← Chapters

အဝိုင်းခံရခြင်းနှင့်သတ်ဖြတ်ခြင်း

Vol. 6 Ch. 72

အဝိုင်းခံရခြင်းနှင့်သတ်ဖြတ်ခြင်း

Vol. 6 Ch. 72

အမတတုပ်နှောင်ကြိုးနှင့်ကောင်းကင်ပိုက်ကွန်တို့၏ ချုပ်နှောင်မှုအောက်တွင် ရွှေအမြုတေအဆင့်သုံးယောက် ရေကန်ထဲ၌ ရုန်းကန်နေခဲ့ကြသည်။

တကယ်လို့ သာမန်ငါးဆိုရင်တော့ သူတို့ကိုဘယ်လိုမှ ဖမ်းမိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ထိုအရာက သာမန်ငါးမဟုတ်ဘဲ ကြမ်းကြုတ်သောသဘာ၀ရှိသည့် သက်တန့်ငါးဖြစ်နေခဲ့၏။

သူ့ရှေ့တွင် သားကောင်သုံးကောင်ကရုန်းကန်နေတာကိုမြင်သောအခါ နောက်ဆုံးတွင် သက်တန့်ငါးတောင့်မခံနိုင်တော့ပေ။ အနီရောင်အရိပ်တစ်ခုက ရွှေအမြုတေအဆင့်သုံးယောက်ဆီ ပြေး၀င်လာခဲ့လေသည်။

သက်တန့်ငါးသူတို့နားသို့ရောက်ခါနီးအချိန်တွင် ထိုသုံးယောက်လုံး အမတတုပ်နှောင်ကြိုးနှင့်ကောင်းကင်ပိုက်ကွန်များထဲမှပျောက်ကွယ်သွားပြီး လျှို့ဝှက်နယ်မြေထဲမှ ဆွဲထုတ်ခံလိုက်ရ၏။

ရုတ်တရက်ဖြစ်ပေါ်သွားသော အပြောင်းအလဲကြောင့် ကျန်းယန်ကြောင်အသွားခဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။

“ငါသူတို့ကိုသတ်ဖို့ စီစဉ်မထားပါဘူးကွာ…ငါ့ငါးလေး!”

ကောင်းကင်ပိုက်ကွန်သည်‌အမတတုပ်နှောင်ကြိုးနှင့်ပေါင်းကာ စိတ်ဝိညာဉ်အဆင့်ရတနာနှစ်ခုပေါင်း၍ သက်တန့်ငါးကိုဖမ်းထားခဲ့၏။

သူ့ဘေးရှိ ကျန်းကျစ်ချိုးလည်းထိုအခါမှ သက်တန့်ငါးကိုသေချာမြင်ခဲ့ရသည်။

ခုနကအနီရောင်ပုံရိပ်တိုက်ခိုက်လိုက်သောအရှိန်က သာမန်လူသာဆိုဘယ်လိုမှခုခံနိုင်မည်မဟုတ်သောအရှိန်မျိုးဖြစ်မှန်းလည်း သူသိရှိခဲ့ရ၏။

ယခုလည်း ကောင်းကင်ပိုက်ကွန်နှင့်ဖမ်းထားချိန်မှာပင် ထိုငါးက အလွန်အမင်းရုန်းကန်နေသေးသည်။ ရွှေအမြုတေအဆင့်တစ်ယောက်တောင် ကောင်းကင်ပိုက်ကွန်နှင့်အဖမ်းခံရပါက ရုန်းနိုင်တော့မည်မဟုတ်ပေ။ ထိုအရာက သက်တန့်ငါးသည် သာမန်ရွှေအမြုတေအဆင့်တစ်ယောက်ထက်ပင် သန်မာနေတယ်ဆိုတာကို ညွှန်ပြနေခဲ့၏။

“ဟားဟား!” ကျန်းယန် အားရပါးရရယ်မောလိုက်လေသည်။

“ဒီငါးကပိုကြီးတယ်ကွ ငါးစွပ်ပြုတ်များများလုပ်လို့ရပြီ အ‌‌မွှေးတိုင်အိုးလေးရေ တစ်အိုးလောက်ချက်ဦးကွာ ဒါကို ဆရာနဲ့ဆရာဦးလေးတွေ အရသာခံဖို့ယူသွားရမယ်”

သူကြေးနီအမွှေးတိုင်အိုးကိုအသက်သွင်းလိုက်ကာနောက်ထပ်သက်တန့်ငါးတစ်ကောင်ကိုလည်း ထည့်ချက်လိုက်ပြန်၏။

