← Chapters

အခန်း (၃၂)

Vol. 4 Ch. 32

အခန်း (၃၂)

Vol. 4 Ch. 32

“မိုးမြေအနှစ်သာရ”

“အကြွင်းမဲ့စွမ်းအား ဆိုသည်က တစ်စုတစ်စည်းတည်း ရှိနေသော မိုးနှင့်မြေ၏ အနှစ်သာရဖြစ်ပြီး စွမ်းအင်များ အားလုံးကို ခွဲခြားမရအောင် ပေါင်းစည်းထားနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်…

မိုးကြိုးလျှပ်စီး အလင်းတန်းများကို သာမန်မျက်စိ၏ အလျင်ဖြင့် လိုက်မကြည့်နိုင်ဘဲ “ဝင်း”ခနဲ “လက်”ခနဲ ဖြစ်သွားသည့် အခိုက်အတန့်ကိုသာ မြင်နိုင်စွမ်းရှိသည်…

ယင်နှင့်ယန်အပြင် ဒြပ်ကြီးငါးပါး စွမ်းအင်တို့သည် ပုန်းကွယ်နေသကဲ့သို့ တစ်နည်း သို့မဟုတ် ထွက်ပေါ်လာသကဲ့သို့ တစ်ဖုံ လှည့်ပတ်နေကြသည်…..

နေ၏ အနှစ်သာရ၊ လ၏ အလင်းရောင်၊ မိုးနှင့်မြေ၏ စွမ်းအားတို့သည် လူတစ်ဦး၏ အာရုံခြောက်ပါးနှင့် ရုပ်နာမ်နှစ်ပါးတို့အပေါ်တွင် တစ်သားတည်းအဖြစ် ပေါင်းစပ်ဖြစ်တည်နိုင်စွမ်း ရှိသည်….

ဟွမ်ယွမ်ဓား ကျင့်စဉ်တွင် ယင်နှင့်ယန်တို့၏ အသွင်ပြောင်းလဲမှုများ အားလုံး စုစည်းနေပြီး ရွှေခရမ်း အလင်းတန်းကို ထုတ်လွှတ်နိုင်စွမ်းရှိသည် ဟု ဖော်ပြထားသည်…

၎င်းသည် ထူးဆန်းသော မှော်တန်ခိုးပညာများကို ဖြိုခွဲနိုင်ပြီး မိစ္ဆာနတ်ဆိုးများနှင့် မကောင်းဆိုးဝါး များကို ချေမှုန်းနိုင်သည်…”

စွန်းယန်ဝမ် သည် ဆရာဖြစ်သူ ပြောဆိုသွားသော စကားများအနက် မည်သည့်စကားကိုမျှ အကုန်အစင် နားလည်သည်ဟူ၍ မရှိဘဲ တချို့တစ်ဝက်ကိုသာ နားလည်သည်။ သို့သော် တစ်ခုကံကောင်းသည်က ဆရာဖြစ်သူ နည်းလမ်းတကျ သင်ပြပေးနိုင်ခြင်း မရှိသည့်အခါတိုင်း သူ့အစ်ကိုကြီးက ဝင်ရောက် ရှင်းပြပေးခြင်း ဖြစ်သည်။

ကျန်းချင်းရှီ က ပြောသည်။

“ငါတို့ ဆောင်ယန်ဂိုဏ်းရဲ့ ဟွမ်ယွမ်ဓားကျင့်စဉ် ဆိုတာ ဟူမိသားစုရဲ့ နတ်ဆိုးသတ်ဓား ကျင့်စဉ်လိုပဲ စွမ်းအားကို စုစည်းပြီးမှ ဓားကွက်တွေကို ဖော်ထုတ်ရတာ...”

