အခန်း (၉၅)
Vol. 11 Ch. 95
"ငါ ကျန်းထောင်ကို အမြဲတမ်း လူမိုက်လို့ထင်ခဲ့တာ!"
အိပ်မပျော်ခြင်းနှင့် ပတ်ဝန်းကျင် အလွန်တိတ်ဆိတ်နေခြင်းတို့ကြောင့် လူတိုင်းသည် ကိုယ့်ကိုယ်ကိုယ် အာရုံပြောင်းရန်အတွက် တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကားပြောနေကြသည်။
တုပ်နှောင်ခံထားရသော ထိုလူသည် စကားဝိုင်း၏အဓိကခေါင်းစဉ် ဖြစ်လာသည်မှာ ထင်ရှားသည်။
"ဟုတ်တယ်၊ သူ့မိန်းမနဲ့ ပြီးခဲ့တဲ့လက ကွာရှင်းသွားတယ် မဟုတ်လား?"
"ဟင်? ငါ ဘာလို့ မသိလိုက်ရတာလဲ?"
"သူက သူ့မိန်းမက သူတို့ အတူနေချိန် နည်းလို့ စိတ်မကောင်းဖြစ်တယ်လို့ ပြောတာပဲ ဒါပေမဲ့ ဘာတွေ ဖြစ်နေမှန်းတော့ ဘယ်သူသိမှာလဲ"
...
ကောလဟာလများကို ဘေးဖယ်ထားလိုက်သော်လည်း နန်ယု ထိုလူအား အလေးအနက်မထားခဲ့ပေ။ သူမ လုပ်ရပ်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အခြားသူများအား သတိပေးလိုခြင်း ဖြစ်သည်။
ကျန်းထောင်အား တုပ်နှောင်ထားသော ကြိုးချည်နည်းကို သူမ၏ ယခင်ဘဝ နည်းပြဆရာမှ အထူးသင်ပေးထားခြင်း ဖြစ်ပြီး၊ သူကိုယ်တိုင် ပြန်ဖြေရန်မှာ လုံးဝမဖြစ်နိုင်ပေ။
အလုပ်ပြီးသည်နှင့် သူမ ပြန်လာပြီး ဖေးယီကျန့်ဘက်သို့ ကိုင်းညွတ်ကာ "သံသယဖြစ်စရာရှိတဲ့ တခြားသူရှိရင် ကျွန်မကိုပြောလိုက်" ဟု ပြောလိုက်သည်။
သူမ ဖမ်းမိသမျှလူတိုင်းအား တုပ်နှောင်လိုက်မည့် ပုံပေါ်နေသည်။
ဖေးယီကျန့်– "...Pfft!"
အနာဂတ်မှာ မသေချာပေ၊ အခြေအနေက ကြောက်မက်ဖွယ်ကောင်းနေသော်လည်း သူ ရယ်မောခြင်းအား မထိန်းချုပ်နိုင်ခဲ့ချေ။
နန်ယု၊ ဘယ်လိုများ ဒီလောက် ချစ်စရာကောင်းနိုင်ရတာလဲ?
ကောင်းပြီ၊ ယခုလိုမျိုး "ဒီလူ ရူးနေတာလား ? ဘာရယ်စရာရှိလို့လဲ?" ဟူသော အမူအရာကပင် အလွန်ချစ်စရာကောင်းနေ သည်။
ထိုအမူအရာမှာ သူ့အား ရည်ရွယ်နေသည့်တိုင်ပင်။
"ကောင်းပါပြီ"
ဖေးယီကျန့် သူ့အပြုံးအား ထိန်းချုပ်ပြီးခေါင်းညိတ်လိုက်သည်။
ထိုဧရိယာတွင် တိတ်ဆိတ်မှု တစ်ဖန် ပြန်လည်လွှမ်းမိုးသွားသည်။ ကလေးသုံးဦးမှာ ပြင်းပြသော အိပ်ငိုက်မှုဒဏ်အား မခံနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြပြီ။ လူကြီးများမှာ မျက်လုံးချင်း ဖလှယ်ကြပြီး ဘာမှ ထပ်မပြောကြတော့ချေ။
ခဏအကြာတွင် နန်ယု သူမ ဖုန်းအားထပ်ထုတ်ကြည့်သည်။
လိုင်း မရှိဆဲပင်။ ယခု ၅ နာရီ ၃၁ မိနစ် ရှိနေပြီ။
ငလျင်လှုပ်ပြီးနောက် သုံးနာရီနီးပါး ရှိနေပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် အပြင်ဘက်တွင် အလင်းရောင် အနည်းငယ်ရှိသင့်၏။ သို့သော် မြေအောက်တွင် ပိတ်မိနေသောကြောင့် နန်ယုနှင့် အခြားသူများ ယခုလောလောဆယ်မမြင်နိုင်သေးပေ။
လျှပ်စစ်မီးမလိုသော အရေးပေါ်မီးများ ခိုလှုံရာတွင် မရှိခဲ့လျှင် လုံးဝ မှောင်မိုက်နေမည်မှာ သေချာသည်။
မှောင်မိုက်မှုမှာ လူများအား မကောင်းသောအကြံများ ပိုမိုဖြစ်ပေါ်စေသည်။
—ဒီကိစ္စပြီးရင် လီအိမ်တော်ထိန်းကို လစာတိုးပေးရမယ်။
သူသည် ပုံမှန် အသုံးမပြုရသော်လည်း ခိုလှုံရာအတွက် အလျှော့မပေးခဲ့သည်မှာ ထင်ရှားသည်။
အတွေးထဲ နစ်မြုပ်နေသော နန်ယု ပေါင်မုန့်တစ်တုံးအား တိတ်ဆိတ်စွာ ထုတ်ယူကာ ရေနှင့်အတူကိုက်စားသည်။ တဝက်တိတိစားပြီးနောက် ခဏတာ အနားယူဖို့ မျက်လုံးမှိတ်ရန် ဟန်ပြင်လိုက်စဉ် တတိယမြောက် နောက်ဆက်တွဲလှုပ်ခါမှု ရောက်လာသည်။
