အခန်း (၉၃)
Vol. 11 Ch. 93
"ထ! ထ! မြန်မြန်လုပ်!"
"ဘာဖြစ်တာလဲ ?"
"ငလျင်လှုပ်တော့မယ်လို့ ပြောနေကြတယ်"
"ဘာ!?"
အမှန်ပင်၊ ဤအချိန်သည် လူအများစု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အချိန် ဖြစ်သည်။
နန်ယု အန်းနင်၏ အခန်းဘက်သို့ ပြေးရင်း နန်ကျီအား ဖုန်းဆက်လိုက်သည်။
"အစ်ကို၊ မကြာခင် ငလျင်လှုပ်တော့မယ်လို့ ထင်တယ်၊ ကျွန်မက အန်းနင်နဲ့ တခြားသူတွေကို ခိုလှုံရာနေရာ (Shelter) ကို ခေါ်သွားမယ်၊ လူတွေကို ခေါ်ပြီး တူးဖို့အတွက် မမေ့နဲ့နော်!"
အိပ်ပျော်နေရာမှ နိုးလာသော နန်ကျီ: "???"
"ယုယု၊ မင်း ဘာတွေပြောနေတာလဲ?"
မကြာခင် ငလျင်လှုပ်တော့မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ငါ့ညီမက အနာဂတ်ကို ကြိုမြင်နိုင်တာလား?
ငလျင်လှုပ်မယ် ဟုတ်လား?!
ဟာ! ဘာတွေဖြစ်နေတာလဲ!
နန်ကျီ၏ အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားသည်။ သူသာ ငယ်ရွယ်သန်မာသူ မဟုတ်ခဲ့ပါက၊ ဤအခြေအနေတစ်ခုတည်းနှင့်ပင် ကြောက်လန့်ပြီး ဖျားနာသွားလောက်သည်။
"ရှင်းပြဖို့ အချိန်မရှိဘူး၊ မှတ်ထား! ငါက အန်းနင်နဲ့ တခြားသူတွေကို ကာကွယ်မယ်! ကတိပေးတယ်!"
ဖုန်းခေါ်ဆိုမှု ချက်ချင်းပြတ်တောက်သွားသည်။
နန်ယု လေထုထဲတွင် ဖော်ပြမရနိုင်သော ဖိစီးမှုတစ်မျိုးအား ပြင်းထန်စွာ သတိထားမိသည်။ သူမ ခြေလှမ်းများအား ပိုမိုမြန်ဆန်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဗီလာတစ်ခုလုံးတွင် ဆူညံသံများစတင် ဖြစ်ပေါ်လာသည်။
ဖေးယီကျန့်၏ နှိုးဆော်ပုံမှာ နူးညံ့သိမ်မွေ့ခြင်း မရှိပေ။ သူ တံခါးများအား ကန်ဖွင့်ကာ နားကွဲမတတ် အော်ဟစ်လိုက်သည်။
ထိုဆူညံသံမှာ လီအိမ်တော်ထိန်းကိုသာမက၊ ပတ်ဝန်းကျင်ရှိလူတိုင်းကိုပါ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးထသွားစေသော်လည်း လူအများစုမှာမူ ထိတ်လန့်မင်သက်နေကြဆဲ ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ?"
"ပေါက်ကွဲမှုလား?"
"ပေါက်ကွဲမှုဟုတ်လား?"
ဖေးယီကျန့်တွင် ရှင်းပြဖို့ အချိန်မရှိတော့ပေ။ သော့များ ရယူပြီးနောက် သူ လီအိမ်တော်ထိန်းအား ချက်ချင်း အမိန့်ခွဲပေး လိုက်သည်— တစ်ချို့ကို စားနပ်ရိက္ခာသယ်ရန်၊ တစ်ချို့ကို အခြားသူများအား နှိုးရန် တာဝန်ပေးသည်။
လီအိမ်တော်ထိန်း: "....ဟင်?"
သို့သော် ဖေးယီကျန့်၏တင်းမာအေးစက်သောအကြည့်နှင့် ဆုံသည်နှင့် သူ ချက်ချင်းသတိပြန်ဝင်လာသည်။
"ကောင်းပါပြီ! ချက်ချင်း လုပ်ဆောင်ပါ့မယ်!"