“တကယ်တော့ ဒီဓားလမ်းစဉ်ကို ရွေးချယ်ဖို့ ညီလေးကို အများကြီး အားမပေးချင်ခဲ့ဘူး… ဘာဖြစ်လို့လဲဆိုတော့ ဒီဟွမ်ယွမ်ဓား ကျင့်စဉ်ရဲ့ အဓိကသော့ချက်က စွမ်းအားလိုအပ်ချက် သိပ်များလွန်းတာကြောင့်ပဲ…”

“လူတစ်ယောက်ဟာ စွမ်းအားကြီးလာတာနဲ့အမျှ သူ့ဓားရဲ့ စွမ်းဆောင်ရည်ကလည်း ပိုပြီး ကြောက်ဖို့ကောင်းလာတယ်… တားဆီးမရလောက်အောင် ပြိုင်ဘက်ကင်းလာတယ်…”

“ဒါပေမဲ့ ညီလေးက ဟူမိသားစုရဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်ပြီးတော့ နတ်ဆိုးသတ်ဓား ကျင့်စဉ်ရဲ့ အခြေခံအုတ်မြစ်လည်း ရှိတယ်… ပြီးတော့ အထွဋ်အထိပ်သွေးကြော ကျင့်စဉ်မှာလည်း အထိုက်အလျောက် အောင်မြင်နေပြီဖြစ်တာကြောင့် ဒါကို အောင်မြင်အောင် ကျင့်ကြံနိုင်မယ်လို့ ယုံကြည်တယ်…”

ဤတစ်ကြိမ်တွင်တော့ စွန်းယန်ဝမ် လုံးဝနားလည်သွားသည်။

ကျန်းယွမ်ချောင် သည် ဓားလမ်းစဉ်နှင့်ပတ်သက်ပြီး နက်နဲသော သီအိုရီအချို့ကို တိမ်လိုမြူလို ဝေဝေဝါးဝါး အခြေအနေမျိုးဖြင့် ရှင်းပြခဲ့ပြီး နောက်ဆုံးတွင် ဟွမ်ယွမ်ဓားကျင့်စဉ်ကို စတင် သင်ကြားပေးခဲ့သည်။

ဟွမ်ယွမ်ဓားကျင့်စဉ် နှင့် ဟူမိသားစု၏ နတ်ဆိုးသတ်ဓား ကျင့်စဉ်တို့သည် အမှန်တကယ်ပင် တူညီသော ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

ကွာခြားသွားသည့် အချက်က ဟူမိသားစု၏ နတ်ဆိုးသတ်ဓား ကျင့်စဉ်သည် အခြေခံ တည်ဆောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားရမည်ဖြစ်ပြီး၊ ဆောင်ယန်ဂိုဏ်း၏ ဟွမ်ယွမ်ဓားသိုင်းတွင်တော့ ဓားကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းအတွက် ချီစွမ်းအင် စီးဆင်းမှုကို ချောမွေ့စေသည့် အသက်ရှူနည်းစနစ်များနှင့် လျှိူဝှက်ကျင့်စဉ်များကို တတ်မြောက်ထားရန်လိုခြင်း ဖြစ်သည်။

၎င်း၏ ဖျက်ဆီးနိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းသည်မှန်သော်လည်း စွမ်းအား လိုအပ်ချက်ကလည်း အလွန်ကြီးမားသည်။

စွန်းယန်ဝမ် သည် သွေးကြောငါးခုကို ဖွင့်လှစ်ထားပြီး ဖြစ်သောကြောင့် ကျင့်ကြံခြင်းလောက၌ အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ပြီ ဖြစ်သည်။ သို့သော် ဟွမ်ယွမ်ဓား ကျင့်စဉ်အား သူ့၏ စွမ်းအားပြည့်ဖြင့် လေးငါးကြိမ် လေ့ကျင့်ပြီးသည့် အချိန်တွင် သူ့စွမ်းအားများ အားလုံး တမုဟုတ်ချင်း ကွယ်ပျောက်သွားတော့သည်။

ထို့အပြင် ဟွမ်ယွမ်ဓားကျင့်စဉ်ကို ကျင့်ကြံရာ၌ စွမ်းအားလှည့်ပတ်ရန် လိုအပ်သော သွေးကြော များမှာလည်း သူဖွင့်လှစ်ထားနိုင်သော သွေးကြောငါးခုနှင့် တစ်ခုမှ ကိုက်ညီခြင်း မရှိပေ။

ထိုသွေးကြောများမှ စွမ်းအား စီးဆင်းမှုမရှိပါက သူ့၏ ဓားချက်သည် ရန်သူ၏ မည်မျှအားနည်းသည့် နေရာကို တိုက်ခိုက်သည်ဖြစ်စေ အသုံးမဝင်သော အချည်းအနှီး ဓားချက်များသာ ဖြစ်ပေလိမ့်မည်။

