← Chapters

လက်ဖက်စိမ်းမဖြစ်လာတဲ့ ဂျူနီယာညီမလေး

Vol. 6 Ch. 74

လက်ဖက်စိမ်းမဖြစ်လာတဲ့ ဂျူနီယာညီမလေး

Vol. 6 Ch. 74

“စီနီယာအစ်ကိုကြီး နောက်ဆုံးတော့ရောက်လာပြီ!” စစ်ထူမင်ယွဲ့ ကောင်းကင်မှဆင်းသက်လာသော ကျန်းယန်ကိုကြည့်ကာ ခါးသက်သက်ပြုံးလိုက်ပြီး ခေါင်းအနည်းငယ်ယမ်း၍ ပြောလိုက်သည်။

ရွှေအမြုတေအဆင့် အယောက် ၂၀ကျော်၏တိုက်ခိုက်မှုအောက်တွင် သူမအတွက် အကြာကြီးတောင့်ခံထားဖို့ မလွယ်ကူခဲ့ပေ။

ရွှမ်မင်ကြိုးနှင့်သိမ်မွေ့ယင်ကျောက်စိမ်းပြားကို အားကိုးကာ ခုခံခဲ့ခြင်းဖြစ်သော်လည်း ထိုအရာများတွင်လည်း စိတ်ဝိညာဉ်စွမ်းအားအကန့်အသတ်က ရှိနေ၏။

တန်ယောင်ကွမ်းလက်ထဲကျရောက်သွားလျှင် သူမကံကြမ္မာဘယ်လိုဖြစ်သွားမလဲဆိုတာကိုလည်း သူမ သိနေပြန်သည်။

တကယ်လို့ တကယ်ကြီးသာတစ်ခုခုဖြစ်သွားခဲ့လျှင် ထိုအချိန်ရောက်သည့်အခါ အဇူရာတိမ်ဂိုဏ်းကတန်ယောင်ကွမ်းကို သတ်ရဲပါဦးမည်လော။

သို့သော်လည်း ယခုအခါ ကျန်းယန်ကိုမြင်လိုက်ရပြီဖြစ်သောကြောင့် သူမစိတ်အေးသွားခဲ့ရ၏။

ကျန်းယန် မြေပေါ်တွင်လဲကျနေကာ ရွှမ်မင်ကြိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော စစ်ထူမင်ယွဲ့ကို‌ကြည့်၍ ပြောလိုက်သည်။

“ထပ်တောင့်ခံထားဖို့ မလိုတော့ပါဘူး အစ်ကိုကြီးရောက်နေပြီပဲ အားလုံးအဆင်ပြေသွားပါပြီ”

ဒီတစ်ကြိမ်တွင် ရွှမ်မင်ကြိုးလည်း အဝောာ်လေး အားထုတ်လိုက်ရတာ သေချာ၏။

စိတ်ဝိညာဉ်အဆင့်ရတနာသည် ကြောက်စရာကောင်းတာမှန်သော်လည်း ထိုအရာကိုကိုင်ဆောင်ဖို့ လုံလောက်သည့်စွမ်းအားရှိနေဖို့လည်း လိုအပ်သေးသည်။

ရွှေအမြုတေအဆင့် ၂၀ကျော်၏ပူးပေါင်းတိုက်ခိုက်မှုက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏တိုက်ခိုက်မှုထက်ပင် သာလွန်နေသောကြောင့် ရွှမ်မင်ကြိုးလည်း ပြန်ကောင်းဖို့ အတန်ကြာအောင်အနားယူရပေတော့မည်။

စိတ်ဝိညာဉ်အဆင့်ရတနာတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်အသိစိတ်ရှိသောကြောင့် ကျန်းယန်ရောက်ရှိလာသည်ကို အာရုံခံမိသည်နှင့် ကြိုးက စစ်ထူမင်ယွဲ့ကိုယ်ထဲ၀င်ကာ ပျောက်ကွယ်သွားခဲ့၏။

ထိုစဉ် ရွှမ်မင်ကြိုးပြန်ဆုတ်သွားသည်နှင့် မြေပြင်မှအနက်ရောင်အရိပ်သဏ္ဍာန်ပုံရိပ်တစ်ခုက စစ်ထူမင်ယွဲ့ခန္ဓာကိုယ်ထဲ ၀င်သွားခဲ့လေသည်။