ဤလို အရေးပေါ်အချိန်မျိုးတွင် လူတို့သည်ကြာကြာစဉ်းစား မနေကြချေ။ လီအိမ်တော်ထိန်းသည်လည်း ထိုနည်းအတိုင်းပင်။
မဟုတ်ပါက သူ ငလျင်သည် ဘယ်ကနေ ရောက်လာသည်ကို၎င်း၊ ဘာကြောင့် ဘာမှမခံစားရသေးသည်ကို၎င်း တွေးနေမိပေလိမ့်မည်။
လီအိမ်တော်ထိန်း သတိထားမိလိုက်သည်မှာ ဖေးယီကျန့် ပြက်လုံးထုတ်နေခြင်း မဟုတ်၊ နောက်ပြောင်နေခြင်းလည်း မဟုတ်တော့ပေ။
သူ့ခြေထောက်အောက်မှ မြေပြင်မှာ တကယ်တမ်း လှုပ်ခါလာပြီဖြစ်သည်!
"မြန်မြန်! မြန်မြန်! ဝင်ကြ! ဝင်ကြ!"
ငလျင်လှုပ်ချိန်သည် ကြိုတင်ပြင်ဆင်ဖို့ အချိန်ပေးလေ့မရှိ။
နန်ယု အန်းနင်အား ချက်ချင်း ပွေ့ချီပြီး ဖေးယွင်ကျင်းကို ကျောပိုးကာ ခိုလှုံရာနေရာ (Shelter) ဘက်သို့ ပြေးထွက်သွားသည်။
လီယွမ်သည် လီရီပိုင်အား ဘယ်ဘက်လက်ဖြင့်ဖက်၊ အန်းရီရန်အား ညာဘက်လက်ဖြင့်ဆွဲ ထားပြီး ကျောနောက်တွင် အိတ်ငယ်လေးများ သယ်ဆောင်ကာ ရှေ့မှ ဦးဆောင်နေသည်။
ထိုအဖွဲ့သည် ခိုလှုံရာ အဝင်ဝသို့ ရောက်သည်နှင့် ဖေးယီကျန့် သော့များနှင့်အတူ အပြေးရောက်လာသည်။
"အန်းနင်၊ ကလေးသုံးယောက်နဲ့ လျှောက်မပြေးနဲ့!"
"လီယွမ်မို၊ သူတို့ကို ကာကွယ်ထား!"
ပရမ်းပတာအခြေအနေမှာ ပြဿနာများ ပေါ်ပေါက်လာဖို့အတွက် အလွယ်ကူဆုံးအချိန် ဖြစ်သည်။
ပုံမှန်အချိန်များတွင် အထက်အရာရှိအား ဝန်ထမ်းဖြစ်သော ကြောင့်လေးစားခဲ့ရသည်။ သို့သော် အသက်ရှင်ရေးနှင့် သေခြင်းတရား ကိစ္စတွင်တော့ မည်သူက ဂရုစိုက်နေမည်နည်း?
နန်ယု ခိုလှုံရာနေရာက လုံလောက်စွာ ကျယ်ဝန်းသည်ကိုသာ ကျေးဇူးတင်မိသည်။ မဟုတ်ပါက၊ သူမ တိုက်ခိုက်ရဦးမည် ဖြစ်သည်။
လူတို့သည် အတ္တကြီးတတ်ကြသည်။ ဤသို့သော အချိန်မျိုးတွင် ရွေးချယ်ခိုင်းလျှင် နန်ယု အန်းနင်အပါအဝင် အခြားသူများအား အသက်ရှင်သန်ရေးအတွက် မျှော်လင့်ချက် ပိုပေးဖို့ကိုသာ ရွေးချယ်မည်မှာ သေချာသည်။
"ယုယု မြေပြင်ကလှုပ်နေပြီ"
ဖေးယီကျန့် နန်ယု ဆက်လက် ထွက်ခွာရန် ကြိုးစားနေသည်ကို သတိပြုမိသဖြင့် သူမအား လျင်မြန်စွာ ဆွဲယူလိုက်သည်။
"ကျွန်မ ချက်ချင်း ပြန်လာခဲ့မယ်!"
