အခန်း (၁၀၀)
Vol. 12 Ch. 100
ဖေးယီကျန့် ဖေးယွင်ကျင်းအား ကျူရှင်သင်ပေးရန် ထွက်ခွာသွားပြီးနောက် နန်ယု အိမ်တော်ထိန်းကျိုးနှင့်အတူ သိုလှောင်ခန်း နံပါတ်သုံးသို့ လိုက်ပါခဲ့သည်။ ဤနေရာတွင် စိုထိုင်းဆနှင့် အပူချိန်အား ထိန်းချုပ်ထားပြီး နန်ယု၏ တန်ဖိုးကြီး စုဆောင်းမှုများဖြစ်သည့် လက်ရေးစာများ၊ ပန်းချီကားများ၊ ကျောက်စိမ်းများနှင့် ဖေးယီကျန့် ပေးခဲ့သော "A Thousand Miles of Spring Scenery" ပန်းချီကားအပါအဝင် အရာဝတ္ထုမျိုးစုံအားထားရှိသည်။
အိမ်ကြီးတွင် ထိုသို့သော သိုလှောင်ခန်းလေးခန်းရှိသည်။
အိမ်တော်ထိန်းကျိုး လက်အိတ်ဝတ်ဆင်ကာ ပန်းချီကား၏ ဘောင်အား ဂရုတစိုက် ခွာထုတ်လိုက်သည်။ အမှန်ပင် ပန်းချီကားနောက်တွင် စာရွက်စာတမ်းများစွာဖွက်ထားသည်ကို တွေ့ရသည်။
"သခင်မလေး၊ ဒါတွေ ?"
အိမ်တော်ထိန်းကျိုး ပန်းချီကားနောက်တွင် တစ်စုံတစ်ရာရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။ ဤပန်းချီကားမှာ အလွန်တန်ဖိုး ရှိသောကြောင့် သူစတင်လက်ခံစဉ်က အပြင်ပန်းကိုသာစစ် ဆေးပြီး အဆင်ပြေကြောင်း သေချာမှသိမ်းဆည်းခဲ့ကာ နောက်ထပ် မထိတော့ပေ။ ဖေးယီကျန့် ဤသို့ လုပ်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
နန်ယု စဉ်းစားသည်— ဖေးယီကျန့် ကံကြမ္မာအတိုင်းသေဆုံးသွားခဲ့လျှင် အခြားတစ်စုံတစ်ယောက်မှ ဤလျှို့ဝှက်ချက်ကို သူမအားဖော်ထုတ်ပေးခဲ့မည်ဖြစ်ပြီး ယခုလိုအထိ ကြာရှည်လာစေမည်မဟုတ်ဟု ထင်သည်။
သူမ စာရွက်စာတမ်းတစ်ခုအား ကောက်ယူကာကြည့်လိုက်သည်။
အိုး၊ ၎င်းမှာ မြေကွက်တစ်ခု ဖြစ်သည်။
နောက်ထပ် စာရွက်စာတမ်းတွင် အများပိုင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာများပါဝင်သည်။ နန်ယု ဖေးယီကျန့်နှင့် ထိုကုမ္ပဏီတို့ ဆက်နွှယ်မှုရှိကြောင်း မသိခဲ့ပေ။
နောက်ထပ် စာရွက်စာတမ်းတစ်ခုအား ကောက်ကြည့်ပြန်တော့ နောက်ထပ်မြေကွက်တစ်ခု။
ဖေးယွင်ကျင်းအား ပေးလိုက်လျှင် ပိုပြီးလုံခြုံမယ်လို့ သူ ခံစားရလို့များလား ?
ဤမြေကွက်များ၏တည်နေရာအား ကြည့်လျှင် ဘာမှမလုပ်ဘဲနေလျှင်ပင် ဖေးယွင်ကျင်း တစ်သက်လုံးစားဝတ်နေရေးအတွက် စိုးရိမ်ရန်မလိုတော့ပေ။
ထို့အပြင် ဤစာရွက်စာတမ်းများမှာ လက်မှတ်ရေးထိုးပြီး တံဆိပ်တုံးတပ်ထားပြီးသား ဖြစ်သည်။ ဖေးယွင်ကျင်း ထပ် မံလက်မှတ်ထိုးလိုက်ရုံဖြင့် ဤအရာအားလုံးမှာ သူ့ပိုင်ဖြစ်သွားလိမ့်မည်။
ဖေးယီကျန့် သူမအား ဤအရာအားလုံး ယူသွားမှာကိုမကြောက်ခဲ့ဘူးလား?
