့မိဘများသည်လည်း အလားတူ ကံကြမ္မာအားခံစားခဲ့ကြရသည်။ ကားမတော်တဆမှုတွင် သေဆုံးခဲ့ကြသော်လည်း ဖေးယီကျန့်နှင့် မတူဘဲ သူတို့ ဖေးယွင်ကျင်း ငယ်ရွယ်စဉ်မှာပင် ထွက်ခွာသွားခဲ့ကြသည်။
"ကျွန်တော် ဒီအကြောင်းကို ကျွန်တော့် မိဘတွေကိုပြောပြခဲ့တယ်"
ချမ်းသာသော စုံတွဲများစွာနှင့်မတူဘဲ ဖေးယီကျန့်မိဘများမှာ လက်မထပ်မီကတည်းက စစ်မှန်သော အချစ်ဖြစ်ခဲ့ကြသည်။ ဖေးသခင်မသည် မိဘမဲ့ဖြစ်ပြီး မိသားစုတစ်စုလုံးဆန့်ကျင်ခဲ့သော်လည်း ဖေးသခင်ကြီးမှာ ရှေ့ဆက်တိုးပြီး သူမအား လက်ထပ်ခဲ့သည်။
လက်ထပ်ပြီးနောက်တွင် သူတို့ အခြား "Cinderella" ဇာတ် လမ်းများကဲ့သို့ တစ်ဦးကိုတစ်ဦး မုန်းတီးစေခဲ့ခြင်းမရှိပေ။
ဆန့်ကျင်ဘက်အားဖြင့် သူတို့ ဆက်ဆံရေးမှာ အမြဲတမ်း ကောင်းမွန်ခဲ့သည်။ ဖေးသခင်မသည် ပန်းချီပညာတွင် ပါရမီရှိပြီး ဖေးသခင်ကြီး၏ပံ့ပိုးမှုဖြင့် သူမ လျင်မြန်စွာအောင်မြင် မှုအချို့အား ရရှိခဲ့သည်။ သူတို့ လက်ထပ်ပြီး တစ်နှစ်အကြာတွင် ထိုစုံတွဲမှာ သူတို့အချစ်၏အသီးအပွင့်ဖြစ်သော ဖေးယီကျန့်အား အောင်မြင်စွာကြိုဆိုခဲ့ကြသည်။
ဖေးယီကျန့် ကလေးဘဝမှာ အလွန်ပျော်ရွှင်ခဲ့သည်ဟု ဆိုနိုင် သည်။ ချစ်ခင်သော ဖခင်နှင့်မိခင်၊ ပြည့်စုံသော မိသားစုရှိသဖြင့် သူသည် ဘဝတွင် အနိုင်ရသူတစ်ဦးသာ။
မမျှော်လင့်ဘဲ ဘာမှ မဖြစ်ခဲ့ပါက... သူတို့ဘဝမှာ ပြီးပြည့်စုံနေဦးမည်။
"သူတို့ ကျွန်တော့်ကို ယုံကြည်ပြီး ကားကိုတတ်နိုင်သမျှရှောင်ရှားဖို့ ကြိုးစားခဲ့တယ်"
ဖေးမိသားစု၏အကြီးအကဲဖြစ်သည့်အတွက် သူ မကြာခဏ ခရီးသွားရမည်ဖြစ်ပြီး ကားမှာ သူ့အတွက် မရှိမဖြစ်နီးပါးဖြစ်သည်။
သို့သော် စုံတွဲမှာ သူတို့သားလေး၏ စကားအား ယုံကြည်ကာ တတ်နိုင်သမျှ လေယာဉ်ဖြင့်သာ သွားခဲ့ကြသည်။ နောက်ဆုံးတွင် ဖေးမိသားစုတွင် ငွေကြေးမပြတ်လပ်ခဲ့ပေ။ ရှောင်လွှဲမရသော အခြေအနေများတွင်မူ သူတို့ ကားအား သေချာစွာ စစ်ဆေးပြီး ဖြည်းဖြည်းသာ မောင်းနှင်ကြသည်။ ထို့အပြင် ဖေးယီကျန့် အကူအညီဖြင့် သူတို့ အခြားလူများစွာအား ကယ်တင်ရန် ကြိုးစားခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် တစ်ဦးတစ်ယောက်မှ မအောင်မြင်ခဲ့ပေ။
ဖေးယီကျန့် အသက်ဆယ်နှစ်အရွယ်အထိ သူ့မိဘများမှာ သူ ကျောင်းတွင် ဒဏ်ရာရခဲ့သည် ဟူသော သတင်းအား လက်ခံရရှိခဲ့သည်။ သားဖြစ်သူထံသို့ အမြန်ဆုံးရောက်ရှိရန်အတွက် သူတို့ ကားအားယူရန် ရွေးချယ်ခဲ့ကြပြီး...
