← Chapters

အခန်း (၁၀၁)

Vol. 12 Ch. 101

အခန်း (၁၀၁)

Vol. 12 Ch. 101

နန်ယုနှင့် အခြားသူများ ဆေးရုံသို့ ရောက်သောအခါ အန်းနင်အား မီးဖွားခန်းထဲသို့ ကြိုတင်ပို့ထားနှင့်ပြီး ဖြစ်သည်။ နန်ကျီမှာ နောက်ကနေ လိုက်ဝင်ချင်သော်လည်း အန်းနင် ဒေါသတကြီးဖြင့် ကန်ထုတ်လိုက်သည်။

ယခုအခါ သူနှင့် နန်ရီရတို့ သစ်ကုလားအုတ်နှစ်ကောင်ကဲ့သို့ ပြုမူနေကြပြီး မီးဖွားခန်းထဲသို့ လည်ပင်းကို တည့်တည့်ထိုးထည့်ချင်နေကြသည်။

"မင်း ယွင်ကျင်းကို ဘာလို့ ခေါ်လာတာလဲ?"

ယခုအချိန်မှာ မနက် ၁ နာရီကျော်ပြီဖြစ်ရာ နန်ကျီ မိဘများ ၏အသက်အရွယ်ကို ထောက်ထား၍ ထပ်မံအနှောင့်အ ယှက်မပေးလိုပေ။ သို့သော် နန်ယု မိဘများအား ဖုန်းခေါ်ပါက သူတို့ သိသွားမည်မှာသေချာသည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူ နန်ယုကိုသာ ဖုန်းခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ညီမငယ်တစ်ယောက်မှာ ဤကဲ့သို့ အခြေအနေများအတွက် မရှိမဖြစ်လိုအပ်သူဖြစ်သည် မဟုတ်ပါလား?

သူ အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း သားဖြစ်သူရှေ့တွင် ရှေ့တွင် မတုန်မလှုပ်တည်ငြိမ်နေအောင် ဟန်ဆောင်နေရသည်။ ဤအချိန်တွင် နန်ကျီ သူ့အား အားအင်ဖြည့်တင်းပေးမည့်သူ တစ်ဦးကို အသည်းအသန်လိုအပ်နေသည်။

ထူးထူးဆန်းဆန်းပင် နန်ယု ထိုနေရာတွင် ရှိနေရုံမျှဖြင့် နန်ကျီ၏စိတ်အား တည်ငြိမ်အောင် ထိန်းချုပ်ပေးနိုင်သော စွမ်းအားတစ်ခုကဲ့သို့ ဖြစ်နေပြီး အလွန်စိတ်ချယုံကြည်မှုကို ပေးသည်။

နန်ကျီသည် နန်ယု ဖေးယွင်ကျင်းကိုပါ အတူခေါ်လာမည်ဟု တွေးမထားခဲ့ပေ။ ကလေးငယ်များ ညနက်သန်းခေါင်အထိ အိပ်မပျော်ဘဲရှိနေခြင်းမှာ ကျန်းမာရေးအတွက် မသင့်တော်ဘူး မဟုတ်ပါလား ?

"ကော ဖုန်းခေါ်တုန်းက သူ အနားမှာ ရှိနေခဲ့တာလေ"

နန်ယု မီးဖွားခန်းအား လှမ်းကြည့်လိုက်သည်။

"ဒီနေ့က ရှောင်ကျင်းရဲ့မွေးနေ့လေ"

နန်ကျီနှင့် နန်ရီရန်တို့ လွန်ခဲ့သည့် ရက်အနည်းငယ်က အန်းနင်နှင့်အတူ ရှိနေခဲ့သည်ကိုသိသောကြောင့် နန်ယု ဖေးယွင်ကျင်း၏မွေးနေ့အကြောင်းကို သူတို့အား မပြောခဲ့ပေ။ ဤကဲ့သို့ တိုက်ဆိုင်မှုကြီးဖြစ်ပေါ်ခဲ့သည်ကိုး။

ဖေးယွင်ကျင်း သတင်းကိုကြားသောအခါ ကျောင်းတစ်ရက် ပျက်ခြင်းမှာ အရေးမကြီးသည့်အတွက် သူနှင့်အတူ လိုက်ပါရန် သဘာဝအလျောက် အတင်းအကျပ်တောင်းဆိုခဲ့သည်။

"တိုက်ဆိုင်လိုက်တာ!"

နန်ကျီ သက်ပြင်းချလိုက်သည်။

"ယွင်ကျင်း၊ ပျော်ရွှင်စရာမွေးနေ့ပါ! တောင်းပန်ပါတယ်။ အန်တီ ကလေးမွေးပြီးရင် ဦးလေး မင်းအတွက် လက်ဆောင်အကြီးကြီးတစ်ခု သေချာပေါက် ပြင်ဆင်ပေးပါ့မယ်"

ကလေးမွေးဖွားခြင်းသည် နာရီအနည်းငယ်မျှသာမကဘဲ နှစ်ရက် သို့မဟုတ် သုံးရက်အထိပင် ကြာမြင့်နိုင်သည် မဟုတ်ပါလား? အန်းနင်သည် ဒုတိယမြောက်ကိုယ်ဝန်ကို ဆောင်ထားသော်လည်း နန်ကျီ ယနေ့အတွင်း ပြီးစီးလိမ့်မည်ဟု အာမခံနိုင်ခြင်း မရှိပေ။