ကျန်းယန် ငါးစွပ်ပြုတ်များဖြင့်ပြည့်သွားသော အမွှေးတိုင်အိုးကိုတစ်ချက်ကြည့်ပြီးနောက် ရေခပ်သောပုံးကြီးတစ်လုံးထုတ်လိုက်ပြီး ငါးစွပ်ပြုတ်များကို ထိုပုံးထဲလှယ်ထည့်လိုက်သည်။

ထို့နောက်တွင်တော့ ကြေးနီအမွှေးတိုင်အိုးကို စိတ်ကျေနပ်စွာ ပြန်သိမ်းလိုက်၏။

“နှစ်ကောင်တောင်တစ်ခါတည်းမိထားတာဆိုတော့ နောက်တစ်ကောင်မိဖို့က အတော်ခက်သွားလောက်ပြီ ဒီအခွင့်အရေးကိုယူပြီး လျှို့ဝှက်နယ်မြေကိုပဲ လေ့လာကြည့်ကြတာပေါ့ ညီလေးကျန်း မင်းဟာမင်းလှုပ်ရှားမှာလား ငါနဲ့လိုက်မှာလား” ကျန်းယန် ကျန်းကျစ်ချိုးကိုကြည့်ကာ ပြောလိုက်သည်။

ကျန်းကျစ်ချိုး အူကြောင်ကြောင်ရယ်ပြလိုက်ကာ

“ကျွန်တော် စီနီယာအစ်ကိုကြီးနဲ့ပဲလိုက်ပါ့မယ်”

သူ့ကိုတစ်ချိန်လုံးနောက်ကလိုက်ဖမ်းနေသော ရွှေအမြုတေအဆင့်သုံးယောက်ကိုတောင် ကျန်းယန်ကအလွယ်တကူရှင်းပစ်လိုက်နိုင်သောကြောင့် သူ့အတွက် ကျန်းယန်နှင့်အတူနေခြင်းက ပိုပြီးဘေးကင်းမှာသေချာပေသည်။

သူတို့နှစ်ယောက်အတူလျှောက်သွားနေကြရင်း လမ်းအနည်းငယ်လျှောက်ပြီးသည့်နောက် ရွှေအမြုတေအဆင့်တစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ကိုလိုက်ဖမ်းနေသည့်မြင်ကွင်းကို တွေ့လိုက်ရ၏။

ဤတစ်ကြိမ်တွင် လျှို့ဝှက်နယ်မြေသည် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့်ရွှေအမြုတေအဆင့်ဟူ၍ မခွဲခြားဘဲ အားလုံးကိုအတူတူရောထားပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ချင်းယွင်ကျိက လုံခြုံရေးအတွက်အာမခံသည်ဟုပြောထားသောကြောင့် ထိုအရာက ပြဿနာတစ်ခုတော့မဟုတ်ပေ။ ဒါပေါ့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းလို သေခြင်းရှင်ခြင်းသဘောတူညီချက်တွင်လက်မှတ်ထိုးထားသူများကတော့ ကူကယ်ရာမဲ့နေလိမ့်မည်သာ။

ရွှေအမြုတေအဆင့်တစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်ကိုလိုက်ဖမ်းတာကြီးကျ နည်းနည်းများမနေဘူးလား!

အခြေခံတည်ဆောက်ခြင်းအဆင့်ကိုလိုက်ဖမ်းနေသော ရွှေအမြုတေအဆင့် ကျန်းယန်တို့ကိုမြင်လိုက်သည်နှင့် ချက်ချင်းအော်ပြောလိုက်၏။

“ကျန်းယန်ဆိုတဲ့ သကောင့်သားကဒီမှာဟေ့!

ထိုအပြောင်းအလဲကြောင့် ကျန်းယန်ရော ကျန်းကျစ်ချိုးရော အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူရောပါ ကြောင်သွားခဲ့ကြသည်။

ဘာဖြစ်သွားတာလဲ!