"နန်ယု၊ မင်း ကြောက်နေလား ?"
"ကြောက်စရာ ဘာရှိလဲ? ကျွန်မ ငရဲကို ဖြတ်သန်းခဲ့ပြီးပြီ"
နန်ယု ဖေးယီကျန့်အား ကြည့်လိုက်သည်။
"မပုန်းနိုင်ဘူးဆိုရင် လုပ်လိုက်ရုံပဲ၊ ကံကြမ္မာနဲ့ ဘယ်သူက ပိုပြီး ခေါင်းမာလဲဆိုတာ ကြည့်ရအောင်!"
သူ စိတ်အနှောင့်အယှက် ဖြစ်နေရုံသာဖြစ်သော်လည်း အန်းနင်နှင့် အခြားသူများအား အပန်းဖြေခရီးအတွက် ကျွန်းသို့ ခေါ်ဆောင်လာခဲ့ခြင်းကို တစ်ခါမျှ နောင်တမရခဲ့သလို ကံကြမ္မာ၏ပြန့်ပွားလာသော သြဇာလွှမ်းမိုးမှုကိုလည်းမကြောက်ခဲ့ပေ။
ဖေးယီကျန့် ပြုံးလိုက်ပြီး သူတို့နှစ်ဦး၏ဆုံးဖြတ်ချက်အား ခိုင်မာစေသည်။
"ဒါဆိုရင် ကျွန်တော်တို့ ပြင်ဆင်မှုတွေစလုပ်သင့်ပြီမှတ်လား?"
နန်ယု ညာလက်အား ဆန့်ထုတ်လိုက်သည်။
"သေချာတာပေါ့! စားမယ်၊ သောက်မယ်၊ လိုအပ်သလို ပြင် ဆင်မယ်၊ မနှောင့်နှေးစေရဘူး!"
ကံကြမ္မာအတွက် သူမ၏ ဘဝတစ်ခုလုံးအား ဖျက်ဆီးပစ်ခြင်းမှာ တကယ်ကို ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်လိမ့် မည်။
...ပြီးတော့ ကံကြမ္မာကို တိုက်ရိုက်ရင်ဆိုင်ခြင်းအားဖြင့်သာ ၎င်း၏ စွမ်းအားကို အမှန်တကယ် အားနည်းစေနိုင်သည်။
ပုန်းအောင်းနေခြင်းသည် ပြဿနာအား မည်သည့်အခါမျှ မဖြေရှင်းနိုင်ပေ။
ဖျတ်—
ဖေးယီကျန့် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဆန့်တန်းထားသော နန်ယု လက်ဖဝါးအား ရိုက်ချလိုက်သည်။ ထိုအခိုက် အတန့်တွင် သူတို့နှစ်ဦးစကားလုံးများမလိုဘဲ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ခံစားလိုက်ရသည်။
ကလေးသုံးဦးသည် တစ်နေကုန် အပြင်မှာ ပျော်ရွှင်စွာကစားနေခဲ့ကြပြီး နေရောင်ကာခရင်မ် ထူထူလိမ်းထားသော်လည်း အနည်းငယ်ပိုမည်းလာပုံရသည်။ ကံကောင်းစွာဖြင့်ယောက်ျားလေးများမှာ ၎င်းအား ဂရုမစိုက်ခဲ့ကြပေ။
ဥပမာအားဖြင့် ဖေးယွင်ကျင်း သူ အနည်းငယ် ပိုပြီးနေလောင်သွားခြင်းဖြင့် ပိုကောင်းသည်ဟုပင် ထင်နေသေးသည်။ သူ အရင်က အရမ်းဖြူပြီး ယောက်ျားမဆန်ဘူးဟု ထင်ခဲ့သည်။
