လျှို့ဝှက်နယ်မြေထဲ၀င်ခြင်း
Vol. 6 Ch. 68
အချိန်သုံးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
လူတိုင်းဂိုဏ်းကညွှန်ကြားထားသလို လျှို့ဝှက်နယ်မြေထဲ၀င်ရန် အဇူရာတိမ်ဂိုဏ်း၏တောင်ဂိတ်တံခါးတွင်စောင့်ဆိုင်းနေခဲ့ကြ၏။
ဂိတ်တံခါးတွင် ကျန်းယန် စစ်ထူမင်ယွဲ့ ကျန်းကျစ်ချိုး ချွန်းရှောင်နှင့် ဝိညာဉ်ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်ရောက်ပြီးသော တပည့် ၅၀ လည်းစောင့်ဆိုင်းနေခဲ့ကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်မအောင်မြင်သောတပည့်များကတော့ ဘေးတွင်သာ အားကျသောအကြည့်များဖြင့်ကြည့်ရှုရင်း ရပ်နေခဲ့ကြရ၏။
အဇူရာတိမ်ဂိုဏ်းက လူပေါင်းများစွာကိုမြင်မှ အခြားဂိုဏ်းသားများလည်း စိတ်အေးသွားခဲ့ကြသည်။ ဂိုဏ်းတစ်ဂိုဏ်းသည် သူ့ကိုယ်ပိုင်တပည့်များကိုတော့ အန္တရာယ်ပေးမည်မဟုတ်သောကြောင့်ဤလျှို့ဝှက်နယ်မြေတွင် သူမျိုးဂိုဏ်းသားများလည်း အန္တရာယ်မရှိလောက်တော့ပေ။
ကျန်းယန် လူအုပ်ကြီးကိုကြည့်နေရင်း ခပ်တိုးတိုးပြောလိုက်၏။
“ဆရာ ဆရာကလျှို့ဝှက်နယ်မြေနဲ့ အကျွမ်း၀င်ပြီးသားဆိုတော့ ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်တယ် လျှို့ဝှက်နယ်မြေထဲ၀င်တဲ့သူတိုင်းကို သေချာစောင့်ကြည့်ထားပေးပါ ဘယ်သူက ကျွန်တော်တို့တပည့်တွေနဲ့ဆက်သွယ်လဲဆိုတာကိုလည်း အကဲခတ်ထားပေး ပြီးတော့ အခြားဂိုဏ်းကသူတွေဘာလုပ်လဲဆိုတာလည်း တစ်ချက်ကြည့်ထားပေးပါဦး”
သူချင်းယွင်ကျိကိုမမြင်ရသော်လည်း သူပြောသည်များကို ချင်းယွင်ကျိကြားလိမ့်မည်ဆိုတာကိုတော့ သေချာသိပေသည်။
ဤအရာက သူ့အဇူရာတိမ်ဂိုဏ်းတွင်ေနထိုင်ခဲ့ေသာဆယ်နှစ်တာအတွေ့အကြုံအရ သိရှိထားမှုဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းနယ်မြေအတွင်းတွင် ချင်းယွင်ကျိသည်အကြွင်းမဲ့ဖန်ဆင်းရှင်တစ်ပါးဖြစ်၏။
“ပုံရိပ်တွေအကုန်လုံးကို မှတ်တမ်းတင်ထားနိုင်ရင်တော့ အကောင်းဆုံးပဲ ကျွန်တော်တို့ဖာသာပြန်ကြည့်လို့ရတာပေါ့ ဒါပေမယ့် အခြားသူတွေကိုတော့ မပြနဲ့” ကျန်းယန် ထပ်ပြောလိုက်သည်။
“ကောင်စုတ်လေး ဆရာကို ဆရာမလုပ်နဲ့ အထဲရောက်ရင် မင်းကျင့်ကြံခြင်းကိုပဲအာရုံစိုက်စမ်းပါ” ချင်းယွင်ကျိ ဒေါသတကြီးပြန်ပြောလိုက်၏။
ဤလျှို့ဝှက်နယ်မြေသည် သူရေးဆွဲထားသောပန်းချီစာလိပ်မှဖန်တီးထားခြင်းဖြစ်သောကြောင့် နယ်မြေထဲကို သူကြည့်ချင်တဲ့အချိန်တွင် ကြည့်နိုင်စွမ်းရှိပေသည်။
