လင်းကျွင်းကျွင်း၏ အိပ်မက်ဆိုး
Vol. 10 Ch. 131
"အတိအကျ ပြောရမယ် ဆိုရင်တော့ဗျာ ကျွန်တော့်ကို ဆုချဖို့ ရတနာတွေ မလုံလောက်မှာ စိုးရိမ်မိတယ်လို့ ဆိုလိုတာပါ”
လင်းကျွင်းကျွင်းသည် ဒေါသကြောင့် ရင်ဘတ်မှာ တင်းကျပ်လာသည်။ "အန်လင်း နင်က ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်နေတာ မဟုတ်လား”
"ဟဟ နင့်မှာရှိတဲ့ အချက်အလက်တွေ အကုန်လုံးသား ပေးစမ်းပါ။ ငါ့မှာ ရှိသမျှကို မျက်တောင်တစ်ချက် မခတ်ဘဲနဲ့ ပေးနိုင်တယ်”
လင်းကျွင်းကျွင်း၏ မျက်လုံးများသည် တောက်ပစွာဖြင့် အန်လင်းအား စိုက်ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ စိန်ခေါ်မှုအပြည့်နှင့် ဖြစ်သည်။
အန်လင်းသည် အချိန်ဆွဲမနေတော့ပဲနှင့် ပုံစံတစ်ခုအား ရေးဆွဲလိုက်သည်။
လင်းကျွင်းကျွင်းသည် ထိုပုံစံအား ကူးယူလိုက်သည်။
ကူးယူရေးဆွဲပြီး နောက်တွင် သူမသည် ခေါင်းညိတ် လိုက်ပြီးနောက် "မဆိုးပါဘူး။ ဒါက သွေးခံစစ်ကြောင်း ဝင်္ကပါလေ။ ကျင်းအန်လန်ရဲ့ ရတနာတိုက်ထဲက အလယ်အလတ်အဆင့် စိတ်ဝိညာဉ် လက်နက်တစ်ခု ရပါမယ်”
လင်းကျွင်းကျွင်းသည် လက်ပေါ်မေးတင်ကာ ပြုံးလိုက်ပြီးနောက် "အန်သခင်လေးမှာ တခြား ကမ်းလှမ်းစရာများ ရှိနေသေးလားရှင်”
အန်လင်းသည် ခေါင်းညိတ်ကာဖြင့် ပုံစံနှစ်ခု ထပ်မံ ရေးဆွဲလိုက်ပြန်သည်။
လင်းကျွင်းကျွင်းသည် အနည်းငယ် အံ့အား သင့်သွားသော်လည်း တည်ငြိမ်သည့် အမူအရာဖြင့် အန်လင်း ရေးဆွဲပေးသည့် ပုံစံများအား ကူးယူလိုက်သည်။ "အင်း အရမ်းကောင်းတယ်။ ဆုလာဘ်ကောင်းကောင်း ပေးရမှာပေါ့။ အလယ်အလတ် အဆင့်နဲ့ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် တစ်ခုစီ ရပါမယ်”
အန်လင်းသည် သူမ၏ စကားကြောင့် အနည်းငယ် တုန်လှုပ် သွားသော်လည်း တည်ငြိမ်သည့်ဟန်ဖြင့် ရှိနေဆဲ ဖြစ်သည်။
အန်လင်းသည် သာမန်ပုံစံနှစ်ခုအား ရေးဆွဲလိုက်ခြင်း ဖြစ်သော်လည်း ထိုအရာများသည် အဖိုးတန်များ ဖြစ်နေလေသည်။
ယခုအခါတွင် သူ့အနေဖြင့် ယုံကြည်ချက်များ ရှိလာပြီ ဖြစ်သည်။
ထို့နောက်တွင် စားပွဲပေါ်၌ မတူညီသည့် ပုံစံ ၁၀ ခုအား ရေးဆွဲလိုက်သည်။
လင်းကျွင်းကျွင်းသည် ရှုပ်ထွေးလှသည့် ပုံစံများအား ကြည့်ကာဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သို့သော်လည်း သူမသည် မျက်နှာတစ်ချက် ပျက်မသွားပေ။
