အခန်း (၇၆)
Vol. 6 Ch. 76
“လီချီသတင်းသွားပေးနေတုန်း ငါတို့အမြန်ပြင်ဆင်ထားရမယ်” ကျန်းယန် ကျန်းကျစ်ချိုးကို ညွှန်ကြားလိုက်သည်။
“ငါ့မှာ စိတ်ဝိညာဉ်အဆင့်ရတနာတစ်ခုနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေရှိတယ် ဆိုတော့ ငါတို့ဒီနေရာမှာရိုးရှင်းတဲ့ ၀င်္ကပါတစ်ခုဆောက်လို့ရတယ် ညီလေးကျန်း ငါပြောနဲ့အတိုင်းလိုက်လုပ် ပြီးတော့ အဆောင်တွေအကုန်လုံးကို ဒီနေရာမှာမြှုပ်ထားလိုက်”
အဇူရာတိမ်ဂိုဏ်းတွင်နေထိုင်ခဲ့သော ၁၀နှစ်တာကာလအတွင်း ကျန်းယန် ပိလင်းကျိထံမှ ၀င်္ကပါပညာကိုအနည်းငယ်သင်ယူထားခဲ့၏။
သူ့ပညာအဆင့်က ပိလင်းကျိအဆင့်လောက်မရောက်သေးသော်လည်း စိတ်ဝိညာဉ်အဆင့်ရတနာတစ်ခုနှင့်စိတ်ဝိညာဉ်ကျောက်တုံးများစွာထောက်ပံ့ပေးထားပြီး အဆောင်များစွာမြှုပ်နှံထားသော ၀င်င်္ကပါတစ်ခုပေါက်ကွဲသွားမည်ဆိုလျှင်…ထိုအရာက ရွှေအမြုတေအဆင့်များအတွက် ခက်ခဲသောအချိန်တစ်ခုပေးစွမ်းနိုင်မှာတော့ သေချာပေသည်။
ထို့အပြင် သူတို့တွင်စိတ်ဝိညာဉ်အဆင့်အကာအကွယ်ရတနာများရှိကြပြီး ထိုရွှေအမြုတေအဆင့်များတွင်တော့ မရှိကြပေ။
ဤအကွက်က အသက်ပေါင်းများစွာကိုနှုတ်ယူပစ်နိုင်လောက်၏။
သူတို့နှစ်ယောက်အလုပ်ရှုပ်နေကြချိန်တွင် စစ်ထူမင်ယွဲ့ကတော့ ထိုမြင်ကွင်းကို မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ကြည့်ရှုနေခဲ့လေသည်။ စစ်ထူမင်ယွဲ့၏ အမှောင်ယင်တာအိုကအတော်ကြီးကောင်းသော်လည်း အဘယ်ကြောင့် ကျန်းယန်ကသူနှင့်ပိုသင့်တော်သည်ဟု ခံစားနေရသလဲဟု မိစ္ဆာသန္ဓေသားတွေးတောနေခဲ့မိ၏။
တကယ်လို့သူသာကျန်းယန်ကို၀င်ပူးနိုင်ခဲ့လျှင် သူအတွက် ရုပ်ဖျက်နေထိုင်ဖို့ ပိုလွယ်ကူသွားနိုင်ပေသည်။
မိစ္ဆာသန္ဓေသားအတန်ကြာတွေးတောပြီးနောက် ပစ်မှတ်ပြောင်းဖို့ ဆုံးဖြတ်လိုက်၏။
သူအခွင့်အရေးတစ်ခုကိုရှာနေပြီး အလျင်စလိုတော့ မလှုပ်ရှားခဲ့ပေ။
ထိုစဉ် လီချီအခြားသူများကိုရှာတွေ့သွားခဲ့ပြီး ကျန်းယန်၏တည်နေရာကိုရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ပြောပြလိုက်လေသည်။