ဒါပေါ့ ထို့ကြောင့်လည်း သူလူတိုင်း၏လုံခြုံရေးအတွက် အာမခံရဲခြင်း ဖြစ်၏။
ပိုင်လင်းကျိ လူတိုင်းရောက်နေပြီဖြစ်မှန်းတွေ့သောအခါ ပြောလိုက်သည်။
“အားလုံးပဲ ပြင်ဆင်ထားကြပါ”
ထို့နောက် သူမတည်ဆောက်ထားသောအစီအရင်ကိုအသက်သွင်းကာ လျှို့ဝှက်နယ်မြေထဲဝင်မည့်သူတိုင်းကို တောင်အနောက်ဖက်သို့ ပို့လိုက်၏။
လျှို့ဝှက်နယ်မြေထဲရောက်သွားသည်နှင့် လူတိုင်းနေရာအနှံ့အပြားဆီ ကျပန်းရောက်ရှိသွားခဲ့လေသည်။
ကျန်းယန်လည်း တည်နေရာရွှေ့ပြောင်းခံလိုက်ရသလို ခံစားလိုက်ရပြီး သူရေကန်ကြီးတစ်ကန်ဘေးရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ့ပတ်၀န်းကျင်ကို လေ့လာအကဲခတ်နေတုန်းတွင် ရုတ်တရက်ဆိုသလို ရေကန်ထဲမှ အနီရောင်အရိပ်တစ်ခု သူ့ဆီတိုး၀င်လာခဲ့လေသည်။
ကျန်းယန် ကောင်းကင်ပိုက်ကွန်ကို ထိုအနီရောင်အရိပ်ဆီဦးတည်၍ ပစ်လိုက်၏။
သို့သော်လည်း ကောင်းကင်ပိုက်ကွန်ပေါ်လာသည်နှင့် အနီရောင်အရိပ်သည် ချက်ချင်းရေကန်ထဲပြန်ခုန်ချကာ ပျောက်ကွယ်သွားခဲ့သည်။
“ကြည့်ရတာတော့ ငါးတစ်ကောင်နဲ့တူတယ်” ကျန်းယန်အနည်းငယ်အံ့အားသင့်သွားခဲ့၏။
သူအာရုံခံနိုင်စွမ်းအရ ထိုငါး၏အစွမ်းသည် ရွှေအမြုတေအဆင့်အောက်မနိမ့်တာကို သူသိရှိနေခဲ့သည်။
မိစ္ဆာသားရဲတစ်ကောင်…မိစ္ဆာငါးတစ်ကောင်လား!
သူစိတ်လှုပ်ရှားသွားခဲ့၏။ တကယ်လို့သူသာထိုငါးကိုဖမ်းနိုင်လျှင် ထိုငါးထံမှ မဟာတာအိုစွမ်းအားများကို စုပ်ယူနိုင်တော့မည် မဟုတ်ပါလော။
သူရေကန်ဘေးတွင်တိတ်တဆိတ်စောင့်နေရင်း ငါးပြန်ပေါ်လာဖို့ မျှော်လင့်နေခဲ့သည်။
သို့သော်လည်း ရေကန်မျက်နှာပြင်ကတည်ငြိမ်နေပြီး ငါးမပြောနှင့်ရေပွက်ပင်ပွက်မလာခဲ့ပေ။
ကျန်းယန် ရေကန်ဘေးတွင်သာ တိတ်တဆိတ်ဆက်စောင့်နေပြီး လျှို့ဝှက်နယ်မြေကိုစူးစမ်းဖို့မလောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာကိုသူအချိန်မရွေး၀င်နိုင်တာကို သိနေ၍ ဖြစ်သည်။
ထိုစဉ် လျှို့ဝှက်နယ်မြေထဲရောက်သွားသော လူတစ်ထောင်ကျော်ကတော့ အသီးသီး အုပ်စုများဖွဲ့ကုန်ကြ၏။
“သူ့ကိုရှာကြ ငါသူမကိုဒီတစ်ခေါက်ဖမ်းမိကိုမိမှဖြစ်မယ်” တန်ယောင်ကွမ်း သူ့ဘေးရှိ ရွှေအမြုတေအဆင့်နှစ်ယောက်ကို ကြမ်းကြုတ်သောလေသံဖြင့် ပြောလိုက်သည်။