သို့သော် နန်ယု ဖေးယီကျန့်၏ ဖမ်းဆုပ်မှုမှ အလွယ်တကူ ရုန်းထွက်လိုက်ပြီး သူမ ခြေထောက်တို့သည် လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
ဤအချိန်အခါတွင် အချိန်အား စက္ကန့်များဖြင့် တိုင်းတာနေခြင်း ဖြစ်သည်။
ဖေးယီကျန့် အသက်ပြင်းပြင်း ရှူလိုက်သည်။ အခြားသူများ ရောက်ရှိလာသည်ကို သတိပြုမိသောအခါ သူ သူတို့အား ခိုလှုံရာအတွင်းသို့ အလျင်စလို ဝင်စေသည်။
အသက်နှင့်သေခြင်းတည်ရှိရာ ဤအခိုက်အတန့်တွင် လူတိုင်းသည် မိမိတို့၏ စွမ်းရည်အပြည့်အဝအား ထုတ်ဖော်ကြသည်။
တစ်မိနစ်ကြာသကဲ့သို့ ရှိသည်၊ သို့သော် စက္ကန့်အနည်းငယ်မျှသာ ကြာသွားသည်ဟု ထင်ရသည်။
နောက်ဆုံးတွင် ဖေးယီကျန့် နန်ယုအား တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ယောက်အား ကျောပိုးထားပြီး လက်ထဲတွင် ဆေးပစ္စည်းအိတ် တစ်ခုကိုလည်း ကိုင်ဆောင်လာခဲ့သည်။
သူမ ကျောပိုးလာသူမှာ အန်းနင်အတွက် အထူးပြင်ဆင်ထားသော၊ အတွေ့အကြုံရှိသည့် သားဖွားမီးယပ် အထူးကုဆရာဝန် ဖြစ်နေသည်ကို ဖေးယီကျန့် တွေ့လိုက်ရသည်။
သို့သော် ထိုဆရာဝန်မှာ ဗီလာသို့ ရောက်ရှိလာသည့် မနေ့ညကတည်းက ခြေကျင်းဝတ်လွဲချော်သွားခဲ့သည်။ ဖေးယီကျန့် စစ်ဆေးကြည့်ရာ ပြဿနာကြီးကြီးမားမား မရှိသော်လည်း ဖြည်းညှင်းစွာသာ လမ်းလျှောက်နိုင်သည်။
ပုံမှန်အချိန်များတွင် ၎င်းသည် ပြဿနာမဟုတ်သော်လည်း၊ ယခုအချိန်မှာတော့...
ကံကြမ္မာသည် အရာရာကို အမှန်တကယ်တွက်ချက်ထားခဲ့သည်။
ဗီလာတစ်ခုလုံး ပြင်းထန်စွာ စတင်လှုပ်ခါလာသည်။
"မင်းတို့ တံခါးဝမှာ ဘာလုပ်နေကြတာလဲ ?!"
နန်ယု မျက်လုံးများ ပြူးကျယ်သွားသည်။
"ဝင်ကြ!"