ကျန်းယန် စစ်ထူမင်ယွဲ့ကိုတွဲထူကာ တောင်ကြားမှလမ်းလျှောက်ထွက်ခွာသွားခဲ့ပြီး ထိုအရိပ်ပေါ်ပေါက်လာမှုကို လုံး၀ သတိမထားမိခဲ့ပေ။

ကျန်းကျစ်ချိုးကတော့ ကျန်းယန်ပေးထားသော အဆောင်အထပ်လိုက်ကြီးကိုကိုင်ကာ ထွက်ပြေးသွားသော ရွှေအမြုတေအဆင့်များနောက် လိုက်နေခဲ့၏။ သို့သော် အဝေးကြီးမလိုက်ရဲသောကြောင့် တခဏအကြာတွင် ပြန်ရောက်လာခဲ့သည်။

စစ်ထူမင်ယွဲ့အခြေအနေကိုမြင်သောအခါ သူအမြန်မေးလိုက်၏။

“စီနီယာအစ်ကိုကြီး ဂျူနီယာညီမလေး အဆင်ပြေရဲ့လား”

ကျန်းယန်မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားကာ ဖြေလိုက်သည်။

“သူပင်ပန်းနေတဲ့ပုံပဲ ခဏလောက်အနားယူလိုက်ရင် ကောင်းသွားမှာပါ အို့ သူ့ကိုသက်တန့်ငါးစွပ်ပြုတ်တိုက်ရမယ်…”

သက်တန့်ငါးစွပ်ပြုတ်တွင် စိတ်ဝိညာဉ်စွမ်းအားကြွယ်၀သောကြောင့် စစ်ထူမင်ယွဲ့ကို ကူညီကောင်းကူညီပေးနိုင်၏။

သူငါးစွပ်ပြုတ်တစ်ပန်းကန်ထည့်လိုက်ကာ စစ်ထူမင်ယွဲ့ကို တိုက်လိုက်သည်။

ငါးစွပ်ပြုတ်၏ ကြွယ်၀လွန်းသောစိတ်ဝိညာဉ်စွမ်းအားများကြောင့် စစ်ထူမင်ယွဲ့ နိုးလာခဲ့၏။ သူမကျန်းယန်ကိုကြည့်လိုက်ကာ ချစ်စဖွယ်အမူအရာလေးဖြင့် မေးလိုက်သည်။

“အစ်ကိုကြီး ညီမလေးကိုဘာကျွေးလိုက်တာလဲဟင်”

ပြောနေရင်း သူမလျှာဖြင့်နှုတ်ခမ်းကိုသပ်လိုက်သေး၏။

စစ်ထူမင်ယွဲ့၏အခုလိုပုံစံကိုမမြင်ဖူးသော ကျန်းယန် အနည်းငယ်ပင်ရင်ခုန်သံမြန်သွားခဲ့ရသည်။ အဘယ်ကြောင့် စစ်ထူမင်ယွဲ့ကရုတ်တရက်ကြီးညို့ဓာတ်ပြင်းသွားရပါသနည်း။

အကယ်၍ ကျန်းယန်တွင်သာသန်မာသောစိတ်ရှိမနေလျှင် သူလွှမ်းမိုးခံလိုက်ရမှာသေချာ၏။

သူခပ်ဟဟရယ်မောလိုက်ပြီး ငါးစွပ်ပြုတ်နောက်တစ်ပန်းကန်ထည့်ပေးလိုက်ကာ

“ငါဒီရက်တွေမှာ ဒီသက်တန့်ငါးစွပ်ပြုတ်လုပ်ရင်း အချိန်ကုန်နေတာလေ ထပ်လိုချင်သေးလား”

“သက်တန့်ငါးလား” စစ်ထူမင်ယွဲ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ညီမလေးတို့ လျှို့ဝှက်နယ်မြေထဲမှာတကယ်ကြီးသက်တန့်ငါးရှိတာလား ပြောကြတာတော့ အဲ့တာက ယွင်မုန့်စိမ့်တောထဲမှာပဲရှိတာဆို နောက်ဆုံးတစ်ခေါက် သက်တန့်ငါးကိုလေလံတင်ခဲ့တုန်းက စိတ်ဝိညာဉ်ကျောက်တုံး ၅သန်းကျော်နဲ့ ရောင်းထွက်သွားခဲ့တာ”

“အာ…”