စာရွက်စာတမ်းများတွင် ဖော်ပြထားသော ပိုင်ဆိုင်မှုမျိုးစုံအား ခန့်မှန်းခြေ တွက်ချက်ကြည့်ရာ အနည်းဆုံးဘီလျံဆယ်ဂဏန်းတန်ဖိုးရှိပြီး သူမအား စိတ်အေးစေသည်။
နန်ယု အခြားစာရွက်စာတမ်းတစ်ခုကို ကျပန်းဖွင့်လိုက်ရာ စီးပွားရေးကတ်ပြားတစ်ခု လျှောကျလာသည်။ ၎င်းတွင် ဤပိုင်ဆိုင်မှုများအား ကိုင်တွယ်ဖြေရှင်းမည့် ရှေ့နေ နာမည်နှင့် ဆက်သွယ်ရန် အချက်အလက်များပါရှိသည်။
ဒီလူ တကယ် အားလုံးစဉ်းစားထားခဲ့တာပဲ။ သူ မယုံနိုင်လောက်အောင် စဉ်းစားပေးတတ်သူဖြစ်သည်။
နန်ယု စာရွက်စာတမ်းအားလုံးကို အိတ်ကြီးတစ်လုံးထဲသို့ ထည့်လိုက်သည်။
"အိမ်တော်ထိန်းကျိုး ပန်းချီကားကိုပြန်ထားလိုက်ပါ"
"A Thousand Miles of Spring Scenery" မှာ ဖေးမိသား စု၏ ရတနာလျှို့ဝှက်ချက်အား ဖုံးကွယ်ထားသည်ဟူသော ဒဏ္ဍာရီမှာ မှန်ကန်နေပုံရသည်။ ၎င်းတွင် တန်ဖိုးရှိသောရတနာ အမှန်ပင်ပါဝင်နေခဲ့သည်။
သူမ စာကြည့်ခန်းသို့ ပြန်ရောက်သောအခါ နန်ယု စားပွဲပေါ်ရှိ ပစ္စည်းများအား စိုက်ကြည့်ကာအတွေးနယ်ချဲ့နေသည်။ ဖေးယီကျန့်နှင့် မကြာသေးမီကပြောဆိုခဲ့သော စကားများမှာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
သူ့အား တစ်နှစ်လုံးသိခဲ့သော်လည်း နန်ယု သူ့ကို ရှင်းရှင်း လင်းလင်း နားမလည်နိုင်သေးပေ။ သူ ပေါ့ပေါ့ပါးပါး ရှိပုံရသည်။ သို့သော် ငယ်စဉ်ကတည်းက ကံကြမ္မာအား မြင်ခဲ့သူ၊ မိမိကိုယ်ပိုင် အသက်ရှင်သေဆုံးမှုကိုပင် ဂရုမစိုက်သူတစ်ဦးမှာ တကယ်ပဲ "အန္တရာယ်ကင်း" နိုင်ပါ့မလား ?
အစပိုင်းတွင် နန်ယု ဖေးယီကျန့်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ခြင်းမှာ သူမကိုယ်တိုင်၊ နန်မိသားစုနှင့် ဖေးယွင်ကျင်းတို့၏ အကျိုးစီးပွားအတွက် စိုးရိမ်သောစိတ်ကြောင့် အဓိက ဖြစ်သည်။ ဖေးယီကျန့်အပေါ် သနားကရုဏာ စိတ်ရှိ သည်ဟု မည်သို့မျှ ပြော၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူ့အပေါ် ကောင်းသော အထင်အမြင်မရှိခဲ့ပါ။ သူမ ရိုးရှင်းစွာ ပူးပေါင်းလိုခြင်းနှင့် သူ့ ထူးခြားသောအစွမ်း အစအား စိတ်ဝင်စားခဲ့ရုံသာ။
သို့သော် ရင်းနှီးလာသည်နှင့်အမျှ နန်ယု ဖေးယီကျန့်အား တဖြည်းဖြည်း မိတ်ဆွေအဖြစ် စတင်သတ်မှတ်လာသည်။ သူ၏အစောပိုင်း "ရူးသွပ်သော"အပြုအမူများအား နားလည် လာပြီး မသိစိတ်ကပင် ယုံကြည်လာခဲ့သည်။
နန်ယု သူမ၏ ကိုယ်ပိုင်စိတ်နေသဘောထားအတိုင်းဆိုလျှင် ကျူရှင်ဆရာအသစ်ရှာရန် အချိန်နှင့် စွမ်းအင်ပိုကုန်ရလျှင်တောင် ဖေးယီကျန့်အား အနှောင့်အယှက်ပေးမည် မဟုတ်ပေ။ သူမ သူ့အား မိသားစုဝင်တစ်ဦးကဲ့သို့ အမှန်တကယ် သဘောထားပုံရသည်။
နန်ယု နန်ကျီအား အနှောင့်အယှက်ပေးရသည်ကို တစ်ခါမှမရှက်သကဲ့သို့ပင်!
တောက်!
နန်ယု စိတ်ထဲမှ မျက်လုံးလှန်လိုက်သည်။ သူ ဖားပြုတ်တစ်ကောင်လို အပြုတ်ခံထားရသည်ဟု ခံစားရသည်။
ဘယ်လိုတောင် ပရိယာယ်များတဲ့ လူလဲ!
အခြားတစ်နေရာတွင် ဖေးယီကျန့်နှင့် ဖေးယွင်ကျင်းတို့ ယောက်ျားသားချင်း စကားဝိုင်းတစ်ခုတွင် ပါဝင်နေကြသည်။
သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ဖေးယွင်ကျင်း အရပ်ပုသဖြင့် အသွင်အပြင်အားဖြင့် အားနည်းနေပုံရသော်လည်း၊ သူ၏တည်ကြည်ပြီး ရင့်ကျက်သောအမူအရာကြောင့်မူ ဩဇာအရှိန်အဝါအား ပိုမိုပေါ်လွင်စေသည်။
"ခင်ဗျားနဲ့ အန်တီက ကွာရှင်းပြီးပြီ!"
