အခန်း (၉၉)
Vol. 11 Ch. 99
ဖေးယီကျန့် နန်ယု၏အိမ်နီးနားချင်းအဖြစ် ပြောင်းလာပြီးနောက်တွင် နန်ကျီသည်လည်း ခွေးတစ်ကောင်လို အလျင်စ လိုပြေးလွှားပြီး အချိန်ပိုဆင်းကာအလုပ်လုပ်ခဲ့ရသည်။ နောက်ဆုံးတွင် နန်ယု နောက်ဘက်ရှိ အိမ်ကြီးသို့ပြောင်းရွှေ့နေထိုင်နိုင်ခဲ့သည်။
ပြောင်းရွှေ့သည့်နေ့၌ ခမ်းနားသောအိမ်တက်ပွဲကို ကျင်းပခဲ့ပြီး ဧည့်သည်များစွာကိုဖိတ်ကြားခဲ့သည်။ ဖိတ်ကြားခံရသူ များထဲတွင် လီရိပိုင်တို့ညီအစ်ကိုနှင့် ဖေးယီကျန့်တို့လည်း ပါဝင်သည်။
နန်ကျီ ဗီလာအပြင်အဆင်မှာ နန်ယုနှင့် ဖေးယီကျန့်တို့၏ အိမ်များနှင့်ကွဲပြားသည်။ ပုံစံက ပိုပြီး... မင်းသမီးနန်းတော်နှင့်ဆင်တူနေသည်။
အထူးသဖြင့် ကျယ်ဝန်းသောဥယျာဉ်အား ကလေးများအ တွက် ကစားကွင်းများ၊ အရုပ်များ၊ လျှောစီးကစားကရိယာများ၊ ဒန်းများနှင့် သဲပုံးများအစရှိသည်တို့ဖြင့် ကောင်းစွာ ပြင်ဆင်ထားသည်။ ကလေးများမှာ ယင်းနေရာအား အလွန်နှစ်သက်ကြသည်။ သူတို့ မွေးလာမည့် ညီမလေးကိုပါခေါ်လာရန် ကတိပေးခဲ့ကြသည်။ နန်ကျီသည် ချစ်ခင်တွယ်တာ သော အစ်ကိုတစ်ဦးကဲ့သို့ပင် ပီပီပြင်ပြင်ပြုမူခဲ့သည်။
ထို့နောက် နန်ယု ဖေးယီကျန့်အား အန်းရီရန်ကိုကြည့်ရှုပေးရန်တောင်းဆိုခဲ့သည်။ အိုး... မဟုတ်ဘူး၊ အခုတော့ သူ့နာမည်က နန်ရီရန်ဖြစ်နေပါပြီ။
ဖေးယီကျန့် နန်ယုအား အာမခံလိုက်သည်— နန်ရီရန် ခေါင်းပေါ်ရှိ စာလုံးများပျောက်ကွယ်သွားရုံသာမက၊ နန်ကျီခေါင်းပေါ်ရှိစာလုံးများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
သို့သော် အန်းနင်ခေါင်းပေါ်တွင်မူ မှေးမှိန်သော အရာတစ်ခုကျန်ရှိနေသေးသည်။ သေခြင်းတရား၏အနားသတ်အား ကျော်လွှားရန်မှာ တကယ်တမ်းခက်ခဲနေဆဲပင်။
"မျိုးရိုးနာမည်ပြောင်းလိုက်တဲ့ စွမ်းအားကြောင့်များလား ?"
နန်ယု ဒုတိယဇာတ်ဆောင်အမျိုးသား သူ့ကံကြမ္မာမှ ဤမျှ လွယ်ကူစွာ လွတ်မြောက်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ ထိုသို့ဖြစ်မြောက်ရန်အတွက် နောက်ထပ်အကြိမ်အနည်းငယ် (သို့မဟုတ်) အချိန်အနည်းငယ်ကြာဦးမည်ဟု ထင်ခဲ့မိသည်။
သူမ နန်ကျီနှင့် အန်းနင်တို့အားသဲလွန်စပေးသည့်အနေဖြင့် မေးမြန်းခဲ့သေးသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အထူးပျော်ရွှင်ခဲ့သော အခိုက်အတန့်များ၊ အကြောင်းပြချက် မရှိပျော်ရွှင်ခြင်းများ၊ သို့မဟုတ် ရိုးရှင်းစွာစိတ်သက်သာရာရခြင်းများ ရှိခဲ့ပါသလားဟု သူမ မေးမြန်းခဲ့သည်။
သို့သော်လည်း...
နန်ကျီ: "မကြာခဏပဲ၊ နင်တို့ မြေငလျင်ကနေ ဘေးမသီရန်မခပြန်ရောက်လာပြီးကတည်းက ငါ သြချလောက်အောင်ပျော်နေတာ၊ ပျော်ဖို့အတွက် အကြောင်းပြချက် ဘာလိုဦးမှာလဲ ?"
နန်ရီရန်: "ကျွန်တော်တော့ မသိဘူး ဒါပေမဲ့ ဒီရက်ပိုင်း ကျွန် တော် တကယ်ပျော်နေတာ၊ အထူးသဖြင့် ညီမလေး ကျွန်တော့်ကိုတုံ့ပြန်လာတဲ့အချိန်ကစပြီးပေါ့၊ အန်တီ တစ်ခုခုမှားနေလို့လား?"
