အခန်း (၃၄)
Vol. 4 Ch. 34
“စွန်းအစ်မက သူတော်ကောင်းစိတ် ရှိမယ့်ပုံပါ”
သူတို့၏ စားသောက်ပွဲနှင့် ဧည့်ခံမှုသည် မြေးအဖိုးနှစ်ဦး၏ အမြင်များကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။ မြေးအဖိုးနှစ်ဦးသည် အစားအသောက်များကို တို့ကနန်း ဆိတ်ကနန်းသာ စားပြီး စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် နှုတ်ဆက် ထွက်ခွာသွားကြသည်။
သူတို့နှစ်ဦး အဝေးသို့ ရောက်သွားသောအခါ စွန်းယန်ဝမ် ၏ မြိုသိပ်ထားရသော စူးစမ်းလိုစိတ်မှာလည်း ထိန်းချုပ်မရစွာ ပွင့်ထွက်လာခဲ့၏။
“အစ်ကိုကြီး… အစ်ကိုကြီးက အကြီးအကဲ ယွမ်ဟဲ လမ်းလျှောက်ပုံကို ကြည့်ရုံနဲ့တင် သူ့က ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး အတိအကျ သိနေရတာလဲ…”
ကျန်းချင်းရှီ က သဘောကျစွာ ရယ်လိုက်သည်။
“ဒါက မင်းပြောသလောက်ကြီး အံ့ဩစရာ မကောင်းပါဘူး… ငါတို့ ဆောင်ယန်ဂိုဏ်းမှာ လက်အောက်ခံ မဟာမိတ်ဂိုဏ်းပေါင်း များစွာရှိတယ်… အဲဒီဂိုဏ်းတွေက ငါတို့အတွက် အခွန်ပေးရုံတင် မဟုတ်ဘူး သတင်းအချက်အလက် တွေကိုလည်း စုဆောင်းပေးရတယ်…”
“အကြီးအကဲ ယွမ်ဟဲ ဟာ အေးရာအေးကြောင်း မနေဘဲ သူ့မြေးနောက် တကောက်ကောက် လျှောက်လိုက်နေတယ် ဆိုတဲ့သတင်းကို ငါတို့က အချိန်တော်တော်ကြာကတည်းက သိထားတယ်… ပြီးတော့ သူတို့ရဲ့ ပုံစံတွေကလည်း တစ်ချက်ကြည့်ရုံနဲ့ ထူးဆန်းနေတာမို့လို့ တန်းသိနိုင်တာပေါ့…”
ကျန်းချင်းရှီ က စီကာပတ်ကုံး ရှင်းပြလိုက်သည်။
“ကောင်းကင်ယန္တရားဂိုဏ်း ဆိုတာက သစ်လုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့သူတွေ ဖြစ်တယ်… သူတို့ရဲ့ တပည့်တွေဟာ တစ်လောကလုံးကို ခြေဆန့်နေပြီး သတင်းအချက်အလက်တွေ စုဆောင်းတဲ့ နေရာမှာ သိပ်ကိုအံ့ဩစရာကောင်းတဲ့ အမြန်နှုန်းနဲ့ တိကျမှုရှိတယ်…”
“ငါတို့ ဆောင်ယန်ဂိုဏ်းမှာ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ ရှိတယ်ဆိုတဲ့ သတင်းကို သူတို့သိတာက မဆန်းပါဘူး… ငါက တာအို ဝတ်ရုံကို ဝတ်ဆင်ထားတယ်… ပြီးတော့ နှစ်ယောက်စလုံးမှာလည်း ဓားကိုယ်စီ ရှိနေတယ်ဆိုတော့ ငါတို့ ဘယ်ဂိုဏ်းက တပည့်တွေလည်းဆိုတာ ခန့်မှန်းဖို့က အများကြီး ခက်ခဲတာမှ မဟုတ်တာ…”
“ဒါပေမဲ့ အဲဒီထက် ပိုပြီးတိတိကျကျ ခန့်မှန်းချင်တယ် ဆိုရင်တော့ တော်တော်လေး ခက်တဲ့ အလုပ်တစ်ခု ဖြစ်သွားလိမ့်မယ်…”
“အကြီးအကဲ ယွမ်ဟဲ ဟာ ငါတို့ကို ဆောင်ယန်ဂိုဏ်းက တပည့်တွေဖြစ်ကြောင်း အတိအကျ ပြောဆိုနိုင်ခဲ့ပေမယ့် ငါတို့ဆရာ ဘယ်သူဖြစ်တာ ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့တာ မင်း သတိထားမိတယ် မဟုတ်လား…”