ဖေးယီကျန့် စကားတစ်ခွန်းမှ မဆိုတော့ဘဲ နန်ယုအား ဆွဲယူလိုက်ပြီး သုံးယောက်သား ခိုလှုံရာအတွင်းသို့ အပြေးအလွှား ဝင်ရောက်ကြသည်။
သို့သော် သူတို့ ခိုလှုံရာထဲသို့ ဝင်ရောက်ခါနီးအချိန်တွင်ပင် ပြားချပ်ရှည်လျားသော ကျောက်တုံးကြီးတစ်ခု အပေါ်မှ ပြုတ်ကျလာပြီး ဗီလာဆောင်အား ဖျက်ဆီးပစ်လိုက်သည်။
ထိုကျောက်တုံး၏ ကြီးမားသော အရွယ်အစားကြောင့် သူတို့သုံးဦးလုံး ကြေမွသွားနိုင်သည်။
ထိုအရေးကြီးသော အချိန်တွင် နန်ယု ဖေးယီကျန့်အား ခိုလှုံရာအတွင်းသို့ တွန်းထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဆရာဝန်အား သူမ၏ နောက်ကျောဘက်ရှိ လီယွမ်မိုထံသို့ ပစ်ပေါက်လိုက်သည်။ လီယွမ်မို ဆရာဝန်ကို ဖမ်းမိလိမ့်မည်ဟု သူမ ယုံကြည်စိတ်ချထားသည်။
သူမကိုယ်တိုင်အတွက်မူ ကျောက်တုံးသည် ဆယ်စင်တီမီတာ အကွာသာ ကျန်တော့သည်ကို မြင်သောအခါ နန်ယု ချက်ချင်း လှည့်ပတ်လိုက်ပြီး ကျောက်တုံး၏ အနည်းဆုံး အားအင်ရှိသော အစိတ်အပိုင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ထိုနောက်ပြန်တွန်းကန်အား ကို အသုံးပြုကာ လုံးထွေးလိမ့်ကျသွားရင်း ခိုလှုံရာထဲသို့ နောက်ဆုံးတွင် ဝင်ရောက်နိုင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် ပို၍ပင် ကြီးမားသော ဘိလပ်မြေတုံးကြီးတစ်ခု ထွက်ပေါက်အား ပိတ်ဆို့သွားသဖြင့် မည်သူမျှ အပြင်မထွက်နိုင်၊ အထဲမဝင်နိုင် ဖြစ်သွားသည်။
မတော်တဆ စင်လာသော ကျောက်တုံးစများကို မျက်နှာမှ သုတ်လိုက်ပြီးနောက် နန်ယု မတ်တတ်ထရပ်ကာ အန်းနင်နှင့် အခြားသူများထံ လျှောက်သွားရင်း ပတ်ဝန်းကျင်အား မျက်လုံးဝေ့ကြည့်လိုက်သည်။
ခိုလှုံရာအတွင်း၌ပင် လူတိုင်းသည် နံရံများနှင့် အခြားအဆောက်အအုံများ ပြင်းထန်စွာ လှုပ်ခါနေသည်ကို ခံစားသိရှိနေကြသည်။ ခဏတာမျှ မည်သူမျှ စကားမပြောနိုင်ခဲ့ကြပေ။
နန်ယု ထောင့်တစ်နေရာတွင် ဖေးယွင်ကျင်းအား တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ အန်းနင်က အန်းရီရန်ကို ဖက်ထားပြီး၊ လီယွမ်မိုသည်လည်း လီရီပိုင်အား သူ့ခန္ဓာကိုယ်ဖြင့် အကာအကွယ်ပေးထားသည်။
ဒီနေရာသာ ပြိုကျသွားရင်တောင်၊ အနည်းဆုံးတော့ ကလေးတွေကို အကာအကွယ်ပေးထားနိုင်ရမယ်!
ဆယ်စက္ကန့်ကြာသွားပြီလား? ဒါမှမဟုတ် တစ်မိနစ်လား?
မည်သူမျှ မသိနိုင်။
ကြားနေရသည်မှာ ကျယ်လောင်သော ဆူညံသံများသာ ဖြစ်သည်။ ဘာတွေ ထပ်ပြိုကျပြန်တာလဲ? ဒါမှမဟုတ် ကျွန်းကြီးပဲ ကွဲထွက်သွားတာလား?
"ဝါး... ငါတို့ သေရတော့မှာလားဟင်?"