ခိုလှုံရာတစ်ခုလုံး တစ်ဖန် ပြန်လည်လှုပ်ခါလာသည်။
လူတိုင်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အဝေးဆုံး ထောင့်တစ်နေရာတွင် စုဝေးတိုးဝှေ့နေကြသည်။ အားနည်းသော နေရာများအား မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
ဒုန်း—
နေရာငယ်လေးတစ်ခု ငလျင်ဒဏ် မခံနိုင်တော့ဘဲ ချက်ချင်း ပြိုကျသွားသည်။
ကံကောင်းထောက်မစွာဖြင့် အနီးရှိလူများမှာ လျင်မြန်စွာ တုံ့ပြန်လိုက်သောကြောင့် အနည်းငယ် ပွန်းပဲ့ခြင်းများမှအပ အခြားဒဏ်ရာများ မရရှိခဲ့ပေ။
"ဝူးဝူး"
တိုးတိုးညည်းညူသံများ တစ်ဖန် စတင်လာသည်။
ဤကဲ့သို့သော စဉ်ဆက်မပြတ် ကြောက်ရွံ့မှု နှင့်နေထိုင်ရခြင်းမှာ အမှန်တကယ် ညှဉ်းပန်းနှိပ်စက်မှုပင်။
နာရီအနည်းငယ်သာ ကုန်ဆုံးခဲ့သော်လည်း ရက်ပေါင်းများစွာ ကြာသွားသကဲ့သို့ ခံစားရသည်။ ခေါင်းထဲရှိ တင်းမာမှုများမှာ မည်သည့်အချိန်မဆို ကျိုးပြတ်သွားနိုင်သည်အထိ ပြင်းထန်နေသည်။
"ဥက္ကဋ္ဌနန်တို့ ဘာလို့ မလာကြသေးတာလဲ?"
ချက်ချင်း ကယ်တင်ခံရခြင်း မဟုတ်စေကာမူ အပြင်မှ အသံများအား ကြားရလျှင်ပင် အထောက်အကူ ဖြစ်မည်။
ဒုန်း—
နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထပ်မံ ကြားလိုက်ရသည်။
သို့သော် ဤတစ်ကြိမ်တွင် ပြိုကျခြင်း မဟုတ်ဘဲ မိုးချုန်းသံ ဖြစ်သည်။
လူများစွာ၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ဖြတ် သန်းသွားသည်။ မိုးချုန်းသံမှာ မိုးရွာခြင်းကို ဆိုလိုသည်။
မိုးရွာလျှင် ကယ်ဆယ်ရေးအဖွဲ့ ရောက်နိုင်ပါဦးမလား?
သူတို့ မရောက်မီ နောက်ထပ် နောက်ဆက်တွဲ လှပ်ခါမှုများ ထပ်ဖြစ်လျှင် ဤနေရာ ဘေးမကင်းနိုင် တော့ဟု စိုးရိမ်ကြသည်။
"ဝါး၊ ငါ အိမ်ပြန်ချင်ပြီ"
"ငါ့မိန်းမနဲ့ ကလေးတွေ ငါ့ကို စောင့်နေကြတာ"
"ငါ့ဘဏ်အကောင့်ထဲမှာ ယွမ် ၃၀,၀၀၀ ကျန်သေးတယ်၊ အရင်က သုံးပစ်ခဲ့သင့်တာ"
နန်ယု: "..."
သူမ ဗီဇအတိုင်း ဖေးယီကျန့်အားကြည့်လိုက်သည်။ လူများအား နှစ်သိမ့်ပေးခြင်းမှာ သူမ အားသာချက် မဟုတ်ပေ။ ထို့ကြောင့် ဤတာဝန်ကို သူ့အား လွှဲအပ်လိုက်သည်။
နန်ယု ခေါင်းဆောင်ဟောင်းတစ်ဦးအနေဖြင့် ဖေးယီကျန့် ကတိပေးခြင်းတွင် ကျွမ်းကျင်သူဖြစ်ကြောင်း သေချာသိသည်။
ဖေးယီကျန့် မတတ်သာစွာ ခံစားရသည်။ နန်ယု၏ ဆိုလိုရင်းအား သူ နားလည်သည်။
သူတို့အားလုံးကို ဤအတိုင်း ဆက်ထားပါက ကောင်းသောအရာ ဖြစ်လာမည် မဟုတ်ပေ။ လူတို့သည် အပြင်းအထန် စိတ်ပျက်အားငယ်လာသောအခါ ဘာတွေလုပ်လာနိုင်သည်ကို ဘယ်သူသိနိုင်မည်နည်း။
ဤသို့သော အချိန်မျိုးတွင် အသေးငယ်ဆုံး မလိုအပ်သော အလှည့်အပြောင်း တစ်ခုကပင် မခန့်မှန်းနိုင်သော ဝမ်းနည်းကြေကွဲဖွယ် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။
"အားလုံးပဲ၊ အဟမ်း"
ဖေးယီကျန့် မတ်တပ်ထရပ်လိုက်သည်။ သူ့အကြည့်များတွင် အခြေအနေအား လုံးဝ ထိန်းချုပ်ထားကြောင်း ပြသနေသော ယုံကြည်ချက်အပြည့်ဖြင့် အပြုံးတစ်ခု နှုတ်ခမ်းထက်တွင် ဖြတ်ပြေးသွားသည်။
ဖေးဟုရို စတင်အလုပ်လုပ်ပါပြီ။
(T/N- တရုတ်ဝေါဟာရ "Huyou" (忽悠) ဆိုတာ အဓိကအားဖြင့် "မြှူဆွယ် ပြောဆိုခြင်း"၊ "ပါးနပ်တဲ့ စကားလုံးတွေနဲ့ လှည့်ပတ် ကိုင်တွယ်ခြင်း"၊ "ပတ်ဝန်းကျင်က လူတွေကို လွှမ်းမိုးသွားအောင် ပြောဆိုခြင်း" (Smooth-talk or mislead) လို့ အဓိပ္ပာယ်ရပါတယ်။)
"စိတ်ကိုထိန်းပြီး ကျွန်တော့်စကား နားထောင်ပါ..."
