← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

“စွန်းမိသားစု၏ လျှို့ဝှက်ချက်”

စွန်းယန်ဝမ် မော့ကြည့်လိုက်သောအခါ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦးနှင့် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးစလုံးသည် ရှေ့ဖြစ်ဟောသော နတ်ဆရာများကဲ့သို့ ဝတ်စားဆင်ယင်ထားပြီး အဖိုးအို၏ လက်တွင်း၌ ဆေးတံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

သူ့၏ အသားအရေသည် အဝါရောင်ဘက်သို့ သန်းနေပြီး ပိန်လှီခြောက်ကပ်ကာ အနည်းငယ် မောပန်း နွမ်းနယ်နေသော ပုံစံမျိုးဖြစ်သည်။

မိန်းကလေး၏ လက်ထဲတွင်တော့ ဗျက်စောင်းတစ်လက်ကို ကိုင်ထားပြီး အလွန်ထက်မြက်ဟန် ရှိသော မျက်ဝန်းတစ်စုံက လုံးဝတည်ငြိမ်မှုမရှိဘဲ အထူးသဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေခဲ့သည်။

သူမ၏ ရုပ်ရည်သွင်ပြင်သည် ရွက်ကြမ်းရည်ကျိုမျှသာ ဖြစ်ပြီး၊ ဝိုင်းစက်နေသော မျက်နှာနှင့် အနည်းငယ် ပြည့်ဖောင်းသော ပါးနှစ်ဖက်ကို ပိုင်ဆိုင်ထားသောကြောင့် ရုပ်မဆိုးဟု ဆိုနိုင်သော အဆင့်လောက်တွင်သာ ရှိသည်။ ခန္ဓာကိုယ်မှာလည်း နွဲ့နွဲ့နှောင်းနှောင်း မဟုတ်ဘဲ အနည်းငယ် တုတ်ခိုင်သည့်ဘက်ကို ရောက်ရှိနေသည်။

၎င်းတို့ ရှိနေသည့် စားပွဲကို လှမ်းကြည့်လိုက်သောအခါ ဟင်းလျာမပါသော ဆန်ပြုတ်ခေါက်ဆွဲ နှစ်ပန်းကန်ကို တွေ့ရပြီး တစ်ဝက်တစ်ပျက်ခန့် စားသောက်ပြီးသွားပြီ ဖြစ်သည်။

စွန်းယန်ဝမ် က လက်သီးဆုပ် အရိုအသေပေးရင်း ဖြေလိုက်သည်။

“စိတ်မကောင်းစရာ ကိစ္စအချို့ကို ပြန်သတိရသွားလို့ပါ…”

မိန်းကလေးသည် ပွင့်လင်းသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ချက်ခြင်းပင် မေးသည်။

“ရှင့်မှာ ဘာတွေများ စိတ်မချမ်းမသာ ဖြစ်စရာတွေ ရှိနေလို့လဲ…”

စွန်းယန်ဝမ် က အေးအေးဆေးဆေး ပြောသည်။

“ဆုံးပါးသွားတဲ့ ကျွန်တော့်ရဲ့ မိခင်ကို ပြန်သတိရသွားလို့ပါ…”

မိန်းကလေး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း သူမသည် အလွန်လျင်မြန်စွာ ပြန်ထိန်းလိုက်ပြီး အနည်းငယ် နောင်တရသွားသည့် လေသံမျိုးဖြင့် ပြောသည်။

“ကျွန်မ တကယ်စိတ်မကောင်းပါဘူး… ရှင့်ရဲ့ နာကျင်စရာကောင်းတဲ့ အတိတ်ကို တူးဆွလိုက်သလို ဖြစ်သွားခဲ့တယ်…”

စွန်းယန်ဝမ် ၏ လူကဲခတ်ပညာသည် အထူးထက်မြက်ခြင်း မရှိသော်လည်း သူသည် ယခင်ကမ္ဘာ၌ နတ်ဆိုးများထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပညာရပ်ကြီးနှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ထားဖူးသူ ဖြစ်သည်။