"ငါ သိတယ်"
"ဒါဆို ခင်ဗျား၊ ခင်ဗျား အန်တီကို ကပ်နေလို့မရဘူး!"
"ဘာလို့လဲ ? ကွာရှင်းပြီးနောက် ပြန်မပေါင်းရဘူးလို့ ဘာစည်းကမ်းမှ မရှိဘူးလေ၊ ဟုတ်တယ်မလား?"
ဖေးယွင်ကျင်း စကားများလည်ချောင်းထဲတွင် ပိတ်ဆို့သွားသဖြင့် ဒေါသတကြီး ပါးစပ်ဖောင်းလာသည်။
"ဒါပေမဲ့ ခင်ဗျားက လူကောင်းတစ်ယောက်မဟုတ်ဘူး!"
ဖေးယွင်ကျင်း၏ဒေါသထွက်နေသော အခြေအနေနှင့် နှိုင်း ယှဉ်လျှင် ဖေးယီကျန့် လုံးဝ တည်ငြိမ်အေးဆေးနေသည်။
"ဒါဆို မင်းရဲ့အမြင်အရ လူကောင်းတစ်ယောက်ရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်က ဘာလဲ ?"
သူသည် ငါးနှစ်ပင် မပြည့်သေးသော ကလေးငယ်နှင့် ဤမျှ နက်နဲသောကိစ္စကို ဆွေးနွေးရခြင်းအား ပြဿနာတစ်ရပ်ဟု မမြင်ခဲ့ပေ။ ယင်းအစား သူ ဖေးယွင်ကျင်း စကားများအား စိတ်ရှည်စွာဖြင့် တစ်ခုချင်းစီချေပနေခဲ့သည်။
သနားစရာ ကောင်လေးသည်လည်း ဖေးယီကျန့်၏ယုတ္တိရှိသော အတွေးစီးကြောင်းနောက်သို့ အမှန်တကယ်လိုက်ပါလာသည်။
"ပထမဆုံး၊ အန်တီကို ကောင်းကောင်းဆက်ဆံရမယ်"
"ဒါပြီးရင် အန်တီပြောတာ နားထောင်ရမယ်"
"နောက်ဆုံး၊ အန်တီကို ပျော်ရွှင်အောင်လုပ်ပေးရမယ်"
"အဲ့ဒါတွေ အကုန် ငါ လုပ်ပေးနိုင်တယ်"
ဖေးယွင်ကျင်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ဒေါသတကြီး ပြောလိုက်သည်။
"မရဘူး! ခင်ဗျားက အမြဲတမ်း အလုပ်ကိစ္စနဲ့အဝေးကိုထွက်သွားတတ်တယ်"
"ဖေးမိသားစုက ဒေဝါလီခံထားရပြီ၊ ဒါကြောင့် ငါ မင်းအန်တီနဲ့ နေ့တိုင်း အချိန်ဖြုန်းလို့ရပြီလေ"
"ခင်ဗျား... ခင်ဗျား... ခင်ဗျားမှာ သားရှိနေတယ်! ခင်ဗျားက အသုံးခံပြီးသား ပစ္စည်းပဲ!"
ဖေးယီကျန့်: "..."
ဒါက ဘာကြီးလဲ ? ရန်သူ ရှစ်ရာကိုသတ်ဖို့ကြိုးစားပြီး၊ ကိုယ့်ဖက်က လူတစ်ထောင်အသက်ဆုံးရှုံးသွားသလိုပင်။
ချာတိတ်ရေ၊ မင်းက ငါ့သားဆိုတာများ မေ့နေတာလား ?
"ဒီသားကို ငါ စွန့်လွှတ်လို့ရတယ်"
ဖေးယီကျန့် စကားကြောင့် ဖေးယွင်ကျင်းကြက်သေသေသွားသည်။ သူ နှုတ်ခမ်းအား တင်းတင်းစေ့ပြီး သူ့မျက်နှာ ချင်းဆိုင်ရှိ လူကြီးကိုစိုက်ကြည့်နေသည်။ နောက်ဆုံးအားပြင်းသော လက်နက်တစ်ခုအား ပြင်ဆင်နေသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် ကောင်လေးမှာ နောက်ဆုံးတွင် မနည်းကြိုးစားပြီး အစွမ်းကုန်ထိုးနှက်လိုက်သည်။
"ဒါပေမဲ့ အန်တီက ခင်ဗျားကိုမကြိုက်ဘူး!"
၎င်းမှာ တကယ်ပင် အစွမ်းထက်သော ထိုးနှက်ချက် ဖြစ် သည်။ ကလေးတွေ နားမလည်ဘူးလို့ ဘယ်သူပြောလဲ ? ဖေးယွင်ကျင်း တစ်စုံတစ်ဦးအား နာကျင်စေလိုလျှင် သူတို့၏ နှလုံးသားကို တည့်တည့်ထိအောင် ထိုးနှက်ရမည်ကိုရှင်းရှင်း လင်းလင်း နားလည်နေသည်။
ဖေးယီကျန့် လက်ကြီးတစ်ဖက်အား ဖေးယွင်ကျင်းခေါင်းပေါ်သို့ တိုက်ရိုက်တင်လိုက်ပြီး အနိုင်ကျင့်သလို ပွတ်သပ်လိုက်သည်။ ထိုကြောင့် သပ်ရပ်စွာ ဖြီးသင်ထားသော ဆံပင်များမှာ ဖရိုဖရဲ ဖြစ်သွားတော့သည်။
"အရေးမကြီးဘူး၊ ငါ သူ့ကိုပဲ ကြိုက်တယ်"
ဖေးယွင်ကျင်း: "..."