ကျန်းယန်မတုန့်ပြန်နိုင်ခင်တွင် ရွှေအမြုတေအဆင့်တစ်ဒါဇင်ကျော်က သူတို့ကို အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းထားလိုက်ကြ၏။ ထိုသူများ အနားမရောက်ခင်တွင်ပင် သူတို့ဆီမှ မှော်ရတနာများ မှော်သိုင်းများက ကျန်းယန်တို့ဆီပျံသန်း၀င်ရောက်လာခဲ့လေသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်၏မျက်နှာ ဖြူဖျော့သွားခဲ့၏။ သူအစကတော့ ကယ်တင်ခံရပြီဟုတွေးလိုက်မိသော်လည်း ထိုအစား သေရတော့မည့်အခြေအနေသို့ပင် ရောက်ရှိသွားခဲ့ရသည်။

သူဘာမှမတုန့်ပြန်နိုင်ခင်တွင် ချက်ချင်းဆိုသလို လျှို့ဝှက်နယ်မြေထဲမှ ဆွဲထုတ်ခံလိုက်ရကာ တောင်ဂိတ်တံခါးတွင် ပြန်ပေါ်လာခဲ့၏။

“စီနီယာအစ်ကိုကြီး” ကျန်းကျစ်ချိုးလည်း ခါးသက်သက်ခံစားနေခဲ့ရသည်။

ကျန်းယန်နှင့်နေခြင်းက ပိုပြီးလုံခြုံလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အခုတော့ ရွှေအမြုတေအဆင့်တစ်ဒါဇင်ကျော်၏ ဝိုင်းထားခြင်းကို ခံနေခဲ့ရ၏။

ကျန်းယန်လည်း ရွှေအမြုတေအဆင့်ဒီလောက်အများကြီးသူ့ကိုသတ်ချင်နေမည်ဟု မျှော်လင့်မထားခဲ့မိပေ။

“မလှုပ်နဲ့” ကျန်းယန်ပြောလိုက်ကာ စိတ်ဝိညာဉ်စွမ်းအင်အတက်အကျဖြစ်‌ေန‌ေသာ ဝါးခြင်းတောင်းတစ်လုံးထုတ်၍ ကျန်းကျစ်ချိုးကို စွပ်ပေးလိုက်လေသည်။

တစ်ဆက်တည်းဆိုသလိုပင် သူ့ကိုယ်ပေါ်က မင်ကွမ်းချပ်၀တ်ကလည်း အသက်၀င်လာခဲ့၏။

ထို့နောက် သူတို့ဆီရောက်ရှ်ိလာသော မှော်ရတနာများ မှော်သိုင်းများက မင်ကွမ်းချပ်၀တ်ကထွက်ပေါ်နေသော အလင်းအကာအကွယ်ကိုသာ ထိမှန်ကုန်ကြပြီး ဘယ်သိုင်း ဘယ်လက်နက်ကမှ အလင်းလွှာကို မထိုးဖောက်နိုင်ခဲ့ပေ။

လူအုပ်ကြီးထဲရှိ ရွှေအမြုတေအဆင့်တစ်ယောက် ခပ်ကြမ်းကြမ်းအော်ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းရဲ့ အကာအကွယ်စိတ်ဝိညာဉ်ရတနာ မင်ကွမ်းချပ်၀တ်! အကာအကွယ်ရတနာ နဂါးဘုရင်ခြင်း! ဒါနဲ့ဆို စိတ်ဝိညာဉ်အဆင့်ရတနာပေါင်း ၆ခုရှ်ိသွားပြီ! လူတိုင်းပဲ သူ့ကိုအမြန်အလဲထိုးကျ ပြီးရင် ငါတို့စိတ်ဝိညာဉ်ရတနာတွေကို ခွဲယူလို့ရပြီ!”

ရွှေအမြုတေအဆင့်တစ်ဒါဇင်ကျော် အလွန်စိတ်လှုပ်ရှားသွားခဲ့ကြ၏။

ကျန်းယန်ကိုယ်ပေါ်တွင် စိတ်ဝိညာဉ်ရတနာထိုမျှရှိနေမည်ဟု သူတို့မျှော်လင့်မထားခဲ့မိကြပေ။

ထိုရွှေအမြုတေအဆင့်များနောက်တွင်တော့ ရှုပ်ထွေးသောအမူအရာနှင့် လီချီရှိနေခဲ့သည်။

ခြောက်ခုလား!

အမွှေးတိုင်အိုးကြီးကရော!