(T/N- အန်းနင်က ကလေးမမွေးသေးပါဘူးနော် ဒီနေရာမှာ ရည်ညွှန်းတာက မီးဖွားခါနီး ကြိုတင်ပြင်ဆင်မှုကာလ ကို ဆိုလိုတာပါ။ သားအိမ် စတင်ပွင့်တာကနေ ကလေးမမွေးခင်အထိ နာကျင်မှုနဲ့ ညှစ်အားပေးမှုတွေဟာ တစ်ခါတလေ တစ်ရက်၊ နှစ်ရက်၊ ဒါမှမဟုတ် သုံးရက်အထိ ပြတ်တောင်းပြတ် တောင်း ဆက်ရှိနေနိုင်တာကိုပြောတာပါ။ မွေးဖွားနေချိန်ကိုပြောချင်တာမဟုတ်ပါဘူး)

ထို့ကြောင့် သူ ထိုကတိကိုသာ ပေးနိုင်ခဲ့သည်။

"ရှောင်ကျင်း၊ တောင်းပန်ပါတယ်၊ ကော မင်းအတွက် လက် ဆောင် မပြင်ဆင်မိဘူး"

အနီးအနားရှိ မီးဖွားခန်းအား စိုးရိမ်တကြီး စိုက်ကြည့်နေသော နန်ရီရန် သူတို့၏စကားဝိုင်းအား မတော်တဆကြား လိုက်ရပြီး ဖေးယွင်ကျင်းအား ချက်ချင်းတောင်းပန်လိုက်သည်။

လတ်တလောတွင် သူ ကျောင်းဆင်းသည်နှင့် အန်းနင်၏ နေရာသို့ တန်းသွားနေခဲ့ပြီး၊ သူနှင့် နန်ကျီတို့ ညဘက်၌ အန်းနင်၏ ဘေးဘက်အခန်းတွင် အိပ်ကြသည်။ သက်တောင့်သက်သာ ရှိမှုအတွက် စိုးရိမ်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ပေးရသည့် ဈေးနှုန်းနှင့် လိုက်လျောညီထွေရှိစေရန် နေထိုင်ရာအခန်းများမှာ ကြယ်ငါးပွင့် ဟိုတယ်များ၏အဆင့် အတန်းနှင့် ထပ်တူရှိနေသည်။

"ကိစ္စမရှိပါဘူး၊ ရီရန်ကောနဲ့ ဦးလေးမှာ ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်"

ဖေးယွင်ကျင်း ဤမျှသေးငယ်သော ကိစ္စအား စိတ်ထဲ ထည့်ထားလိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။ ကလေးမွေးဖွားခြင်းမှာ အန္တရာယ်ကြီးမားသော အခြေအနေဖြစ်သည်ကို သူ နားလည်သည်၊ သူ့အမေအရင်းကဲ့သို့ပင်...

"အန်တီ အခြေအနေ ဘယ်လိုရှိလဲ ?"

ဖေးယွင်ကျင်း၏မေးခွန်းမှာ နန်ယုကိုယ်တိုင် မေးမြန်းလိုနေသောအရာပင်။ သူမတွင် အကြားအာရုံစွမ်းရည် ကောင်းမွန်သော်ငြားလည်း အသံဗလံတစ်စက်မျှမကြားရပေ။ ကလေးမွေးဖွားခြင်းသည် ဤမျှ တိတ်ဆိတ်ငြိမ်သက်သလော ?

တီဗီတွင်ဖြစ်စေ၊ သူမ၏ယခင်ဘဝရှိ စစ်အခြေစိုက်စခန်းတွင်ဖြစ်စေ နှလုံးကြေမွလောက်သော အော်ဟစ်သံများသာ ရှိခဲ့သည်ဟု သူမ မှတ်မိနေသည်။

"ခုနကမှ ဝင်သွားတာ"

နန်ကျီ ခေါင်းအား ကုတ်လိုက်ပြီး ရှေ့မှ မီးဖွားခန်းကို လှမ်းကြည့်လိုက်သည်။

"ရေမွှာ ပေါက်သွားပြီ ဒါပေမဲ့ ဆရာဝန်က ချက်ချင်းတော့မမွေးနိုင်သေးဘူး၊ တစ်ရက် နှစ်ရက်လောက်ကြာနိုင်တယ်လို့ ပြောတယ်"

နန်ကျီ မူလက အန်းနင်အား ခွဲမွေးစေလိုသော်လည်း ဆရာ ဝန်မှ သူမ၏သွေးခဲနိုင်စွမ်းမှာ အတော်လေးညံ့ဖျင်းသောကြောင့် ခွဲမွေးရန် မထောက်ခံဟု ပြောခဲ့သည်။

အန်းနင်ကိုယ်တိုင်ကလည်း ခွဲမွေးခြင်းအားငြင်းဆန်ခဲ့သည်။

သူမ ယခင်က မီးဖွားဖူးသူ ဖြစ်သောကြောင့် ဒုတိယမြောက် ကလေးအား သဘာဝနည်းလမ်းဖြင့် မွေးဖွားခြင်းမှာ ပိုမိုချော မွေ့ လွယ်ကူစေမည်ဖြစ်ပြီး ပြန်လည်သက်သာလာချိန်ကိုလည်း ပိုမိုလျင်မြန်စေမည်။

ထိုသို့သော ကိစ္စရပ်များတွင် နန်ကျီ ပြောပိုင်ခွင့်မရှိပေ။ အန်းနင်၏ စကားကိုသာ အများအားဖြင့် လက်ခံရသည်။ သို့သော် သူ ဆရာဝန်အား လျှို့ဝှက်စွာပြောကြားခဲ့သည်မှာ အကယ် ၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မိခင်ကိုသာ ကယ်တင်ရန် လိုအပ်သည်များကို လုပ်ဆောင်ပေးပါဟု ဖြစ်သည်။

သူ့သမီးငယ်အပေါ် အနည်းငယ် မတရားသလို ခံစားရသော် လည်း နန်ကျီအတွက် အန်းနင်မှာ အရေးအကြီးဆုံးဖြစ် သည်။

"ဒါဆို ကော တစ်ရက် နှစ်ရက်လောက် ဒီအတိုင်း ရပ်နေတော့မှာလား?"