အိုး မဟုတ်ဘူး၊ ဒီစကားကို ဘယ်လိုများ ပြန်ချေပရမလဲ ?
ဖေးယွင်ကျင်း၏ရှက်ရွံ့ပြီး စိတ်ရှုပ်ထွေးနေမှုအား အာရုံခံမိသကဲ့သို့ ဖေးယီကျန့် သူ့ကို စနောက်ခြင်းအား ကြင်နာစွာရပ် တန့်လိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းအန်တီ ဘယ်သူနဲ့ပဲတွဲတွဲ၊ သူ မင်းကို အမြဲတမ်း အချစ်ဆုံးဖြစ်နေမှာပါ"
ထိုပြောဆိုချက်မှာ ဒေါသထွက်နေသော ခြင်္သေ့ငယ်အား အောင်မြင်စွာနှစ်သိမ့်ပေးလိုက်သည်။ ဖေးယွင်ကျင်းညင်သာ စွာနှာမှုတ်လိုက်ပြီး မာနထောင်လွှားသော အမူအရာဖြင့် ပြန်ပြောသည်။
"ဒါပေါ့! ကျွန်တော်လည်း အန်တီ့ကိုအချစ်ဆုံးပဲ"
"ကောင်းပြီ၊ စာစကျက်ကြစို့၊ နန်ယုက မင်းရဲ့ တိုးတက်မှုကို မေးလာရင် မပြောတတ်ဘဲ မနေနဲ့ဦးနော်"
"မဖြစ်နိုင်ပါဘူး! ကျွန်တော်က ဉာဏ်ကောင်းပါတယ်"
"ဒါဆို ဉာဏ်ကောင်းတဲ့ ကျောင်းသားလေး ဖေးယွင်ကျင်း၊ ဒီ pinyin တွေ အကုန်လုံး သင်ပြီးပြီလားဆိုတာ အရင်ပြောပြပေးပါဦး"
မကြာမီတွင် သူတို့နှစ်ဦး အဓိကအလုပ်ဖြစ်သည့် စာသင်ကြားခြင်းဆီသို့ အာရုံပြန်ရောက်သွားကြသည်။ တစ်ဦးမှာ စိတ်အားထက်သန်စွာ သင်ကြားပေးပြီး အခြားတစ်ဦးက စိတ်အားထက်သန်စွာ သင်ယူနေကာ သဟဇာတဖြစ်၍နွေးထွေးသောမြင်ကွင်းအား ဖန်တီးခဲ့သည်။
ထိုသိမ်မွေ့သော ဟန်ချက်ညီမှုဖြင့် အချိန်သည် လျင်မြန်စွာကုန်လွန်ခဲ့ရာ ဧပြီလသို့ ရောက်ရှိလာသည်။
အန်းနင်၏သားဖွားရက်မတိုင်မီ ဆယ်ရက်သာ ကျန်ရှိတော့သဖြင့် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သူမ ပုဂ္ဂလိကဆေးရုံတစ်ခုရှိ VIP သားဖွားခန်းတွင် စစ်ဆေးမှုများခံယူခဲ့သည်။ တစ်ရက်လျှင် ယွမ်တစ်သိန်းပေးရသော ဤခန်း၏ဘေးကင်းလုံခြုံမှုနှင့် ဝန်ဆောင်မှုမှာ အလွန်တန်ဖိုးရှိလှသည်။
နန်ကျီသည်လည်း မကြာသေးမီက အိမ်မှနေ၍ အလုပ်စတင်လုပ်ကိုင်ခဲ့ပြီး အန်းနင်ဘေးတွင် အမြဲတမ်း နေထိုင်ခဲ့သည်။ သူ မရှိခိုက် သူမ မီးဖွားသွားမည်အား စိုးရိမ်သောကြောင့် ဖြစ်သည်။ သူ ရီရန်ကို မွေးဖွားစဉ်က လွဲချော်ခဲ့ဖူးပြီးနောက် ထပ် ကလေးတစ်ဦးအား လွဲချော်ခံနိုင်မည်မဟုတ်ပေ။
နန်ယုအတွက်မူ သူ လောလောဆယ် အဘိဓာန်တစ်အုပ်အား လှန်လှောရှာဖွေနေသည်။
အကြောင်းမှာ အန်းနင်မှာ ကလေးအတွက် နာမည်ပေးရန် အရေးကြီးသောတာဝန်ကို သူမအား ရုတ်တရက်အလေးအနက် အပ်နှင်းခဲ့သောကြောင့်ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် နန်ယုအံ့အားသင့်ခဲ့ရသည်။ သူ့ ဘေးနားတွင် ရပ်နေသော နန်ကျီအား မနေနိုင်ဘဲ တစ်ချက်ကြည့်လိုက်ပြီး "ညီမ ကလေးနာမည် ဘယ်လိုပေးရမှန်းမသိဘူး!" ဟု ပြောလိုက်သည်။
နန်ကျီ နားလည်သည့်အနေဖြင့် ပြုံးလိုက်သည်။
"ဘယ်နာမည်မဆို ရပါတယ်"
သူ စိတ်ကြီးဝင်စွာ လက်ဝေ့ယမ်းလိုက်သည်။
"နင့်ယောင်းမနဲ့ ကောတို့နှစ်ယောက်စလုံးက ညီမလေးကို ဒီကလေးအတွက် အကြီးမားဆုံးကျေးဇူးရှင်လို့ သတ်မှတ်ထားတယ်၊ ယုယု အားနာမနေနဲ့၊ ဘယ်လိုနာမည်ပဲပေးပေး၊ ကောတို့သမီးလေးအတွက် နားထောင်လို့ကောင်းမှာပါ"
နန်ယု: "...ဒါဆို သူ့ကို နန်စွေ့ဟွာ လို့ခေါ်လိုက်မယ်"
နန်ကျီ ပြုံးလိုက်သည်။
"ယုယု ခေါ်နိုင်ရင် ခေါ်တာပေါ့!"