မြေလှုပ်ခါမှု အနည်းငယ် ငြိမ်သွားသောအခါမှ လူတစ်ယောက်က နောက်ဆုံးတွင် မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။
၎င်းမှာ အိမ်ဖော်မလေး တစ်ယောက်ဖြစ်သည်။
နန်ယု သတိရလိုက်သည်— သူမသည် မနေ့က ပထမဆုံး ရောက်ရှိစဉ်က ဗီလာအကြောင်း မိတ်ဆက်ပေးခဲ့သူ ဖြစ် သည်။ ချစ်စဖွယ် အပြုံးနှင့် သွားစွယ်နှစ်ချောင်းပါသူလေး ဖြစ်သည်။
စိတ်ခံစားမှုဆိုသည်မှာ ကူးစက်တတ်သည်။ ပထမတစ်ဦး ငိုကြွေးလျှင် ဒုတိယနှင့် တတိယတို့လည်း နောက်မှ ပါလာမြဲပင်။
ငလျင်လှုပ်မှုကြောင့် မိုဘိုင်းဖုန်းလိုင်းများ လုံးဝပြတ်တောက် သွားပုံရသည်။ ဤနေရာတွင် သူတို့ ပိတ်မိနေသည်ကို မည်သူမျှ သိတော့မည် မဟုတ်။ ထိုသို့ဆိုလျှင် သူတို့ အစာငတ်သေ၊ ဒါမှမဟုတ် ရေငတ်၍ သေရတော့မှာလား?
ဒီခိုလှုံရာက ခံနိုင်ရည်မရှိဘဲ တိုက်ရိုက် ပြိုကျသွားတော့မှာလား?
အထီးကျန်ပြီး အကူအညီမဲ့နေရခြင်း၊ အနာဂတ်ကလည်း မသေချာမရေရာ ဖြစ်နေခြင်း စသည့် ရှုပ်ထွေးသော စိတ်ခံစား မှုများမှာ လူတိုင်း၏ ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်နေသော နှလုံး သားများကို တိုက်စားနေသည်။
"မပြိုဘူး"
ထိုအခိုက်အတန့်တွင် ဖေးယီကျန့်၏လေးနက်သော အသံမှာ ထူးဆန်းစွာ စိတ်ချလုံခြုံမှုအား ပေးနေသည်။
"ကျွန်တော်တို့မှာ အစားအသောက်နဲ့ ရေရှိတယ်၊ ငလျင်မလှုပ်ခင်ကတည်းက နန်အုပ်စုရဲ့ ဥက္ကဋ္ဌ နန်ကျီကို ဆက်သွယ်ထားပြီးပြီ၊ သူ လာပြီး ကျွန်တော်တို့ကို မကြာခင်ကယ်ထုတ်လိမ့်မယ်၊ စိတ်မပူကြပါနဲ့"
သူ့စကားများမှာ အချည်းနှီးသော ဟန်ဆောင်မှုမပါဘဲ၊ ခိုင်မာသော အကြောင်းပြချက်များဖြင့် ပြောဆိုခြင်းဖြစ်၍ ပိုမို ယုံကြည်အားကိုးစရာ ဖြစ်စေသည်။
ထိုအခါမှ လူတိုင်း နန်ယုနှင့် အခြားသူများလည်း သူတို့နှင့်အတူ ပိတ်မိနေသည်ကို သတိရသွားကြသည်။
ဟုတ်သည်။ ဤနေရာတွင် နန်အုပ်စုဥက္ကဋ္ဌ၏ဇနီးနှင့် ညီမတို့ ရှိနေသည်!
သူတို့အသက်မှာ တန်ဖိုးမရှိသည့်တိုင် နန်မိသားစုကတော့ မည်သည့်တန်ဖိုးပေး၍မဆို ကယ်တင်မည်မှာ သေချာသည်။
ဖေးယီကျန့် စကားများမှာ ရှုပ်ထွေးထိတ်လန့်နေသော လူတိုင်း၏ ကြောက်ရွံ့မှုအား သိသိသာသာသက်သာစေခဲ့သည်။
ခိုလှုံရာ အခန်းငယ်ထဲတွင် တိတ်ဆိတ်ခြင်းက တစ်ဖန်ပြန် လည်လွှမ်းမိုးသွားသည်။
နန်ယု၏ ဖခင်မှာ ဤခိုလှုံရာကို တည်ဆောက်ရာတွင် အလျှော့မပေးခဲ့သည်မှာ ထင်ရှားသည်။ အပေါ်မှ မျက်နှာကျက် သည် အပေါက်များ ဖောက်ထွင်းခံထားရသော်လည်း ၎င်းမှာ ခံနိုင်ရည်ရှိဆဲဖြစ်ပြီး လုံးဝ ထိုးဖောက်ပြိုကျခြင်းကို ငြင်းဆန်နေသည်။
ထိုနောက်၊ နောက်ထပ် ပြင်းထန်သော မြေလှုပ်မှုတစ်ခုပေါ် ပေါက်လာသည်။ ဤအိမ်ကြီး ဆက်လက် ခံနိုင်ပါဦးမလားကို မည်သူမျှ မသိတော့ချေ။ ငလျင်ဆိုသည်မှာ တစ်ကြိမ်တည်းနှင့် ပျောက်ကွယ်သွားမည့်အရာ မဟုတ်သောကြောင့်ပင်။
နောက်ဆက်တွဲ လှုပ်ခါမှုများမှာ မည်သည့်အချိန်မဆို ဖြစ်ပေါ်လာနိုင်ပြီး ၎င်းတို့စွမ်းအားမှာ ကုလားအုတ်၏ နောက် ကျောအား ကျိုးစေမည့် ကောက်ရိုးတစ်မျှင် ဖြစ်လာနိုင်သည်။
"ယုယု..."