နန်ယု စကားမပြောနိုင်အောင် ဖြစ်သွားသည်။ သူမ နန်ရီရန်အား လက်ယပ်ခေါ်လိုက်သည်။

"ထိုင်စောင့်တာလည်း အဆင်ပြေပါတယ်၊ အန်းနင် အဆင် ပြေနေပေမယ့် ကောတို့ ပင်ပန်းလွန်းလို့ မလှုပ်နိုင်အောင်ဖြစ်သွားရင် အဆင်ပြမှာမဟုတ်ဘူး"

ဆေးရုံမှ မီးဖွားခန်းနှင့်ကပ်လျက်တွင် စောင့်ဆိုင်းခန်းတစ်ခုအား ပေးထားပြီး ချက်ချင်းသတင်းပေးနိုင်အောင် ပြုလုပ်ထားသည်။ ထိုအခန်းတွင် ကုတင်နှင့်အခြားသောပစ္စည်းများ အပြည့်အစုံ ထည့်ပေးထားပြီး၊ ၂၄ နာရီ ဝန်ဆောင်မှုလည်းရှိသည်။ ဤကဲ့သို့ ရပ်နေခြင်းထက်များစွာ သက်သောင့်သက် သာ ရှိသည်။

ယခုအချိန်တွင်မူ ဖခင်နှင့်သား နှစ်ဦးစလုံးမှာ အနားယူရန် စိတ်မပါကြပေ။ နန်ယု ပေါ်မလာခဲ့လျှင် သူတို့ အန်းနင် ဘေးကင်းစွာ မီးဖွားပြီးသည်အထိ ထိုနေရာတွင် ရပ်နေရန်ပင် အမှန်တကယ် စီစဉ်ခဲ့ကြပေမည်။ ထိုအခါ သူတို့ ဇနီးနှင့်မိခင်အား စောင့်ဆိုင်းနေသည့် ကျောက်ရုပ်နှစ်ရုပ်ကဲ့သို့ ဖြစ်သွားပေမည်။

နန်ယု: "..."

ဟင်း၊ ဘယ်လောက် အလုပ်ရှုပ်စရာ ကောင်းလိုက်သလဲ ?

စကားဖြင့် ပြောဆိုဆွေးနွေးခြင်းမှာ အရာမထင်သောကြောင့် သူမ ချက်ခြင်းပင် လက်တွေ့လုပ်ဆောင်လိုက်သည် ။

နန်ယု နန်ယီရန်အား ပွေ့ချီလိုက်သည်။ ဖေးယွင်ကျင်း အခြေ အနေအား သိနားလည်ဟန်ဖြင့် ဘေးဘက်ရှိဧည့်နားနေဆောင်တံခါးအား ဖွင့်ပေးလိုက်သည်။ ထို့နောက် နန်ရီရန် ကြောင်ငေးနေစဉ်မှာပင် သူ့အား အနားယူရန် ကုတင်ပေါ်သို့ ချပေးလိုက်သည် ။

"ရှောင်ကျင်း!"

"လာပါပြီ!"

ဖေးယွင်ကျင်း ချက်ချင်းဖိနပ်ချွတ်ပြီး ကုတင်ပေါ် တက်ကာ နန်ရီရန်၏သတိရှိနေသော ခန္ဓာကိုယ်အပေါ်ပိုင်းအား ဖိထားလိုက်သည်။

"ရီရန်ကော၊ အနားယူလိုက်ပါ! မဟုတ်ရင် အန်တီ စိတ်ပူနေလိမ့်မယ်"

ထိုစကားကြောင့် နန်ရီရန်၏လှုပ်ရှားမှုများ အောင်မြင်စွာ ရပ်တန့်သွားခဲ့သည်။ ရှောင်ကျင်း ပြောသည်မှာ မှန်ကန်ပေသည်၊ သူ့မိခင်အား စိတ်ပူအောင်မပြုလုပ်သင့်ပေ။

နန်ရီရန် သူ့ခန္ဓာကိုယ်၏ကန့်သတ်ချက်များအား ကောင်းစွာ သဘောပေါက် နားလည်သည်။

"ရီရန်ကော၊ ရှောင်ကျင်း ခဏလောက် အတူအိပ်ပေးမယ်၊ ကောင်းကောင်းအိပ်မှ ညီမလေးကို ပွေ့ချီဖို့ ခွန်အားရှိမှာ!"