"ခင်ဗျားတို့ ယုံကြည်ရမယ်..."
"ဒီတစ်ခါ ကျွန်တော်တို့ အပြင်ကို ဘေးကင်းစွာရောက်တဲ့အခါ လူတိုင်းကို ယွမ် ၅၀၀,၀၀၀ ဆုကြေးငွေ ပေးမယ်၊ ခင်ဗျားတို့ အားလုံး..."
သုံးမိနစ်ကြာပြီးနောက် ဖေးယီကျန့် နောက်ဆုံးစကားအား အပြီးသတ်လိုက်သောအခါ မှိုင်းမှိုင်းမှောင်မှောင်ဖြစ်နေသော စိတ်ခံစားချက်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ လူတိုင်း၏မျက်လုံးများတွင် မျှော်လင့်ချက်အလင်းရောင်များ တလက်လက် တောက်ပလာသည်!
ယွမ် ၅၀၀,၀၀၀! ဒါက သူတို့နေရပ်မှာ အိမ်ငယ်လေးတစ်လုံး ဝယ်နိုင်သည် ဒါမှမဟုတ် အနည်းဆုံးတော့ စရန်ငွေတော့ ရနိုင်သည်!
သူတို့အားလုံး ကျွန်းကို လာရောက်အလုပ်လုပ်နေရခြင်းမှာလည်း အပိုဝင်ငွေ နည်းနည်းရဖို့ မဟုတ်ပါလား?
"အမ်... မစ္စတာဖေး "
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦး ရုတ်တရက်လက်ထောင်လိုက်သည်။
"ခင်ဗျားမှာရော ပိုက်ဆံ ကျန်သေးလား?"
ဖေးမိသားစုသည် နှစ်သစ်ကူးနေ့တွင် ဒေဝါလီခံသွားပြီး ဖေးယီကျန့် သူ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းခဲ့ကြောင်းအား သူတို့ သိရှိနေကြသည်။
ဤနေရာတွင် လူဒါဇင်ပေါင်းများစွာရှိရာ တစ်ဦးလျှင် ယွမ် ၅၀၀,၀၀၀ ဆိုလျှင် သန်းပေါင်းများစွာ ရှိပြီး ၎င်းမှာ မသေးငယ်သောပမာဏ ဖြစ်သည်။
ဖေးယီကျန့်: "..."
"ဟား ဟား ဟား~"
နန်ယု မရယ်ဘဲ မနေနိုင်တော့ပေ။ အခြားသူများလည်း အပြုံးအား မထိန်းနိုင်ဖြစ်သွားကြရသည်။
အခက်အခဲကြားမှ ပျော်ရွှင်မှုရှာဖွေခြင်းမှာ လူသားတို့၏ မွေးရာပါစွမ်းရည်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဖေးယီကျန့် သူ ပိုက်ဆံရှိသေးကြောင်း သက်သေပြရန် စကားပြောရန် ဟန်ပြင်လိုက်စဉ် နန်ယု ရှေ့မှ စပြောလိုက်သည်။ သူမ လူအုပ်အားကြည့်ပြီး "ဖုန်းပါတဲ့သူတွေ မှတ် တမ်းတင်ထားနိုင်တယ်"
"ငါ၊ နန်ယုက ဒီတစ်ခါ ဘေးကင်းစွာ ထွက်နိုင်ရင် လူတိုင်းကို ယွမ် ၅၀၀,၀၀၀ ဆုကြေးငွေနဲ့အတူ လစာအပြည့်ပေးတဲ့ တစ်လ အားလပ်ရက်ပေးမယ်လို့ ကတိပေးတယ်!"
"ဝါး၊ ကျေးဇူးတင်ပါတယ်၊ နန်သခင်မလေး!"
"ကျေးဇူးတင်ပါတယ်! ကျေးဇူးပါ၊ ဘော့စ်!"