နန်ယု: "....မဟုတ်ပါဘူး၊ မင်းတို့ ပျော်နေသရွေ့အဆင်ပြေပါတယ်"
သူတို့ဆီကနေထပ်ပြီး သိစရာဘာမှမရှိတော့ဘူးဟုထင်ရသည်။
"မဟုတ်ဘူး၊ မျိုးရိုးနာမည်ပြောင်းတာက ပုံမှန်လုပ်ထုံးလုပ် နည်းတစ်ခုသက်သက်ပဲ"
ဖေးယီကျန့်တွင် သူ့ကိုယ်ပိုင် ထင်မြင်ချက်ရှိသည်။
"အရေးအကြီးဆုံးကတော့ သူတို့ ဖခင်နဲ့သားကြားက စိတ်ထဲမှာရှိတဲ့ အထုံးအဖွဲ့ လုံးဝဖြေရှင်းပြီးသွားတာပဲ"
ဆိုလိုသည်မှာ နောက်ပိုင်း ဘာတွေပဲဆက်ဖြစ်လာပါစေ နန်ရီရန် သူ့ဖခင်အား ဘယ်တော့မှ ပြန်မသတ်တော့ဘဲ နန်ကျီကို အမှန်တကယ် လက်ခံလိုက်ပြီဟုဆိုလိုခြင်းဖြစ်သည်။
ရှင်းရှင်းလင်းလင်း ပြောရလျှင် နောက်ဆုံးတွင် အန်းနင် အသက်တိုပြီး သေဆုံးသွားခဲ့လျှင်ပင် နန်ရီရန် စာအုပ်ထဲတွင် ဖော်ပြထားသည့် လမ်းကြောင်းအတိုင်းလိုက်လျှောက်မည်မဟုတ်တော့ပေ။ သူနှင့် နန်ကျီ ဆက်လက်၍ ဖခင်နှင့်သား၊ အချင်းချင်း အားကိုးရာဖြစ်နေဦးမည်သာ။
ဤအရာသည် ကံကြမ္မာမှလွတ်မြောက်ရခြင်း၏အမှန်တကယ် အကြောင်းရင်းပင်။
တစ်နည်းအားဖြင့်ဆိုသော် နန်ယု၏ ကြာရှည်စွာ စိုးရိမ်ပူပန်ခဲ့ရသော ကိစ္စများမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီ။ နန်ကျီနှင့် နန်ရီရန်တို့သည်လည်း အပြီးသတ် ပြန်လည်သင့်မြတ်သွားခဲ့ပြီဖြစ်သည်။
"နန်ယု၊ ယွင်ကျင်းကိုလည်း မျိုးရိုးနာမည်ပြောင်းပေးဖို့စဉ်း စားဖူးလား?"
နန်ယု၏ရွှင်လန်းသောအပြုံးကို မြင်သောအခါ ဖေးယီကျန့် အခြားမေးခွန်းတစ်ခုအား မေးလာသည်။
"ဟင် ?"
နန်ယု ကြက်သေသေသွားသည်။
"မျိုးရိုးနာမည်ပြောင်းတာက ပုံမှန်လုပ်ထုံးလုပ်နည်းသက် သက်ပဲလို့ ရှင် ခုနကပြောခဲ့တာ မဟုတ်ဘူးလား ?"
ဖေးယွင်ကျင်း ? နန်ယွင်ကျင်း ? နာမည်နှစ်ခုစလုံးက တော် တော်လေး နားထောင်လို့ကောင်းနေသည်။
နန်ယု ရှောင်ကျင်း ဖေးမိသားစုအား မနှစ်သက်ကြောင်း သိထားသည်။ သို့သော် ထိုမပျော်ရွှင်သော အတိတ်အား သူ စွဲမြဲနေစေလိုခြင်း မရှိပေ။ မျိုးရိုးနာမည်ပြောင်းခြင်းမှာ ရိုးရှင်းသော်လည်း သူ အမှန်တကယ် စိတ်လွှတ်လိုက်ပြီဟုမဆိုလိုပေ။
သူမ ဖေးယွင်ကျင်း အမှန်တကယ် ရှေ့ဆက်နိုင်ရန်သာမျှော် လင့်သည်။
"ဒါပေမဲ့... အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့"
ဖေးယီကျန့် ဥယျာဉ်ထဲတွင် သူ့သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာကစားနေသည့် ဖေးယွင်ကျင်းအား ကြည့်လိုက်ရာ သူ့ မျက်ဝန်းများထဲ အပြုံးတစ်ချက် လင်းလက်သွားသည်။
"ဒါ့အပြင်၊ သူလည်း မင်းရဲ့မျိုးရိုးနာမည်ကို ခံယူချင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
သူ့ကိုယ် သူ အတွက်ရော ?