ကူးယူပြီးနောက်တွင် "အလယ်အလတ် အဆင့် စိတ်ဝိညာဉ်လက်နက် ၃ ခုနဲ့ အခြေခံအဆင့် စိတ်ဝိညာဉ် လက်နက် ၇ ခု ရမယ်”
ကျင်းအန်လန်သည် ထိုစကားအား ကြားသည့်အခါတွင် တုန်ယင် လာတော့သည်။ "သခင်မ ထျန်းယွီ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် လုံလုံလောက်လောက် မရှိတော့ပါဘူး”
လင်းကျွင်းကျွင်းသည်လည်း အနည်းငယ် ထိတ်လန့်သွားသော်လည်း အလျင်အမြန်ပင် သူမ၏ ကိုယ်နေဟန်ထားအား ပြင်ဆင်လိုက်နိုင်သည်။ "ရှင့်ရဲ့ ရတနာတိုက်ထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက် တစ်ခုရှိတယ် မဟုတ်လား။ အဲဒါက အလယ်အလတ် အဆင့် စိတ်ဝိညာဉ်လက်နက် သုံးခုနဲ့ ညီမျှတယ်လေ။ အဲဒါပေးလိုက်”
ကျင်းအန်လန်၏ နှလုံးသားလေးမှာ သွေးစိမ်းရှင်ရှင် ထွက်နေပြီ ဖြစ်သော်လည်း သဘောတူလိုက်ရသည်။
အန်လင်း၏ အဖွဲ့သားများသည် အန်လင်းအား ကြည်ညိုလေးစားမှု အပြည့်ဖြင့် ကြည့်လိုက်ကြသည်။
အန်လင်းသည် ခုံတွင်ထိုင်လျက်နှင့် ဆုလာဘ်များအား တည်ငြိမ်စွာ စုဆောင်းလျက်ရှိသည်။ ထိုသည်ကိုကြည့်လျှင် သူ၏ အဖွဲ့သားများသည် သူ့အား ပိုလို့ပင် လေးစား လာကြတော့သည်။
မြင်လား။ ဣန္ဒြေရှိတယ်ဆိုတာ ဒါမျိုးပေါ့။
စိတ်ဝိညာဉ်လက်နက် အများအပြား ရရှိခြင်းသည် သူ့အတွက် သာမန်ဖြစ်ရပ်မျှသာလျှင် ဖြစ်ချေသည်။ ကြီးမြတ်သည့် နတ်ဘုရားအန်မှာ ထိုသို့သော လူမျိုးဖြစ်သည်။
"ကောင်းပြီလေ။ နင့်ရဲ့ အချက်အလက်တွေ ကုန်ပြီဆိုရင် ကျင်းအန်လန်ရဲ့ ရတနာတိုက်ထဲကနေ ဆုလာဘ်တွေ သွားယူလို့ရပါပြီ” လင်းကျွင်းကျွင်းသည် ထိုသို့ပြောရင် ပြုံးလျက် မတ်တတ်ရပ်လိုက်သည်။
"နေပါဦး။ မကုန်သေးဘူးလေ။ ဘာလို့ အလျင်လိုနေရတာလဲ” အန်လင်းသည် သူ၏လက်ကို ဝှေ့ယမ်းကာဖြင့် လင်းကျွင်းကျွင်းအား ကြည့်လိုက်သည်။
လင်းကျွင်းကျွင်း၏ ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်ယင်လာပြီး မျက်လုံးများမှာ ပြူးကျယ်လာတော့သည်။ "နင့် … နင့်မှာ အများကြီး ရှိနေသေးတာလား”
အန်လင်းသည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက် ပြီးနောက် မတူညီသည့် သင်္ကေတများ ပါဝင်သည့် စာကြောင်းများစွာ ရေးချလိုက်သည်။
လင်းကျွင်းကျွင်း : “…”
ကျင်းအန်လန်မှာ ငိုချင်နေလေပြီ။ "သခင်မထျန်းယွီ ခင်ဗျား ရတနာတိုက်ထဲမှာ စိတ်ဝိညာဉ် လက်နက်တွေ မရှိတော့ပါဘူး”