အခြေအနေသာ ဒီလောက်မဆိုးဝါးခဲ့လျှင် လူတိုင်းဩဘာ ပေးကြလိမ့်မည်။
နန်ယုဆိုတာ ဘယ်သူလဲ ? အလွန်ချမ်းသာသော အမျိုးသမီး၊ နန်မိသားစုကို ကိုယ်စားပြုသူ။ သူမကသာ ပြောလာလျှင် အလိမ်အညာမဟုတ်ပေ။
လူများစွာသည် တစ်လတာ လစာအပြည့်ရသော အားလပ်ရက်တွင် ဘာလုပ်ရမည်ကို စဉ်းစားနေကြပြီ။
နန်ယုနှင့် ဖေးယီကျန့်တို့ ငွေချမ်းသာကြောင်းပြလို၍ ထိုသို့လုပ်ခြင်းမဟုတ်ပေ။ ဤအဖွဲ့အား စည်းလုံးနေစေရန် လိုအပ်သည်။
နန်ယု မည်မျှအစွမ်းထက်သော်လည်း အန်းနင်နှင့် ကလေး သုံးဦးအား ထည့်သွင်းစဉ်းစားရဦးမည်။ ငွေဖြင့် ဖြေရှင်းနိုင်သောအရာဖြစ်ပါက သူမ ခြွေတာမည်မဟုတ်ပေ။
ဖေးယီကျန့် အနည်းငယ် စိတ်ဓာတ်ကျဆင်းစွာဖြင့် သူ့မူလနေရာသို့ ပြန်လာခဲ့သည်။ နန်ယု၏ ပြုံးနေသော မျက်လုံးများဖြင့် ဆုံမိသောအခါ သူ အလေးအနက် ပြောလိုက်သည်။
"ငါ့မှာ ဒီပိုက်ဆံလေး နည်းနည်းတော့ရှိပါသေးတယ်ကွာ"
"ဟုတ်ပါပြီ"
နန်ယု လျင်မြန်စွာခေါင်းညိတ်သည်။ သူမ ဖေးယီကျန့် စကားအား ယုံကြည် ပြီ၊ သူသည် မိမိအတွက် လွတ်လမ်းသေချာ ပေါက် ချန်ထားခဲ့မည်ဟု ယုံကြည်သည်။
ထို့အပြင် အိမ်ကြီးထဲနေရသည်ကိုပင် ဆူညံသည်ဟုထင်မြင် သူမှာ ဆင်းရဲသော ဘဝကို ဘယ်လို နေချင်ပါ့မလဲ?
သူသည် ဖေးမိသားစု ဒေဝါလီခံစေလိုသော်လည်း သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ရန်မဆိုလိုပေ။
နောက်ဆုံးစဉ်းစားကြည့်လျှင် နန်ယု ဘေးမှ ဗီလာတစ်လုံးတည်းပင် ရောင်းစားလိုက်လျှင် သန်းရာချီ တန်ဖိုးရှိနေဦးမည်။
သို့သော် သူ့တုံ့ပြန်မှုမှာ ဖေးယီကျန့်အား ပိုပြီး စိတ်ဓာတ်ကျစေသလို ဖြစ်နေသည်လား ?
ဒါ ငါ ထင်ယောင်ထင်မှားဖြစ်နေတာဖြစ်မယ်!
"ကဲ၊ ဝမ်းမနည်းပါနဲ့"
ဖေးယွင်ကျင်း နန်ယု ရင်ခွင်ထဲမှခေါင်းပြူထွက်လာသည်။
"ကျွန်တော်တို့ ပြန်ရောက်ရင် အန်ကယ့်ကို အန်ပေါင်းပြန်ပေးမယ်နော်"
နှစ်သစ်ကူးပထမနေ့တွင် ဖေးယွင်ကျင်း ဖေးယီကျန့်ထံမှ အန်ပေါင်းရရှိခဲ့သည်။
၎င်းမှာ ထူထဲသောငွေအိတ်ဖြစ်ပြီး ဖေးယွင်ကျင်း အတိအ ကျမရေတွက်သော်လည်း များပြားသောပမာဏဖြစ်သင့်သည်။
ကောင်လေးငယ်မှာ သူ့ရှေ့မှ လူသည် ပိုက်ဆံမရှိတော့ကြောင်းကြားသိရသောကြောင့် ထိုအန်ပေါင်းအား ပြန်ပေးသင့်သည်ဟု ယူဆသည်။
အဘယ်ကြောင့်ဆိုသော် သူ့မှာ ပိုက်ဆံရှိနေဆဲဖြစ်ပြီး အန်ပေါင်းအိတ် ထူထူများစွာရှိနေသေးသည်။
ဖေးယီကျန့်: "..."
သူ ဖေးယွင်ကျင်း ခေါင်းပေါ်သို့ သူ့လက်အား တိုက်ရိုက်တင်လိုက်သည်။
"ပေးတာ ယူ! ငါ့မှာ ပိုက်ဆံရှိတယ်!"
ဖေးယွင်ကျင်း ခေါင်းခါလိုက်ပြီး ဖေးယီကျန့်လက်ကြီးအား သူ့လက်သေးသေးလေးဖြင့် ဆွဲဖယ်လိုက်သည်။
"အန်တီလောက် ချမ်းသာလို့လား?"
သူ့ လေသံမှာ စိတ်ရင်းမှန်ဖြင့် အလေးအနက် ရှိနေပြီး သူ တကယ် ရှုပ်ထွေးနေသကဲ့သို့ဖြစ်သည်။ ကလေးတစ်ဦး ထိုသို့မေးမြန်းခြင်းကြောင့် ဖေးယီကျန့် စကားမပြောနိုင်ဖြစ်သွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ "ဟုတ်တယ်" လို့ ပြောသင့်လား၊ "မဟုတ်ဘူး" လို့ ပြောသင့်လား? ဒီကလေးက တမင် လုပ်နေတာလား?!