ဤဒါဇင်နှင့်ချီသောရွှေအမြုတေအဆင့်များသည် ကျန်းယန်ကို အမှောက်သိပ်ကာ သူ့စိတ်ဝိညာဉ်အဆင့်ရတနာများကိုတကယ်ကြီး ယူသွားနိုင်ကြပါမည်လော။

လုပ်နိုင်ဖို့ပဲ သူမျှော်လင့်နေခဲ့မိ၏။ ဒါမှလည်း သူ့သစ္စာဖောက်မှုကို ဘယ်သူမှမသိနိုင်တော့မှာ ဖြစ်သည်။

စိတ်လှုပ်ရှားနေသော ရွှေအမြုတေအဆင့်များ မင်ကွမ်းချပ်၀တ်နှင့်နဂါးဘုရင်ခြင်းကို အပြင်းအထန်တိုက်ခိုက်နေခဲ့ကြ၏။

ကျန်းယန် ထိုစိတ်ဝိညာဉ်ရတနာများကို အသက်ပင်သွင်းမထားခဲ့ပေ။ ထိုရတနာများ၏ မူလအသိစိတ်သက်သက်ဖြင့်သာ ကာကွယ်နေခဲ့ခြင်းဖြစ်သည်။

အဇူရာတိမ်ဂိုဏ်းကိုကိုင်တွယ်ရခြင်းက သူစိတ်ကူးထားတာထက်ပိုပြီး စိန်ခေါ်မှုများတယ်ဆိုတာကိုတွေးမိပြီး သူအနည်းငယ်တော့ စိတ်လေးလာခဲ့မိ၏။

ထို့အပြင် ဒီဂိုဏ်းများကလည်း တရားလွန်လွန်းလှသည်။

ဤအရာကအဇူရာတိမ်ဂိုဏ်းကဖွင့်လှစ်ပေးသော လျှို့ဝှက်နယ်မြေဖြစ်ပါသော်လည်း ထိုကောင်များက အဇူရာတိမ်ဂိုဏ်းသားများဆီက ဓားပြတိုက်ချင်နေသေး၏။

ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

ဒီလိုဆိုမှတော့ ငါ့ကိုအပြစ်မတင်ကြနဲ့တော့!

သူကြက်သွေးရောင်အမှတ်အသားများစွာရေးဆွဲထားသော သားရဲသားရေအပိုင်းအစတစ်ခုကို ထုတ်လိုက်၏။

ဤသားရေသည် သူအရင်တစ်ခေါက်တုန်းက အန်းချင်းမြို့က၀ယ်လာသော သားရေဖြစ်ပြီး ဟွာလင်းကျိက မိစ္ဆာသားရဲစိတ်ဝိညာဉ်သွေးတစ်ပုလင်းကိုသုံးကာ ထိုသားရေပေါ်တွင် အဆောင်ရေးဆွဲပေးခဲ့သည်။

ကျန်းယန် ထိုအဆောင်ကိုရောင်းချလိုစိတ်မရှိသောကြောင့် သူ့အတွက်သာ သိမ်းထားခဲ့ခြင်း ဖြစ်၏။

အခုတော့ ဤသားရေကိုသုံးရမည့်အချိန် ရောက်ရှိလာခဲ့ချေပြီ။

သူ့သားရေပြားကိုအသက်သွင်းလိုက်ပြီး အလင်းအကာအကွယ်အပြင်ဘက်သို့ ပစ်လွှတ်လိုက်‌လေသည်။

ထို့နောက် မင်ကွမ်းချပ်၀တ်ကို အပြည့်အ၀အသက်သွင်းလိုက်ပြီး နဂါးဘုရင်ခြင်းကိုပါ ကာကွယ်ပေးထားလိုက်၏။

သူ့စိတ်ဝိညာဉ်ချီများ၏ ထိန်းချုပ်မှုအောက်တွင် သားရေပြားပေါ်ရှိ ကြက်သွေးရောင်အမှတ်အသားများက အသက်၀င်လာခဲ့ပြီး သားရေပြားပေါ်မှ ကွာကျလာကာ လေ‌ထဲတွင် ကခုန်နေခဲ့ကြသည်။

ထိုအနီရောင်အမှတ်အသားများက လျင်မြန်စွာပင် ချိန်းကြိုးကြီးများအဖြစ်ပြောင်းလဲသွားပြီ လေထဲတွင် ပြန့်ကားကုန်ကာ မီတာဒါဇင်နှင့်ချီ ဖုံးလွှမ်းသွားခဲ့၏။ ထို့နောက်တွင်တော့ ချိန်းကြိုးကြီးများက သူတို့ဖုံးလွှမ်းထားသော အကွာအဝေးအတွင်းရှိ အရာမှန်သမျှကို သုတ်သင်လေတော့သည်။

ဒါဇင်နှင့်ချီသောရွှေအမြုတေအဆင့်တစ်၀က်ကျော်ကျော်က ထိုချိန်းကြိုးများဖုံးလွှမ်းထားသော နယ်မြေအတွင်း ရောက်ရှိနေခဲ့၏။