လင်းကျွင်းကျွင်း : “စိတ်ဝိညာဉ် ဆေးလုံးတွေ ယူခဲ့လိုက်”
အန်လင်းသည် ပြုံးလိုက်ပြီး သွေးမျိုးဆက် သုတေသန စမ်းသပ်ချက်များစွာအား ချရေးလိုက်ပြန်သည်။
ကျင်းအန်လန်သည် အသက်ရှူမြန်လာပြီး "ရတနာတိုက်ထဲမှာ စိတ်ဝိညာဉ် ဆေးလုံးတွေ ကုန်သွားပါပြီ”
လင်းကျွင်းကျွင်းသည် သူမ၏ရင်ဘတ်အား ဖိကာဖြင့် "ရှားပါးတဲ့ ရတနာတွေနဲ့ သတ္တုသန့်စင်တဲ့ ပစ္စည်းတွေအားလုံး ယူလာခဲ့”
အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် စက်ပစ္စည်းပုံစံ အနည်းငယ်အား ရေးဆွဲလိုက်သည်။
ကျင်းအန်လန်၏ နှုတ်ခမ်းများသည် တုန်ယင်လာပြီး "ရတနာတိုက်ထဲမှာ စိတ်ဝိညာဉ် ကျောက်တုံးတွေပဲ ကျန်ပါတော့တယ် ခင်ဗျာ”
လင်းကျွင်းကျွင်းသည် မျက်လုံးများ ပြူးကျယ်လာပြီးနောက် အောက်နှုတ်ခမ်းအား ဖိကြိတ်ထားလိုက်သည်။ အချိန်အတော်ကြာပြီး နောက်တွင် "အဲဒါတွေ အကုန်လုံး ယူလာခဲ့လိုက်”
အန်လင်းသည် အလွန်ကျေနပ်လျက် ရှိသည်။ ပြုံးပျော်ကာဖြင့် ပုံစံအနည်းငယ်အား ဆက်လက် ရေးဆွဲလိုက်ပြန်သည်။
လင်းကျွင်းကျွင်း၏ မျက်လုံးများသည် မည်းမှောင်လာပြီးနောက် သူမလက်ထဲရှိ ပန်းချီစုတ်တံမှာလည်း မြေပြင်ပေါ်သို့ လွတ်ကျသွားတော့သည်။ "နင် … နင့်မှာ ဘယ်လိုဖြစ်ပြီး အဲလောက်အများကြီး ရှိနေရတာလဲ”
အန်လင်းသည် အပြစ်ကင်းသည့် အမူအရာဖြင့် "ဘာလို့လဲဆိုတော့ လိုရမည်ရ သိမ်းထားတာလေ။ နင်တို့ကို မွဲပြာကျအောင် လုပ်ချင်လို့”
ဝိုး … အမျော်အမြင် ရှိလိုက်တာ။
ကျင်းအန်လန်သည် အန်လင်း ရေးဆွဲထားသည့် ပုံစံများအား သတိလက်လွတ် ကြည့်နေမိပြီး ရုတ်တရက်ဆိုသလိုပင် သူ၏ ခေါင်းအား စားပွဲနှင့် ဆောင့်ကာ သတ်သေချင်မိလာသည်။
"သခင်မရေ ရတနာတိုက်က ဘာမှမရှိတော့ပါဘူး ခင်ဗျာ။ ဘာဆက်လုပ်ရမလဲ အကြံပေးပါဦး”
နဂါး မျိုးနွယ်စုဝင်များသည် ရတနာများအား ချစ်မြတ်နိုးကြသည်။
ရတနာတိုက် အတွင်းရှိ ရတနာများသည် သူ၏ ရင်သွေးများ ဖြစ်ကြသည်။ အလွန်လှပပြီး သူ၏ စိတ်ခံစားမှုများအား သက်သာစေသည်။
ယခုအခါတွင် သူ၏ ရတနာများအား ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်ကြောင့် သူ့အနေဖြင့် ရှင်သန်နေထိုင်ရန် ရည်မှန်းချက်အားလုံး ပျောက်ဆုံးသွားပြီ ဖြစ်သည်။
အန်လင်းသည် လင်းကျွင်းကျွင်းအား မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ "ပြောပြီးသား စကားကို မဖျက်ပါဘူးနော်။ ဟုတ်တယ်မလား”