ဖေးယီကျန့် ဘာမှမပြောသည်ကို မြင်သောအခါ ဖေးယွင်ကျင်း "ငါ နားလည်တယ်" ဟူသော အမူအရာအား ချက်ချင်း ပြသလိုက်သည်။
"အရေးမကြီးပါဘူး၊ ပိုက်ဆံမရှိရင် သွားရှာပေါ့၊ ကျွန်တော်လည်း ကြိုးစားနေတာပဲ”
"ဟား ဟား ဟား"
နန်ယု ရယ်မောလိုက်သည်။ သူမ ဖေးယီကျန့်အား ထိန်းချုပ် ၍မရနိုင်သော အပြုံးဖြင့် ကြည့်လိုက်သည်။
"ဟုတ်ပါ့၊ ကြိုးစားရင် အနာဂတ်မှာ အလားအလာရှိမှာပါ"
ဖေးယီကျန့် အတုအယောင်ဆန်သော အပြုံးတစ်ခုအားလျင် မြန်စွာ ပြသလိုက်ရာ နန်ယုနှင့် ဖေးယွင်ကျင်း နှစ်ဦးစလုံး တစ်ပြိုင်နက်တုန်လှုပ်သွားကြသည်။
— အိုဘုရားသခင်၊ ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ အပြုံးဖြစ်နေရတာလဲ!
"ငါက နန်ယုအတွက်ပဲ အလုပ်လုပ်တာ၊ မင်း ငါ့ကို လိုအပ်တယ်ဆိုရင် ငါ ချက်ချင်းစတင်နိုင်ပြီ၊"
နန်ယု ဖေးယီကျန့် ယခင်ကပြောခဲ့သော "အလုပ်အကိုင်နေရာ" အား ချက်ချင်းတွေးမိသည်။ ဖေးယွင်ကျင်းကလည်း သူမအတွက် ဖေးယီကျန့် မည်သည့်အလုပ်လုပ်ပေးမည်ကို သိလိုစိတ်ဖြင့် သူမအား စူးစမ်းစွာကြည့်နေသည်။
ဒီကောင်! သူ ရဲတင်းလာတာ တဖြည်းဖြည်းပိုဆိုးလာပြီ!
နန်ယု ဖေးယီကျန့်အား အတုခိုး၍အတုအယောင်အပြုံးတစ်ခု ပြန်ပြုံးပြီး "အိုး၊ ကျွန်မ ငြင်းပယ်တယ်" ဟု ပြောလိုက်သည်။
ဖေးယီကျန့် နောင်တရစွာဖြင့် ခေါင်းကိုလှည့်ကာ အိပ်ချင်ယောင်ဆက်ဆောင် နေရုံသာရှိတော့သည်။
အချိန်တွေ ကုန်ဆုံးသွားသည်။ မျှော်လင့်နေသော ကယ်ဆယ်ရေးမှာ ရောက်ရှိမလာသေးပေ။ ကံကောင်းထောက်မစွာဖြင့် နောက်ဆက်တွဲ လှပ်ခါမှုများ ရပ်တန့်သွားပုံရပြီး ပျက်စီးလွယ်သော ခိုလှုံရာအား နောက်ထပ်တိုက်ခိုက်မှုများ မရှိတော့ပေ။
ရေနှင့် အစားအစာများ ဆက်လက်ရရှိနေသေးသဖြင့် လူတိုင်း၏ စိတ်ဓာတ်မှာ နှိုင်းယှဉ်ချက်အရ တည်ငြိမ်နေဆဲ ဖြစ်သည်။
နန်ယု၏ ကံကြမ္မာဆိုင်ရာ ခန့်မှန်းချက်များ ရှုပ်ထွေးပွေလီနေသည်မှာ သေချာသည်။
သူ ထပ်မတိုက်ခိုက်လျှင် ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့ပါ ထိခိုက်သွားနိုင်သည် မဟုတ်လား?
သူ မတိုက်ခိုက်လျှင်တော့ သူ့စွမ်းအင်တွေ အများကြီး သုံးစွဲလိုက်ရပြီး ဒီကိစ္စပြီးရင် နောက်ထပ် အခွင့်အရေး ရတော့မည်မဟုတ်။
သူ ဤအတိုင်း ရုန်းကန်နေရင်း နောက်ဆုံးတွင် စိတ်လျော့သွားခြင်းမှာ အကောင်းဆုံးဖြစ်လိမ့်မည်!
နန်ယု တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း နံနက် ၇ နာရီ သို့ ရောက်ရှိလာသည်။
အပြင်ဘက်မှ မိုးချုန်းသံများ ရပ်စဲသွားသည်။ အိပ်မပျော်နိုင်သော လူအများအပြားမှာ စွမ်းအင်ပြန်လည်ဖြည့်တင်းရန် တိတ်ဆိတ်စွာ အစာစားလာကြသည်။
အန်းနင်လည်း အလားတူပင်။ အစာစားချင်စိတ် ပျောက်ဆုံးနေသော်လည်း ရေနှင့်အတူ အလွယ်တကူ အစာကြေနိုင်သော အစားအစာ အနည်းငယ်ကို စားသုံးခဲ့သည်။
ဘေးတွင် ရပ်နေသော ဒေါက်တာလော် သူမအား သေချာ စစ်ဆေးပေးပြီး ကလေး၏ တစ်ခါတစ်ရံ ပြင်းထန်သော လှုပ်ရှားမှုများကို ခံစားရသည်။
"အဆင်ပြေသင့်ပါတယ်၊ သခင်မလေး၊ စိတ်တည်ငြိမ်အောင်နေပါ"
အန်းနင် ထိုအချက်အား နားလည်သည်။ သူမ၏ကလေးနှစ်ဦးအတွက်ပင် သူမ ကောင်းမွန်နေရန် လိုအပ်သည်။
ဒေါက်တာလော်အား ခေါ်လာခဲ့ခြင်းမှာ အမှန်တကယ်ပင် ပညာရှိသော ဆုံးဖြတ်ချက်ဖြစ်သည်။