၎င်းတို့မှာ မိတ်ကပ်ပညာနှင့် ပလပ်စတစ်ဆာဂျရီပညာဟု ခေါ်သော ပညာတို့ ဖြစ်ပြီး လူတစ်ဦး၏ မျက်နှာကို အမှန်တကယ်ပင် ပြောင်းလဲပေးနိုင်စွမ်း ရှိနေသည်။

အစောပိုင်းက သတိမထားမိခဲ့သော်လည်း သူမထံမှ စကားသံ ထွက်ပေါ်လာသောအခါ ထိုမျက်နှာအမူရာသည် စကားများ အနောက်တွင် မသိမသာ ကျန်ရစ်နေသည်ကို သူက ကောင်းစွာ သတိပြုမိခဲ့သည်။

စွန်းယန်ဝမ် တိတ်တဆိတ် စဉ်းစားနေမိ၏။

“ဒီလို မျက်နှာအမူအရာကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တာကလည်း ဒီလောကရဲ့ ကျင့်စဉ် တစ်ခုပဲလား… မိတ်ကပ်ပညာလောက် မကောင်းဆိုးဝါး မဆန်ပေမယ့် သူ့ဟာနဲ့သူတော့ အတော်လေး လှည့်စားနိုင်တယ်လို့ ပြောရမယ်…”

ကျန်းချင်းရှီ က ရုတ်တရက် မေးလိုက်သည်။

“အကြီးအကဲရဲ့ ခြေလှမ်းတိုင်းဟာ ဓာတ်ကြီးငါးပါး… ခန္ဓာဗေဒရှစ်ခုနဲ့ ကိုက်ညီနေပြီး… မြေပြင်ပေါ်မှာ ခြေရာ ထင်ကျန်ခဲ့တာမျိုး မရှိဘူး… ကျွန်တော်ထင်တာ မမှားဘူးဆိုရင် အကြီးအကဲ က ကောင်းကင် ယန္တရားဂိုဏ်းက ဘိုးဘေး စွန်းယွမ်ဟဲ များ ဖြစ်နေမလား…”

အဖိုးအိုက တဟဲဟဲ ရယ်မောရင်း သူ့မေးခွန်းကို အဖြေမပေးဘဲ မေးခွန်းနှင့်သာ တုံ့ပြန်လိုက်သည်။

“မင်းတို့ နှစ်ယောက်စလုံးရဲ့ အခြေခံအုတ်မြစ်က တကယ် ခိုင်မာတာပဲ… သွားနေတဲ့ လမ်းကြောင်းကလည်း ဆောင်ယန်တောင်ကို ဦးတည်နေတာဆိုတော့ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ဆောင်ယန်ဂိုဏ်းက တပည့်တွေနဲ့ တူတယ်…”

စွန်းယန်ဝမ် လုံးဝအံ့အားသင့်နေမိသည်။

“အစ်ကိုကြီး… အစ်ကိုကြီးက ဒီအကြီးအကဲရဲ့ နောက်ခံဇစ်မြစ်ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ… ပြီးတော့ အကြီးအကဲကရော ကျွန်တော်တို့ကို ဆောင်ယန်ဂိုဏ်းက တပည့်တွေမှန်း တစ်ချက်ကြည့်ရုံနဲ့ ဘယ်လိုများ သိနိုင်ရတာလဲ…”

“ဒါက တော်တော်ကြီးကို အံ့ဩစရာ ကောင်းလွန်းမနေဘူးလား…”

အကြီးအကဲယွမ်ဟဲ က သဘောကျစွာ တဟဲဟဲ ရယ်မောလိုက်သည်။

“မင်းရဲ့ဆရာက တခြားဂိုဏ်းက လူတွေရဲ့ နောက်ခံဇစ်မြစ်ကို ဘယ်လိုခွဲခြားရမယ် ဆိုတာ သင်ပေး မထားဘူးလား…”

စွန်းယန်ဝမ် ခေါင်းခါပြလိုက်၏။

“ကျွန်တော်က ဂိုဏ်းထဲရောက်လာတာ မကြာသေးတဲ့အတွက် ဆရာ့ဆီကနေ ဒီလိုမျိုး ပညာရပ်တွေကို မသင်ရသေးပါဘူး…”