ကျန်းယန် သူ့သက်တန့်ငါးစွပ်ပြုတ်ကိုစိုက်ကြည့်နေရင်း အလိုလို‌ရေရွတ်လိုက်မိသည်။

ဒီသက်တန့်ငါးစွပ်ပြုတ်အိုးက တကယ်ကြီး စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းကျော် တန်နေတာလား…

သူသက်ပြင်းသာချလိုက်မိ၏။ ထိုငါးက စွပ်ပြုတ်ဖြစ်သွားပြီဖြစ်သောကြောင့် အခုမှ စိတ်ဝိညာဉ်ကျောက်တုံးအကြောင်းတွေးနေလည်း မထူးဝောာ့ပေ။

“နင့်အခြေအနေအရဆို နောက်နှစ်ပန်းကန်လောက် ထပ်သောက်သင့်တယ် ကောင်းကောင်းသန့်စင်လိုက် နင်အမြန်ပြန်ကောင်းမှဖြစ်မှာ” ကျန်းယန် ငါးစွပ်ပြုတ်ပန်းကန်ကို စစ်ထူမင်ယွဲ့လက်ထဲထည့်ပေးလိုက်ပြီး

“အမြန်ပြန်ကောင်းအောင်လုပ် ပြီးရင် ငါတို့အဲ့ကောင်တွေကိုလိုက်ရှာပြီး နင့်အတွက်ကလဲ့စားချေရမယ်”

အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေထဲတွင် အဇူရာတိမ်ဂိုဏ်းသားများကို ပစ်မှတ်ထားရဲသူများအပေါ် သူယဉ်ကျေးနေမည် မဟုတ်ပေ။

ဒီတစ်ကြိမ်တော့ သူအစုလိုက်အပြုံလိုက်သတ်ပစ်ချင်နေခဲ့၏။

သေခြင်းရှင်ခြင်းသဘောတူညီချက်တွင်လက်မှတ်ထိုးမထားသူများကို ဂိုဏ်းကကယ်တင်ရမည်ဖြစ်သော်လည်း လက်မှတ်ထိုးထားသူများကိုတော့ ကယ်တင်စရာမလိုပေ။

စစ်ထူမင်ယွဲ့ ငါးစွပ်ပြုတ်ပန်းကန်ကိုမယူဘဲ ကျန်းယန်ကိုမှီလိုက်ကာ

“အာ….”

“နင်ဘာလုပ်နေတာလဲ” ကျန်းယန် စစ်ထူမင်ယွဲ့ကိုထူးဆန်းစွာကြည့်လိုက်ကာ ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး ညီမလေးကိုခွံ့ကျွေး” စစ်ထူမင်ယွဲ့ ကျန်းယန်ကို ကလူသလိုကြည့်ကာ ပြောလိုက်၏။

ကျန်းယန် စစ်ထူမင်ယွဲ့ကိုစိုက်ကြည့်လိုက်ပြီး ရုတ်တရက် ငါးစွပ်ပြုတ်ပန်းကန်ကိုပြန်သိမ်းလိုက်ကာ ပြောလိုက်၏။

“နင်မစားချင်ရင်လည်း မေ့လိုက်တော့”

အဘယ်ကြောင့် စစ်ထူမင်ယွဲ့သည် ရုတ်တရက်ကြီးအနည်းငယ်ခြယ်လှယ်ချင်လာသည်ဟု သူခံစားလိုက်ရပါသနည်း။

သူသည် အမတလမ်းစဉ်ပေါ်ကလူတစ်ယောက်ဖြစ်ပြီး စမူကြောင်ဖို့ထားဦး သဘာ၀အားဖြင့်ကို မိန်းမများကိုသတိထား၍ ဆက်ဆံသူ ဖြစ်ပေသည်။

ခွံ့ကျွေးဖို့လား!

နင့်ဘကြီးကိုသွားခွံ့ကျွေးလိုက်!

စစ်ထူမင်ယွဲ့ကိုယ်ထဲကအရိပ်အနည်းငယ်အံအားသင့်သွားပြီး စိတ်ကောက်ဟန်ဖြင့် ပြောလိုက်၏။

“အစ်ကိုကြီးကညီမလေးကိုအနိုင်ကျင့်နေတာပဲ ဆရာနဲ့တိုင်မယ် ဟုတ်ပါပြီ ပြန်ယူမသွားပါနဲ့ ညီမလေးဖာသာပဲ သောက်လိုက်မယ်”

အို့ ခြယ်လှယ်ချင်သလိုကြီး လုပ်နေတုန်းပဲလား!