နန်ယု အန်းနင်၏ အခြေအနေအား စိုးရိမ်သောကြောင့် အန္တရာယ်ယူကာ ဤခရီးစဉ်ကို စွန့်စားခဲ့ခြင်း ဖြစ်သည်။ ဤသို့သော အဖြစ်အပျက်မျိုး မည်သူမဆို ကြောက်ရွံ့ကြလိမ့်မည်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုလျှင် ပိုဆိုးပေမည်။
ဆရာဝန်တစ်ဦး ရှိနေခြင်းမှာ အမှန်တကယ် အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ယင်းသည် သူ့ဘာသာသူ စိတ်ချရမှုတစ်ခုဖြစ်သည်။ ယခင်က လူတစ်ဦး ဒဏ်ရာရသောအခါတွင်ပင် မည်သူမျှ ထိတ်လန့်ခြင်းမရှိခဲ့ပေ။
ဒေါက်တာလော်၏ ပညာရှင်ပီသသော၊ တိကျသောထုတ် ဖော်ပြောဆိုမှုကြောင့် ဒဏ်ရာမှာ မစိုးရိမ်ရသည့် အဆင့်သာရှိကြောင်းကို အခိုင်အမာ သိရှိခဲ့ရသည်။ ထိုအခါ စိုးရိမ်ပူပန်နေသူ အားလုံး၏ စိတ်ထဲ၌ သံသယများ ပြေပျောက်၍ စိတ်သက်သာရာ ရရှိသွားကြသည်။
အခြားလူတစ်ဦးဆိုလျှင် ဤသို့သော ရလဒ်မျိုး ရရှိနိုင်မည် မဟုတ်ပေ။
"ဘီ-ဘီပ်--"
ရုတ်တရက် ထွက်ပေါ်လာသော ဖုန်းခေါ်ဆိုသံမှာ လူတိုင်း၏ အနားယူခြင်းအား အနှောင့်အယှက်ပေးလိုက်သည်။
နေရာမှာ အလွန်သေးငယ်သဖြင့် သူတို့ အသံ၏ မူလရင်းမြစ်အား လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။
၎င်းမှာ လီယွမ်မိုဖြစ်သည်။
ဖုန်းလိုင်းပြတ်တောက်ပြီး အပြင်ဘက်နဲ့ လုံးဝအဆက်အ သွယ် မရနိုင်ဘူး မဟုတ်ဘူးလား ?
ဘာလို့ ဒီလူက မတူရတာလဲ?!
လီယွမ်မို ပတ်ဝန်းကျင်မှလူများ၏ အံ့အားသင့်ထိတ်လန့်နေသော မျက်ဝန်းများအောက်တွင်ပင် သူ့ စိတ်ခံစားမှုအား မဖော်ပြသည့် မျက်နှာထားကို ဆက်လက် ထိန်းသိမ်းထားရင်း အခြေအနေအလုံးစုံအား အေးစက်တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ကျွန်တော့်ဖုန်းကို ပြုပြင်ထားတာ"
ဉာဏ်ရည်တု နည်းပညာနယ်ပယ်မှ နည်းပညာခေါင်းဆောင်တစ်ဦးအနေဖြင့် လီယွမ်မို၏ အီလက်ထရွန်နစ် ပစ္စည်းများမှာ အဆင့်မြင့်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့အနက် များစွာကို သူကိုယ်တိုင် ပြုပြင်ထားခြင်း ဖြစ်သည်။
သူ ခဏတာ ခေါင်းငုံ့၍အလုပ်လုပ်နေခဲ့ပြီး နောက်ဆုံးတွင် ဤအချိန်၌ အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။
လီယွမ်မို ခေါ်ဆိုနေသော ဖုန်းမှာ နန်ကျီထံသို့ ဖြစ်သည်။ သူတို့ နံပါတ်များအားကြာမြင့်စွာကတည်းက ဖလှယ်ထားပြီး ဖြစ်သည်။
ဖုန်းသံ နှစ်ချက်ပင် မမြည်မီ ဖုန်းချိတ်ဆက်သွားသည်။
"လီယွမ်မို?! မင်းတို့ အားလုံး ဘယ်လိုလဲ?"
နန်ကျီ၏ အသံတွင် စိုးရိမ်ပူပန်မှု အပြည့်ပါဝင်နေသည်။
"ကျွန်တော်တို့ အဆင်ပြေပါတယ်၊ အားလုံး ဗီလာရဲ့ခိုလှုံရာထဲမှာပါ"
"အစ်ကို၊ အန်းနင်၊ ကလေးတွေနဲ့ ကျွန်မ အားလုံး အဆင်ပြေတယ်"
နန်ကျီ ရင်ဘတ်ပေါ်တွင် လေးလံစွာဖိစီးနေသော နှလုံးသားမှာ နန်ယု အသံအားကြားလိုက်ရသောအခါ ချက်ချင်းစိတ် သက်သာရာရသွားသည်။ သူသည် သူ့ မျက်နှာပေါ်မှ မိုးရေများအား သုတ်လိုက်သည်။
"ခဏလေး သည်းခံဦး၊ လေနဲ့ မိုးတွေငြိမ်သွားပြီ၊ ငါ လှေတစ်စီးလည်း စီစဉ်ပြီးပြီ၊ တစ်နာရီအတွင်းရောက်လာတော့မှာပါ"
ရုတ်တရက်ရရှိလာသော လိုင်းမည်သည့်အချိန်တွင် ပြတ်တောက်သွားမည်ကို မသိသောကြောင့် နန်ကျီ အတိုချုံးပြီး လျင်မြန်စွာ ပြောဆိုရန်ကြိုးစားခဲ့သည်။
"ကောင်းပါပြီ အစ်ကို၊ အစ်ကိုလည်း..."