ဖေးယွင်ကျင်း၏စကားအတိုင်း ချက်ချင်းပင် နာခံလိုက်နာခဲ့သည်။ အပေါ်ဝတ်အင်္ကျီချွတ်၍ ကုတင်ပေါ်တက်ကာ မိခင် ပြန်လည်ရောက်ရှိလာချိန်အထိ လုံလောက်စွာအနားယူမည့်ပုံ ပေါ်နေသည်။

နန်ယု ဝင်ရောက် မစွက်ဖက်သည်မှာ သဘာဝကျသည်။

ကလေးများ ကိုယ်တိုင်ဖြေရှင်းနိုင်သော ပြဿနာများအား သူတို့ကိုယ်တိုင် ဖြေရှင်းခွင့်ပြုသင့်သည်။

သူမ သူတို့အား စောင်ခြုံပေးပြီး မီးပိတ်ကာတံခါးပိတ်ပြီးနောက် နန်ကျီ ဘေးသို့ရောက်လာသည်။

သူသည် အရွယ်ရောက်သူဖြစ်နေပြီ ဖြစ်သောကြောင့် နန်ယု သူ့အား မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီရန် စိတ်မဝင်စားပေ။ သူသည် မိမိခန္ဓာကိုယ် အခြေအနေအား သေချာစွာသဘော ပေါက်နားလည်ပြီးသား ဖြစ်သည်။

"ကျေးဇူးပဲ ညီမလေး!"

နန်ကျီ ပြုံးလိုက်သည်။ သူ နန်ရီရန်အား အိပ်ရာဝင်ဖို့ စည်းရုံးရန်ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

ကလေးငယ်မှာ ခေါင်းမာပြီး စည်းရုံး၍မရနိုင်ခဲ့ပေ။

နန်ယု ပြဿနာအား ဤမျှ မြန်မြန် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

နန်ကျီ၏ ညီမအရင်းပီပီ သူမသည် အမှန်တကယ် ယုံကြည်အားကိုးထိုက်သူ ဖြစ်ပေသည်။

နန်ယု နန်ကျီအား လှမ်းကြည့်လိုက်ပြီး အနီးအနားမှ ထိုင်ခုံတစ်ခုဆီသို့ ဆွဲခေါ်ကာ နေရာချပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ အန်းနင်ရဲ့ မကြာသေးခင်က စစ်ဆေးမှုတွေ အားလုံး အကောင်းဆုံး အခြေအနေမှာ ရှိခဲ့တာပါ၊ ဒီဆေးရုံရဲ့ ဆရာဝန်တွေနဲ့ စက်ကိရိယာတွေကလည်း ထိပ်တန်းပါပဲ ကောသာ ဆက်ပြီးလမ်းလျှောက်နေမယ်ဆိုရင် ကျွန်မ မျက် လုံးတွေ လည်ထွက်တော့မယ်"

နန်ကျီ ဝမ်းနည်းဟန်ဖြင့် ပြုံးလိုက်သည်။

"သိပါတယ် ဒါပေမဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်လို့မရတော့ဘူး"

"ညီမလေး၊ ပြောပါဦး၊ အန်းနင် ဆေးရုံမှာ တစ်ယောက် တည်း ကလေးမွေးတုန်းက စိတ်မကောင်းဖြစ်နေခဲ့မှာ မဟုတ်လား?"

နန်ကျီ ခေါင်းငုံ့လိုက်သည်။

"သူမ တစ်ယောက်တည်း ကိုယ်ဝန်ဆောင်၊ မီးဖွား၊ ရီရန်ကို ပြုစုခဲ့ရတာ၊ ဒါတောင်မှ ငါက နှုတ်မဆက်ဘဲ ထွက်သွားတာကိုအပြစ်ရှာခဲ့တယ်၊ မင်းရဲ့ကောက လူယုတ်မာတစ်ယောက်လား ?"

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဆေးရုံပတ်ဝန်းကျင်၏ ဖိစီးမှုနှင့် လက်ရှိ အခြေအနေတို့က နန်ကျီအား သူမထံ ရင်တွင်းစကားများ ဖွင့်ထုတ်ချင်လာစေခြင်းဖြစ်ပေမည်။

သို့သော် နန်ယု ထိုစကားများအာ ကြားသောအခါ ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည်။

ဤကဲ့သို့သော ဝန်ခံစကားမျိုးအား သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ ယခင်ဘဝတွင် နန်ကျီ အန်းရီရန်၏ တည်ရှိမှုအား သိရှိပြီး၊ ထိုစဉ်က အဖြစ်အပျက်များအား နားလည်ပြီးနောက် နန်ယုထံ လာရောက်တွေ့ဆုံခဲ့ကာ ဤစကားများအတိုင်း ပြောဆိုခဲ့သည်။

သို့သော် ထိုအချိန်က နန်ယု မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဖေးယွင်ကျင်းအား လုံးဝချေမှုန်းရန် မကူညီသည့်အတွက် နန်ကျီအား မုန်းတီးခဲ့ပြီး၊ သူမကို ဤကဲ့သို့ ဆက်ဆံသည့်အတွက် ကမ္ဘာလောကကြီးအားမုန်းတီးခဲ့သည်။ နန်ကျီ၏ဝန်ခံမှုအား နားထောင်ရန် စိတ်မပါခဲ့သလို၊ အန်းနင်အပေါ် ဝန်ခံခြင်းကိုလည်း အရေးတယူမလုပ်ခဲ့ပေ။

ထိုအချိန်က "နန်ယု" က ဘာပြောခဲ့သနည်း။

"ရွံစရာ မကောင်းဘူးလား ? လူသေသွားပြီးမှ ဒါတွေ လာပြောနေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ ? သူက ကောနဲ့ ဘယ်တုန်း ကမှ မထိုက်တန်ခဲ့ဘူး၊ သားတစ်ယောက် မွေးပေးတာကလည်း အကြွေးလာတောင်းတာပဲ ဖြစ်မှာ၊ ဘာလို့များ အပြစ် ရှိတယ်လို့ ခံစားနေရတာလဲ ?"