"စွေ့ဟွာ~စွေ့ဟွာ~"
သူ့ကလေးကို ခေါ်နေရမည့် အရေးအား စဉ်းစားလိုက်သော အခါ နန်ယု စိတ်ထဲတွင် ချက်ချင်းရန်လိုစိတ်များ ပြည့်နှက်သွားသည်။ ကလေး နောက်ပိုင်းအပြစ်မတင်စေကာမူ သူမ ထိုသို့ ခေါ်ရန် စိတ်မပါပေ! ပြီးတော့ မိန်းကလေးဖြစ်သည့် အတွက် နာမည်က နားထောင်လို့ကောင်းရမည်။
ထို့ကြောင့် သူမ အဘိဓာန်များနှင့် ကဗျာကျမ်းများအား ဇွဲရှိစွာ လိုက်လံရှာဖွေကာ နာမည်ဒါဇင်ပေါင်းများစွာကို ချရေးခဲ့သော်လည်း သူမ စိတ်တိုင်းကျသော တစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။
နန်ယုတွင် ထူးဆန်းသော ဆဋ္ဌမအာရုံတစ်ခုရှိနေသည်။ ဤကလေး မွေးဖွားသည့်နေ့မှာ သူတို့မိသားစုကံကြမ္မာ အဆုံး သတ်မည့်နေ့ဖြစ်လိမ့်မည်ဟု သူ ခံစားမိနေသည်။
ဘယ်တော့မှ မတည်ရှိသင့်သော ဤကလေးမှာ နောက်ဆုံးထိုးနှက်ချက်ဖြစ်သည်ဟု နန်ယု ခံစားနေရသည်။
နန်ယု ဤအံ့ဖွယ်ရာအပေါ်တွင် စိတ်နှစ်ခွဖြစ်နေသည်။
သူ ကလေးအား "Nan Miracle" ဆိုပြီးပေးလို့ မရနိုင်ဘူး မဟုတ်လား ?
နားထောင်ရ အရမ်းဆိုးလွန်းတယ်!
ကံကောင်းစွာဖြင့် အန်းနင် မီးဖွားရန် ဆယ်ရက်ကျော်ကျော် ကျန်သေးသည့်အတွက် စဉ်းစားရန်အချိန်ရှိနေဆဲဖြစ်သည်။ ဒီနေ့တွင် သူမ အာရုံစိုက်ရမည့် အရေးကြီးကိစ္စ နောက်တစ်ခု ရှိသည်။
မိုပိုင်ကုမ္ပဏီ စတော့ဈေးကွက်သို့ တရားဝင် ဝင်ရောက်ခဲ့ပြီ!
အချိန်ကွာခြားမှုအရ ထိုအချိန်သည် တရုတ်ပြည်တွင် ည ၈ နာရီခန့် ရှိနေမည် ဖြစ်သည်။ လီယွမ်မို အဓိကရှယ်ယာရှင်ဖြစ်သော နန်ယုအား ဈေးကွက်တင်ခြင်းအခမ်းအနားသို့ တက်ရောက်ရန် မူလက ဖိတ်ကြားခဲ့သည်။
သို့သော် နန်ယု ပြည်ပသို့ ခရီးသွားရမည့် အခြေအနေနှင့် အသွားအပြန် နှစ်ရက် သို့မဟုတ် သုံးရက် ကြာမြင့်မည်အား စဉ်းစားလိုက်သောအခါ အလွန်ပင်ပန်းမည် ဖြစ်သောကြောင့် တက်ရောက်ရန် လက်လျှော့လိုက်သည်။
မည်သို့ပင်ဖြစ်စေ အခမ်းအနားအား တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ နန်ယု၊ လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့ အချိန်နီးလာသည်ကို မြင်သောအခါ တီဗီရှေ့တွင် စုဝေးလိုက်ကြပြီး လီယွမ်မို၏အောင်မြင်မှုအခိုက်အတန့်အား မျက်ဝါးထင်ထင် မြင်တွေ့ရန် အသင့်ပြင်ထားကြသည်။
"နန်ကျဲ၊ ကျွန်တော့်ကောက နောင်ကျရင်ပိုပြီး အလုပ်များလာမယ် ထင်လား?"