အန်းနင် နန်ယု ကိုယ်နှင့် ကပ်လျက် တိုးဝှေ့ရင်းပြောသည်။
"တကယ်လို့... တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်မကို စိတ်မပူပါနဲ့!"
သူမ ဗိုက်ထဲတွင် မအီမသာ နာကျင်မှုတစ်ခုအား ခံစားနေရသော်လည်း အန်းနင် ဤအချိန်တွင် ပြဿနာမရှာလိုသဖြင့် ထိုစကားကိုသာ ပြောလိုက်သည်။
အန်းနင် နန်ယု၏ တိုက်ခိုက်ရေးစွမ်းရည်အား ကိုယ်တိုင်မြင်ဖူးသူဖြစ်သည်။ ဤနေရာတွင် မည်သူမဆို အသက်ရှင်နိုင်မည်ဆိုလျှင် နန်ယုသာ ဖြစ်နိုင်သည်မှာ သေချာသည်။
ထို့ကြောင့် သူမကဲ့သို့ အနှောင့်အယှက်ဖြစ်နေသူက နောက်ဆွဲမထားသင့်တော့ပေ။
အန်းရီရန်အား ကယ်ဆယ်ပေးရန် နန်ယုထံ တောင်းဆိုဖို့ကိုမူ အန်းနင် နှုတ်မရဲပေ။
တကယ်တမ်း ထိုအခြေအနေသာ ရောက်လာခဲ့လျှင် မည်သူ အသက်ရှင်နိုင်သည်ကိုသာ ကယ်တင်သင့်သည်။ သူမ အန်းရီရန်ကို ကယ်ဖို့အတွက် နန်ယုအား အန္တရာယ်ထဲတွန်းပို့ခွင့် မပြုနိုင်ပါ။
အကယ်၍ သူတို့ ထွက်မပြေးနိုင်ခဲ့လျှင်လည်း မိခင်နှင့်သား နှစ်ဦးစလုံး၏ ဘဝမှာ ဤနေရာတွင်ပင် ပြီးဆုံးသွားလိမ့် မည်။ အန်းနင် အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
"မကြောက်နဲ့"
နန်ယု အန်းနင်၏အေးစက်နေသော လက်အား ဆုပ်ကိုင်လိုက်သည်။
"ငလျင်မလှုပ်ခင်ကတည်းက ငါ ငါ့အစ်ကိုကိုဖုန်းဆက်ခဲ့တယ်၊ သူ ငါတို့ကို ကယ်ဖို့ သူ့အစွမ်းကုန် ကြိုးစားလိမ့်မယ်"
"စိတ်ချလက်ချ ဒီမှာပဲ ခဏစောင့်နေလိုက်၊ နေလို့မကောင်းတာ တစ်ခုခု ခံစားရရင် ငါ့ကိုပြောပြ၊ ဒေါက်တာလော်က ဒီမှာပဲ ဆေးတွေနဲ့ ကိရိယာတွေနဲ့ အသင့်ရှိတယ်"
"ယုယု..."