"ဟုတ်တယ်၊ သူ မရှိတော့ဘူး၊ ငါ ဒါတွေ ပြောနေလို့လည်း အကျိုးမရှိတော့ဘူး"

ထို့နောက် နန်ကျီ နန်ယုအား ဝမ်းနည်းမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

"ယုယု၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

ထိုစဉ်က "နန်ယု" နားမလည်ခဲ့သော်လည်း ယခုအခါ ထိုမှတ်ဉာဏ်အား ဘေးမှသက်သေတစ်ဦးအဖြစ် ကြည့်ရှုနေသော နန်ယု သဘောပေါက်လိုက်သည်။ နန်ကျီ သေဆုံးရန် ရည်ရွယ်ပြီးသားဖြစ်သည်။

အတိအကျပင်၊ တစ်လအကြာတွင် နန်ကျီ ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားကြောင်း သတင်းရောက်လာသည်။

ကားတွင် ချို့ယွင်းချက် တစ်ခုခုရှိနေသည်ကို သူ သိသော် လည်း ယာဉ်မောင်းအားထွက်သွားခိုင်းပြီး သူကိုယ်တိုင်ဝင်ရောက် မောင်းနှင်ခဲ့သည်။

ဤကမ္ဘာသစ်သို့ ရောက်ရှိလာသော နန်ယု ထိုမှတ်ဉာဏ်အား မြင်သောအခါ လူတိုင်းအချစ်ဇာတ်လမ်းထဲတွင် နစ်မြုပ်နေကြခြင်းသာဖြစ်ပြီး ဤဝတ္ထုမှာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မအား ပျိုးထောင်ပေးရန်နေရာတစ်ခုသာ ဖြစ်သည်ဟုပင် ညည်းညူခဲ့သည်။

သို့သော် အဖြစ်အပျက်များစွာအား ကြုံတွေ့ပြီးနောက် သူမ သိရှိလိုက်သည်မှာဝတ္ထုတွင် ချို့ယွင်းချက်မရှိဘဲ၊ ဇာတ်လမ်း ၏ဝှက်ထားသော နက်နဲရှုပ်ထွေးမှုများ၊ ၎င်း စုပေါင်းသက် ရောက်မှုများမှ လူတစ်ယောက်ဘဝအား လုံးဝပြောင်းလဲပစ်နိုင်သည်ဟူ၍ပင်။

ဝတ္ထုတွင် နန်ကျီ၏ အနှစ်နှစ်ဆယ်ကျော်ကြာ လူပျိုကြီးဘဝအကြောင်းအား ပေါ့ပေါ့ပါးပါး ဖော်ပြထားသော်လည်း ထိုနှစ်ဆယ်ကျော်အတွင်း အတိအကျ ဘာများဖြစ်ပျက်ခဲ့ပါသနည်း။ သူ မည်သည့်အရာများကို စဉ်းစားနေခဲ့ပါသနည်း။ ညီမဖြစ်သူ၏ ရူးသွပ်ဟန် (T/N: စိတ်ရောဂါ လက္ခဏာ) ကို မြင်ရသောအခါ နန်ကျီအတွက် ရင်ကွဲစရာဖြစ်ခဲ့သလား ? မိမိသားအရင်းသည်ပင် သူ့ကိုယ် သူ သေစေရန်ဆန္ဒရှိနေ သည်ကို မြင်ရသောအခါ စိတ်ပျက်အားငယ်ခဲ့သလား ?

မူရင်းဝတ္ထုထဲရှိ နန်ကျီမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဤမေးခွန်းအား ဖြေဆိုနိုင်မည်မဟုတ်ပေ။

ဤကမ္ဘာမှာ "You Are My Light" စာအုပ်၏ထုတ်ကုန်သက် သက်မျှ မဟုတ်ပေ။ ၎င်းတွင် ကိုယ်ပိုင်မွေးရာပါ ကျိုးကြောင်းဆီလျော်မှု ရှိပြီး စာအုပ်တွင် ဖော်ပြထားသည့်အတိုင် ပေါ်ပေါက်လာသော ဇာတ်လမ်းမှာ ကံကြမ္မာ၏ အတင်းအဓမ္မ စွက်ဖက်မှုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

အဖြစ်အပျက်များသည် ထိုမျှ နီးကပ်စွာဆက်စပ်နေသော ကြောင့် ပြောင်းလဲရန်ခက်လှသည်။

ကွင်းဆက်တစ်ခုအား ရှောင်ရှားနိုင်သော်လည်း နောက်ဆက် တွဲ ကွင်းဆက်မှာ မူလအခြေအနေသို့ပြန်ရောက်သွားစေနိုင်သည်။

နန်ယု "ကံကြမ္မာ" ၏တည်ရှိမှုကိုပင် သတိမပြုမိဘဲ ၎င်းအား တဖြည်းဖြည်း အားနည်းစေနိုင်ခဲ့သည်။ ထို့ကြောင့် သူ ကိုယ် တိုင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"ဘယ်လောက် ကံကောင်းလိုက်သလဲ!"