“ခုနက တိုက်ပွဲကြောင့် စစ်ထူမင်ယွဲ့ဒဏ်ရာရနေတာထင်တယ် သူတို့အခုထိတောင်ကြားထဲမှာပဲ ရှိသေးတယ် ငါတို့အခုသွားရင် သူတို့အကုန်လုံးကို ရှင်းပစ်နိုင်လောက်တယ်”
လီချီ သတင်းပေးနေခဲ့သော်လည်း သူ့စိတ်ထဲတွင်တော့ သောကရောက်နေခဲ့၏။ လူတိုင်းပူးပေါင်းကာ ကျန်းယန်ကိုအမှောက်သိပ်လိုက်ဖို့ သူမျှော်လင့်နေမိသော်လည်း ကျန်းယန်က သူ့လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်မှာကိုလည်း ကြောက်ရွံ့နေခဲ့မိသည်။
ထို့နောက်တွင်တော့ ချက်ချင်းဆိုသလိုပင် ကျန်းယန်ကိုရှင်းပစ်ကာ စိတ်ဝိညာဉ်ရတနာများကိုအပိုင်သိမ်းလိုသော ရွှေအမြုတေအဆင့် လေးငါးဆယ်သည် တောင်ကြားထဲသို့သွားရန် စုဝေးကုန်ကြတော့သည်။
စိတ်ဝိညာဉ်ရတနာများကိုမလိုချင်သောသူမည်သူရှိပါမည်နည်း။
သို့သော်လည်း ခပ်လှမ်းလှမ်းတွင်ဆွေးနွေးနေသော လူအနည်းငယ်ကိုမြင်သောအခါ ထိုလူအုပ်ကြီးအလျင်စလိုမလှုပ်ရှားရဲကြတော့ပေ။
ထိုသူများသည် ထိပ်တန်းဂိုဏ်းကြီးများကလူများဖြစ်ကြပြီး သူတို့ကိုစော်ကားမိပါက လျှို့၀ှက်နယ်ေမြမှထွက်ကာ သူတို့ဂိုဏ်းသို့ပြန်ရောက်သွားခဲ့လျှင်ပင် လုံခြုံနိုင်မည် မဟုတ်ပေ။
“မင်းကဘာတွေတွန့်ဆုတ်နေတာလဲ” တန်ယောင်ကွမ်း စိတ်မရှည်တော့ဟန်ဖြင့် ပြောလိုက်၏။
“ငါမင်းကိုပြောပြီးပြီ ကျန်းယန်မှာ အမတသန့်စင်အမွှေးတိုင်အိုး ကောင်းကင်ပိုက်ကွန် မင်ကွမ်းချပ်၀တ်နဲ့အခြားစိတ်ဝိညာဉ်အဆင့်ရတနာတွေလည်းပါလာတယ် သူ့မှာအခြားစိတ်ဝိညာဉ်ရတနာတွေထပ်မရှိတော့ရင်တောင် စစ်ထူမင်ယွဲ့မှာ ၂ခုရှိသေးတယ်ကွာ
ငါကဒီတစ်ခေါက် စစ်ထူမင်ယွဲ့ကိုပဲလိုချင်တာ ကျန်တာဘာမှမလိုချင်ဘူး
မင်းတို့၀မ်လင်းဂိုဏ်းရဲ့ဂုဏ်သတင်းနဲ့ဆိုရင် အမတသန့်စင်အမွှေးတိုင်အိုးကိုမင်းတို့ပဲရမှာ သေချာတယ် အဲ့ဒီရတနာကဘယ်လောက်အရေးကြီးလဲဆိုတာတော့ ငါမင်းကိုပြောပြစရာမလိုဘူးမလား”
၀မ်လင်းဂိုဏ်းကရွှေအမြုတေအဆင့်ကျိုးဟောင် မျက်မှောင်ကြုံ့နေခဲ့သည်။ သူတို့၏ ဒီတစ်ခေါက်လျှို့ဝှက်နယ်မြေထဲ၀င်ရသည့် ရည်ရွယ်ချက်က လျှို့ဝှက်နယ်မြေ၏ အခြေအနေကိုစုံစမ်းထောက်လှမ်းဖို့ ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းကိုပစ်မှတ်ထားဖို့ သူတို့ရည်ရွယ်ချက်ထဲတွင် ပါမနေခဲ့ပေ။