လီရီပိုင် ငယ်ရွယ်သေးသဖြင့် ငွေကြေးအကြောင်းအားနက် နက်နဲနဲနားမလည်သေးပေ။ ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ ဝင်ရောက်ခြင်း၏အရေးပါပုံအား သူ သေချာစွာနားမလည်နိုင်ဘဲ လီယွမ်မို ပိုအလုပ်များလာမည်ကိုသာ ရိုးရှင်းစွာ စိတ်မကောင်းဖြစ်နေခြင်းဖြစ်သည်။
နန်ယု မပြောခင်တွင် ဖေးယွင်ကျင်း လီရီပိုင်အား နှစ်သိမ့်လိုက်သည်။
"ရပါတယ်၊ ရှောင်ပိုင်၊ ငါတို့လည်း မကြာခင် မူလတန်းကျောင်း စတက်ရတော့မှာ၊ ယွမ်မိုကောထက်တောင် ပိုပြီး အလုပ်များလာနိုင်တယ်၊ ဒါ ကြီးပြင်းလာရခြင်းရဲ့တန်ဖိုးပဲ"
နောက်ဆုံးစကားလုံးအား အဓိပ္ပာယ်ရှိသယောင်ဆွဲဆန့်၍ ပြောလိုက်ရာ ခေါင်းခါနေသောပညာရှိကြီးတစ်ဦးနှင့် တူနေ သည်။
နန်ယု: "...ရှောင်ကျင်း ဒါတွေ ဘယ်သူ သင်ပေးတာလဲ ?"
သူ ဘာလို့ ပိုပြီးအတွေးအခေါ်ဆန်လာတာလဲ ? သူ ဘယ် လောက်ပဲ ဉာဏ်ကောင်းကောင်း သူ့အသက်အရွယ်ရှိနေသေးသဖြင့် နန်ယု "ဉာဏ်ကြီးလျှင် ဘေးဖြစ်မည်" ကို စိုးရိမ်မိသည်။
(T/N:အသက်အရွယ်နှင့်မလိုက်အောင် လွန်ကဲသောဉာဏ် ပညာသည် စိုးရိမ်စရာဖြစ်သည်)
ဖေးယွင်ကျင်း ခေါင်းအနည်းငယ် စောင်းလိုက်သည်။
"အဲ့ဒီလူကြီးပါ၊ အန်တီ သား ပြောတာမှားလို့လား?"
(T/N: ဖေးယီကျန့်ကို ဆိုလိုသည်)
"လုံးဝ မမှားဘူး၊ ဒါပေမဲ့ ရှောင်ကျင်းက ငယ်ပါသေးတယ်၊ ဒီလောက်ကြီး အသိဉာဏ်ရှိနေဖို့ မလိုသေးဘူး"
နန်ယု နူးညံ့စွာပြောရင်း ဖေးယွင်ကျင်း ခေါင်းလေးအား ပွတ်သပ်လိုက်သည်။
"သူ ဘယ်လောက်ပဲ အလုပ်များများ လီယွမ်မိုက ရီပိုင်အ တွက် အချိန်ပေးနိုင်မယ်လို့ အန်တီ ယုံကြည်တယ်"
"ကြီးပြင်းလာခြင်းက တန်ဖိုးပေးစရာ မလိုပါဘူး၊ ပျော်ရွှင်ပြီး ကျန်းမာနေရင်ရပါပြီ"
ကလေးနှစ်ဦးစလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ အခမ်းအနား စတင်တော့မည်ကိုမြင်သဖြင့် သူတို့မျက်လုံးများ တီဗီဆီသို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။
နန်ယု ထိုအခွင့်အရေးကိုယူကာ ဖေးယီကျန့်ထံ စာတိုတစ်စောင် ပို့လိုက်သည်။
နန်ယု : သာ့ကော၊ ကျေးဇူးပြုပြီး ရှောင်ကျင်းက ငယ်ပါသေးတယ်၊ အဲ့ဒီ ထူးဆန်းတဲ့စကားတွေ သွားမပြောပါနဲ့!
ဖေးယီကျန့် နန်ယုထံမှ မမျှော်လင့်ဘဲရရှိသော စာကြောင့် အစပိုင်းတွင် ဝမ်းသာနေသော်လည်း အကြောင်းအရာအား ဖတ်လိုက်သောအခါ အံ့အားသင့်သွားသည်။
ထူးဆန်းတဲ့ စကားတွေ ??
ဖေးယီကျန့် မျက်လုံးများကျဉ်းမြောင်းသွားသည်။ သူ မသိလိုက်ဘဲ လူမိုက်တစ်ယောက်၏ပရိယာယ်ဖြင့် လှည့်စားခံလိုက်ရပြီဟု တွေးလိုက်သည်။
နန်ယု မည်သည့်အကြောင်းအရာဖြစ်ကြောင်း မေးမြန်းပြီးနောက် ဖေးယီကျန့် နောက်ထပ် စာတိုတစ်စောင် ပို့လိုက်သည်။
ဖေး- စိတ်မကောင်းပါဘူး၊ ကိုယ် ယွင်ကျင်းရဲ့ ရန်ငြိုးစာအုပ်ကို မတော်တဆလှန်လှောကြည့်ပြီး ပေါ့ပေါ့ပါးပါး သက်ပြင်း ချလိုက်တာကို သူ ကြားသွားတာဖြစ်မယ်"
နန်ယု: ရန်ငြိုးစာအုပ်?