ဖေးယီကျန့် မျိုးရိုးနာမည်အား အမွေဆက်ခံခြင်း၏အခြေခံအဖြစ် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။ ဖေးမျိုးရိုးနာမည်ခံယူသူများ များစွာ ရှိနေသဖြင့် သူ နောက်ထပ် မလိုအပ်သောသူတစ်ဦးကို ထပ်ထည့်ပေးရန်မလိုပေ။ ရာစုနှစ်များစွာ ကြာပြီးနောက် ဖေးမိသားစုအား မည်သူက မှတ်မိနေဦးမည်နည်း ? ဖေးယီကျန့်သေပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် ဤကိစ္စရပ်များအား ဘယ်သောအခါမှဂရုစိုက်ခဲ့ခြင်းမရှိပေ။
"ကောင်းပြီလေ၊ ဒါဆို ရှောင်ကျင်းကို ပြန်ရောက်ရင်မေးကြည့်လိုက်မယ်"
နန်ယု ဖေးယီကျန့် အကြည့်အတိုင်း ဥယျာဉ်တွင်းလှုပ်ရှား မှုအားသတိပြုလိုက်သည်။
"ဖေးယီကျန့် မကြာခင် ရောက်တော့မယ်"
ဒုတိယဇာတ်ဆောင်အမျိုးသားပင်လျှင် ကံကြမ္မာမှလွတ် မြောက်ခဲ့ပြီ ဖြစ်သည်။ ယင်းက ကံကြမ္မာမည်မျှပျက်စီးလွယ်သည်ကို ပြသနေသည်။ သူတို့ မကြာမီ စစ်မှန်သော "လွတ်လပ်ခြင်း" အား ရရှိတော့မည်။
နောက်တစ်ခဏတွင် သူတို့ သေဆုံးသွားခဲ့လျှင်ပင် ၎င်းမှာ လွတ်လပ်မှုအတွက်ဖြစ်ပြီး စာအုပ်ထဲမှ ကိရိယာတစ်ခုအဖြစ်တန်ဖိုးမဲ့စွာ သေဆုံးခြင်းမျိုး မဟုတ်တော့ပေ။
"ဟုတ်တယ်၊ မကြာခင် ရောက်တော့မယ်"
ဖေးယီကျန့် သူ့အကြည့်အား ပြန်ရုပ်သိမ်းလိုက်ပြီး ဘေးနားမှ နန်ယု၏ဘေးတိုက်ပုံရိပ်ပေါ်တွင် စိုက်ကြည့်လိုက်သည်။ သူမအား သေသေချာချာ စစ်ဆေးကြည့်ရှုနေစရာမလိုဘဲပင် ထိုအချိန်တွင် နန်ယုမျက်နှာအမူအရာအား သူ စိတ်ကူးဖြင့် မြင်ယောင်နိုင်ခဲ့သည်။
၎င်းမှာ ပျော်ရွှင်မှု၊ ပေါ့ပေါ့ပါးပါး ဂရုမစိုက်မှုနှင့် ဆုံးဖြတ် ချက်ခိုင်မာမှုတို့ ရောယှက်နေသော ခံစားချက်ဖြစ်ရမည်။ လောကကြီးတွင် မည်သည့် အခက်အခဲကမျှ သူမအားတုန် လှုပ်စေနိုင်မည် မဟုတ်ဟူသော ခံစားချက်မျိုး ဖြစ်သည်။
ဤသူမှာ နန်ယု၊ တစ်ဦးတည်းသော နန်ယုပင်။
ဖေးယီကျန့် သူ့အား အနှစ်နှစ်ဆယ်ကျော်နှိပ်စက်ခဲ့သော ကံကြမ္မာသည် တစ်နေ့တွင် ဤအခြေအနေသို့ ရောက်ရှိလာမည်၊ သူ့မျက်စိရှေ့တွင် ကံကြမ္မာအရှုံးပေးခြင်းအား မြင်တွေ့ရမည်ဟု ဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။
"နန်ယု"
"အင်း"
"အဲဒီနေ့ရောက်ရင် မင်း ဘာလုပ်မှာလဲ?"
နန်ယု သုံးစက္ကန့်ခန့် စဉ်းစားလိုက်သည်။
"မသိဘူး၊ တစ်ခုခု သွားသောက်ဖြစ်မလား မသိဘူး"
သူမ အရက်မသောက်နိုင်သူ ဖြစ်သည်။ သို့သော် ထိုသို့သော ရှားပါးပျော်ရွှင်ချိန်တွင် အရက်တစ်ခွက်သောက်ပြီး မူးယစ်ခြင်း အရသာအားခံစားကြည့်ခြင်းမှာ ကောင်းမွန်ပေသည်။
"အတူတူ သောက်မလား ? ကျွန်တော့်မှာ ကောင်းတဲ့ဝိုင်နည်းနည်းရှိတယ်"
"ရတာပေါ့၊ ဒါပေမဲ့ မမူးအောင်တော့ သတိထားရမယ်"
"မဖြစ်လောက်ဘူး ထင်တယ်နော် ?"
"ဟား ဟား ဟား ~"
နန်ယု နောက်တစ်နေ့တွင် ဖေးယွင်ကျင်း သဘောထားအား မေးမြန်းခဲ့သည်။ သို့သော် သူမ အံ့သြစရာကောင်းလောက်အောင်ပင် ကလေးကငြင်းဆန်ခဲ့သည်။
"အန်တီ၊ ဘာကြောင့်လဲဆိုတာ ကျွန်တော် မေးလို့ရမလား?"