သူတို့လျှို့ဝှက်နယ်မြေကိုထောက်လှမ်းနေတာ ရက်ပေါင်းများစွာကြာသွားပြီဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ရတနာများစွာလည်း ရရှိခဲ့သည်။ သို့သော်လည်း လျှို့ဝှက်နယ်မြေနှင့်ပတ်သက်ပြီး မူမမှန်တာမျိုးကိုတော့ မတွေ့ရှိသေးပေ။
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့လှုပ်ရှားသင့်တယ်လို့ ထင်တယ်နော်” ၀မ်လင်းဂိုဏ်းကရွှေအမြုတေအဆင့်တစ်ယောက်အကြံပေးလိုက်၏။
“ဒီလောက်လူအများကြီးအတူလှုပ်ရှားကြတာဆိုရင် ကျွန်တော်တို့သရုပ်မှန်ကိုလည်း ထုတ်ဖော်စရာလိုမှာမဟုတ်ဘူး ဒါဆိုအဇူရာတိမ်ဂိုဏ်းကလည်း ကျွန်တော်တို့ကို ပြဿနာရှာရဲမှာမဟုတ်တော့ဘူး
ပြီးတော့ ကျွန်တော်တို့အဲ့ဒီစိတ်ဝိညာဉ်အဆင့်ရတနာတွေထဲက တစ်ခုလောက်ရလိုက်ရင်တောင် ဂိုဏ်းအတွက် အကျိုးအများကြီးရှိမှာသေချာတယ်”
တန်ယောင်ကွမ်း ကျိုးဟောင်ကိုအထင်အမြင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ
“ဆိုတော့ မင်းကသရုပ်မှန်ပေါ်သွားမှာ ကြောက်နေတာလား စိတ်မပူနဲ့ ငါကလွဲပြီးဒီနေရာကဘယ်သူမှမင်း၀မ်လင်းဂိုဏ်းကမှန်းမသိဘူး မင်းသရုပ်မှန်ကိုဖုံးကွယ်ထားလိုက် ငါတို့လန်ကျားအထွတ်အမြတ်မြေက ဒီကိစ္စကိုဦးဆာင်လိုက်မယ်”
အတန်ကြာတွန့်ဆုတ်နေပြီးနောက်တွင်တော့ နောက်ဆုံးတွင် ကျိုးဟောင်သဘောတူလိုက်လေသည်။
“ကောင်းပြီ ၀မ်လင်းဂိုဏ်းကလည်းဒီစစ်ဆင်ရေးမှာ ပါ၀င်မယ် ငါတို့အောင်မြင်သွားရင်တော့ အမတသန့်စင်အမွှေးတိုင်အိုးကိုလိုချင်တယ်” ကျိုးဟောင် တန်ယောင်ကွမ်းကိုလေးလေးနက်နက်ကြည့်လိုက်ကာ
“ပြီးတော့ ငါတို့၀မ်လင်းဂိုဏ်းရဲ့သရုပ်မှန် လုံး၀ပေါ်သွားလို့မဖြစ်ဘူး”
“ပြဿနာမရှိဘူး” တန်ယောင်ကွမ်းသဘောတူလိုက်၏။
ထို့နောက်သူကျိုးဟောင်နှင့်လူအနည်းငယ်ကိုဦးဆောင်ကာ အဖွဲ့နှင့်သွားပူးပေါင်းလိုက်သည်။
အခြားသူများကတော့ စိတ်မရှည်လက်မရှည်ဖြစ်နေကြပြီး တန်ယောင်ကွမ်းဘာကြောင့်ထိုလူများကိုသွားဖိတ်နေရသလဲ နားမလည်နိုင်ဖြစ်နေခဲ့ကြ၏။ အချို့ကလည်း ကျိုးဟောင်၏တွန့်ဆုတ်နေမှုကြောင့် မကျေမနပ်ဖြစ်နေခဲ့ကြသည်။