စွန်းယန်ဝမ် အတွက် ကျင့်စဉ်တစ်ခုသည် ဤမျှ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ခက်ခဲနေသည်ကို ပထမဆုံးအကြိမ် သဘောပေါက် လာခဲ့ရသည်။

သို့သော် ဤ ဟွမ်ယွမ်ဓား ကျင့်စဉ်ဆိုသည်မှာ သူကိုယ်တိုင်ရွေးချယ်ခဲ့သော ကျင့်စဉ်ဖြစ်သောကြောင့် နောက်ဆုတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ဘဲ အံကြိတ်ကာ ဆက်လက် ကျင့်ကြံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။

စွန်းယန်ဝမ် သည် ကျန်းယွမ်ချောင်၊ ကျန်းချင်းရှီ တို့နှင့်အတူ တစ်လခွဲနီးပါး တံခါးပိတ်ကျင့်စဉ် ဝင်ခဲ့သည်။ သူ့၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ပညာထက်မြက်မှု တို့ကြောင့် ဟွမ်ယွမ်ဓားကျင့်စဉ်၏ ဓားကွက် ခုနှစ်ဆယ့်နှစ်ကွက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သည် အထိ သင်ကြားနိုင်ခဲ့သည်။

သို့သော် သွေးကြောငါးခုသာ ဖွင့်လှစ်ထားနိုင်သည့် အခြေအနေက သူ့ကို ကန့်သတ်ချက်များ ဖြစ်ပေါ်စေပြီး ဓားကွက် အများစုအတွက် လိုအပ်သော စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း မရှိခဲ့ပေ။

သူအများဆုံး အသုံးပြုနိုင်သည့် ဓားကွက်သည် ခြောက်ကွက်၊ ခုနှစ်ကွက်ခန့်သာရှိပြီး ထိုအထဲတွင် အမှန်တကယ် ထိထိရောက်ရောက် အသုံးချနိုင်သည်က သုံးကွက်သာ ရှိသည်။

ဤအခြေအနေတွင် သူတတ်နိုင်သည့် အရာလည်း ဘာမျှမရှိတော့ပေ။ အခြားသော ဓားကျင့်စဉ်များတွင် နည်းစနစ်များ ကျွမ်းကျင်သွားပြီ ဆိုပါက ၎င်းတို့၏ အဆင့်အတန်းသည် မည်သို့ပင် ရှိသည်ဖြစ်စေ အသုံးချနိုင်ပြီ ဖြစ်သည်။

သို့သော် ဆောင်ယန်ဂိုဏ်း၏ ဟွမ်ယွမ်ဓားကျင့်စဉ်တွင်တော့ ချီစွမ်းအား အထောက်အပံ့မရှိပါက ပန်းတစ်ပွင့်နှင့် ပေါက်သလိုသာ ဖြစ်ပေလိမ့်မည်။ ဓားချက်တွင် စွမ်းအားမရှိပါက မိမိပြိုင်ဘက်၏ အသာစီးမှ တိုက်ခိုက်ခြင်းကို ခံရပြီး အသက်အန္တရာယ်အပေါ် ကြီးမားသော ခြိမ်းခြောက်မှုကိုပင် ခံရပေလိမ့်မည်။

ဤတစ်လခွဲအတွင်း ကျန်းယွမ်ချောင် သည် သူ့၏ ဒုတိယတပည့်အား ကြပ်ကြပ်မတ်မတ် သင်ကြားပေးနေသလို တပည့်ကြီးအပေါ်တွင်လည်း သေချာစွာ ဂရုစိုက်ခဲ့သည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ကျန်းချင်းရှီ လုပ်ဆောင်ရမည့် ကိစ္စသည် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေကြောင်း ထင်ရှားသည်။ ဆရာဖြစ်သူသည် တပည့်ကြီးအား သွားစေလိုခြင်း မရှိသော်လည်း ယင်းကို နှုတ်မှထုတ်မပြောဘဲ စိုးရိမ်ပူပန်မှုဖြင့်သာ ဖော်ပြခဲ့သည်။

ဆောင်ယန်ဂိုဏ်း၏ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပမည့် အချိန်မှာလည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သောကြောင့် ကျန်းယွမ်ချောင် သည် နောက်ဆုံးတွင် တပည့်နှစ်ဦးစလုံးအား တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာစေခဲ့သည်။

ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့သည် သူတို့၏ အခန်းများသို့ ပြန်လာကြပြီး ခရီးသွားရာတွင် မဖြစ်မနေ လိုအပ်သော ပစ္စည်းလောက်ကိုသာ ထုပ်ပိုးယူဆောင်လိုက်ကြ၏။ ကျောင်းတော်၏ ငွေကြေး အခက်အခဲကို နားလည်ထားသူပီပီ စွန်းယန်ဝမ် သည် သူပိုင်ဆိုင်သော ငွေကြေးများမှ တစ်ဝက်တိတိကို သူ့စီနီယာကို ရည်ရွယ်ချက်ရှိရှိ ခွဲပေးခဲ့သည်။

ကျန်းချင်းရှီ ကလည်း ညီငယ်၏ စေတနာကို နားလည်သောကြောင့် အပြုံးဖြင့် ဝမ်းသာအားရ လက်ခံရယူခဲ့သည်။ သူတို့ မထွက်ခွာမီ စွန်းယန်ဝမ် အနေဖြင့် သူ့တပည့်လေး နှစ်ဦးကို အမှာစကား အနည်းငယ် ပြောဆိုလိုသော်လည်း ကလေးနှစ်ဦးသည် မြို့သို့သွားကာ အစားအသောက်များ ဝယ်ယူနေချိန် ဖြစ်သောကြောင့် ပြောခွင့်မသာခဲ့ပေ။

ထို့အပြင် သူ့၏ ခရီးစဉ်သည် အချိန်များစွာကြာမြင့်မည် မဟုတ်ဟု ယူဆရသောကြောင့် အပိုစကားများ ပြောဆိုနေရန် မလိုအပ်ဟုလည်း ယူဆသည်။ သူနှင့် ကျန်းချင်းရှီ တို့သည် မြင်းများပေါ်သို့ တက်လိုက်ပြီး ဆရာကို နှုတ်ဆက်ကာ စွန်းစားမှု ခရီးတစ်ခု စတင်လိုက်ကြသည်။

ကျန်းချင်းရှီ သည် သာမန်မြင်းတစ်ကောင်ကို စီးနင်းလာသော်လည်း စွန်းယန်ဝမ် မှာတော့ စီမာကျိယန် လက်ဆောင်ပေးထားသော မြင်းကို စီးလာခဲ့သည်။ ဤမြင်းသည် ခေါင်းမှ အမြီးအထိ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်သောကြောင့် စွန်းယန်ဝမ် သည် ၎င်းအား ယုန်မည်း ဟူသော အမည်ကို ပေးထားသည်။

မူလက သူသည် ဤမြင်းကို ကျန်းချင်းရှီ အား စီးနင်းစေသော်လည်း ကျန်းချင်းရှီ က ပြုံးကာ ငြင်းဆိုခဲ့သည်။ သူငြင်းဆိုရခြင်းက ကျိုးကြောင်းဆီလျော်သည်။ ထို့ကြောင့် စွန်းယန်ဝမ် သည် သူကိုယ်တိုင် စီးနင်းရန်မှလွဲလျှင် အခြား မည်သည့်စကားကိုမျှ ထပ်မပြောဆိုတော့ပေ။

ကျန်းချင်းရှီ သည် ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် နတ်ဆိုးသတ်ဓားကို လွယ်ထားသည်။ ယခုအခါ ထိုဓား၏ ဓားအိမ်သည် မည်သည့်အဆင်တန်ဆာမျှ မပါသော ရိုးရှင်းသည့် ဓားအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

ဆောင်ယန်ဂိုဏ်းသားများ အသုံးပြုသော ဓားအားလုံးသည် ဤပုံစံအတိုင်းသာ ဖြစ်သောကြောင့် ဟူမိသားစုက မြင်သည်ဆိုလျှင်ပင် မှတ်မိနိုင်ရန် လွန်စွာခဲယဉ်းသည်။