အကြီးအကဲယွမ်ဟဲ က နွေးထွေးသည့် အပြုံးနှင့် ထပ်ပြောသည်။

“မင်း အစ်ကိုကြီးရဲ့ စွမ်းအားကတော့ တကယ်အထင်ကြီးစရာပဲ… ငါတောင်မှ သူ့ရဲ့ အစစ်အမှန် စွမ်းအားကို မခန့်မှန်းနိုင်ဘူး… ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာတော့ စွမ်းအင်တွေက ထူးထူးခြားခြား တည်ငြိမ်နေသေးတယ်… မင်းက အနည်းဆုံး သွေးကြောငါးခုကို ဖွင့်လှစ်ထားပြီးသား အဆင့်ရှစ် ရုပ်ခန္ဓာ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်…”

“ဆောင်ယန်ဂိုဏ်း အနေနဲ့ ဒီလောက် ပါရမီထူးချွန်တဲ့ တပည့်တွေကို ရဖို့ဆိုရင် အနည်းဆုံး သုံးလေးနှစ်လောက်တော့ ရင်းနှီးထားရလိမ့်မယ်…. မင်းပြောတဲ့ မကြာသေးခင်ကမှ ဝင်လာတယ် ဆိုတာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

စွန်းယန်ဝမ် သည် သူ့၏အဆင့်မျိုးရရန် အမှန်တကယ်ပင် သုံးနှစ်ကြာအောင် ကျင့်ကြံရသည်လားဟု ကျန်းချင်းရှီ ကို မေးမိတော့မလို ဖြစ်သွားသည်။

သို့သော် အပြင်လူများ ရှိနေသောကြောင့် ထိုကဲ့သို့ မေးမြန်းရန်က မသင့်ကြောင်း သဘောပေါက် သွားပြီး သူ့၏ သိချင်စိတ်ကို အတင်းဖိနှိပ် မြိုသိပ်ကာ စကားလမ်းကြောင်း လွှဲပစ်လိုက်၏။

“အကြီးအကဲရဲ့ အမြင်အာရုံဟာ သိမ်းငှက်တစ်ကောင်လို စူးရှလွန်းလှပါတယ်…”

ကျန်းချင်းရှီ သည် လက်ထဲတွင်ကိုင်ထားသော တူကို အောက်သို့ချလိုက်ပြီး လက်သီးဆုပ် အရိုအသေပေးကာ ပြောလိုက်သည်။

“ကျွန်တော့်ဆရာက အကြီးအကဲယွမ်ဟဲဟာ ရှန်ထျန်းအဆင့် (ဂိုဏ်းချုပ်ကြီးနှင့် ဂိုဏ်းချုပ်ကြားမှ အဆင့်) ကို ရောက်နေတဲ့ ကျင့်ကြံသူ တစ်ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်… တကယ်လို့ မတော်တဆ တွေ့ခဲ့မယ်ဆိုရင် မရိုမသေ မလုပ်မိစေဖို့ သေသေချာချာ မှာလိုက်ပါတယ်…”

ရှန်ထျန်းအဆင့် ဆိုသည့် စကားကို ကြားသောအခါ စွန်းယန်ဝမ် က ကျန်းချင်းရှီ ကို ခပ်တိုးတိုး မေးလိုက်သည်။

“ဂိုဏ်းချုပ်ကြီး မဟုတ်ဘူးပေါ့…”

ကျန်းချင်းရှီ ပြောစရာ စကားလုံးများ ပျောက်ရှသွား၏။ အကြီးအကဲယွမ်ဟဲ၏ ဝါဖန့်ဖန့် မျက်နှာမှာလည်း သူ့စကားကြောင့် ချက်ခြင်းပင် ရဲတွတ်သွားသည်။ သူသည် သူ့၏ အဆင့်အတန်းကြောင့်သာ မည်သည့်စကားကိုမျှ ပြောဆိုမှု မရှိခြင်း ဖြစ်သည်။