နန်ယု စကားအနည်းငယ် ထပ်ပြောရန် ဟန်ပြင်လိုက်စဉ် ဖုန်း ရုတ်တရက် တိတ်ဆိတ်သွားသည်။ လျင်မြန်စွာ ဘီပ်သံများဖြင့် အစားထိုးလိုက်သည်။
လိုင်း ပြတ်တောက်သွားပြီ။
သို့သော် ဤမျှနှင့်ပင် လုံလောက်သည်။
ကယ်ဆယ်ရေး နီးကပ်နေပြီဖြစ်ကြောင်း သိရှိလိုက်ရသော ကြောင့် လူတိုင်း၏မျက်နှာမှာ စိတ်သက်သာရာရသော အပြုံးများဖြင့် လင်းလက်သွားသည်။ အဆုံးမရှိသောစောင့် ဆိုင်းမှုမှာ ရုတ်တရက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
နန်ယု လီယွမ်မိုအား လက်မထောင်ပြလိုက်သည်။
"တော်လိုက်တာ၊ အစ်ကို!"
သူမ စကားပြောပြီးသည်နှင့် ဖေးယွင်ကျင်းသည်လည်း ဩဘာပေးရန်အတွက် ရှေ့မှ ဦးဆောင်ပါဝင် လိုက်သည်။
"ရှောင်ပိုင်ကောကောက အရမ်းမိုက်တယ်နော်~"
ဖြောင်း၊ ဖြောင်း၊ ဖြောင်း—
လူတိုင်း တစ်ပြိုင်နက် လက်ခုပ်တီးလိုက်ကြသည်။ အသံမှာ မကျယ်လောင်သော်လည်း အလွန်ညီညာသည်။ ရယ်စရာ ကောင်းသော လူအချို့မှ ဖေးယွင်ကျင်း၏အသံကိုပင် အတုယူ၍ "ရှောင်ပိုင်~ကော~ အရမ်းမိုက်တယ်နော်~" ဟု စနောက်နေကြသည်။
လီယွမ်မို: "..."
သူ့မျက်ခုံးများမှာ ယင်ကောင်နှစ်ကောင်ကို သတ်နိုင်လောက်အောင် ကျုံ့နေသည်။
ဤအချိန်မျိုးသာ မဟုတ်ပါက လီယွမ်မို မျက်လုံးများဖြင့်ပင် သတ်ပစ်လိမ့်မည်ဟု နန်ယု သံသယမရှိပေ။
တစ်နာရီသည် မြန်သည်ဟုမဆိုနိုင်သော်လည်း၊ မနှေးလှပေ။
ငါးဆယ့်နှစ်မိနစ်ခန့် ကြာပြီးနောက် နားပါးသူ နန်ယု ပထမဆုံးအကြိမ် အော်ခေါ်သံအားကြားလိုက်ရသည်။
"အကူအညီ ရောက်လာပြီ!"
ချက်ချင်းပင် လူတိုင်း၏ စိတ်ဓာတ်များ မြင့်တက်လာသည်။
နန်ယု၏ ချက်ချင်းအသိပေးမှုကြောင့် ကျွမ်းကျင်သော ကယ်ဆယ်ရေးသမားများမှာ ပိတ်မိနေသူများ၏ တိကျသောတည်နေရာအား လျင်မြန်စွာ သိရှိခဲ့သည်။
အတွေ့အကြုံရှိသူများဖြစ်၍ ဒုတိယအကြိမ် ပြိုကျမှုထပ်မဖြစ်စေရန် ကျောက်တုံးများနှင့် ဘိလပ်မြေများအား ဖြည်း ဖြည်းချင်း ရွှေ့ဖယ်ခဲ့ကြသည်။ ဤအချိန်တွင် အလျင်စလို လုပ်စရာ မလိုတော့ပေ။
လူတိုင်း ဤနေရာတွင် ရောက်နေပြီဖြစ်၍ ထပ်မံအလျင်စလို လုပ်ရန် မလိုအပ်တော့ပေ။ ဘေးကင်းရေးမှာ အဓိကဖြစ် သည်။
မကြာမီ သဘာဝအလင်းရောင်တစ်ခု အခန်းထဲသို့ ဖြာကျလာသည်။
"မင်းတို့ အခြေအနေ ဘယ်လို...?"
"ကျွန်တော်တို့ အားလုံးအဆင်ပြေပါတယ်!"