စွန်းယန်ဝမ် အတွက်တော့ စီမာကျိယန် ပေးထားသော အဝတ်အစားများကို ဝတ်ဆင်လာပြီး စုတ်ပြဲနေသော နေရာများအား အခြားအဝတ်အစားများနှင့် ဖာထေးထားခဲ့သည်။ ယင်းသည် ကြည့်ရဆိုးသည် ဆိုသော်လည်း အသစ်ဖြစ်သည့် ဘုန်းတော်ကြီးဝတ်ရုံထက်တော့ ပို၍သက်သောင့် သက်သာ ဖြစ်စေသည်။

ဆောင်ယန်ဂိုဏ်းသည် ရှောင်လင်ကျောင်းတော် မျိုးရိုးမှ ဆင်းသက်လာသည် မှန်သော်လည်း ၎င်းတို့၏ တပည့်များအတွင်း လူဝတ်ကြောင်များရော ဘုန်းတော်ကြီးများပါ ရောနှောနေခဲ့သည်။

စွန်းယန်ဝမ် သည် ကျင့်ကြံရန်အတွက် တိုင်ရီကျောင်းတော်သို့ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ဘုန်းတော်ကြီး တစ်ဦးလည်း မဟုတ်သောကြောင့် ဘုန်းတော်ကြီးဝတ်ရုံ ဝတ်ဆင်ရန် မလိုအပ်ပေ။

သူသည် စီမာကျိယန် ထံမှ လက်ဆောင်ရရှိခဲ့သော လင်ရှီးဓားကို ခါးတွင် ခါးပတ်တစ်ခုကဲ့သို့ ပတ်ထားလိုက်သည်။ ဓားအိမ်သည် ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း မည်သို့မျှ လှပသေသပ်မှု မရှိတော့သောကြောင့် သူ့အနေဖြင့် များစွာ နှမျောတသ ဖြစ်ခဲ့ရသည်။ အောက်လမ်းဂိုဏ်းအပေါ် သူ့၏ မုန်းတီးစိတ်မှာလည်း တဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။

စွန်းယန်ဝမ် နှင့် ကျန်းချင်းရှီ တို့ ထွက်ခွာသွားပြီးနောက် မကြာမီ ဈေးဝယ်သွားသော ကလေးနှစ်ဦး ပြန်ရောက်လာကြသည်။ သူတို့သည် ဆရာဘိုးဘိုးကြီး တစ်ဦးတည်းကိုသာ တွေ့သောကြောင့် မေးမြန်းကြည့်ရာ သူတို့ဆရာသည် ဆရာဦးလေးနှင့်အတူ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို သိလိုက်ရသည်။

နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားကာ တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားနေမိကြသည်။

သူတို့သည် ဓားအိမ်အတွင်းမှ ရထားသော ကျင့်စဉ်အကြောင်းကို ဆရာဖြစ်သူအား ပြောပြရန် ရည်ရွယ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် သူတို့ဆရာသည် ဆရာဘိုးဘိုးနှင့်အတူ ကာလရှည် တံခါးပိတ်ကျင့်စဉ် ဝင်နေခဲ့သောကြောင့် ပြောဆိုရန် အခွင့်အရေး မရခဲ့ပေ။ ယခု တံခါးပိတ်ကျင့်စဉ်မှ ပြန်ထွက်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းပင် ထွက်ခွာသွားပြန်သည်။

ဤကိစ္စကို သူတို့ ဆရာဘိုးဘိုးအား ပြောပြရဲခြင်းလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော ဆရာဘိုးဘိုးကို သူတို့ လွန်စွာကြောက်ရွံ့ကြပြီး သူနှင့် သူတို့ကြားက ဆက်ဆံရေးမှာလည်း မေးထူးခေါ်ပြော အဆင့်မျှသာ ရှိသည်။

လင်ကျင်း နှင့် ကျန်းဖန်အာ တို့သည် တစ်ညလုံး စဉ်းစားကာ ပြောဆိုငြင်းခုံ နေကြသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်က ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် သူတို့ဆရာ ပြန်လာသည့် အချိန်ကိုသာ စောင့်ဆိုင်းပြီး ထိုကိစ္စအား ဝန်ခံရန် ဆုံးဖြတ်လိုက်ကြသည်။

စွန်းယန်ဝမ် နှင့် ကျန်းချင်းရှီ တို့သည် အတော်အတန် ခရီးရောက်လာကြပြီးနောက် ရှေ့၌ မြို့တစ်မြို့ကို လှမ်းမြင်လိုက်ရသည်။ စွန်းယန်ဝမ် က ပြုံးရင်း အကြံပြုလိုက်သည်။