နန်ယု ဖေးယွင်ကျင်း၏မျိုးရိုးနာမည် ဘာဖြစ်သည်ကို ဂရုမစိုက်ပေ။ ၎င်းမှာ အဓိပ္ပာယ်မရှိသော စာလုံးတစ်လုံးသာဖြစ် သည်။ သူမ ဖေးယွင်ကျင်း မျိုးရိုးနာမည်ပြောင်းခဲ့လျှင်ပင် သူ့ကံကြမ္မာအား ကြီးမားသော ထိုးနှက်ချက်ဖြစ်မည်မဟုတ်ဟုလည်း ခံစားမိသည်။ သူတို့နှစ်ဦးကြား မည်သည့်ရန်ငြိုးမှ မရှိတော့ပေ။
သို့သော်လည်း နန်ယု ဖေးယွင်ကျင်းအား ဖေးမျိုးရိုးနာမည်ကြောင့် ကျောင်းတွင် လှောင်ပြောင်ခံရမည်ကို စိုးရိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖေးမိသားစုအား ပြင်ပလူများမှ ဒေဝါလီခံနေသည်ဟု ယူဆကြသည်။ သူ့မျိုးရိုးနာမည်အား နန်အဖြစ်ပြောင်းလဲခဲ့လျှင် အနည်းဆုံး ထိုမာနကြီးသော လူများ ဖေးယွင်ကျင်းအား နန်မိသားစုမှကာကွယ်ထားပြီး အသိအမှတ်ပြုထားကြောင်း နားလည်သွားကြမည်ဖြစ် သည်။
ကလေးသူငယ်များ၏ကမ္ဘာမှာ ရက်စက်တတ်သည်။ အထူး သဖြင့် ဖေးယွင်ကျင်း တက်ရောက်မည့် မူလတန်းကျောင်းမျိုးတွင် ကျောင်းသားများမှာ ချမ်းသာသူများ သို့မဟုတ် အခွင့်ထူးခံများသာရှိပြီး၊ သူတို့ လူကြီးများ၏မကောင်း သောအကျင့်အချို့အား ကူးစက်ယူထားကြသည်။
ဖေးယွင်ကျင်း ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သော်ငြား နန်ယု ထိုအတွေ့အကြုံမျိုးအား ခံစားစေလိုခြင်းမရှိပေ။
ထို့အပြင် ဖေးယီကျန့် ပြောခဲ့သည့်အတိုင်း ကောင်လေးမှာ သူမမျိုးရိုးနာမည်အား ယူချင်လိမ့်မည်ဟု သူ ယူဆခဲ့သည်။
ဒါဆို သူ ဘာလို့ငြင်းဆန်ခဲ့ရတာလဲ ?
သူမ ဖေးယွင်ကျင်း ဖေးမိသားစုအားမုန်းတီးပြီး ထိုမျိုးရိုးနာမည်အပေါ် မည်သည့်တွယ်တာမှုမှမရှိဟု ယူဆထားသည်။
"အန်တီက သားကို မျိုးရိုးနာမည်အတင်းအကျပ်ပြောင်းခိုင်းတာ မဟုတ်ပါဘူး၊ အန်တီ ရိုးရိုးလေးသိချင်ရုံပါ"
နန်ယု ကလေး စိတ်ထဲ လွန်လွန်ကျူးကျူးတွေးပူသွားမည်ကို စိုးရိမ်သဖြင့် ဖြည့်စွက်ပြောကြားလိုက်သည်။
"ကျွန်တော် သိပါတယ်"
ဖေးယွင်ကျင်း ပြုံးကာ ခေါင်းညိတ်သည်။
"ဘာလို့လဲဆိုတော့ အန်တီရဲ့အနာဂတ် ကလေးငယ်တွေနဲ့ ကျွန်တော် မပြိုင်ချင်လို့ပါ"
"အနာဂတ်... ကလေးငယ်တွေ?"
နန်ယု ဖေးယွင်ကျင်း ဤမျှဝေးကွာသောအကြောင်းအရာအား စဉ်းစားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဘယ်သူက သားကို ဒါတွေ ပြောပြထားတာလဲ ?"
ထိုကိစ္စမှာ ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများနှင့် ဆက်စပ်နေပြီ မဟုတ်ပါလား? ငါးနှစ်အရွယ်ကလေးတစ်ဦး စဉ်းစားသင့်သည့် အရာမျိုးလား? ဒါမှမဟုတ် တစ်စုံတစ်ယောက်က ဖေးယွင်ကျင်းရှေ့မှာ အတင်းအဖျင်းတွေပြန်ပြောနေပြန်ပြီလား?