သို့သော် အကြီးအကဲ၏ ဘေးမှ မိန်းကလေးသည် ဤကိစ္စကို လုံးဝ မခံမရပ်နိုင် ဖြစ်သွားပြီး မကျေမချမ်း အသံဖြင့် ချက်ခြင်းပင် စောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။

“ရှင်တို့ ဆောင်ယန်ဂိုဏ်းမှာ ဂိုဏ်းချုပ်ကြီး တစ်ယောက်နဲ့ ဂိုဏ်းချုပ်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မတို့အားလုံး သိပြီးသား ကိစ္စပဲ…. ဒါပေမဲ့ ဂိုဏ်းထဲမှာ ဒီလို ထိပ်သီးကျင့်ကြံသူတွေ များနေတဲ့ အတွက် ကျန်တဲ့ ဆောင်ယန်ဂိုဏ်း တစ်ခုလုံး ထူးချွန်နေပါတယ်လို့ ပြောနိုင်လို့လား…”

“ရှင်တို့ နှစ်ယောက်စလုံး တစ်နေ့ကျရင် ဂိုဏ်းချုပ်အဆင့် ဖြစ်လာမယ်လို့ကော အာမခံရဲလား…”

စွန်းယန်ဝမ် က စိတ်ထဲမှ ချက်ခြင်း ပြန်ပြောလိုက်၏။

“ငါ့စီနီယာကတော့ သေချာပေါက်ဖြစ်မှာပေါ့… ဟိုဘက်တောင် လွန်သေးတယ်…”

“ငါ့အတွက်ဆိုရင်တော့…”

အပြင်ဘက်တွင်တော့…

“ကောင်းပါပြီ… ဒါက နည်းနည်း ပြောရခက်တယ်လို့ပဲ ကျွန်တော် ယူဆပါတယ်…”

သူက ပြန်ဖြေလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် မည်သည့်စနစ်မျှ ပါမလာဘဲ ပြန်လည် ဝင်စားလာသူ ဖြစ်သောကြောင့် သူ့၏ ကျင့်ကြံခြင်း အရှိန်အဟုန်က အမှန်တကယ် ညံ့ဖျင်းမှု မရှိဘူးဆိုလျှင်ပင် ဤကမ္ဘာမှ ဒေသခံကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက မည်ကဲ့သို့ ရှိမည်ကို မစဉ်းစားတတ်ပေ။

ဆင်ပြောင်ကြီး အမြီးရောက်မှတစ် ဆိုသော စကားပုံကလည်း ရှိနေသေးသည်။ ထိုကဲ့သို့မျိုး အခြေအနေနှင့် ရင်ဆိုင်ရမည် ဆိုလျှင် သူပြောသမျှ အရာအားလုံး လေကြီးလေကျယ် ပြောဆိုခြင်း များသာ ဖြစ်သွားပေလိမ့်မည်။

သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်မျှပင် ဆန့်လက်ငြင်းခုံလိုစိတ် မရှိသောကြောင့် ရယ်မောကာ ပြောလိုက်သည်။

“အကြီးအကဲယွမ်ဟဲနဲ့ ဒီကအစ်မတို့က ကျွန်တော့်စကားကို အထင်လွဲသွားကြတာပဲ…”

“ကျွန်တော့်ဆရာက အကြီးအကဲယွမ်ဟဲဟာ စွမ်းအားတွေကို နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့တာ မို့လို့ နှစ်အနည်းငယ်အတွင်းမှာပဲ ဂိုဏ်းချုပ်ကြီးအဆင့်ကို ရောက်လိမ့်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်… အဲဒါကြောင့် ကျွန်တော်က အံ့ဩပြီး မေးမိလိုက်တာပါ…”

ကျန်းချင်းရှီ ၏ မျက်နှာက ချက်ခြင်းပင် ပြုံးစိစိဖြစ်သွားသည်။ သူသည် ယခုအခါမှသာ သူ့ညီလေးကို သေချာ နားလည်လာခဲ့သည်။