ထိုစဉ် ကျိုးဟောင်အသာအယာပြုံးလိုက်ကာ
“ဒီအဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေမှာ စူးစမ်းလေ့လာဖို့ ငါက အဆင့်၃ ရတနာအဆင့် အကာအကွယ်ရတနာတစ်ခုယူလာခဲ့တယ် အဇူရာတိမ်ဂိုဏ်းကလူတွေကလွဲပြီး မင်းတို့ထဲက ဘယ်သူ့မှာမှ ငါ့လောက်ကောင်းတဲ့ရတနာပါမလာဘူးမဟုတ်လား”
ထိုစကားကြားသောအခါ လူတိုင်းတိတ်ဆိတ်သွားခဲ့ကြ၏။
တန်ယောင်ကွမ်းကတော့ သူတို့စကားဝိုင်းကိုစိတ်မ၀င်စားဘဲ အော်ပြောလိုက်သည်။
“ငါတို့သေဘာတူညီချက်ရပြီဆိုမှတော့ စထွက်ပြီး အဲ့ဒီအဇူရာတိမ်ဂိုဏ်းကကောင်တွေကို သွားရှင်းလိုက်ကြရအောင်!”
ထို့နောက် တန်ယောင်ကွမ်းနှင့်လူအနည်းငယ်ဦးဆောင်လာသော ရွှေအမြုတေအဆင့်ဒါဇင်နှင့်ချီပါသည့်အဖွဲ့ကြီးသည် တောင်ကြားဆီသို့ ပြင်းထန်ေသာအဟုန်ဖြင့် ချီတက်လာခဲ့ကြ၏။
ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဒါဇင်နှင့်ချီကာပါနေသောကြောင့် ထိုအုပ်စုသည် သူတို့လမ်းတွင်ပိတ်နေသမျှကို ရှင်းပစ်နိုင်သည်ဟူသောယုံကြည်မှုမျိုးလည်း ရရှိနေခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းတပည့်များတွင် စိတ်ဝိညာဉ်အဆင့်ရတနာများရှ်ိနေခဲ့လျှင်တောင် ကျန်းယန်နှင့်အခြားသူများကို သူတို့ခွန်အားဖြင့်ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့ကြ၏။
“နိုးနိုးကြားကြားနေကြ မင်းတို့စတိုက်တာနဲ့အားကုန်ထုတ်ပြီးသာတိုက်ကြ အဲ့ဒီကောင်တွေကိုဘာအခွင့်အရေးမှမပေးနဲ့” တန်ယောင်ကွမ်း အမိန့်ပေးလိုက်သည်။
သူတို့တောင်ကြားနှင့်နီးကပ်လာသည်နှင့်အမျှ လူတိုင်းလည်း ပိုပြီးသတိထားလာခဲ့ကြ၏။ သို့သော် တောင်ကြားအပြင်တွင်တိုက်ခိုက်ခံရမည်လို့တော့ ထင်မထားခဲ့ကြပေ။
သူတို့အမြင်တွင် တကယ်လို့ ကျန်းယန်တွင်အကာအကွယ်အစီအစဉ်များရှိနေခဲ့လျှင်တောင် ထိုအရာများက တောင်ကြားထဲတွင်သာ ရှိနေသင့်၏။
ကျန်းယန်က တောင်ကြားအ၀င်၀တွင် ၀င်္ကပါတစ်ခုတည်ဆောက်ထားလိမ့်မည်လို့တော့ ဘယ်သူမှ မတွေးမိခဲ့ကြပေ။ ကျန်းယန်ကသူ့၀င်္ကပါတည်ဆောက်ခြင်းနှင့်ပတ်သက်သည့်အရည်အချင်းမျိုးကိုတစ်ခါမှ ထုတ်မပြဖူးလေရာ မည်သူက ထိုအရာကိုတွေးမိပါတော့မည်နည်း။