"ဘယ်သူမှ မပြောပါဘူး"
ဖေးယွင်ကျင်း ခေါင်းခါသည်။
"ဒါပေမဲ့ ကျွန်တော် သိပါတယ်"
"နောင်ကျ အန့်တီမှာကလေးလေးရှိလာခဲ့ရင်၊ ကျွန်တော် အန်တီဆီက ဘာကိုမှယူမှာမဟုတ်ဘူး၊ အကုန်လုံး ကလေးလေးကိုပဲ ပေးလိုက်ပါ"
ဥပဒေအရ ပြောရလျှင် ဖေးယွင်ကျင်းတွင် အမွေဆက်ခံခွင့် ရှိပါသည်။ အကယ်၍ သူက နန်မျိုးရိုးနာမည်အားပြောင်းလိုက်ပါက အချို့သောသူများမှာ အမှန်ပင် လွန်လွန်ကျူးကျူးတွေးကြလိမ့်မည်ကို နန်ယု စိုးရိမ်မိသည်။
ဖေးယွင်ကျင်း ထိုမျှလောက် အသေးစိတ် မတွေးထားသော် လည်း ရှုယီကျစ်နှင့် အခြားသူများဆီမှ သူ နားလည်ထား သည်မှာ သူ့အန်တီမိသားစုကဲ့သို့ မိသားစုများတွင် ပိုင်ဆိုင်မှုခွဲဝေခြင်းမှာ အဓိကနှင့် အရေးကြီးသောကိစ္စ ဖြစ်သည်။ အန်တီ သူ့အပေါ် ဒီလောက် ကောင်းကောင်းမွန်မွန်ပြုစုစောင့် ရှောက်ပြီးပြီ၊ ဒါကြောင့် အန်တီ့ကလေးရဲ့ပစ္စည်းတွေကို သူ ဘယ်လိုလုပ် ခိုးယူနိုင်မှာလဲ ?
"ဒါ့အပြင် ရှောင်ကျင်းက ဖေးမျိုးရိုးနာမည်ကို တကယ်ဂရုမစိုက်ပါဘူး"
ဖေးယွင်ကျင်း နူးညံ့စွာပြုံးလိုက်သည်။
"နာမည်တစ်ခုက ခေါင်းစဉ်တစ်ခုသက်သက်ပါပဲ၊အရေးကြီး ဆုံးက ကျွန်တော် ဘယ်လိုလူလဲ ဆိုတာပါပဲ"
ကလေးတစ်ဦးမှ ထိုသို့သော သစ္စာတရားအား ဖော်ပြနိုင်ခြင်းကြောင့် နန်ယု အမှန်တကယ် အံ့အားသင့်ခဲ့ရသော်လည်း အနည်းငယ် ဝမ်းနည်းမိခဲ့သည်။
"ရှောင်ကျင်း အန်တီမှာ ကလေးလေးတွေ နောက်ထပ်မရှိတော့ဘူး"
သူ ကလေးယူရန် တစ်ခါမှ မမျှော်လင့်ခဲ့သလို၊ ကိုယ်ဝန် ဆောင်ခြင်း၏ ပင်ပန်းဆင်းရဲမှုများကိုလည်း မခံစားလိုပေ။ ၎င်းအား အတ္တကြီးသည် သို့မဟုတ် အေးစက်သည်ဟု ပြော ဆိုနိုင်သော်လည်း နန်ယု ပျော်ရွှင်စွာနေလိုရုံသာဖြစ်သည်။
ဖေးယွင်ကျင်းအား ပြုစုပျိုးထောင်ခြင်းမှာ လုံးဝမတော်တ ဆဖြစ်ခဲ့ရသည်။ သူမ စစချင်းကပင် ကလေးအားပြုစုပျိုး ထောင်ရန် စဉ်းစားခဲ့ခြင်း မရှိပေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤကလေးငယ်မှာ အလွန်ချစ်စရာကောင်းပြီး စိုးရိမ်ပူပန်မှုကင်းမဲ့နေတာကြောင့်သာ အခုလို အခြေအနေရောက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် နန်ယု နောက်ထပ် ကလေးတစ်ဦးအား ဘယ်လိုဖြစ် လာမယ်မှန်းမသိဘဲ အစကနေပြုစုပျိုးထောင်ရန် အချိန်မရှိဟုဆိုသည်။
"ဒါပေမဲ့ သား ဒီလိုတွေးတဲ့အတွက် အန်တီ လက်ခံပါတယ်"
နန်ယု ကလေးငယ်၏ချောမွေ့နက်မှောင်သော ဆံပင်အား ပွတ်သပ်လိုက်သည်။
"ကျောင်းမှာ တစ်ယောက်ယောက်က လာပြီး အနိုင်ကျင့်ရင် မကြောက်နဲ့၊ အန်တီ သင်ထားတဲ့ နည်းလမ်းတွေနဲ့ ပြန်တိုက် ခိုက်လိုက်၊ ကျန်တာ အကုန်လုံးကို အန်တီ တာဝန်ယူမယ်"
"ဟုတ်"
ဖေးယွင်ကျင်း လက်သီးဆုပ်အား ဝှေ့ယမ်းပြကာ နန်ယုစကားကို သေချာပေါက် နားထောင်မည်ဖြစ်ကြောင်းပြသလိုက်သည်။
ထိုအတောအတွင်း ဖေးယီကျန့် ဖေးယွင်ကျင်းအား "ကျူရှင်သင်ပေးရန်" ရောက်ရှိလာသည်။
သူ ဖေးယွင်ကျင်း၏ခေါင်းထိပ်အား သဘာဝအတိုင်း တစ်ချက်ကြည့်လိုက်ပြီး "မင်း ခုနက ဘာပြောလိုက်တာလဲ ?" ဟု မေးလိုက်သည်။ နန်ယု တစ်ခုခုပြောင်းလဲသွားပြီကို သိလိုက်သည်။ သူမ ဖေးယွင်ကျင်းအား ပြင်ဆင်ရန်အပေါ်ထပ်သို့ လွှတ်လိုက်ပြီးနောက် ဖေးယီကျန့်ကို စာကြည့်ခန်းသို့ခေါ်သွားခဲ့သည်။
နန်ယု သူတို့၏စကားပြောဆိုမှုများအား ပြန်လည်ပြောပြလိုက်သည်။
ဖေးယီကျန့် ပြုံးလိုက်သည်။
"အမျိုးသားဇာတ်လိုက်ဖြစ်ထိုက်သူပါပဲ၊ သူ့ စိတ်ဓာတ်က တကယ်ကို ထူးခြားတယ်"
"ဟုတ်တယ်၊ ကျွန်မက သူ ဖေးမိသားစုကိုရန်ငြိုးထားနေတုန်းပဲလို့ ထင်ခဲ့တာ ဒါပေမဲ့ အခုတော့ ကျွန်မတို့ လူကြီးတွေ စိုးရိမ်လွန်နေတာမှန်း သိလိုက်ရတယ်"
ဖေးယွင်ကျင်းမှာ နန်ယု ထင်ထားသည်ထက်ပင် ပိုမိုပါရမီပါ သည်။ သူ့လိုကလေးမျိုးမှာ ပိုမိုတောက်ပသောအနာဂတ်အား ရရှိသင့်သည်။
"ဒါပေမဲ့ နန်ယု၊ မင်း အနာဂတ်မှာ လက်ထပ်ပြီးကလေးယူဖို့ မစဉ်းစားတော့ဘူးလား ?"