သူသည် တစ်ခါတရံတွင် အသေးအဖွဲ ကိစ္စလေးများမှစကာ အလွန်ဂရုစိုက်တတ်သူ ဖြစ်သလို တစ်ခါတရံတွင် အလွန်အကျွံ ရဲတင်းလွန်းနေပြန်သဖြင့် မည်သို့မျှ ကြိုတင်မခန့်မှန်းနိုင်သော လူစားမျိုး ဖြစ်သည်။ ယင်းက စွန်းယန်ဝမ် နှစ်ယောက်၊ သုံးယောက် တစ်ပြိုင်တည်း ရှိနေသလိုပင် ခံစားရစေသည်။

သူသည် သူ့ညီငယ်၏ အလိမ်အညာစကားများကို မည်သည့်အခါမျှ ဖော်ထုတ်မည် မဟုတ်သည်က သဘာဝပင်။ ထို့ကြောင့် ရယ်ရယ်မောမောနှင့်သာ ထောက်ခံလိုက်၏။

“ဟုတ်ပါတယ်… ညီလေး ပြောတာ အမှန်ပါပဲ…”

“အကြီးအကဲယွမ်ဟဲရဲ့ ကောင်းကင်ယန္တရား ပြောင်းလဲမှု တစ်ထောင်... ပုံရိပ်ယောင် ဆယ့်သုံးဆင့်ရိုက်ချက် သိုင်းကွက်က သိပ်ကို ထင်ရှားပါတယ်… တကယ်တော့ အဲဒါကို ဒီလောကရဲ့ အလှပဆုံး နဲ့ စွမ်းအားအကြီးဆုံး တုတ်သိုင်းအဖြစ်လို့တောင် သတ်မှတ်လို့ရတယ်…”

ကျန်းချင်းရှီ က တစ်လက်စတည်း ချီးမွမ်းပေးလိုက်သည်။ စွန်းယန်ဝမ် စဉ်းစားနေမိ၏။

“အရှေ့ကနေ ဒီလောက်များတဲ့ စကားလုံးတွေ ပိတ်နေမှတော့ အနောက်က အဓိက ခေါင်းစဉ်ကို ဘယ်သူက သတိပြုမိတော့မှာလဲ…”

“လှုပ်ရှားမှု အရေအတွက်တွေ ထည့်တယ်… လှပတာတွေကိုလည်း ထည့်ထားတယ်… အဲဒီတော့ ဒီသိုင်းကွက်ရဲ့ လောကမှာ စွမ်းအားအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်က အလိုလိုပျောက်နေပြီ…”

စွန်းယန်ဝမ် ၏ ဂျင်းထည့်လိုက်သော ရှင်းပြချက်ကြောင့် အကြီးအကဲယွမ်ဟဲ၏ မျက်နှာသည် နီမြန်းနေသော်လည်း ခံစားချက်များက သိသိသာသာ ကောင်းမွန်လာခဲ့သည်။

သူက ဖြည်းညင်းစွာ ပြောလိုက်၏။

“ဒီအဖိုးကြီးက အသက်ကြီးနေပါပြီ… ဒီဘဝမှာတော့ ဂိုဏ်းချုပ်ကြီးအဆင့်ကို ရောက်ဖို့ဆိုတာ မျှော်လင့်ချက် မရှိတော့သလောက်ပါပဲ…”

သို့သော် ထိုစကားသံများ၏ နောက်ကွယ်တွင်တော့ ချီးကျူးမှုအပေါ် အလွန်အမင်း ကျေနပ်သွားသော အရိပ်အယောင်များက ဖုံးဖိမရအောင် ပေါ်ထွက်နေခဲ့သည်။

မိန်းကလေးမှာလည်း သူမသည် စွန်းယန်ဝမ် အပေါ် တစ်ဖက်သတ် အထင်လွဲမိခြင်း ဖြစ်ကြောင်း တွေးလိုက်မိပြီး လေသံမှအစ ပြောင်းလဲသွားသည်။ သို့သော် ရန်လိုမှု မရှိတော့သော်လည်း မကျေမချမ်း လေသံကိုတော့ ထိန်းသိမ်းထားနိုင်ဆဲပင်။

“အသက်ကတော့ သိပ်မကြီးသေးပါဘူး… ဒါပေမဲ့ တစ်ဖက်သား စိတ်ချမ်းသာအောင် ပြောတတ်တဲ့ နေရာမှာတော့ ပါရမီရှင်ပဲ…”