အန်းနင် မျက်ဝန်းများထဲ မျက်ရည်များ ဝဲတက်လာသော် လည်း သူမ ငိုမချခဲ့ပေ။ ထိုအစား သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လျင်မြန်စွာ ခုန်နေသော နှလုံးခုန်သံအား ဖြည်းညှင်းစွာ ထိန်းချုပ်လိုက်သည်။
"ကောင်းပြီ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်၊ စိတ်မပူပါနဲ့"
သူမ ဝမ်းဗိုက်ထဲရှိ ကလေးငယ်သည်လည်း သူမ အခြေအ နေအား ရိပ်စားမိပုံရသည်။ လွန်ခဲ့သည့် ခဏတာက နာကျင်နေခဲ့သော သူမ၏ ဝမ်းဗိုက်မှာ တဖြည်းဖြည်းငြိမ်သက်သွားသည်။
ဤသို့သော အချိန်မျိုးတွင် မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းမှာ နန်ယုနှင့် အခြားသူများအား ပေးနိုင်သည့် အကြီးမားဆုံးသော အကူအညီ ဖြစ်သည်။
နန်ယု ဒေါက်တာလော်ကို ခေါ်ဆောင်လာရန် သူမ အသက်အား စွန့်စားခဲ့သည်ကို တွေးမိသောအခါ ကြောက်ရွံ့မှုလှိုင်းတစ်ခု အန်းနင်ထံ ဝင်ရောက်လာသည်။
ကံကောင်းထောက်မစွာဖြင့် နန်ယု အဆင်ပြေခဲ့သည်။
ထို့ကြောင့် သူမ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရမည်ဖြစ်ပြီး သူတို့အား စိုးရိမ်ပူပန်မှုမဖြစ်စေသင့်ပေ။
"မေမေ၊ ကျွန်တော် မေမေ့ကို ကာကွယ်ပေးမယ်"
အန်းရီရန် အန်းနင်၏ အခြားတစ်ဖက်သို့ ဂရုတစိုက် တိုးဝှေ့ကပ်လာသည်။ သူမ ဗိုက်အား မထိမိစေရန် သတိထားပြီး သူ့မျက်ဝန်းများနှင့် အမူအရာများတွင် ပြတ်သားသော ဆုံးဖြတ် ချက်အား ဖော်ပြနေသည်။
"ကျွန်တော်ရောပဲ အန်တီ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့"
"အစ်ကိုလည်း ပါပါတယ်၊ ကျွန်တော်တို့ ဘေးကင်းကင်းနဲ့အပြင်ထွက်နိုင်ရမယ်"
ထိုကလေးသုံးယောက်၏ နူးညံ့သော်လည်း ပြတ်သားသောအသံများမှာ ပတ်ဝန်းကျင်ရှိ အရွယ်ရောက်ပြီးသူ ဒါဇင်ပေါင်းများစွာ အတွက် စိတ်တည်ငြိမ်စေသည့် အစွမ်းထက်သော ဆေးတစ်ခုပမာ ဖြစ်စေပြီး ဖော်မပြနိုင်သော ယုံကြည်စိတ်ချမှုအား ဖြစ်ပေါ်စေသည်။
"ကျွန်တော်တို့ ထွက်နိုင်ရမယ်!"
နံနက် ၃ နာရီ ၄၂ မိနစ်တွင် ပထမလှိုင်း ငလျင်လှုပ်ခါမှု ရပ်တန့်သွားပုံရသည်။
နန်ယုနှင့် ဖေးယီကျန့်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် နှစ်ဦးသား တစ်ပြိုင်တည်းမတ်တပ်ရပ်ပြီး ပိတ်ဆို့နေသော တံခါးဝ ဘက်သို့လျှောက်သွားကြသည်။
နန်ယု ကျောက်တုံးကို နားနှင့် ညင်သာစွာကပ်၍ နားထောင် သည်။ သုံးစက္ကန့်ကြာပြီးနောက် သူမ ဖေးယီကျန့်ဘက်သို့ ခေါင်းခါပြသည်။
ထို့နောက် သူတို့ စုဝေးရောက်ရှိနေသောလူအင်အားကိုကြည့် လိုက်သည်။ သူတို့နှစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဆယ့်ခြောက်ဦးရှိသည်။ အသက်အကြီးဆုံးမှာ ငါးဆယ့်ခြောက်နှစ်ဖြစ်ပြီး၊ အငယ်ဆုံးမှာ... အန်းနင်၏ ဝမ်းတွင်းမှ သန္ဓေသားကို ရေတွက်ရမလား?