ဖေးယီကျန့် နန်ယု၏အရေးကြီးသော အချက်အလက်များကိုလျင်မြန်စွာဖမ်းယူနိုင်သော ထူးခြားသည့်စွမ်းရည်အား တစ်နည်းနည်းဖြင့် ကျွမ်းကျင်ပိုင်နိုင်သွားကာ လျင်မြန်စွာ မေးခွန်းထုတ်လိုက်သည်။
ကံကောင်းစွာဖြင့် ဤမေးခွန်းအတွက် နန်ယုတွင် စံသတ် မှတ်ထားသော အဖြေရှိနှင့်ပြီးသားဖြစ်သည်။
"ဟုတ်တယ်၊ ကျွန်မ လက်ထပ်မှာမဟုတ်သလို ကလေးလည်း ယူမှာမဟုတ်ဘူး၊ ကျွန်မရဲ့ အနာဂတ်ပိုင်ဆိုင်မှုတစ် ဝက်ကို ရှောင်ကျင်းကိုပေးမယ် ကျန်တစ်ဝက်ကိုလှူမယ်"
"ကျွန်မ ဒါကို လွန်ခဲ့တဲ့နှစ်ရက်လောက်က မိဘတွေနဲ့ ဆွေး နွေးပြီးသွားပြီ"
နန်ယု မိဘများမှာ အဘိုးနန်နှင့်အတူ နန်ယုစိတ်ကူးကြောင့် အံ့အားသင့်ခဲ့ရသော်လည်း အလေးအနက်ထားသော သူမအမူအရာအားမြင်သောအခါ တိတ်ဆိတ်နေခဲ့ကြသည်။
သူတို့သည် နန်ယုကို လက်ထပ်ရန်နှင့် ကလေးယူရန်အတင်း အကျပ် မတောင်းဆိုပေ။ သူတို့သည် သူမကို အလွန်အမင်း အထီးကျန်မနေစေရန်သာ လိုလားကြသည်။ နန်ယုက မလို ချင်လျှင် သူတို့ အတင်းအကျပ်လုပ်ခိုင်းမည် မဟုတ်ပေ။
အဘိုးနန်ကပင် နန်ယု၏အနာဂတ်စေ့စပ်သူများအား ပယ်ချရန် ကူညီပေးမည်ဟုကမ်းလှမ်းခဲ့သည်။ သူ့မြေးမှာ ဤမျှ ဆွဲဆောင်မှုရှိသူ ဖြစ်သည်ကို သူ သတိမထားမိခဲ့ပေ။ ကျင်းရယ်ထင်းနှင့်စေ့စပ်ရေး နောက်ဆုံးမအောင်မြင်ပြီးနောက် သူငယ် ချင်းဟောင်းများစွာဖုန်းဆက်ပြီး သူတို့မြေးများနှင့် စဉ်းစားပေးရန်မေးမြန်းခဲ့ကြသည်။
အဘိုးနန်: "..."
ဒါက မိသားစုရာပေါင်းများစွာ လိုလားတောင့်တနေတဲ့ သမီးတစ်ဦးပိုင်ဆိုင်ရခြင်းရဲ့ ဒုက္ခများလား ?