“အစ်ကိုကြီး ခဏလောက်နားပြီး တစ်ခုခု အရင်စားရအောင်…”

ကျန်းချင်းရှီ လည်း ရယ်မောလိုက်သည်။

“အကောင်းဆုံးပေါ့ ညီလေးရာ… ဗိုက်ဆာနေတာနဲ့ အတော်ပဲ…”

“ဒါပေမဲ့ ဒီနေ့အတွက်တော့ တို့ညီအစ်ကိုတွေ ရှေ့ဆက်သွားဖို့ အဆင်မပြေလောက်တော့ဘူး….”

“ဒီနေရာကနေ နောက်ထပ်မြို့တစ်မြို့ကို ရောက်ဖို့ဆိုရင် နှစ်ရက်၊ သုံးရက်လောက် ထပ်ပြီး ခရီးဆက်ရလိမ့်မယ်… ပြီးတော့ ကြားထဲမှာ တည်းခိုစရာ နေရာလည်း တစ်ခုမှ မရှိတော့ဘူး… အဲဒီကြောင့် ဒီတစ်ည ဒီမှာပြည့်ပြည့်ဝဝ အနားယူပြီး လိုအပ်တဲ့ ရိက္ခာတွေကို အရင်ဆုံး စုဆောင်းကြတာပေါ့…”

“မနက်ကျရင် ငါတို့တွေ အစောကြီးထပြီး ခရီးဆက်ကြမယ်… ဒါမှ ခရီးတစ်ရက်လောက် အကုန်သက်သာပြီး ရာသီဥတုဒဏ်ကိုလည်း အများကြီး မခံစားရမှာ…”

စွန်းယန်ဝမ် သည် စာအုပ်များထဲတွင် ပထဝီနှင့်ပတ်သက်သော ဗဟုသုတပေါင်း များစွာကို ဖတ်ရှုဖူးသော်လည်း မြေပြင်အတွေ့အကြုံ အမှန်တကယ်ရှိသည့် ကျန်းချင်းရှီ နှင့်တော့ မည်သို့မျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ချက်ခြင်းသဘောတူလိုက်သည်။

သူတို့နှစ်ဦးသည် မြို့အတွင်းသို့ ဦးစွာ ဝင်ရောက်လာခဲ့ပြီး တည်းခိုရန် နေရာတစ်ခုကို ရှာဖွေလိုက်သည်။ ထို့နောက် မြင်းများကို ဆိုင်တွင် အပ်ထားခဲ့ကာ မြို့အတွင်းသို့ ထွက်လာခဲ့ကြသည်။

နှစ်ဦးသား စားသောက်ဆိုင်ကြီး တစ်ဆိုင်အတွင်းသို့ ဝင်လာခဲ့ပြီး ဟင်းလျာများကို အမြန်ဆုံး မှာယူကာ စားသောက်လိုက်ကြ၏။ စွန်းယန်ဝမ် သည် စားသောက်နေရင်းမှ သူယခင် အလုပ်လုပ်ခဲ့ဖူးသော စားသောက်ဆိုင်ကို အမှတ်မထင် သတိရသွားမိသည်။

ဤလောကသို့ ကူးပြောင်းရောက်ရှိလာသည့် အချိန်မှစကာ ထိုဆိုင်ကြီး၌ အလုပ်သင်တစ်ဦး အဖြစ် ရှိနေခဲ့ရသည်။ ဧည်သည်များသည် စားကောင်းသောက်ဖွယ်များအား နေ့စဉ်လာရောက် စားသောက် နေသည်ကို မြင်တွေ့သောအခါ သူသည်လည်း ပိုက်ဆံရှိလာသော တစ်နေ့ ဤကဲ့သို့ စားသောက်မည်ဟု ကြုံးဝါးထားခဲ့ဖူးသည်။

အနည်းဆုံးတော့ ထိုကဲ့သို့ စားသောက်ခြင်းသည် သူ့ယခင်ဘဝတွင် ဆိုပါက အထူးအဆန်းဟု မဆိုနိုင်ပေ။ သို့သော် လက်ရှိအချိန်အထိ သူ့ဘဝသည် ထိုအခြေအနေနှင့် မနီးကပ်သေးဘဲ ကြမ်းတမ်းသော အစားအသောက်များနှင့် နှစ်ပါးသွားနေခဲ့ရသည်။