သို့သော်လည်း စစ်ထူမင်ယွဲ့၏ သရုပ်ဆောင်မှုအဆင့်က ပထမတန်းအဆင့်လောက်သာရှ်ိပြီး ထိပ်တန်းအဆင့်သို့မရောက်သေးဘဲ သူအရင်ကမြင်ဖူးခဲ့သော မိန်းမများနှင့်ယှဉ်၍ မရပေ။

ထိပ်တန်းအဆင့် ခြယ်လှယ်လိုမှုကသာ ခြယ်လှယ်ခြင်းတွင် အမြင့်ဆုံးအဆင့်ဖြစ်ပေသည်။

ထို့နောက် ကျန်းယန် ကျန်းကျစ်ချိုးကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။

“ဒီတစ်ခေါက်လျှို့ဝှက်နယ်မြေထဲ၀င်လာတဲ့ ရွှေအမြုတေအဆင့်တွေမှာ မကောင်းတဲ့အကြံတွေ အများကြီးရှိနေတယ်

အခုကစပြီး ငါတို့ကိုလာတိုက်ခုိက်တဲ့ တစ်ယောက်ယောက်ကိုတွေ့တာနဲ့ ရိုက်သာရိုက်ပစ် သေခြင်းရှင်ခြင်းစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ကောင်တွေကိုတော့ ဒီတိုင်းသတ်ပစ်လို့ရတယ် ထိုးမထားတဲ့ကောင်တွေကိုတော့ သူတို့သိုလှောင်လက်စွပ်နဲ့မှော်ရတနာတွေကိုဖြုတ်ယူပြီး ကန်ဘေးရောက်တဲ့ထိ မောင်းသွင်းရမယ် ကံကောင်းရင် ငါတို့သက်တန့်ငါး တစ်ကောင်နှစ်ကောင်ထပ်ရနိုင်သေးတယ်”

“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး” ကျန်းကျစ်ချိုး အကြိမ်ကြိမ်ခေါင်းညိတ်ပြလိုက်၏။

သူယခုအချိန်တွင် ကျန်းယန်၏ခွန်အားနှင့်စိတ်‌ေနစိတ်ထားကိုအတော်လေး လေးစားအားကျနေခဲ့မိသည်။

စစ်ထူမင်ယွဲ့၏ ကလူသလိုမြူသလိုလုပ်နေမှုများကြောင့်လည်း သူ့နှလုံးသားပင် လှိုင်းထနေခဲ့ရ၏။

သို့သော် သူ့အစ်ကိုကြီးက‌ေတာ့ဘာတုန့်ပြန်မှုမှကိုမရှိခဲ့ပေ။

ပြောမှပဲ ဂျူနီယာညီမလေးကတကယ်လှတာပဲ!

ထိုအခိုက်တွင် စစ်ထူမင်ယွဲ့ကိုယ်ထဲကအရိပ်သည် စစ်ထူမင်ယွဲ့၏အသိစိတ်နှင့်ဆက်သွယ်ပြီး စကားပြောနေခဲ့‌သည်။

“ကောင်မလေး နင့်မှာဒီလောက်လှတဲ့ခန္ဓာကိုယ်ရှိတာတောင် နင်ကဘယ်လိုသုံးရလဲ မသိဘူးပဲ နင်သာယောင်္ကျားတွေကိုသိမ်းပိုက်ဖို့သင်ယူလိုက်ရင် ဒီကမ္ဘာကြီးကိုတောင် သိမ်းပိုက်နိုင်မှာ ငါပြောတာနားထောင်ရင် ဒီကမ္ဘာကြီးက နင့်အပိုင်ပဲ”

စစ်ထူမင်ယွဲ့ နှာခေါင်းရှုံ့လိုက်၏။

“ဒီလှည့်ကွက်လေးတွေနဲ့လား ရှင်က ကျွန်မစီနီယာအစ်ကိုကြီးကိုတောင် မကိုင်တွယ်နိုင်တာ အခြားသူတွေကို သိမ်းပိုက်ချင်သေးတယ်လား”