ဤသို့သော ရုတ်တရက် ငလျင်လှုပ်ပြီးနောက်တွင် လူတိုင်းသည် ဘိုးဘွားများအား ဆက်လက် အသက်ရှင်သန်ခွင့်ပေးသောကြောင့် နံ့သာပေါင်းရှို့၍ ကျေးဇူးတင်ချင်စိတ် ဖြစ်ပေါ်နေကြသည်။
နာရီဝက်ကြာပြီးနောက် ပိတ်မိနေသူများအား တဖြည်းဖြည်း ကယ်ဆယ်နိုင်ခဲ့သည်။
အန်းနင် ပထမဆုံး ကယ်ဆယ်ခံရသူဖြစ်သည်။ မြေအောက်ခန်းမှ ထွက်လာသည်နှင့် ချက်ချင်းပင် ထမ်းစင်ပေါ်သို့ တင်လိုက်သည်။ နန်ကျီ သူမ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး "ဟန်နီ" ဟု ခေါ်လိုက်သည်။
ထိုလူကြီးမှာ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
"ကျွန်မ အဆင်ပြေတယ်၊ ရီရန်နဲ့ ယုယု ကို အရင်သွားကြည့် လိုက်ဦး"
အန်းနင် အဆင်ပြေနေသည်အား မြင်သောအခါ နန်ကျီ အန်းရီရန် ဘက်သို့ လှည့်ကြည့်သည်။ သူလည်း အဆင်ပြေနေ သည်ကို မြင်ရသောအခါ နန်ကျီ ပြုံးရွှင်စွာဖြင့် "တော်တယ်၊ သား!" ဟု ပြောလိုက်သည်။
အန်းရီရန် မာနထောင်လွှားစွာပြုံးလိုက်သည်။
"ကျွန်တော် မေမေ့ကို သေချာပေါက် ကာကွယ်ပေးမှာပါ"
ထိုအချိန်တွင် နန်ယုနှင့် ဖေးယီကျန့်လည်း ထွက်လာခဲ့သည်။
နန်ယု ကျန်းထောင် အမည်ရှိ ထိုလူအား ပေါ့ပေါ့ပါးပါး ပွေ့ချီလာပြီး အနီးရှိကိုယ်ရံတော်များထံလွှဲအပ်လိုက်သည်။ အပြင် ရောက်သောအခါ သူ့အား တုပ်နှောင်ထားလျှင် တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု ဖြစ်မည်။
သူမ ကျန်းထောင်၏ ခြေထောက်အား ဖြေပေးလိုက်သော် လည်း အန္တရာယ်ရှိသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်စေရန် လက်ကိုတော့ ချည်ထားဆဲဖြစ်သည်။
ကျန်းထောင် ယခင်က ရာဇဝတ်မှု ကျူးလွန်ထားခြင်း မရှိသောကြောင့် သူသည် ချက်ချင်း လွတ်မြောက်လာနိုင်ဖွယ်ရှိသည်။ သို့သော် နန်ယု သူနှင့် ပတ်သက်၍ အခြေအနေအမှန်အားသိရှိရန် သေချာစုံစမ်းစစ်ဆေးခိုင်းမည်။
နန်ယု ချက်ချင်းထွက်မသွားဘဲ မြေပြင်သို့ ကိုင်းညွတ်ကာ မထွက်ရသေးသော အခြားသူများအား ဆွဲထုတ်ပေးခဲ့သည်။ သူတို့အားလုံး စောစောထွက်နိုင်လေ၊ စိတ်အေးချမ်းသာမှုရှိလေ ဖြစ်သည်။
ဖေးယီကျန့်နှင့် လီယွမ်မိုတို့လည်း ကူညီခဲ့သည်။
ဖေးယွင်ကျင်း လီရီပိုင်ဘက်သို့ လိုက်သွားပြီး နန်ကျီထံသို့ ရောက်ရှိလာသည်။ ကျန်းထောင်သည်လည်း ကိုယ်ရံတော်များနှင့်အတူ လိုက်ပါလာသည်။ နန်ယု သူတို့အား သူ့ကို စောင့်ကြည့်ရန် ညွှန်ကြားထားပြီး ကိုယ်ရံတော်များကလည်း လိုက်နာသည်။
သို့သော် ထိုအချိန်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပွားခဲ့သည်။
ကျန်းထောင် သူ့ခန္ဓာကိုယ်ဖြင့် ကိုယ်ရံတော်များအား ရုတ် တရက် တွန်းဖယ်လိုက်ပြီး အန်းနင် လဲလျောင်းနေသော ထမ်းစင်ဘက်သို့ မရပ်မနား တဟုန်ထိုးပြေးသွားသည်။
အန်းနင်သာ ဤအချိန်တွင် လဲကျသွားပါက အန္တရာယ်ကျရောက်မည် ဖြစ်သည်။
နန်ကျီ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ သူ ထမ်းစင်၏ တစ်ဖက်ခြမ်းတွင် ရှိနေသောကြောင့် အချိန်မီ မရောက်နိုင်ပေ။
"မလုပ်နဲ့!!!"
နန်ယု နောက်သို့ လှည့်လိုက်သည်။
ဒိုင်း—
ကိုယ်ခန္ဓာလဲကျသွားသောအသံ။ အန်းနင် မဟုတ်ပေ။
၎င်းမှာ ကျန်းထောင်... နှင့် ဖေးယွင်ကျင်း ဖြစ်သည်။
"ရှောင်ကျင်း!"
"ရှောင်ကျင်း၊ ဘယ်လိုနေလဲ ?"
ထိုအရေးကြီးသော အခိုက်အတန့်တွင် ဖေးယွင်ကျင်း မည်သည့်နေရာမှ ရောက်လာသည်ကို မည်သူမျှ မသိလိုက်ရပေ။
သူသည် အမြောက်ဆံငယ် တစ်လုံးပမာကျန်းထောင်၏ ဝမ်းဗိုက်အား သူ့ခေါင်းဖြင့် ဝင်တိုက်လိုက်သည်။ ရွေ့လျားအား၏ သက်ရောက်မှုကြောင့် ထိုနှစ်ဦးမှာ ဆန့်ကျင်ဘက်သို့ လဲကျသွားကြသည်။
ဖေးယွင်ကျင်း အလွန်သေးငယ်ပြီး ပေါ့ပါးသဖြင့် တိုတောင်းသော အကွာအဝေးသို့ပင် လွင့်ထွက်သွားခဲ့သည်။
"ကျွန်တော် အဆင်ပြေပါတယ်!"
ဖေးယွင်ကျင်း သူ၏ပွန်းပဲ့နေသော လက်များနှင့် နာကျင်နေသော ခန္ဓာကိုယ်အား ဂရုမစိုက်ဘဲပြေးလာသော နန်ယုကို တောက်ပသော အပြုံးတစ်ခုပြုံးပြလိုက်သည်။
"ရှောင်ကျင်းလည်း လူတိုင်းကိုကာကွယ်နိုင်တယ်!"