လင်းကျွင်းကျွင်းသည် အန်လင်း၏ စကားများကြောင့် မူးဝေလာလေသည်။
သူမသည် ပန်းချီလေ့ကျင့်ရန် အတွက် ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူမနှင့်အတူ အဖိုးတန်ပစ္စည်းများ ယူဆောင်လာခြင်း မရှိချေ။ သို့သော် အန်လင်းသည် ပုံစံများအား ရေးဆွဲပြီး ဖြစ်သည်ကြောင့် သူမအနေဖြင့် ဆုလာဘ်များအား အကြွေးမထားနိုင်ပေ။
သူမသည် ကောင်းကင် အရှင်သခင်၏ သမီးဖြစ်သည်။ မည်သည့် အတွက်ကြောင့် ပြောပြီးသားစကားကို ပြန်လည် ရုပ်သိမ်းရမည်နည်း။
ဆုချီးမြှင့်မည်ဟု ကတိပေးထားသည့် အတွက် ဆုလာဘ်များအား ချက်ချင်း ပေးရပေလိမ့်မည်။
လင်းကျွင်းကျွင်းသည် သူမ၏ နှလုံးသားလေးအား တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူမ၏ ကျောက်ဖြူလည်ဆွဲအား ချွတ်ယူကာ အန်လင်းအား အံကြိတ်ကာဖြင့် ကမ်းပေးလိုက်သည်။ "ဒါက ထိပ်တန်းအဆင့်ရှိတဲ့ ရေခဲနှလုံးသား စိတ်ဝိညာဉ်ပဲ။ အဆင့်မြင့် ကာကွယ်ရေး စိတ်ဝိညာဉ် လက်နက်လည်း ဖြစ်တယ်။ နင်အခုဆွဲထားတဲ့ ပုံစံတွေအတွက် လုံလောက်တဲ့ ဆုလာဘ်တစ်ခုပဲ”
အန်လင်းသည် ထိပ်တန်းအဆင့်ရှိ ရေခဲနှလုံးသား စိတ်ဝိညာဉ်အား မလိုလားဟန်ဖြင့် လက်ခံလိုက်သည်။ သူ၏အမူအရာမှာ စိတ်ကျေနပ်ပုံ မရချေ။ လင်းကျွင်းကျွင်းမှာ သူ့အား ဈေးဆစ်နေခြင်း ဟူသော အမူအရာဖြင့် ကြည့်လိုက်သည်။
လင်းကျွင်းကျွင်း၏ ရင်ဘတ်မှာ တင်းကျပ်လာပြီး သွေးအန်မိတော့ မတတ်ပင် ဖြစ်သည်။
တကယ်တမ်း ဒေါသထွက်ရမှာ ဘယ်သူတုန်း။
ထိုလည်ဆွဲသည် သူမတန်ဖိုးထားရသည့် ရတနာဖြစ်သည်။ အန်လင်းအား ပေးလိုက်သော်လည်း ထိုကောင်သည် မလိုချင်သည့် အမူအရာဖြင့် သူမအား ပြန်ကြည့်လာလေသည်။
အန်လင်း မလိုချင်ရသည့် အကြောင်းမှာ ထိုလည်ဆွဲသည် လွန်စွာ မိန်းမဆန်လှသည်။ သူ့အနေဖြင့် ဝတ်ဆင်ရန် မသင့်တော်ချေ။ ထို့ကြောင့် မလိုလားရခြင်း ဖြစ်သည်။
ထို့နောက်တွင် အန်လင်းသည် မတူညီသည့် သင်္ကေတများအား ချရေးလိုက်ပြန်သည်။
လင်းကျွင်းကျွင်းမှာ အလွန်အံ့အားသင့်လျက် ရှိသည်။
ကျင်းအန်လန်သည်လည်း ပါးစပ် အဟောင်းသားဖြင့် ရှိနေလေသည်။
အဖွဲ့သား အားလုံးမှာလည်း ပါးစပ်များ ဟကာဖြင့် ရှိနေပြီး မယုံကြည်နိုင်လွန်းလှ သဖြင့် မျက်လုံးများအား ပွတ်နေမိတော့သည်။