လူအများစု ၀င်္ကပါနယ်မြေထဲ၀င်လာသည်ကိုတွေ့သောအခါ တောင်ကြားထဲတွင်ပုန်းနေသောကျန်းယန် ၀င်္ကပါကိုချက်ချင်းအသက်သွင်းလိုက်လေသည်။
ထိုအခါ အမတသန့်စင်အမွှေးတိုင်အိုးရုတ်တရက်တုန်ခါလာခဲ့ပြီး သူ့အထဲတွင်စုပ်ယူထားသည့်များစွာသောစိတ်ဝိညာဉ်စွမ်းအားများကို ၀င်္ကပါမျဉ်းများဆီပို့လွှတ်လိုက်သောအခါ အခြားသောစိတ်ဝိညာဉ်အဆင့်ရတနာများစွာကိုလည်း အလိုလိုအသက်သွင်းပြီးသား ဖြစ်သွားခဲ့၏။
ထို့နောက် ၀င်္ကပါနယ်မြေအတွင်းတွင် စိတ်ဝိညာဉ်စွမ်းအားများ ထိုးတက်လာကာ စိတ်ဝိညာဉ်အဆင့်ရတနာတစ်ခုချင်းဆီက သူတို့စွမ်းအားများကို စတင်ထုတ်လွှတ်လေတော့သည်။
ထိုအခိုက်တွင် တန်ယောင်ကွမ်းနှင့်အခြားသူများတစ်ခုခုမှားနေတာကိုသတိထားမိသွားပြီး အလောတကြီးအော်ပြောလိုက်၏။
“ခြုံခိုတိုက်ခံရပြီ အမြန်ခုခံကြ!”
လူတိုင်း မှော်ရတနာများ ရတနာအဆင့်ရတနာများကိုထုတ်ကာ အလျင်အမြန်ပင် ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ကြသည်။
“၀င်္ကပါလေးတစ်ခုပါပဲ ကြောက်စရာဘာမှမရှ်ိဘူး! ရှေ့တက်ကြ အဲ့ဒီကောင်တွေကိုအမှောက်သိပ်ပစ်ကြမယ်!” တန်ယောင်ကွမ်း ကျန်းယန်ရှိသည့်အရပ်မျက်နှာသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။
ထိုအချိန်တွင် မြေကြီးထဲ၌မြှုပ်နှံထားသော အဆောင်များသည် ကြွယ်၀လွန်းသောစိတ်ဝိညာဉ်စွမ်းအင်များဖြင့် အသက်သွင်းခြင်းကိုခံလိုက်ရလေသည်။ ဒါဇင်နှင့်ချီသောအဆောင်များမှ စွမ်းအားများပေါက်ကွဲထွက်ပေါ်လာပြီး အမျိုးမျိုးသော ပေါက်ကွဲမီးတောက်အဆောင်များ မိုးကြိုးအဆောင်များ လေပြင်းအဆောင်များ စသည့်အဆောင်မျိုးစုံကအတူတကွပေါင်းစည်းသွားကာ ဖရိုဖရဲဖြစ်ကုန်ပြီး ထိုနေရာတစ်ခုလုံးရှိ ကောင်းကင်နှင့်မြေပြင်နိယာမများပင် နှောင့်ယှက်ခံလိုက်ရ၏။