ဤမျှ ငယ်ရွယ်သောအသက်မှာပင် သူ့စိတ်မှာ ရှုပ်ထွေးသော အယူအဆများဖြင့် ပြည့်နှက်နေသေးသည်။
"ရီပိုင်၊ ရီရန်"
ညစာ စားပြီးနောက် နန်ယု ကလေးသုံးယောက်အားလှမ်းခေါ်လိုက်သည်။
"ဒီအိတ်ထဲမှာ ဆေးဝါးနဲ့ အရေးပေါ် စားသောက်ကုန် အချို့ ပါတယ်၊ အိပ်ယာဘေးမှာ ထားဖို့ မှတ်ထားကြ၊ တစ်ခုခုဖြစ်ခဲ့ရင် မပြေးခင် ဒီအိတ်ကို သယ်လာဖို့မမေ့စေနဲ့"
ဖေးယွင်ကျင်း ပစ္စည်းများကိုမူ နန်ယု လျှို့ဝှက်စွာ ကြိုတင်ထုပ်ပိုးပြီးဖြစ်သည်။
ခုနက သူမ အခြားသူများ နားမလည်နိုင်သည့် အကြောင်းပြချက်ဖြင့် အခန်းများပြောင်းလဲရန် ရုတ်တရက် တောင်းဆိုခဲ့သည်။ အခြားသူများ မရှင်းလင်းသော်လည်း နန်ယုအား ယုံကြည်သောကြောင့် ဘာမှမပြောခဲ့ကြပေ။
ထို့ကြောင့် လူတိုင်း လုံခြုံရေးပိုကောင်းသော ဒုတိယထပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
ဒုတိယထပ်တွင် အခန်းလေးခန်းရှိပြီး၊ ၎င်းတို့ထဲမှ သုံးခန်းတွင် အိပ်ခန်းများစွာ ပါဝင်သည်။
လက်ရှိ လုံခြုံရေးစီမံမှုမှာ သူတို့အား အခန်းနှစ်ခန်းခွဲလိုက်ခြင်းဖြစ်သည်။ နန်ယုနှင့် ဖေးယွင်ကျင်းတို့ အိပ်ခန်းတစ်ခန်းတွင် အတူရှိနေမည်။ အန်းနင်နှင့် အန်းရီရန်တို့မှာ အခြားတစ်ခန်းတွင် နေထိုင်မည်။ ထိုအတောအတွင်း ဖေးယီကျန့်၊ လီရီပိုင်နှင့်လီယွမ်မိုတို့သည် တတိယအခန်းတွင် ရှိကြသည်။ ထို့ပြင် ဖေးယီကျန့်တွင် သူ့ကိုယ်ပိုင်အိပ်ခန်း၊ လီရီပိုင်နှင့် လီယွမ်မိုတို့တွင်လည်း သူတို့ကိုယ်ပိုင်အိပ်ခန်းများ ပါဝင်သည်။
ဤနည်းဖြင့် အရေးပေါ် တစ်ခုခု ဖြစ်ပျက်လာလျှင် တစ်ဦးကိုတစ်ဦး ပိုမိုလွယ်ကူစွာ ဂရုစိုက်နိုင်မည်ဖြစ်သည်။
အမှန်တကယ်တွင် ယခု ဂရုစိုက်ရန် အရေးအကြီးဆုံးသူမှာ ကိုယ်ဝန်ဆောင်မိခင် အန်းနင်ဖြစ်သည်။ နန်ယု အန်းနင်အား ကုန်းမကြီးရှိ သူမ အိမ်သို့ အရင်စေလွှတ်ရန်ပင် စဉ်းစားခဲ့သော်လည်း လမ်းတစ်လျှောက်တွင် တစ်ခုခု မှားယွင်းနိုင်မည်ကို သူမ အထူးစိုးရိမ်ခဲ့သည်။
ကျိန်စာတိုက်စရာ ကံကြမ္မာ! ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်ရှိရင် သူမ ထိုအရာအား ရိုက်သတ်ပစ်မိမည်!