"ပိုင်လင်းက ငါတို့ကို ဘာလို့ ကန်ထုတ်လိုက်တယ် ဆိုတာကို နားလည်စပြုလာပြီ။ ဒီလူက အချက်အလက်တွေ ဘယ်လောက်တောင် ရထားတာလဲ” လောင်ကျိပင်ပသည် မယုံကြည်နိုင်မှုဖြင့် ပြောလိုက်သည်။
"တကယ်ကြီး ရလာတာလား။ ဆရာကြီးနယ်ပယ်မှာ ရှိတဲ့ အချက်အလက်တွေကို သူက ဓားပြတိုက်လာတာ မဟုတ်ဘူးလား” ကျုံးရုံရန်မှာ ရှုံ့မဲ့နေလေသည်။
"ကြည့်ရတာ သူ့ဆီမှာ တော်တော်များများ ကျန်နေသေးပုံပဲ” စွန်းရှန့်လျန် ပြောလေသည်။
"ထင်ထားတဲ့ အတိုင်းပဲ။ အကိုကြီးအန်က တကယ်ကို စွမ်းအားကြီးလွန်းတယ်” မုန့်ထျန်းသည် ရှောင်ချိုးအား လက်ဖြင့် တင်းတင်းဖက်ထားလျက် ဆိုလေသည်။
ဖြစ်လာမည့် အရာများအား သူမမြင်နေရပြီ ဖြစ်သည်။
လင်းကျွင်းကျွင်း၏ အခြေအနေအား မြင်ရသည့်ခါတွင် အန်လင်းသည် အံ့ဩသွားမိသည်။ "ဘာလဲ။ ဘာဖြစ်တာလဲ။ ပေးစရာ မရှိတော့ဘူးလား”
လင်းကျွင်းကျွင်း၏ မျက်ခမ်းစပ်များသည် နီရဲလာပြီး သူမ၏ အောက်နှုတ်ခမ်းမှာ တဆတ်ဆတ် တုန်ယင်လာသည်။ သူမသည် ဆက်လက်ပြီး တည်ငြိမ် မနေနိုင်တော့ချေ။
သူမဘဝတွင် ထိုမျှလောက်အထိ စိတ်အားငယ်ခြင်းမျိုး မဖြစ်ခဲ့ဖူးပေ။
အန်လင်း၏ အကြင်နာမဲ့လှသည့် ဖိအားပေးမှုသည် သူမအား ချောက်ကမ်းပါးစွန်းသို့ တွန်းပို့နေလေသည်။
ယခုအချိန်တွင် သူမထံတွင်ရှိခဲ့သည့် တန်ဖိုးအကြီးဆုံးသော အရာမှာ ထိပ်တန်းအဆင့် ရေခဲနှလုံးသား စိတ်ဝိညာဉ် ဖြစ်သည်။ သူမကိုယ်သူမ ရောင်းပစ်ဖို့သာလျှင် ကျန်ရှိတော့သည်။
"အန်လင်း နင် … နင်ငါ့ကို အနိုင်ကျင့်နေတာလား”
လင်းကျွင်းကျွင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာလေပြီ။ သူမသည် တည်ငြိမ် မနေနိုင်တော့ပဲ ဒေါသထွက်နေသည့် မိန်းမငယ်လေးအသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူမသည် အန်လင်းအား အသေအကျေ ရိုက်နှက်ပစ်ချင်မိသည်။ သို့သော်လည်း လူများစွာ ရှိနေသည်ကြောင့် ရိုက်နှက်ခြင်း မပြုနိုင်ပေ။ ထို့ကြောင့် သူမ၏ ဒေါသစိတ်အား ဖိနှိပ်ထားရသည်။ ထိုကောင်စုတ်သည် သူမအား မျက်ရည်ကျသည်အထိ အနိုင်ကျင့်လိမ့်မည်ဟု မည်သူမျှ သိလိမ့်မည် မဟုတ်ချေ။
"ကောင်းပြီ ကောင်းပြီ။ မငိုပါနဲ့။ ပေးစရာ မကျန်တော့ရင်လည်း မယူတော့ပါဘူး” အန်လင်းသည် ရေးချထားသည့် သင်္ကေတများအား ဖျက်ပစ်လိုက်လေသည်။