သူသာ ဖေးမိသားစုမှ အစောပိုင်းတွင် မထွက်လာခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။

သူမသာ ဖေးယွင်ကျင်းအား မွေးစားရန် ပြင်းပြစွာငြင်းဆန်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

သူသာ နန်ကျီနှင့် အန်းနင်၏ကိစ္စများအား အလေးထားစိတ်မဝင်စားဘဲ၊ ငွေသုံးစွဲရန်ကိုသာ အာရုံစိုက်ခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။

ခြေလှမ်းတစ်လှမ်း လွဲချော်လိုက်သည်နှင့်ကျန်အရာများအား ဘယ်တော့မှ ပြန်လည်ပြင်ဆင်၍မရနိုင်တော့ပေ။

"ကော၊ ဒါ ကောရဲ့ အမှားမဟုတ်သလို အန်းနင်ရဲ့ အမှားလည်း မဟုတ်ပါဘူး၊ ဒါ မတော်တဆဖြစ်ခဲ့တဲ့ အမှားတစ်ခုသာသာပဲ၊ ကောတို့နှစ်ဦးအတွက် ရှေ့လျှောက်ရှည်လျားလှတဲ့ အနာဂတ်ရှိပါသေးတယ်၊ ဖြစ်ခဲ့တာတွေကိုပြီးပြီလို့ သတ် မှတ်လိုက်ပါ"

နန်ယု ထိုစကားအား ရိုးသားသော စိတ်ရင်းဖြင့်ပြောခဲ့ခြင်းဖြစ်သည်။

နှုတ်မဆက်ဘဲ ထွက်သွားခြင်းနှင့် ကလေးတစ်ယောက် တည်း မွေးဖွားခဲ့ခြင်းအတွက် အန်းနင်အားအပြစ်တင်မည်လား ?

သို့သော် မိဘနှစ်ပါးစလုံး ကွယ်လွန်မှုအား ကြုံတွေ့ခဲ့ရပြီး ဆွေမျိုးများ၏ ဖိနှိပ်မှုကို ခံစားခဲ့ရသော မိန်းကလေးမှာ သဘာဝအားဖြင့် ထိခိုက်လွယ်ပြီး မိမိကိုယ်ကို အပြစ်တင်တတ်ပေမည်။ ထိုအချိန်က သူမ ကိစ္စများအား သေချာစွာမစဉ်းစားခဲ့သော်လည်း ၎င်းမှာ အန်းရီရန်၏အယူအဆမှား ယွင်းမှုများအတွက် သူမ တစ်ဦးတည်း တာဝန်ခံသင့်သည်ဟု မဆိုလိုပေ။

အန်းနင်၏နောက်ဆက်တွဲ စောစီးစွာသေဆုံးမှုနှင့် မိဘမဲ့ဂေဟာတွင် အနိုင်ကျင့်ခံရမှုတို့သည်လည်း အကြောင်းရင်းများဖြစ်ခဲ့သည်။

ထို့ကြောင့် နန်ကျီအား အပြစ်တင်မည်လား ?

ထိုအချိန်က နန်ကျီ နန်ကော်ပိုရေးရှင်းအား စတင်တာဝန်ယူခဲ့ရသောအခါ အလုပ်ပင်ပန်းမှုများကြောင့် အန်းနင်၏ခံစားချက်များအား အမှန်တကယ်လစ်လျူရှုခဲ့သည်။

နန်ကျီ အလုပ်များပြီးနောက် အန်းနင်အား အံ့အားသင့်စေချင်ခဲ့ခြင်းသာ ဖြစ်သော်လည်း၊ တစ်ခါတစ်ရံ စကားတစ်ခွန်းမျှမပါဘဲ ပေးလိုက်သော အံ့အားသင့်စရာမှာ ထိတ်လန့်စရာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ကို သူ သတိမပြုမိခဲ့ပေ။

မည်သူ့အား အပြစ်တင်ရမည်နည်းဆိုပါက၊ ထိုအချိန်က သူတို့နှစ်ဦးစလုံး ရင့်ကျက်မှုနည်းပါးခြင်းနှင့် ငယ်ရွယ်ခြင်းကြောင့်သာဖြစ်ပေမည်။

နန်ယု ထိုမျှ နူးညံ့သိမ်မွေ့သော အကြံဉာဏ်အား ပေးခြင်းမှာ ရှားပါးသော်လည်း နန်ကျီ ရယ်မောမိသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

သူ အမှန်တရားအား နားလည်သည်။ သို့သော် ယနေ့တွင် သဘာဝကျသည်ဟု ခံစားနေရသည်။

သို့သော် နန်ယု စကားအား ကြားပြီးနောက် ထူးဆန်းသော စိတ်သက်သာရာရမှုကို အဘယ်ကြောင့် ခံစားနေရသနည်း။

သူ ဤစကားများအား နှစ်ပေါင်းများစွာစောင့်မျှော်နေခဲ့သည့်အလားဖြစ်နေခဲ့သည်။

အံ့သြစရာပင်!

သို့သော် ထိုရယ်သံကို ကြားလိုက်သော နန်ယု: "..."

နောက်တစ်စက္ကန့်တွင်

"အာ... ညီမလေး၊ ငါ မှားပါတယ်၊ ငါ မှားပါတယ်!"

နန်ယု သူ့လက်အား ပြန်ရုပ်သိမ်းလိုက်ပြီး ခပ်အေးအေးဖြင့် နှာမှုတ်လိုက်သည်။

"စားစရာ တစ်ခုခု သွားရှာလိုက်ဦးမယ်"

သူတို့နှစ်ဦး လှီးဖြတ်ထားသော သစ်သီးများအား စားရင်း စကားပြောဆိုနေကြရာ မနက် ခုနစ်နာရီရောက်သောအခါမှသာ မီးဖွားခန်းထဲတွင် လှုပ်ရှားမှုအနည်းငယ်ပေါ်လာခဲ့သည်။