(T/N: Grudge Book သည် သူတစ်ပါးကို မကျေနပ်ချက်များ သို့မဟုတ် လက်စားချေမည့် အကြောင်းအရာများကို ရေးမှတ်ထားသော စာအုပ်ကိုဆိုလိုသည်)
ဒါ ဘာကြီးလဲ?!
သူမ ဖေးယီကျန့်နှင့် စကားပြောဆိုမှု ပြီးသွားသောအခါ ဖေးယွင်ကျင်း၏ အာရုံစိုက်နေသော အကြည့်အား မြင်လိုက်ရသည်။ သို့သော် ခဏစဉ်းစားပြီးနောက် မမေးရန်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ထိုနာမည်ကပင် ဘာလဲဆိုတာ ခန့်မှန်းရန် လုံလောက်နေသည်။
ကောင်လေးငယ်တွင် ထိုသို့သော အရာတစ်ခုရှိသည်ကို နန်ယု မမျှော်လင့်ခဲ့ပေ။ စာအုပ်ထဲတွင် ဘာတွေ ရေးထားလဲဆိုတာ သိချင်စိတ်ပြင်းပြသော်လည်း လေးစားတတ်သော မိခင်တစ်ဦးအနေဖြင့် နန်ယု သူ့သိချင်စိတ်အား ထိန်းချုပ်လိုက်သည်။
သို့သော် နန်ယုသာ ဖေးယွင်ကျင်းကို ပိုမိုမေးမြန်းခဲ့ပါက ထိုရန်ငြိုးစာအုပ်မှာ ဖေးယီကျန့်အတွက် အထူးပြုလုပ်ထားသော အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း သိရှိခဲ့မည်ဖြစ်သည်။ ၎င်းတွင် ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထား သည်။
"ဒီနေ့၊ မကောင်းတဲ့လူကြီးက ငါ့ဆံပင်ကို ဖရိုဖရဲလုပ်သွားတယ်၊ ငါ အရပ်ရှည်လာရင် သူ့ဆံပင်ကိုပြန်လုပ်ပစ်မယ်" ဟူ၍ ဖြစ်သည်။
ဖေးယွင်ကျင်း စာလုံးများစွာ မရေးနိုင်သောကြောင့် pinyin ကိုပင် အသုံးပြုထားသည်။
ကောင်းပြီ၊ သူတို့နှစ်ဦးစလုံး နားလည်မှုရှိရှိ လျှို့ဝှက်ထားပြီး တစ်ဦးနှင့်တစ်ဦး သိမ်မွေ့စွာလှည့်စားချင်ကြသော်လည်း နန်ယု အပျက်သဘောဆောင်သော အချက်များအား ပိတ်ဆို့ထားခဲ့သဖြင့် မည်သည့်အရာကိုမျှ စိတ်ထဲမထားခဲ့ပေ။
ပြဿနာအား အောင်မြင်စွာ ဖြေရှင်းပြီးဟုခံစားရသော ပေါ့ပါးဖျတ်လတ်သူ နန်ယုမှာ အာရုံအား ဖန်သားပြင်ဆီသို့ ပြန်လည်ရောက်ရှိစေသည်။
သာယာနာပျော်ဖွယ် ခေါင်းလောင်းသံနှင့်အတူ နန်ယု အဆင့် အတန်းမှာ မြင့်တက်လာပြီး Flower နိုင်ငံ၏အချမ်းသာဆုံးအမျိုးသမီးဖြစ်လာခဲ့သည်။ ထို့အပြင် ဤဘွဲ့ကိုရရှိသော အသက်အငယ်ဆုံး အမျိုးသမီးလည်းဖြစ်သည်။
(T/N- ဒီမှာ အခမ်းအနားက IPO Bell-Ringing Ceremonyကိုပြောချင်တာပါ၊ မိုပိုင်ကုမ္ပဏီကို စတော့ခ်ဈေးကွက်တွင် အများပိုင်ရှယ်ယာ စတင်ရောင်းချခြင်း (IPO) အတွက် ပြုလုပ်သော ဂုဏ်ပြုအခမ်းအနား ဖြစ်သည်။ ပုံမှန်အားဖြင့် စတော့ခ်ဈေးကွက်၏ အဖွင့် သို့မဟုတ် အပိတ်ကို ခေါင်း လောင်းတီး၍ အချက်ပြလေ့ရှိရာ၊ IPO ကဲ့သို့ အရေးကြီးသော ဖြစ်ရပ်များကို ခေါင်းလောင်းတီးခြင်းဖြင့်အခမ်းအနား ပြုလုပ်ကြသည်။)
#နန်ယု အချမ်းသာဆုံးအမျိုးသမီး#
လျင်မြန်စွာ ထိပ်တန်းခေတ်စားနေသော အကြောင်းအရာ ဖြစ်လာသည်။
ကျွမ်းကျင်ပညာရှင်များမှ မိုပိုင်၏ IPO ကြောင့် နန်ယုပိုင် ဆိုင်မှုများ မည်မျှ တိုးပွားလာမည်ကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပြီး အင်တာနက် အသုံးပြုသူများမှ ထိုကိန်းဂဏန်းများအား တွက်ချက်ကြရာ....
(T/N: ကနဦးအများပိုင်ရှယ်ယာထုတ်ရောင်းခြင်း)
အိုး၊ ဘုရားရေ၊ ဂဏန်း ဘယ်နှလုံးတောင်လဲ ?