မိုဝူရွှယ်နှင့်အတူ သွားလာခဲ့စဉ်က သူသည် အစားအသောက်ကို များစွာ ခုံမင်သူ မဟုတ်သောကြောင့် ဖြစ်သလိုစားခဲ့သဖြင့် စွန်းယန်ဝမ် မှာလည်း ဆရာဖြစ်သူ စိတ်ကွက်သွားမည်ကို စိုးရိမ်ကာ သူ့နည်းတူ လိုက်စားခဲ့ရသည်။

တိုင်ရီကျောင်းတော်၏ တပည့်ဖြစ်လာသောအခါ ကျန်းယွမ်ချောင် ၏ ဆင်းရဲမွဲတေမှုသည် သူ့၏ စားဝတ်နေရေး အခြေအနေကို ပို၍ပင် နိမ့်ကျသွားစေတော့သည်။

နောက်ပိုင်းတွင် ကောင်းကင်မြွေဂိုဏ်းကို နှိမ်နင်းပြီး လစဉ်အခွန်ကောက်ခံခဲ့သည် ဆိုသော်လည်း ယင်းက မဖြစ်စလောက် ငွေကြေးမျှသာ ဖြစ်သည်။ ထိုကဲ့သို့သော ဂိုဏ်းငယ်လေးများ၏ ဝင်ငွေသည် အလွန်အင်မတန် နည်းပါးသည့်အပြင် ကျန်းယွမ်ချောင် ၏ စည်းမျဉ်းစည်းကမ်း များကြောင့် ပို၍ပင် လျော့ကျသွားတော့သည်။

ထို့ကြောင့် အခွန်ဆိုသည်က မရသလောက် အခြေအနေနှင့် များစွာခြားနားခြင်း မရှိဘဲ တစ်လလျှင် ကြေးပြားအနည်းငယ်သာ ရောက်ရောက်လာတတ်သည်။

တိုင်ရီကျောင်းတော်၏ အနီးတွင်ရှိသော မြို့ငယ်လေးသည် ကပ်ဘေးဆိုးကြီးကို ကြုံတွေ့ခဲ့ပြီးနောက် ကင်းမြီးကောက်ဂိုဏ်းသည် ထိုနေရာသို့ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့သည် ဆိုသော်လည်း မူလကထက်ပင် ပိုမို တိတ်ဆိတ်ခြောက်ကပ် သွားခဲ့သည်။

အရည်အသွေးရှိသည့် မည်သည့်ပစ္စည်းကိုမျှ ဝယ်မရနိုင်တော့သလို စားသောက်စရာများ၏ အဆင့်အတန်းကလည်း ယခင်ကထက် များစွာ နိမ့်ကျသွားခဲ့သည်။

ယခု သူတို့ဝင်ရောက်လာသည့် စားသောက်ဆိုင်သည် သာမန်ဆိုင်လေး တစ်ဆိုင်မျှသာ ဖြစ်ပြီး ချက်ပြုတ်သူ၏ လက်ရာသည် ပို၍ပင် သာမန်ဆန်လွန်း နေပြန်သည်။

သူဤကမ္ဘာသို့ ရောက်မလာမီ ခရီးတချို့သွားလာရင် လမ်းတွင်စားခဲ့ရသော သွားရည်စာများထက်ပင် ပို၍ ညံ့ဖျင်းနေသေးသည်။

စွန်းယန်ဝမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဤကမ္ဘာသို့ ရောက်လာခဲ့သည့် အချိန်မှစကာ လူ့ဘဝသည် အလွန်ခက်ခဲသော ခရီးကြမ်းကြီး တစ်ခုဖြစ်ကြောင်း စတင်သိမြင် လာခဲ့ရသည်။

သူ သက်ပြင်းသံ အပြည့်အဝ မဆုံးသေးမီမှာပင် ဥဩငှက်တစ်ကောင်ကဲ့သို့ ကြည်လင် ပြတ်သားသော အသံတစ်သံကို ကြားလိုက်ရ၏။

“နင်က ဒီလောက် အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာတွေကို သက်ပြင်း ချနေတာလဲ…”

All Chapters