ကြောက်မက်ဖွယ် အော်သံများကြားထဲတွင် ရွှေအမြုတေအဆင့်များစွာ ချိန်းကြိုးကြီးများ၏ တစ်စဆီဆွဲဖြဲခြင်းကို ခံနေခဲ့ကြရသည်။ အချို့က အပိုင်းအစများအဖြစ်ဆွဲဖြဲခံလိုက်ရကာ အချို့ကတော့ ပြာမှုန်များအဖြစ်ပြောင်းလဲသွားရပြီး အချို့ကတော့ အပိုင်းပိုင်းဆွဲဖြဲခံလိုက်ကြရ၏။ သေချာတာကတော့ ထိုသူများ တစ်ယောက်မှ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

လက်ကျန်ရွှေအမြုတေအဆင့်အနည်းငယ်လည်း ငယ်သံပါအောင်အော်ဟစ်ကာ အသက်လုထွက်ပြေးကုန်ကြတော့သည်။

“ညီလေးကျန်း သူတို့သိုလှောင်လက်စွပ်တွေကိုယူထား ငါသူတို့ကိုလိုက်ဦးမယ်”

ကျန်းယန် နဂါးဘုရင်ခြင်းကိုပြန်သိမ်းလိုက်ကာ ထွက်ပြေးသွားသော ရွှေအမြုတေအဆင့်များကို လိုက်ဖမ်းခဲ့၏။

တကယ်လို့ ထိုကောင်များက သူကိုသတ်ဖို့တွေးရဲလျှင် သူကလည်း ထိုအတွေးပျောက်သွားတာ သေချာအောင်လုပ်ပေးရလိမ့်မည်သာ။

နဂါးဘုရင်ခြင်းထဲမှထွက်လာသော ကျန်းကျစ်ချိုးတစ်ယောက် ဘေးပတ်ပတ်လည်ရှိ အပျက်အဆီးများကိုကြည့်နေရင်း ဆွံ့‌အနေခဲ့သည်။

သူအစကတော့ သူတို့အန္တရာယ်ကြုံပြီဟုထင်လိုက်မိသော်လည်း တကယ်အန္တရာယ်ကြုံတာက ထိုရွှေအမြုတေအဆင့်များ ဖြစ်နေခဲ့၏။

သူ့‌စီနီယာအစ်ကိုကြီးသည် တကယ်ပဲ ရွှေအမြုတေအဆင့်ရော ဟုတ်ပါသလော။

သူတို့မှော်ရတနာများကို ကျန်းယန်သိမ်းသွားသောကြောင့် အဝေးမှသာ မှော်သိုင်းကွက်များပစ်လွှတ်၍တိုက်ခိုက်နိုင်ခဲ့သော လီချီတို့တစ်သိုက်လည်း ကြက်သေသေနေခဲ့ကြသည်။

သူတို့အစက ကျန်းယန်ကိုဒီတစ်ကြိမ်တော့ အမှောက်သိပ်နိုင်ပြီဟုထင်ထားခဲ့ခြင်း ဖြစ်ပြီး ဒီလိုကြီးဖြစ်လာလိမ့်မည်ဟု လုံး၀မျှော်လင့်မထားခဲ့မိပေ။

သူတို့ဂိုဏ်းကအကြီးအကဲများ ရူးနေသလားဟုပင် သူတို့စတင်တွေးမိလာခဲ့ကြ၏။ ရွှေအမြုတေအဆင့်တစ်ယောက်၏ အခြေခံအုတ်မြစ်ကတောင် ဒီလောက်နက်ရှိုင်းနေလျှင် အဇူရာတိမ်ဂိုဏ်းက နတ်ဝိညာဉ်အဆင့်များဆိုရင် ဘယ်လောက် စွမ်းအားကြီးနေပါမည်နည်း။

ထိုကဲ့သို့သော အခြေခံအုတ်မြစ်နှင့်အဇူရာတိမ်ဂိုဏ်းကို ရင်ဆိုင်ရရာတွင် သူတို့ဘာလုပ်နိုင်ပါတော့မည်နည်း။

ပထမဆုံးအကြိမ်အနေနှင့် သူတို့ဂိုဏ်းက အကြီးအကဲများ၏ဆုံးဖြတ်ချက်ကို သူတို့ပြန်ပြီး မေးခွန်းထုတ်လိုက်မိကြလေသည်။

All Chapters