“ငါတို့လန်ကျားအထွတ်အမြတ်မြေက ဒီလိုပုံစံနဲ့မျက်နှာပျက်ခံလို့မဖြစ်ဘူး ငါတို့စစ်ထူမင်ယွဲ့ကိုမိတာနဲ့ သူနဲ့နှစ်မြွှာကျင့်စဉ် ကျင့်ပစ်မယ် ဒါဆို အဇူရာတိမ်ဂိုဏ်းကလည်း သူ့ကိုလက်လွှတ်ပေးလိုက်ဖို့ကလွဲ ရွေးစရာရှိမှာမဟုတ်တော့ဘူး”
“စီနီယာအစ်ကိုတန် ကျွန်တော်တို့လျှို့ဝှက်နယ်မြေကိုလည်း စူးစမ်းဖို့လိုသေးတယ်နော် ကျွန်တော်တို့အဲ့တာကိုလည်း မေ့ထားလို့မဖြစ်ဘူး” ရွှေအမြုတေအဆင့်နှစ်ယောက်ထဲမှတစ်ယောက် သူ့ကိုသတိပေးလိုက်၏။
“ငါတို့အခုမှ၀င်လာတာလေ စူးစမ်းဖို့အချိန် ၁လလောက်ရသေးတယ်” တန်ယောင်ကွမ်း ယုံကြည်မှုရှိရှိပြောလိုက်သည်။
သူ့ပိုင်ဆိုင်မှုများကို ကျန်းယန်ကသိမ်းသွားသော်လည်း ကျန်းဟီကွေ့က သူလျှို့ဝှက်နယ်မြေထဲတွင် တာ၀န်ထမ်းဆောင်နိုင်စေရန် ရတနာအချို့ပေးလွှတ်လိုက်၏။
ထိုရတနာများက သူ့ရတနာများထက်အားမနည်းဘဲ ပိုပြီးအားကောင်းသည်ဟုတောင် ပြော၍ ရပေသည်။
ထို့ကြောင့်လည်း သူအခုယုံကြည်မှုပြည့်၀နေခဲ့ခြင်း ဖြစ်၏။
သို့သော် လျှို့ဝှက်နယ်မြေက ကျယ်လွန်းသောကြောင့် စစ်ထူမင်ယွဲ့ဘယ်မှာရှိသလဲ ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။
“စီနီယာအစ်ကိုတန် အဲ့တာက သက်ရှည်ဆေးဖော်တဲ့နေရာမှာသုံးတဲ့ သက်ရှည်သစ်သီးနဲ့မတူဘူးလား…” ရွှေအမြုတေအဆင့်တစ်ယောက် ခပ်လှမ်းလှမ်းက အစိမ်းရောင်အသီးတစ်လုံးကို ညွှန်ပြလိုက်ကာ တုန်လှုပ်သွားဟန်ဖြင့် ပြောလိုက်သည်။
တန်ယောင်ကွမ်းလည်း သေချာကြည့်လိုက်ပြီး အပျော်လွန်သွားခဲ့ကာ
“အဲ့တာက တကယ်ကြီး သက်ရှည်သစ်သီးပဲ ငါတို့အဲ့တာကို ပြန်ယူကိုယူသွားရမယ် ငါတို့ဂိုဏ်းကအကြီးအကဲတွေက အသက်ရှည်ဖို့ အဲ့ဒီဆေးအပေါ်မှီခိုနေရတာ”
ပြောပြီးသည်နှင့် သူတို့သုံးယောက် သက်ရှည်သစ်သီးဆီ အပြေးနှင်ကြလေတော့သည်။
သူတို့သက်ရှည်သစ်သီးနားရောက်ချိန်တွင်တော့ အဝါရောင်၀တ်စုံ၀တ်လူတစ်ယောက်က သက်ရှည်သစ်သီးကိုခူးသွားခဲ့၏။
“ပြန်ချထားစမ်း အဲ့တာက ငါတို့ဟာပဲ!” တန်ယောင်ကွမ်း ဒေါသတကြီးပြောလိုက်သည်။
အဝါရောင်၀တ်စုံ၀တ်လူတန်ယောင်ကွမ်းနှင့်အခြားသူများကိုကြည့်လိုက်ပြီး အသာအယာပြုံးလိုက်ကာ
“လန်ကျားအထွတ်အမြတ်မြေက လူတွေလား သက်ရှည်သစ်သီးက အခုငါ့ဟာဖြစ်သွားပြီ”
တန်ယောင်ကွမ်း အေးစက်စက်ပြောလိုက်၏။
“ငါတို့က လန်ကျားအထွတ်အမြတ်မြေကမှန်း သိနေမှတော့ သစ်သီးကိုချထားလိုက်ပါတော့ မဟုတ်ရင် ငါတို့မကြင်နာမှုကို အပြစ်မတင်နဲ့ တကယ်လို့ မင်းသက်ရှည်သစ်သီးကိုပြန်ယူသွားမယ်ဆိုရင်တောင် မင်းဂိုဏ်းက ငါတို့ဆီ ရိုရိုကျိုးကျိုးနဲ့လာဆက်သရမှာပဲ”