ကောင်းကင် အရှင်သခင်၏ သမီးတော်အား မျက်ရည်ကျအောင် ပြုလုပ်ခြင်း။ ထိုသတင်းသာ အပြင်သို့ ပေါက်ကြားသွားမည် ဆိုလျှင် အကျိုးဆက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သူ့အနေဖြင့် မည်သည့်ပြဿနာကိုမျှ ဆွဲဆောင်လိုစိတ် မရှိသည်ကြောင့် သူ၏ ကံဆိုးမှုကိုသာလျှင် အပြစ်ဖို့လျက် ဆုလာဘ်အား လက်လွှတ် လိုက်တော့သည်။
သို့သော်လည်း အန်လင်း၏ ဂရုဏာသက်သည့် အပြုအမူသည် လင်းကျွင်းကျွင်း၏ မာနအား ထိပါးစော်ကားသလို ဖြစ်စေသည်။
သူမသည် မျက်လုံးများအား ပွတ်လိုက်ပြီးနောက် စာရွက်တစ်ခုအား ထုတ်ကာ 'ယွီ' ဟူသည့် စာလုံးအား ခပ်ကြီးကြီး ရေးချလိုက်သည်။ ထို့နောက် အန်လင်းအား ကမ်းပေးလိုက်သည်။
"ဆုပေးမယ်လို့ ကတိပေးထားတာပဲ။ ပေးရမှာပေါ့။ 'ယွီ' ဆိုတဲ့ ဒီစာလုံးကိုသုံးပြီး ကောင်းကင်ဘုံ ပိုင်နက်မှာ အဆင့် ၆ ထက်နိမ့်တဲ့ အင်မော်တယ် ဆေးလုံးတစ်လုံး ရယူနိုင်တယ်”
အန်လင်းသည် လင်းကျွင်းကျွင်း ပေးလာသည့် စာရွက်အား ရရှိပြီးနောက်တွင် တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ချက်ခ်အလွတ်လား။
လင်းကျွင်းကျွင်း တွေးထင်သည်မှာ အန်လင်းသည် ကောင်းကင်ဘုံ ပိုင်နက်အား မည်သို့ သွားရောက်ရမည်ကို နားမလည်ဟု ဖြစ်သည်။ ထို့ကြောင့် ညွှန်ကြားမှုအချို့ ပြုလိုက်သည်။ "ပြည်နယ်တိုင်းမှာ ရှိတဲ့ မြို့ကြီးတွေမှာ တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ဝင်္ကပါတွေ ရှိတယ်။ အဲဒါတွေက နင့်ကို ကောင်းကင်ဘုံပိုင်နက်ကို ပို့ပေးနိုင်တယ်။ ဒီစာရွက်ကို ပြလိုက်ရင် ကောင်းကင်ဘုံ ပိုင်နက်ကို အတားအဆီးမရှိ ဖြတ်သန်းသွားနိုင်ခွင့် ရှိတယ်”
အန်လင်းသည် ခေါင်းညိတ်ကာဖြင့် စာရွက်အား သိမ်းဆည်းလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် ကောင်းကင်ဘုံ ပိုင်နက်၏ ကျောင်းသားတစ်ဦး ဖြစ်သည်ကြောင့် တုန်းရွှာနန်းတော်သို့ တိုက်ရိုက် သွားရောက်မည် ဆိုလျှင်ပင် ပြဿနာမရှိချေ။
သို့သော်လည်း သင်္ကေတများ ပေါင်းစပ်ထားသည့် စာကြောင်း အနည်းငယ်အား အင်မော်တယ် ဆေးလုံးတစ်လုံးနှင့် လဲလှယ်နိုင်ခြင်း။ ထိုသည်က အလွန်ကို ဆွဲဆောင်နိုင်လွန်းသည့် ဆုလာဘ်ဖြစ်သည်။
ထို့ကြောင့် သူသည် လင်းကျွင်းကျွင်းအား ကြည့်လိုက်ပြီးနောက် "ငါ့မှာ အချက်အလက်တွေ တော်တော်များများ ကျန်နေသေးတယ်။ လိုချင်သေးလား”
လင်းကျွင်းကျွင်းသည် မျက်ရည်များ ဆည်ကျိုးသကဲ့သို့ စီးကျလာတော့သည်။
***