သူမခန္ဓာကိုယ်ကို သူမမထိန်းချုပ်နိုင်သော်လည်း ဖြစ်ပျက်သမျှကိုတော့ မြင်နေခဲ့ရသည်။

အရိပ်၏ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားနေသော သူမခန္ဓာကိုယ်၏အပြုအမူများကိုတွေးမိပြီး သူမရှက်သွေးဖြာသွားခဲ့ရသော်လည်း အနည်းငယ်တော့ ထူးဆန်းနေခဲ့မိ၏။ သူမသည် တကယ်ကြီး သူမအစ်ကိုကြီးအတွက် နည်းနည်းလေးမှ ဆွဲဆောင်မှုမရှိခြင်းပေလော။ သူမအကိုကြီးက ယောကျာ်းချင်းများ ကြိုက်တာလား။

အရိပ်လည်း ပြန်ထေ့‌လိုက်သည်။

“ငါက မြေစမ်းခရမ်းပျိုးနေရုံပဲရှိသေးတယ်လေ ငါ့ပညာတွေကို ထုတ်မပြရသေးဘူး တကယ်လို့ နင်သာငါနဲ့အပြည့်အ၀ပူးပေါင်းပြီး ငါ့ကိုနင့်ခန္ဓာကိုယ်ပေးလိုက်မယ်ဆိုရင် ငါ့စွမ်းအားအစစ်ကို မြင်ရစေရမယ်လို့ ငါကတိပေးတယ် မဟုတ်ဘဲ ငါကနင့်ကိုဖိနှိပ်နေရရင်တော့ နင့်ခန္ဓာကိုယ်ကထူးဆန်းနေဦးမှာပဲ”

စစ်ထူမင်ယွဲ့ အရိပ်ကို သတိထားနေဟန်ဖြင့်ကြည့်လိုက်ကာ

“ရှင်ဘယ်သူလဲကျွန်မမသိဘူး ဒါပေမယ့် ကျွန်မကိုလှည့်စားနိုင်မယ်လို့ ထင်နေရင်တော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောပါရစေ”

“ကောင်မလေး ငါသာလက်ခံကောင်ရှာမနေရင် ငါကနင့်ကိုဂရုတောင်စိုက်မယ်ထင်လို့လား” အရိပ်ခေါင်းယမ်းလိုက်ကာ

“ခုခံနေတာရပ်လိုက်တော့ ငါဒီကောင်လေးကို အရင်ကိုင်တွယ်လိုက်ဦးမယ် ပြီးရင် နင့်ကိုငါ့နည်းစနစ်တွေ ပြမယ်”

“စီနီယာအစ်ကိုကြီး ညီမလေးစိတ်ဝိညာဉ်ချီက ပြန်မပြည့်သေးဘူး အဲ့တာကို အစ်ကိုကြီးကညီမလေးကိုထပ်ပြီးတိုက်ခိုက်စေချင်သေးတာလား!” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုမကျေမနပ်ကြည့်လိုက်ကာ

“ညီမလေး သက်တန့်ငါးစွပ်ပြုတ်လိုချင်သေးတယ် နည်းနည်းလောက်ပေးပါဦး ဒီတစ်ခါတော့ ကိုယ့်ဖာသာသောက်မယ်လို့ ကတိပေးပါတယ်”

“သောက်သောက်မသောက်သောက် နင့်သဘောပဲ” ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

ထိုသိုပြောလိုက်သော်လည်း သူမဆီ သက်တန့်ငါးစွပ်ပြုတ်ပန်းကန် ကမ်းပေးလိုက်၏။

အခုလို၀န်ထုပ်၀န်ပိုးဖြစ်‌ေနရခြင်းထက် စစ်ထူမင်ယွဲ့ခွန်အားများ ပြန်ပြည့်လာခြင်းက ပိုကောင်းသောအရာသာဖြစ်သည်။

သို့သော်လည်း စစ်ထူမင်ယွဲ့က ငါးစွပ်ပြုတ်ကိုနည်းနည်းစီ တို့ကနန်းဆိတ်ကနန်းစားနေပြီး တစ်ခါတရံ သူ့ကိုကြာမူပါပါကြည့်ကြည့်နေတာကို တွေ့သောအခါ သူခေါင်းကိုက်လာရ၏။

စစ်ထူမင်ယွဲ့ ၀င်ပူးခံနေရတာများ ဖြစ်နိုင်သလားဟု သူတွေးလိုက်မိသည်။

မဟုတ်လျှင် လူတစ်ယောက်က အဘယ်သို့ ထိုမျှကြီးကြီးမားမားပြောင်းလဲသွားနိုင်ပါမည်နည်း။

All Chapters