ကောင်းကင်နှင့်မြေပြင်နိယာမများ နှောင့်ယှက်ခံလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင်၀င်္ကပါနယ်ေမြကကြမ်းကြမ်းတမ်းတမ်းလှုပ်ယမ်းလာခဲ့ပြီး ကျယ်၀န်းလှသောနယ်မြေကြီးတစ်ခုလုံးက ဖရိုဖရဲဖြစ်နေသော ကောင်းကင်နှင့်မြေပြင်နိယာမများနှင့်အတူ ထိန်းမရသိမ်းရပေါက်ကွဲထွက်သွားလေတော့သည်။
“ဝုန်းးးး”
ပေါက်ကွဲသံကြီးများဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး စုတ်ပြဲနေသည့် အမျိုးမျိုးသောကောင်းကင်နှင့်မြေပြင်နိယာမစွမ်းအားများက ဒါဇင်နှင့်ချီသောကျင့်ကြံသူများထံ တိုး၀င်သွားခဲ့ကြ၏။
အချို့ကျင့်ကြံသူများက ချက်ချင်းဆိုသလိုပင် နိယာမမုန်တိုင်းကြီးထဲတွင် အမှုန့်ဖြစ်သွားခဲ့ပြီး အချို့ကတော့ ကိုယ်တစ်ခြမ်းပဲကျန်ခဲ့ကာ နိယာမမုန်တိုင်းေအာက်တွင် အသက်ပေးသွားခဲ့ရသည်။ ကျိုးဟောင်လို ရတနာအဆင့်ရတနာရှိသူအနည်းငယ်သာ နိယာမမုန်တိုင်းကြား၌ မုန်တိုင်းမိနေသောလှေငယ်လို ယိမ်းထိုးနေခဲ့၏။ သို့သော် သူတို့လည်း ဘယ်အချိန်လှေမြုပ်သွားမလဲမသိပေ။
ချင်းယွင်ကျိ စာလိပ်ကိုကြည့်နေရင်း မပြုံးဘဲမနေနိုင်ခဲ့ပေ။ ထို့နောက်တွင်တော့ သူအလျင်အမြန်ပင် မဟာတာအိုနတ်ဘုရားစွမ်းအားကိုသုံး၍ စာလိပ်ထဲက ကမ္ဘာကိုတည်ငြိမ်အောင်ထိန်းထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့တွင် သေခြင်းရှင်ခြင်းသဘောတူညီချက်၌ လက်မှတ်ထိုးမထားသူများကို ကယ်တင်ပေးရန်တာ၀န်ကရှိနေသေး၏။
ဒါပေါ့ အသက်ရှင်နေသေးသောသူများကိုသာ သူကယ်တင်မည်ဖြစ်ပြီး ကိုယ်တစ်ခြမ်းပဲကျန်တော့သူများကိုတော့ ဂရုစိုက်မနေတော့ပေ။
အဇူရာတိမ်ဂိုဏ်းအပေါ်အကောက်ကြံသောသူများကို သူကူညီမပေးနိုင်ပေ။ အခုလောက်လုပ်ပေးတာကပင် လုံလောက်အောင်ယဉ်ကျေးနေခဲ့ချေပြီ။
ထိုစဉ် အဇူရာတိမ်ဂိုဏ်းအပြင်ဘက်တွင် လေဟာနယ်ထဲ၌စွမ်းအင်အတက်အကျများဖြစ်ပေါ်လာပြီး လူတိုင်းမျက်လုံးရှေ့၌ ကိုယ်တစ်ခြမ်းသေနေသော ခန္ဓာကိုယ်များ သွေးသံရဲရဲသေခါနီးပုံရိပ်များ ပေါ်ေပါက်လာခဲ့လေသည်။
အပြင်တွင်စောင့်နေသော ဂိုဏ်းအသီးသီးမှအကြီးအကဲများ တုန်လှုပ်ကုန်ကြ၏။
ဒီလိုပုံပျက်ပန်းပျက်မြင်ကွင်းမျိုးဖြစ်လာရလောက်အောင် လျှို့ဝှက်နယ်မြေထဲတွင်ဘာတွေဖြစ်နေပါသနည်း။
စာစဉ်ပြီး၏။ နောက်တစ်အုပ်မျှော်…