သို့သော် နန်ယု မလိုချင်သည့်အတွက် သူတို့ အားလုံးကိုငြင်း ပယ်လိုက်ခြင်းက ပိုကောင်းပေမည်။
မိသားစုဝင်များ၏ချစ်ခင်မှုနှင့် နားလည်ပေးမှုများကြောင့် နန်ယု ထိန်းမရအောင်ပင် သူမ မိခင်အား ပွေ့ဖက်လိုက်သည်။ ပြီးနောက် အမှန်တကယ် ကလေးငယ်လေးတစ်ဦးကဲ့သို့ မိခင်၏ရင်ခွင်ထဲတွင် သူမ ဦးခေါင်းအား မှီထားလိုက်သည်။
သူ့ယခင်ဘဝတွင် နန်ယု ဖခင်နှင့်မိခင်၏ စစ်မှန်သော မေတ္တာအား တစ်ခါမှမခံစားခဲ့ရပေ။ သူမနှင့်အတူ ကြီးပြင်းလာသူမှာ အဘိုးအဘွားများသာရှိခဲ့သည်။ သို့သော် နန်မိသားစုနှင့်အတူ သူမ ဤသွေးသားဆက်နွယ်မှု၏ လှပမှုအား ခံစားခဲ့ရသည်။ သူမအား အပြန်အလှန် မျှော်လင့်ချက်မရှိဘဲ စိတ်ရင်းအမှန်ဖြင့် ချစ်ကြသောသူများ အမှန်တကယ်ပင် ရှိနေခဲ့သည်ကို သိလိုက်ရသည်။
"အိုး၊ ယုယု၊ စိတ်မပူပါနဲ့၊ မကြောက်ပါနဲ့၊ မေမေ၊ ဖေဖေ၊ အဘိုးနဲ့ မင်းရဲ့အစ်ကိုလည်း ရှိတယ်၊ မင်း ဘာပဲဆုံးဖြတ်ပါစေ၊ ငါတို့ ထောက်ခံပေးမယ်"
"ဟုတ်တယ်၊ မင်းရဲ့ပျော်ရွှင်မှုကသာ အရေးကြီးဆုံးပဲ"
ထိုအခိုက်အတန့်တွင် နန်ယု ကမ္ဘာပေါ်တွင်အပျော်ဆုံးလူတစ်ဦးဖြစ်နေသည်ဟု အမှန်တကယ်ခံစားလိုက်ရသည်။
သူမ စာအုပ်ထဲသို့ ဝင်ရောက်လာခြင်းမှာ အခြားသူများ၊ အထူးသဖြင့် နန်မိသားစုအား ကယ်တင်ရန်ဟု ယခင်က ယုံကြည်ခဲ့ဖူးသည်။ သို့သော် ယခုမူ နန်ယု အမြင်သစ်တစ်ခု ရရှိခဲ့သည်။
၎င်းမှာ တစ်ဖက်သတ် စွန့်လွှတ်အနစ်နာခံခြင်း မဟုတ်ခဲ့ပေ။ သူမ နန်မိသားစုအား ကယ်တင်နေစဉ် သူတို့ကလည်း သူမအား အဖိုးအထိုက်တန်ဆုံးသောအရာအား ပြန်ပေးနေသည် မဟုတ်ပါလား ?
ဤသည်မှာ ပစ္စည်းဥစ္စာများဖြင့် တိုင်းတာ၍မရနိုင်သော ရတနာတစ်ခုဖြစ်ပြီး မည်သည့်ကောင်းမှုကမျှ အစားထိုးနိုင်မည် မဟုတ်ပေ။
သူ့ခန္ဓာကိုယ်ကူးပြောင်းမှုမှာ မတော်တဆမှု မဟုတ်ခဲ့လျှင်၊ လမ်းတစ်လျှောက်တွင် များစွာသောအရာများ ဖြစ်ပျက်ခဲ့စေကာမူ၊ သူ့အသက်ကိုပင် ခြိမ်းခြောက်လုနီးပါး ဖြစ်ခဲ့စေကာမူ နန်ယု ထိုပုဂ္ဂိုလ်အား ကျေးဇူးတင်နေဦးမည်ဟု ခံစားမိသည်။ သူမအား ဤမျှ အံ့ဩဖွယ်ကောင်းသော အရာများစွာကို ခံစားခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်မိသည်။
နန်ယု သူမ မှတ်ဉာဏ်များမှ ထွက်လာပြီးနောက် ဖေးယီကျန့်အား အလေးအနက်ကြည့်လိုက်သည်။
"ကျွန်မကို ရှင် ဆက်ပြီး ကြိုက်နေဦးမယ်ဆိုရင် ပြန်စဉ်းစားကြည့်ဖို့ ကျွန်မ တိုက်တွန်းချင်တယ်"
ဖေးယီကျန့်၏ယခင်က အမျိုးသမီးများအပေါ် ရွံရှာမှုမှာ ကံကြမ္မာအား ဆန့်ကျင်သောပုန်ကန်မှုဖြစ်နိုင်သည်၊ သို့မ ဟုတ် သူ့ကိုယ်ပိုင်သေမျိုးဖြစ်ခြင်းအား သိထားပြီး အခြားအမျိုးသမီးများအားမထိခိုက်စေလိုခြင်း ဖြစ်နိုင်သော်လည်း ကံကြမ္မာသည် သူ့အား အရှုံးပေးလုနီးပါးဖြစ်နေပြီ။
သူ သူမအား ချစ်သည်ဟုပြောခဲ့စေကာမူ အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်းကိစ္စများ ရောက်လာသောအခါ ထိုချစ်ခြင်း၏မည်မျှအတိုင်းအတာ ကျန်ရှိနေမည်နည်း ?
မည်သို့ပင်ဆိုစေကာမူ နန်ယု သိထားသည့်အတိုင်း ဤကမ္ဘာပေါ်ရှိ အမျိုးသားအများစုမှာ လှပသောဇနီးနှင့် ကလေးများအားလိုချင်နေဆဲ မဟုတ်ပါလား?