အဝါရောင်၀တ်စုံ၀တ်လူ ထူးဆန်းစွာပြုံးလိုက်ကာ အမှတ်အသားတစ်ခုကို ထုတ်ပြလိုက်ပြီး
“သေချာလို့လား”
ထိုအမှတ်အသားကိုမြင်သောအခါ တန်ယောင်ကွမ်းနှင့်သူ့အဖော်များ ဆွံ့အသွားခဲ့ကြသည်။
“နောက်ကျရင် ငါတို့ပူးပေါင်းဖို့ လိုကောင်းလိုလာဦးမှာဆိုတော့ ငါသွားတော့မယ်” အဝါရောင်၀တ်စုံနှင့်လူ ထွက်ခွာသွားခဲ့၏။
တန်ယောင်ကွမ်းနှင့်သူ့အဖော်များကတော့ ထွက်ခွာသွားသောသူကိုကြည့်နေရင်း သက်ပြင်းချလိုက်ကာ
“၀မ်လင်းဂိုဏ်းကခွေးကောင်တွေလည်း ရောက်နေပြီ ပြီးတော့ ဒီကောင်တွေက အတော်လေးသိုသိုသိပ်သိပ်နေနေတာ သူတို့သရုပ်မှန်ကိုလုံး၀မဖော်ထုတ်ဘူး”
ရွှေအမြုတေအဆင့်နှစ်ယောက် တန်ယောင်ကွမ်းကိုကြည့်လိုက်ကြလေသည်။ ထိုကောင်သာ မိုးပြာလမင်းကုန်သွယ်သမဂ္ဂတွင် ပြဿနာမရှာခဲ့ပါက သူတို့သရုပ်မှန်လည်းပေါ်သွားစရာ အကြောင်းမရှိပေ။
တန်ယောင်ကွမ်း မျက်မှောင်ကြုံ့နေခဲ့၏။ ကြည့်ရသည်မှာ ထိုထိပ်တန်းဂိုဏ်းများကလည်း အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေကိုသတိထားနေကြသည့်ပုံပင်။
အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေထဲတွင် တကယ်ပဲ ဘာတွေရှိနေပါသနည်း။
သက်ရှည်သစ်သီးကိုရှာတွေ့ပြီးနောက် သူတို့သုံးယောက် လျှို့ဝှက်နယ်မြေထဲက ရတနာများကို ပိုအာရုံစိုက်ပြီး ရှာဖွေလာခဲ့ကြသည်။
စစ်ထူမင်ယွဲ့ကိုရှာနေရင်း ကောင်းကင်နှင့်မြေပြင်ရတနာများကိုလည်း တစ်ပြိုင်တည်းရှာဖွေနေခဲ့ကြခြင်း ဖြစ်၏။
ထိုရတနာများကြောင့် လျှို့ဝှက်နယ်မြေထဲတွင် တိုက်ပွဲများက နေရာအနှံ့တွင် ဖြစ်ပွားနေခဲ့ကြသည်။
ထိုစဉ် ၀င်သွားတာရက်အနည်းငယ်သာကြာသေးသောသူတစ်ယောက် သွေးအလိမ်းလိမ်းဖြင့်ပြန်ထွက်လာသောကြောင့် တောင်ဂိတ်တံခါး၀တွင်စောင့်ဆိုင်းနေသူများ အံ့အားသင့်ကုန်ခဲ့ကြ၏။
ထိုသူသည် သေခြင်းရှင်ခြင်းသဘောတူညီချက်တွင်လက်မှတ်ထိုးမထားတာထင်ရှားလှပြီး ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းက သူသေခါနီးတွင် ကယ်တင်ခဲ့သည့်ပုံပင်။
သူတို့ဂိုဏ်း၏တပည့်ပေါ်လာသည်ကိုတွေ့သောအခါ ဝိညာဉ်အခြေတည်အဆင့်အကြီးအကဲတစ်ယောက် အလျင်အမြန်ပင် ထိုလူ့အနားချဉ်းကပ်သွားပြီး စိတ်ညစ်ကာနောင်တလည်းရနေဟန်ဖြင့် မေးလိုက်လေသည်။
“မင်းဘာလို့ထွက်လာတာလဲ ဘာတွေဖြစ်ခဲ့လို့လဲ”