အန်းနင် တရားဝင် မီးဖွားခဲ့ပြီးဖြစ်သည်။

နန်မိဘများလည်း ရောက်ရှိလာကြပြီး တံခါးအား စိုးရိမ်တ ကြီးစိုက်ကြည့်နေကြသည်။

နန်ရီရန်နှင့် ဖေးယွင်ကျင်းပင်လျှင် မည်သည့်အချိန်က နိုးလာမှန်းမသိဘဲ စိုးရိမ်တကြီး စောင့်ဆိုင်းနေသောလူကြီးများအားအနှောင့်အယှက်မပေးဘဲ တိတ်တဆိတ်ရပ်နေကြသည်။

သူတို့အားလုံး စောင့်ဆိုင်းနေကြသည်။ ကလေးငယ် ဘေးကင်းကြောင်း ဆရာဝန် အစီရင်ခံရန်စောင့်ဆိုင်းနေကြသည်။ မွေးဖွားခြင်းအား စောင့်ဆိုင်းနေကြသည်။

မနက် ကိုးနာရီတွင် မီးဖွားခန်းထဲမှ ဆူညံသံများ တဖြည်း ဖြည်း တိတ်ဆိတ်သွားခဲ့ပြီး သူနာပြုတစ်ဦး ထွက်လာကာ အန်းနင် အားအင် စုဆောင်းနေကြောင်း၊ ထို့ကြောင့် ဤမျှ မြန်ဆန်မည်မဟုတ်ကြောင်း နန်ကျီနှင့် အခြားသူများအား ယုံကြည်စိတ်ချဖို့ ပြောကြားခဲ့သည်။

"ဟုတ်တယ်၊ ငါ ယုယုကို မွေးတုန်းကလည်း နှစ်ရက်နီးပါး နာကျင်ခဲ့ရတယ်၊ စိတ်မပူပါနဲ့"

ကလေးမွေးဖူးသည့် အတွေ့အကြုံရှိသော မားမားနန် လျင်မြန်စွာပြောလိုက်သည်။

"ရှောင်နင်ရဲ့ ကိုယ်ဝန်က တည်ငြိမ်ပါတယ်၊ သူ အဆင်ပြေမှာပါ"

နေ့လယ် ၁၁ နာရီတွင် ဖေးယီကျန့် ရောက်ရှိလာသည်။

သူ ဘယ်က သတင်းရလာသည်ကို မသိရသော်လည်း နိုင်ငံ ခြားသားဆရာဝန်တစ်ဦးကိုပါခေါ်လာခဲ့သည်။

"Alan က အရမ်းတော်တဲ့ သားဖွားမီးယပ်ဆရာဝန်ပါ၊ ကြို တင်ပြင်ဆင်ထားတာ ပိုကောင်းပါတယ်"

နန်ကျီ ဖေးယီကျန်းကို အားတင်းကာပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။ သူ အလွန်အမင်းအလုပ်ရှုပ်နေသည်မှာ ရှင်းနေပြီး အသေးစိတ် စကားပြောရန်စိတ်မပါတော့ပေ။

သို့သော် နန်ယု ထိုဆရာဝန်အား လှမ်းကြည့်လိုက်ပြီး ဖေးယီကျန့်သည်လည်း အန်းနင်၏မီးဖွားမှုအတွက် စိုးရိမ်နေကြောင်း၊ ပေ့ထန်ရှောင်ဝမ်တွင် ဖြစ်ခဲ့သကဲ့သို့ မမျှော်လင့်ထားသော ကိစ္စများအားကြောက်ရွံ့နေသည်ကို ခန့်မှန်းနိုင်ခဲ့သည်။

ထိုလူအုပ်မှာ ညနေ ရှစ်နာရီကျော်သည်အထိ စောင့်ဆိုင်းခဲ့ကြပြီး အန်းနင်၏ပြတ်တောင်းပြတ်တောင်း အော်သံမှာ လူတိုင်း၏နှလုံးသားအား ဆွဲဆုပ်ထားသကဲ့သို့ ဖြစ်နေသည်။

အန်းနင်အား အနှောင့်အယှက်ပေးမည်ကို မကြောက်ခဲ့လျှင် နန်ကျီ အတွင်းသို့ ပြေးဝင်သွားပြီးဖြစ်မည်။

"အား... အား..."

ထိုအော်ဟစ်သံမှာ အလွန်ကျယ်လောင်သောကြောင့် နန်ကျီနှင့် နန်ရီရန်တို့ မျက်လုံးပြူးကာ စိုက်ကြည့်နေမိကြသည်။

"ချစ်လေး၊ ဟန်နီ ကိုယ် အပြင်မှာ ရှိတယ်"

"မေမေ!"

အန်းနင်၏အသံမှာ ဆက်လက် ကျယ်လောင်လာခဲ့ပြီး အရေး ကြီးဆုံးအချိန်သို့ ရောက်ရှိနေပြီမှာထင်ရှားသည်။

နန်ကျီ၊ နန်ရီရန်နှင့် အခြားသူများ မီးဖွားခန်းတံခါးကိုပင် မှီထားခဲ့ကြပြီး သူတို့၏ပုံမှန်စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးနေခဲ့သည်။

နန်ယုနှင့် ဖေးယီကျန့်တို့သာလျှင် နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။

"ရှင် ပြောခဲ့တဲ့ 'စွမ်းဆောင်နိုင်စွမ်း မရှိခြင်း' ဆိုတာကို ကျွန်မ ရုတ်တရက် နားလည်သွားပြီ"

နန်ယုအသံမှာ တိုးညင်းသောကြောင့် သူမဘေးမှ ဖေးယီကျန့်သာလျှင် ကြားနိုင်သည်။

သူမ မည်မျှပင် ချမ်းသာပြီး အာဏာရှိစေကာမူ၊ ဤကဲ့သို့ အချိန်မျိုးတွင် စောင့်ဆိုင်းခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ သိပ်ပြီး လုပ်ဆောင်နိုင်စွမ်းမရှိပေ။