စွန်းယန်ဝမ် ကလည်း မထူးဇာတ်ခင်းကာ တစ်လက်စတည်း ထပ်ပြောလိုက်သည်။

“တကယ်လို့ အကြီးအကဲယွမ်ဟဲနဲ့ အစ်မက မငြင်းပယ်ဘူးဆိုရင် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က သေးငယ်တဲ့ ညစာစားပွဲလေးတစ်ခုနဲ့ ဧည့်ခံပါရစေ…”

မိန်းကလေးသည် သူမ၏ ရှေ့တွင်ရှိနေသော ခေါက်ဆွဲပန်းကန်ကို ဘေးသို့တွန်းဖယ်ရင်း ပြောလိုက်သည်။

“ပုံမှန်ဆိုရင်တော့ ကျွန်မအဘိုးနဲ့ ကျွန်မက ဘယ်လိုဖိတ်ခေါ်မှုမျိုးကိုမှ လက်ခံလေ့ မရှိဘူး… ဒါပေမဲ့ ရှင့်ရဲ့ စကားက ကျွန်မကို နည်းနည်း ဒေါသဖြစ်စေတဲ့အတွက် ဒီတစ်နပ်ကိုတော့ ကျွန်မ သေချာပေါက် စားရလိမ့်မယ်…”

အကြီးအကဲယွမ်ဟဲ က အသာအယာပင် ပြုံးနေသည်။ သူသည် သူ့၏ မြေးမလေးအား အလွန် ချစ်မြတ်နိုးသူ ဖြစ်ကြောင်း ထင်ရှားနေပြီး မြေးမလေး ပြောသည့် စကားအပေါ် မည်သည့် မေးခွန်းမျှ ထုတ်မနေဘဲ စားပွဲနှစ်ခုံကို ချက်ခြင်း ပူးကပ်လိုက်သည်။

ကျန်းချင်းရှီ တွင် ဧည့်သည်များနှင့် ပတ်သက်ပြီး ဧည့်ခံဖူးသော အတွေ့အကြုံသည် အကန့်အသတ်နှင့်သာ ရှိသောကြောင့် သူ့အနေဖြင့် မည်သည့်အရာကို စလုပ်ရမှန်းမသိ ဖြစ်နေသည်။

သို့သော် စွန်းယန်ဝမ် ကတော့ ဤကမ္ဘာသို့ ရောက်မလာမီ ရုံးဝန်ထမ်းဘဝဖြင့် နှစ်ပေါင်းများစွာ ကျင်လည်ဖူးပြီး မရေမတွက်နိုင်သော ညစာစားပွဲများကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သောကြောင့် ဤကဲ့သို့ ကိစ္စများနှင့် ပတ်သက်လျှင် အလွန်အကျွမ်းတဝင် ရှိလှသည်။

သူသည် စားပွဲပေါ်တွင် ရှိနေသော အစားအသောက်များကို အလျင်အမြန် ရှင်းခိုင်းလိုက်ပြီး အကောင်းဆုံး ဆိုသော အစားအသောက်များ အားလုံးကို မှာယူလိုက်သည်။ ထို့အပြင် အကြီးအကဲယွမ်ဟဲနှင့် မိန်းကလေးတို့အတွက် အကောင်းစား ဝိုင်တစ်အိုးကိုလည်း တစ်လက်စတည်း မှာပေးလိုက်သည်။

မည်သို့ပင်ဆိုစေ သူဆိုသည်မှာ ငွေကြေးဥစ္စာ ချို့ငဲ့နေသူတစ်ဦး မဟုတ်တော့ပေ။ ဤကဲ့သို့သော မြို့ငယ်လေး တစ်မြို့မှ စားသောက်ဆိုင်လေး တစ်ဆိုင်တွင် မည်မျှကြီးကျယ်ခမ်းနားစွာ မှာယူသည်ဖြစ်စေ ရှင်းရမည့်ငွေက ဘာမျှ ပြောပလောက်စရာ ဖြစ်မည်မဟုတ်ပေ။ သူက ဘာအတွက် နှမျောရပါမည်နည်း။