"ပစ္စည်းတွေကို အရင်ဆုံး စာရင်းစစ်ကြရအောင်"
နန်ယု ပတ်ဝန်းကျင်ရှိ လူအုပ်အား အမူအရာမဲ့စွာ စကန်ဖတ်ရင်း ပြောသည်။
"ဘယ်သူ သယ်လာသလဲဆိုတာ အရေးမကြီးဘူး အခုချိန်ကစပြီး အားလုံးဝေငှမယ်၊ ငါ့ရဲ့သည်းခံစိတ်ကို စမ်းသပ်ဖို့ မကြိုးစားကြနဲ့"
ထိုသို့ပြောဆိုရင်း နန်ယု လက်ဗလာဖြင့် ကျောက်တုံးအား ချေမှုန်းပြသလိုက်သည်!
လူတိုင်း: "..."
မဟုတ်ဘူး၊ ဘယ်သူမှ စကားမပြောရဲကြတော့ချေ။
လူအများအပြားသည် နန်ယု ကျောက်တုံးကန်ထုတ်ပုံအား ခုနက မြင်ခဲ့ကြသည်။ သူမ၏ ကိုယ်ခံပညာစွမ်းရည်မှာ ထင်ရှားစွာ လေ့ကျင့်ထားပြီးသား ဖြစ်သည်။ ထို့အပြင် နန်မိသားစု၏ ကိုယ်ရံတော်များမှာ သူမ နောက်တွင် "နာခံမှု" အပြည့်ဖြင့် ရပ်နေကြသည်။
ဤသာမန် အလုပ်သမားများမှာ ခုခံဖို့ စိတ်ကူးပင်မရှိရဲကြ။ နန်ယုတို့ အစားအသောက်နှင့် ရေအားဝေမျှဖို့ ဆန္ဒရှိသည်မှာပင် ကံကောင်းသည်။ အကယ်၍ သူတို့တကယ်တမ်းရက် စက်မယ်ဆိုရင် ဤလူများ လုံးဝ အကူအညီမဲ့ကြပေလိမ့် မည်။
အလျင်စလို ပြေးလာခဲ့ရသောကြောင့် သူတို့ ယူလာခဲ့သည့် ရိက္ခာပစ္စည်းများမှာ အမှန်တကယ်ပင် အကန့်အသတ်ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ခိုလှုံရာနေရာတွင် အရေးပေါ်အတွက် ရိက္ခာအချို့ သိုလှောင်ထားသည်။ ထို့အပြင် သတိရှိသော လီအိမ်တော်ထိန်းမှာ ယင်းတို့အား ပုံမှန်ပြန်လည်ဖြည့် တင်းလေ့ရှိသည်။
သို့သော်လည်း လူအင်အားများပြားသောကြောင့် လူတစ်ဦးချင်းစီအတွက် ပျမ်းမျှပမာဏမှာ များများစားစား မဟုတ်ပေ။
တစ်ဦးလျှင် ရေတစ်ဗူးသာ ရနိုင်ပြီး အစားအစာမှာ တစ်ရက်စာသာ ခံနိုင်မည်။
သူတို့ တစ်ရက်အတွင်း ကယ်ဆယ်ခံရပါ့မလား?
လူတိုင်း မျှော်လင့်ချက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။
တစ်ချိန်တည်းမှာပင် မြေအောက်တွင် ပိတ်မိနေသော နန်ယုနှင့် အခြားသူများမှာ ပင်လယ်ပြင်တွင် လေဆင်နှာမောင်းနှင့် မိုးသည်းထန်စွာ စတင်တိုက်ခတ်နေသည်ကို သတိမထားမိကြပေ။
ဤကဲ့သို့သော ရာသီဥတုတွင် လေယာဉ်များနှင့် သင်္ဘောများ သူတို့ထံရောက်ရှိလာနိုင်မည် မဟုတ်ပေ။