"အန်တီ"
ထိုညတွင် နန်ယုဘေးတွင် လှဲလျောင်းနေသောဖေးယွင်ကျင်း သူ့မျက်လုံးများအား ကျယ်ကျယ်ဖွင့်ထားပြီး အိပ်စက်လိုခြင်း အရိပ်အယောင်တစ်ခုမျှ မရှိပေ။
"လူဆိုးတွေ ထပ်လာတော့မှာလား ?"
နန်ယု ဖေးယွင်ကျင်း ဤမျှ နားလည်မှုရှိလိမ့်မည်ဟု မမျှော် လင့်ခဲ့သဖြင့် သူမ ကလေးငယ်အား ဘာမျှ ထပ်မံဖုံးကွယ်မထားတော့ပေ။
"ဟုတ်တယ် ဒါပေမယ့် ဒါက လူဆိုးလား၊ ဒါမှမဟုတ် တကယ်ဆိုးရွားတဲ့ အရာလားဆိုတာကို အန်တီ မသိဘူး"
"သား ကြောက်နေလား၊ ရှောင်ကျင်း"
ဖေးယွင်ကျင်း ခေါင်းခါလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် နန်ယုအား ကြည့်လိုက်သည်။
"မကြောက်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် အန်တီကို ယုံကြည်တယ်"
နန်ယု သူ့အား မှောင်မိုက်သော ဖေးမိသားစုထံမှ ကယ်တင်ခဲ့သည့်အတိုင်း ဖေးယွင်ကျင်း နန်ယုသည် ရုပ်ရှင်ထဲမှ သူရဲ ကောင်းများထက်ပင် ပိုမိုအစွမ်းထက်သူဖြစ်ကြောင်း ခိုင်မြဲစွာယုံကြည်ခဲ့သည်။
မည်သည့်နတ်ဆိုးငယ်လေး တစ်ဦးမျှ သူမအား ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
အန်တီ၊ အန်တီက ကမ္ဘာပေါ်မှာ အကောင်းဆုံး အန်တီပါပဲ!
ထိုနွေးထွေးသော အတွေးအား စိတ်ထဲတွင် မြဲမြံစွာ စွဲမှတ် ထားရင်း ဖေးယွင်ကျင်း မျက်လုံးများကို မှိတ်လိုက်ပြီး အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။ နန်ယု ကလေးငယ်အား နူးညံ့စွာငုံ့ကြည့်ပြီး အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်သွားမှန်းသေချာမှ စောင်သေသေချာချာ ခြုံပေးလိုက်သည်။
အကယ်၍ ဖေးယီကျန့် ထိုအချိန်တွင် သူ့ဘေးတွင် ရှိနေခဲ့ပါလျှင်၊ သူသည် အံ့သြဖွယ်ရာတစ်ခုအား သတိပြုမိပေလိမ့် မည်။ ဖေးယွင်ကျင်း ခေါင်းပေါ်ရှိ 'ကံကြမ္မာ' စာလုံးများမှာ ယခင်ကထက် ၁၀% ခန့် မှေးမှိန်သွားကြောင်းပင်! ၎င်းမှာ နန်ယု၏သြဇာလွှမ်းမိုးမှုနှင့် ကလေးယုံကြည်မှုတို့ကြောင့် ကံကြမ္မာစွမ်းအား အမှန်တကယ်လျော့ပါးလာခြင်းကို ပြသနေသည်။