သူ့၏ ရက်ရောမှုက မြေးအဖိုးနှစ်ဦးစလုံးကို အလွန် စိတ်ကျေနပ်သွားစေခဲ့သည်။

စွန်းယန်ဝမ် သည် ကျင့်ကြံခြင်း လောကမှ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်လျှင် ဘာမျှ မသိသူ ဖြစ်သောကြောင့် ကျန်းချင်းရှီ က အပြုံးနှင့် မြေးအဖိုးနှစ်ဦးကို စတင်မိတ်ဆက်လိုက်သည်။

“အကြီးအကဲ ယွမ်ဟဲ ဟာ ကောင်းကင်ယန္တရားဂိုဏ်းရဲ့ ဘိုးဘေးဖြစ်ပြီးတော့ သိပ်ကို ထင်ရှားကျော်ကြားတဲ့သူ တစ်ယောက်ပဲ… သူက ရှန်ထျန်းအဆင့်ကို ရောက်နေတဲ့ အထွဋ်အထိပ် ကျင့်ကြံသူ တစ်ယောက်လည်းဖြစ်တယ်…”

“မိန်းကလေးကတော့ အကြီးအကဲရဲ့ မြေးမလေးဖြစ်တဲ့အတွက် မကြာသေးခင်ကမှ ကျင့်ကြံခြင်းလောကမှာ နာမည်ကြီးလာတဲ့ ဝိညာဉ်လိပ်ပြာ နတ်သမီးပဲ ဖြစ်လိမ့်မယ်…”

“အကြီးအကဲ ယွမ်ဟဲဆီက အမွေအနှစ်အကုန်လုံးကို ရရှိထားတာဖြစ်လို့ မိန်းကလေးရဲ့ စွမ်းရည်ဟာ အမှန်တကယ် ထူးကဲပြီး လောကကို တုန်လှုပ်စေလောက်တဲ့ လုပ်ဆောင်ချက် အများကြီးကို လုပ်ဆောင်ခဲ့ဖူး ပါလိမ့်မယ်…”

စွန်းယွမ်ဟဲ သည် အသက်အရွယ်ကြောင့် နှစ်အတော်ကြာကပင် ကျင့်ကြံခြင်းလောကမှ အနားယူသွားခဲ့သူ ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်များအတွင်း သူ့၏ မြေးမလေးသည် ဤလောကအတွင်း လှည့်လည်သွားလာလိုကြောင်း သူ့ကို ပူဆာခဲ့သည်။

ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သော လောကကြီးထဲသို့ မိန်းကလေးတစ်ဦးတည်း သွားရောက်ရန်မှာ မည်သို့မျှ အဆင်မပြေသည့်အပြင် သူကိုယ်တိုင်လည်း စိတ်မချပေ။ ထို့ကြောင့် မြေးမလေးကို စောင့်ရှောက်ရင်း သူလည်း ဤလောကထဲကို ပြန်ရောက်လာခဲ့သည်။

ယခု ကျန်းချင်းရှီ က သူ့မြေးမလေးအား ချီးမွမ်းပြောဆိုလိုက်သောအခါ သူ၏ အရေးအကြောင်းများ ထနေသော မျက်နှာပေါ်တွင် အနည်းငယ်သော ဂုဏ်ယူဝံ့ကြွားမှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

စွန်းယန်ဝမ် ၏ စိတ်ထဲတွင်လည်း ကိစ္စများအပေါ် ဆက်စပ်စဉ်းစားလိုက်မိ၏။

“ဒီမိန်းကလေးက ဒီလောက်စွမ်းအားကြီးတဲ့ အဘိုးနဲ့ သွားလာနေရတာတောင်မှ သူ့ရဲ့ အစစ်အမှန် ရုပ်ရည်ကို ပုံဖျက်ထားသေးတယ် ဆိုတော့… သူမရဲ့ အလှက သူမကို ဒုက္ခရောက်မှာစိုးရိမ်လို့ အခုလို လုပ်ထားတာပဲ ဖြစ်ရမယ်… အဲဒီမျက်နှာကို ငါ ကြည့်ချင်လိုက်တာ…”