"နန်ယု"
ဖေးယီကျန့် နန်ယုထက်ပင် ပိုမိုတည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ကိုယ် အိမ်ထောင်ပြုတာ၊ ကလေးယူတာကိုဂရုမစိုက်ဘူး"
"မင်း မယုံဘူးဆိုရင် အချိန်က သက်သေပြပါလိမ့်မယ်"
ဖေးယီကျန့် မှေးမှိန်စွာပြုံးလိုက်သည်။
"အဲ့ဒါတွေက ကိုယ် ဘယ်တော့မှမလိုချင်တဲ့ အရာတွေပဲ"
သူ ထိုသို့ပြောပြီးနောက် ခဏမျှ ရပ်တန့်သွားသည်။ သို့သော် နန်ယု ဖေးယီကျန့် မျက်လုံးများတွင်ရှိသော အကြည့်အား ခံစားမိသဖြင့် သူ့ ကျန်ဝါကျတစ်ပိုင်းအား အလိုအလျောက် ဖြည့်စွက်လိုက်သည်။
"ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်းပဲ"
အိုး— အရမ်း ချိုမြိန်လွန်းတယ်!
သူ အဲ့လိုချိုသာတဲ့စကားကို ဘယ်လိုများ စဉ်းစားမိပါလိမ့်?
နန်ယု ကိုယ်ပိုင်စိတ်ကူးကပင် သူမအား ကြက်သီးထစေ သဖြင့် သူ ခါးသီးစွာပြုံးလိုက်သည်။
"ကောင်းပြီ၊ ရပါတယ်၊ ကျွန်မ နားလည်တယ်၊ ယွင်ကျင်း ရှင့်ကို စောင့်နေတယ်"
ဖေးယီကျန့် သူပြောလိုသည့် အချက်အား ရှင်းရှင်းလင်းလင်း ပြောပြီးနောက်တွင် ဘာမျှ ထပ်မပြောတော့ပေ။ သူ နန်ယု၏ စိတ်နေသဘောထားအား သိပြီး သူမကို အလွန်အမင်း ဖိအားပေးပါက အကျိုးသက်ရောက်မှု ဆန့်ကျင်ဘက်ဖြစ်သွားနိုင် သည်ကို သိသည်။
ထို့ကြောင့် ဖေးယီကျန့် နန်ယု၏လမ်းညွှန်မှုအတိုင်းလိုက်ကာ ဖေးယွင်ကျင်းအခန်းသို့သွားရန် ထရပ်လိုက်သည်။ သို့သော် သူ တံခါးအပြင်ဘက်သို့ လှမ်းထွက်လိုက်ချိန်တွင် တစ်စုံ တစ်ရာအား သတိရသွားပုံရသည်။
"နန်ယု၊ ကိုယ် ယွင်ကျင်းအတွက် တစ်ခုခုချန်ထားခဲ့ဖူးတယ်"
ဖေးယီကျန့် ဤကလေးအပေါ် ခံစားချက် ရောထွေးနေ သည်။ သူနှင့် ဖခင်နှင့်သား သံယောဇဉ်မရှိခဲ့သော်လည်း ကလေး၏ တာဝန်အား နန်ယုအပေါ် လုံးလုံးလျားလျား လွှဲမချလိုပေ။ စိတ်ခံစားမှုအရ သူမအား ဘာမှမပေးနိုင်လျှင် ငွေကြေးတော့ ပေးနိုင်သည်။
"အဲ့ဒီ A Thousand Miles of Spring Scenery' ပန်းချီကားနောက်မှာ ရှိတယ်"
ဖေးယီကျန့် ပြုံးလိုက်သည်။
"ယွင်ကျင်း လက်မှတ်ထိုးလိုက်တာနဲ့ အဲဒါက တန်ဖိုးရှိတဲ့ အရာတစ်ခုဖြစ်လာနိုင်တယ်"
A Thousand Miles of Spring Scenery'?
ဒါက ဖေးယီကျန့် သူမကို မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ ပန်းချီကား မဟုတ်ဘူးလား ?
ထိုအချိန်တုန်းက သူမတို့ ဆက်ဆံရေးမှာအတော်လေးဆိုး ရွားသည်။ နန်ယု ဖေးယီကျန့်၏ ရုန်းကန်လှုပ်ရှားမှုနှင့် ထူး ဆန်းမှုတို့အားမသိခဲ့ပေ။ လက်ဆောင်ရပြီးနောက် အိမ်တော်ထိန်းကျိုးအား သိမ်းဆည်းခိုင်းခဲ့သည်။ သူမ ထိုပန်းချီကားအား သေချာစွာဖွင့်ကြည့်ခဲ့ခြင်း မရှိသေးပေ။
သို့သော်လည်း ဖေးယီကျန့် ထိုအချိန်က သေရန်ဆုံးဖြတ် ချက်ချပြီးသား ဖြစ်သင့်သည် မဟုတ်ပါလား ?
သူက သူ့အသက် သူ ဂရုမစိုက်ပေမယ့် ဖေးယွင်ကျင်းအ တွက် တစ်ခုခုချန်ထားခဲ့တယ်ပေါ့လေ ?
ဒီလူဟာလေ... တကယ် ဘာပြောရမှန်းကို မသိတော့ဘူး။