သူတို့ ဘာလို့ မရေတွက်နိုင်တာလဲ?
နန်ယု၏လူမှုကွန်ရက် အကောင့်များတွင် ကုန်ပစ္စည်းကြော် ငြာရန်နှင့် စပွန်ဆာပေးရန်တောင်းဆိုသော မှတ်ချက်များ များဖြင့် ပြည့်လျှံနေခဲ့သည်။ ဤအခြေအနေအား ပထမဆုံးအကြိမ် စတင်သိရှိသူများအတွက် ၎င်းမှာ လူအများစု၏ ရုတ်ရုတ်သဲသဲ စုပြုံတောင်းဆိုနေမှု တစ်ခုကဲ့သို့ မြင်ယောင်နေခဲ့သည်။
ထို့နောက် နန်ယု စိတ်ခံစားမှုကင်းမဲ့ပြီး ခတိုတို စာသားတစ်ခုအား တင်လိုက်သည်။
စာလုံးနှစ်လုံးနှင့် သတ်ပုံတစ်ခု။
[ရုပ်ဆိုးလို့ ငြင်းပယ်]
အင်တာနက် အသုံးပြုသူများ: ...
အခြားသူတစ်ဦးမှ ထိုစာလုံးနှစ်လုံးအား ပြောခဲ့လျှင် သူတို့ လက်ခံမည်မဟုတ်ပေ။
သို့သော် နန်ယု၏ မျက်နှာနှင့်ဆိုလျှင်...
ကောင်းပြီ၊ သူတို့ ရုပ်ဆိုးတာ သူတို့အမှားပင်ဖြစ်သည်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်းဖြစ်သည်။
အင်း၊ ကမ္ဘာပေါ်တွင် မည်သူကများ ဤကဲ့သို့ ပြီးပြည့်စုံသော ချမ်းသာကြွယ်ဝမှုနှင့် ရုပ်ရည် ရှိနိုင်ပါသနည်း။ နန်ယုနှင့် နှိုင်းယှဉ်လျှင် နွီးဝါနတ်သမီး ပေါ့ပေါ့ပါးပါးပစ်ချထားခဲ့သည့် ရွှံ့စိုင်လေးလောက်ပင် မကောင်းချေ။
(T/N: နွီးဝါ၊ လူသားများကိုဖန်ဆင်းခဲ့သော နတ်ဘုရားမ)
နောက်တစ်နေ့ မနက်တွင် နန်ယု သူ့ "Single အမျိုးသမီးများ ကာကွယ်ရေးဖောင်ဒေးရှင်း" သို့ ယွမ်ငွေ တစ်ရာဘီလျံထပ်မံလှူဒါန်းခဲ့သည်။ သူမတွင် ငွေရှိသောကြောင့် သူမ စိတ်တိုင်း ကျသုံးစွဲနိုင်သည်။
ဧပြီလ ၂၃ ရက်မှာ ဖေးယွင်ကျင်း၏ မွေးနေ့ဖြစ်သည်။
ထိုမွေးနေ့နှင့်အတူ သူ အသက်ငါးနှစ်အား တရားဝင်ပြည့်မြောက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်မှ အံ့အားသင့်စရာ မွေးနေ့ပွဲအား သတိရမိသဖြင့် ကလေးလေးမှာ ကြိုတင်မျှော်လင့်နေခဲ့သည်။ အန်တီ၊ အိမ်တော်ထိန်းကျိုးနှင့် ရှောင်ပိုင်တို့ သူ့အား ဘာလက် ဆောင်များပေးကြမည်နည်း။ Ultramanများ ပါလာမည် မဟုတ်ပါလား ?
ဖေးယွင်ကျင်း ဤနှစ်အတွက် သူ့ဆန္ဒကိုပင် ကြိုတင်စဉ်းစား ထားခဲ့ပြီး ဖယောင်းတိုင်မှုတ်စဉ်တွင် တိတ်တဆိတ်ဆု တောင်းခဲ့သည်။
နန်ယုသည်လည်း ထိုနေ့အား မမေ့နိုင်ပေ။ သူမ၊ အိမ်တော်ထိန်းကျိုးနှင့် ရှောင်ပိုင်တို့ ဖေးယွင်ကျင်း မသိအောင် လျှို့ ဝှက်အစည်းအဝေးငယ်တစ်ခု ပြုလုပ်ခဲ့ကြပြီး ခေါင်းစဉ်မှာ သူ့အား ဘယ်လိုအံ့အားသင့်စေမလဲ ဆိုသည်သာ ဖြစ်သည်။
သို့သော် ညဉ့်သန်းခေါင်ကျော်ပြီး နန်ယု အိပ်မရအောင် စိတ်လှုပ်ရှားနေသော ဖေးယွင်ကျင်းအား မွေးနေ့ဆုတောင်းစကားပြောပြီးခါစတွင် နန်ကျီထံမှ ဖုန်းခေါ်ဆိုမှု ရောက်လာခဲ့သည်။
"ယုယု! အန်းနင် မွေးခန်းထဲရောက်သွားပြီ!"
သတ်မှတ်ရက်ထက် ဆယ်ရက်နီးပါးစောနေသည်။ ထိုကလေးမလေးသည် အမှန်ပင် ကောင်းသောနေ့ရက်အား ရွေးချယ်လိုက်ခြင်းပင် !