"ယုယု၊ မင်း လုံလောက်အောင် လုပ်ခဲ့ပြီးပါပြီ"

ဖေးယီကျန်း မီးဖွားခန်းအား စိုက်ကြည့်ရင်း သူ့လေသံမှာ သိသိသာသာ ခိုင်မာနေခဲ့သည်။

"ကံကြမ္မာကို အင်မတန် အားနည်းအောင်လုပ်နိုင်ခဲ့ပြီ၊ သူ လှည့်စားနိုင်တဲ့ အခွင့်အရေးကလည်း အရမ်းနည်းနေပါပြီ"

အကယ်၍ ၎င်းသာ အနည်းငယ် စောစီးစွာဖြစ်ပျက်ခဲ့ပါက ဖေးယီကျန့် ဒုတိယအကြိမ် စဉ်းစားခဲ့ပေမည်။

အဘယ်ကြောင့်ဆိုသော် ပေ့ထန်ရှောင်ဝမ်မှာ မီးဖွားခန်း၌ သေဆုံးခဲ့ရသည်။ ထိုစဉ်က သူမတွင် အကောင်းဆုံးဆရာဝန်များနှင့် အခြားသော အထောက်အကူပစ္စည်းများရှိသော် လည်း ထိုကံကြမ္မာမှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ဤတစ်ကြိမ်မှာမူ မတူပေ။ ကံကြမ္မာ၏စွမ်းအားမှာ တစ်စိတ်တစ်ပိုင်းခန့်သာ ကျန်ရှိတော့ပြီး ကြောက်မက်ဖွယ်ကောင်းသော၊ မရှုံးနိမ့်နိုင်သောအင်အား မဟုတ်တော့ပေ။

သူတို့၏ ယခင်ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးမဖြစ်ခဲ့ပေ။ ကြိုးပမ်းမှုတိုင်း၊ အောင်ပွဲတိုင်းမှာ ယခုအခါ ကံကြမ္မာအား ဆန့်ကျင်ရန် စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီး အန်းနင်ကို ကာကွယ်ပေးကာ ဤကလေးအား ဘေးကင်းစွာမွေးဖွားနိုင်စေရန် သေချာစေသည်။

"နန်ယု၊ ကိုယ်တို့ အနိုင်ရမှာပါ"

"သေချာတာပေါ့၊ ကျွန်မ ဘယ်တော့မှ သံသယမဝင်ဘူး!"

နန်ယု မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"ငရဲဘုရင်ကလာပြီး ကျွန်မကို လာခေါ်ရင်တောင်မှ ကျွန်မ သဘောတူမှာ မဟုတ်ဘူး!"

နန်ယု ထိုကဲ့သို့သော ယုံကြည်မှုကြောင့် ဖေးယီကျန့် မပြုံးဘဲမနေနိုင်အောင် ဖြစ်ခဲ့သည်။

ထို့နောက် သူတို့နှစ်ဦး စကားပြောခြင်းအား ရပ်လိုက်ပြီး မီးဖွားခန်းကိုသာ အာရုံစူးစိုက်ထားခဲ့ကြသည်။

ည ၁၁ နာရီ ၅၂ မိနစ်တွင် အန်းနင်၏အသံမှာ အလွန်အား အင်ချိနဲ့နေခဲ့သည်။ သူမ မီးဖွားခန်းထဲတွင် ၂၄ နာရီနီးပါး ရှိနေခဲ့ပြီဖြစ်သည်။

အချိန်ကြာမြင့်လေလေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးအတွက် ပိုမိုဆိုးရွားသော အကျိုးဆက်များဖြစ်စေနိုင်သည်။

ဖေးယွင်ကျင်း သူ့လက်သီးသေးသေးလေးများအား ဆုပ်ထားပြီး၊ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ စိတ်ထဲတွင် တိတ်တဆိတ်ဆုတောင်းခဲ့သည်။

"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ ဘုရားသခင်၊ ဒီနှစ်၊ မဟုတ်ဘူး၊ နောင်လာမယ့် ကျွန်တော့်ရဲ့မွေးနေ့ဆုတောင်းတွေ အား လုံးကို ခင်ဗျားကိုပေးအပ်ပါ့မယ်၊ ကျေးဇူးပြုပြီး၊ အန်တီ၊ ကျွန်တော့် ညီမလေးကို ဘေးကင်းကင်းနဲ့မွေးဖွားပေးနိုင်ပါမယ်!"

"ကျေးဇူးပြုပြီး..."

အချိန်မှာ တစ်မိနစ်ချင်းစီ ကုန်လွန်သွားခဲ့ရာ ရုတ်တရက်!

ပြင်းထန်စွာ အော်ဟစ်သံနှင့်အတူ...

"ဝါး--"

ကျယ်လောင်သော ငိုသံအား ကြားလိုက်ရသည်။

ဧပြီလ ၂၃ ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်တွင် အန်းနင် သမီးလေးတစ်ဦးအား အောင်မြင်စွာမွေးဖွားခဲ့သည်။

ကလေးငယ်မှာ ၇.၂ ဂျင်း အလေးချိန်ရှိပြီး၊ မိခင်နှင့်သမီး နှစ်ဦးစလုံး ဘေးကင်းလုံခြုံခဲ့သည်။

(T/N: ၃.၆ ကီလိုဂရမ်)

All Chapters