“ဆရာ ကျွန်တော် အလှည့်ကိုးပါးပြန်လည်ရှင်သန်ခြင်းမြက်ကို ရှာတွေ့ခဲ့တယ် လူတွေအများကြီးက ကျွန်တော့်ဆီကအဲ့တာကိုလာလုကြတယ် ကျွန်တော်လည်း အဲ့ဒီရတနာကိုကာကွယ်မယ်လို့ ကျိန်ဆိုခဲ့တယ် ပြီးတော့ ကျွန်တော်သေတော့မယ့်အချိန်မှာ အားတစ်ခုက ကျွန်တော့်ကိုအပြင်ဆွဲထုတ်သွားတာပဲ”
ဝိညာဉ်အခြေတည်အဆင့်အကြီးအကဲ တခဏကြောင်အသွားခဲ့ပြီးနောက်တွင်တော့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
သူတို့အဇူရာတိမ်ဂိုဏ်း၏လျှို့ဝှက်နယ်မြေထဲ၀င်နိုင်ဖို့ ပြင်ဆင်ရာတွင် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ကုန်ကျခဲ့၏။
သို့သော်လည်း အလှည့်ကိုးပါးပြန်လည်ရှင်သန်ခြင်းမြက်ကို ရရှိခဲ့လျှင်တော့ တန်ဖိုးက ကုန်ကျစရိတ်အားလုံးထက် ကျော်လွန်သွားခဲ့ချေပြီ။
ထိုအရာသည် ဆေးတာအို၏ အဆင့်မြင့်အဆင့်စိတ်ဝိညာဉ်ဆေးပင်ဖြစ်ပြီး အလှည့်ကိုးပါးပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုဖော်စပ်ရာတွင် အဓိကပါ၀င်ပစ္စည်းဖြစ်ကာ အလွန်တန်ဖိုးကြီးလှသည်။
ထိုအရာကို ကုန်သွယ်သမဂ္ဂများတွင် ပြန်ရောင်းရောင်း ဂိုဏ်းကြီးများဆီသွားေပးေပး သူတို့ဂိုဏ်းအတွက်အကျိုးအမြတ်ကြီးများ ရှိလာမည်မှာ သေချာ၏။
ဘေးပတ်၀န်းကျင်မှလူများလည်း သူတို့စကားဝိုင်းကို ကြားခဲ့ကြသည်။
သူတို့အမူအရာများ လေးနက်လာခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းသည် အလွန်ရက်ရောလှပြီး အလှည့်ကိုးပါးပြန်လည်ရှင်သန်ခြင်းမြက်လို အဆင့်မြင့်အဆင့်စိတ်ဝိညာဉ်ဆေးပင်မျိုး ပါသည့် တန်ဖိုးကြီးရတနာများနှင့်လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပေးခဲ့သည်။
လျှို့ဝှက်နယ်မြေထဲတွင် ဘယ်လိုရတနာမျိုးရှိနေဦးမလဲဆိုတာ သူတို့စတင်စိတ်၀င်စားလာခဲ့ကြ၏။
ဤသို့ဖြင့် တခဏအကြာတွင် သွေးအလိမ်းလိမ်းဖြင့်ပုံရိပ်တစ်ခု တောင်ဂိတ်တံခါး၀တွင် ပေါ်လာခဲ့ပြန်သည်။
ပေါ်လာလာခြင်းပင် ထိုလူအော်ဟစ်အကူအညီတောင်းနေခဲ့၏။
ဗိုက်တစ်ခုလုံးပွင့်ကာ အထဲကအတွင်းကလီစာတွေ ထွက်လုနီးနီးဖြစ်နေသောသူကိုကြည့်ပြီး လူအုပ်ကြီးတစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဖလှယ်မိလိုက်ကြသည်။
သူတို့ဘယ်အရာနှင့်ကြုံတွေ့လာခဲ့ရပါသနည်း။
ဤလျှို့ဝှက်နယ်မြေသည် သူတို့စိတ်ကူးထားသည်ထက် အများကြီးပိုပြီးအန္တရာယ်များနေခဲ့ချေပြီ။