သူ့၏ သိချင်စိတ်က တဖြည်းဖြည်း ပိုဆိုးလာသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ကဗျာတစ်ပိုဒ်ကို ရွတ်လိုက်သည်။

“ဝိညာဉ်လိပ်ပြာ… မေတ္တာနှောင်ဖွဲ့… ဆည်းဆာကို အိပ်မက်မက်တယ်… တစ်ကိုယ်တော်ပျံသန်း… မက်မွန်းပန်းခက်တွေနဲ့လွှမ်း…”

“တကယ်ကို လှပတဲ့ နာမည်တစ်ခုပါပဲ…”

ဤစကားများက သူ့ယခင်ကမ္ဘာမှ ရည်းစားဟောင်းများအပေါ်တွင် အလွန်အမင်း ကြိုးစားအားထုတ် ထားခဲ့သော အသီးအပွင့်များသာ ဖြစ်သည်။

စိတ်ဝင်စားသည့်တိုင် စိတ်မဝင်စားသကဲ့သို့ ဟန်ဆောင်ပြုမူကာ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း မရှိဘဲ မထိတထိ ရိသဲ့သဲ့ ပြောဆိုသည့် နည်းလမ်းကို ပိုင်နိုင်စွာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

စွန်းလင်အာ ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးကဲ့သို့ အလွှာတစ်ခု ရှိနေသောကြောင့် သူမ၏ အသားအရေ၊ သို့မဟုတ် မျက်နှာအမူအရာ ပြောင်းလဲမှုကို မည်သို့မျှ အကဲခတ်၍ မရပေ။

သို့သော် သူမ မျက်လုံးများ၏ သစ္စာဖောက်မှုကိုတော့ သူမကိုယ်တိုင် ခံလိုက်ရသည်။ ထိုမျက်လုံး တောက်တောက် ကလေးများအတွင်း အနည်းငယ် ရှက်ရွံ့နေသော အရိပ်အယောင်တို့ကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူမဘဝတွင် ဤမျှ အပြော(တော်ကီ) ကြွယ်သော ယောက်ျားတစ်ဦးနှင့် တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ဖူးခြင်း မရှိသည်က ထင်ရှားသည်။ သူမရင်ထဲတွင်တော့….

“ထိပ်သီးဂိုဏ်းက တပည့်တိုင်းဟာ ဘယ်တော့မှ သာမန်မဟုတ်ကြဘူး… သူ့ရဲ့ စွမ်းအားက နည်းနည်း နိမ့်နေသေးတယ် ဆိုပေမယ့် သူပြောတဲ့ စကားလုံးတွေက သိပ်ကို အနုပညာ ရသမြောက်လွန်းတယ်… သူ့ရဲ့ စာပေပိုင်းဆိုင်ရာ ပါရမီက… နဂါးတစ်ကောင်လို ထည်ဝါပြီး ဖီးနစ်တစ်ကောင်လို တောက်ပနေလိုက်တာ…”

အကြီးအကဲ ယွမ်ဟဲ ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ငယ်စဉ်ကပင် စာပေပညာနှင့် သိုင်းပညာ နှစ်ရပ်လုံးတွင် ထူးချွန်သူ ဖြစ်ခဲ့ပြီး ထိုစဉ်က ကလောင်နာမည် တစ်ခုယူကာ စာပေလောကမှ အခြား စာပေပညာရှင်များနှင့် မိတ်ဆွေဖွဲ့ခဲ့ဖူးသည်။

သို့သော ဤမျှ တင်္ခဏုပ္ပတ္တိဉာဏ် (ရုတ်တရက် ပေါ်ပေါက်လာသောဉာဏ်) ရှိသူတစ်ဦးကိုတော့ တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဘူးပေ။ သူ့၏ စာပေပါရမီသည် ဤမျှထက်မြက်ပြီး၊ ကဗျာဉာဏ်ကလည်း အမှန်တကယ် အံ့အားသင့်စရာ ဖြစ်နေသည်။

All Chapters