စွန်းယန်ဝမ် စားပွဲကို “ဖြောင်း”ခနဲ ရိုက်ချလိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသည်။
“ဒါ့ကြောင့် ဆရာက လျိုချင်ရှန်း တို့ သားအဖကို စာပို့ခိုင်းတာကို…”
“ဆဌမဦးလေးက ဆောင်ယန်ဂိုဏ်းရဲ့ ခြေတံလက်တံရှည် တွေကြောင့် သတင်းတွေကို အမြန်ဆုံး သိနိုင်တယ်ဆိုတာ သူက ကြိုသိနှင့်ထားပြီးသားပဲ…”
“ဆရာ့အနေနဲ့ အဲဒီရန်သူတွေကို လိုက်စုံစမ်းနေဖို့ စိတ်ဝင်စားပုံလည်း မရဘူး… သူက လိုက်စုံစမ်းမယ် ဆိုရင်တောင် ဒါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေမှာပေါ့… ဆရာက တော်တော် လူလည်ကျတာပဲ…”
ကျန်းချင်းရှီ က စွန်းယန်ဝမ် ၏ နဖူးကို လက်ညှိုးဖြင့် “ဒေါက်”ခနဲ တောက်ကာ သတိပေးသည်။
“ငါတို့ ထွက်လာတာ တစ်ရက်တောင် မပြည့်သေးဘူး… ဆရာကို တောင်ပြော မြောက်ပြော လျှောက်ပြောနေပြီလား…”
စွန်းယန်ဝမ် သည် ကျင့်ကြံခြင်းလောက၏ လျှို့ဝှက်ချက်များ၊ လှည့်စားမှုများနှင့် စည်းမျဉ်းစည်းကမ်း တချို့ကို ရုတ်တရက် နားလည်လာပြီး အနည်းငယ် ပြုံးလိုက်မိသည်။
လူတိုင်းသည် တိမ်လိုမြူလို အခြေအနေနှင့် ဖုံးကွယ်တည်ရှိနေကြပြီး လျှို့ဝှက်နက်နဲစွာ ပြောဆို နေသယောင် ထင်ရသော်လည်း အမှန်တွင် ထိုအရာများ အားလုံးအတွက် အဖြေက ရှိနေပြီးသား ဖြစ်သည်။ သူတို့၏ လျှို့ဝှက်ဆန်းကြယ်မှုက မသိနားမလည်သူများ အပေါ်တွင်သာ အလုပ်ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ယောက်စလုံး အစောပိုင်းကတည်းက ကောင်းစွာ မစားဖြစ်သေးသောကြောင့် အကြီးအကဲ ယွမ်ဟဲ တို့ မြေးအဖိုး ထွက်သွားချိန်တွင် အစားအသောက်များကို ပြန်လည် စားသောက် လိုက်ကြသည်။
ထို့နောက် ရိက္ခာခြောက်များ ရောင်းချသော ဆိုင်တစ်ဆိုင်တွင် ရိက္ခာများ ဝယ်ယူလိုက်ပြီး မြို့အား အနည်းငယ် မွှေနှောက်ကာ တည်းခိုသည့်နေရာသို့ ပြန်လာခဲ့ကြ၏။
သူတို့ ပြန်ရောက်လာသောအခါ စွန်းယန်ဝမ် သည် သူ့၏ ပုံမှန်ကျင့်ကြံမှုကို ပြန်စလိုက်သည်။ ပထမဆုံး အနေဖြင့် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို အသုံးပြုကာ ချီနှင့်သွေးကို လှည့်ပတ် လိုက်ပြီးနောက် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ကျင့်ကြံရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
အိပ်စက်ခြင်း နေရာတွင် သမာဓိထူထောင်ခြင်းဖြင့် အစားထိုးရန် သူက ကြိုးစားခဲ့သော်လည်း ညပေါင်းများစွာ အိပ်ရေးပျက်သည့် ဒဏ်ကို ခံစားခဲ့ရပြီးနောက် ထိုဒဏ်ကို သူလုံးဝ မခံစားနိုင်တော့ပေ။
ထိုကဲ့သို့ အစားထိုး ကျင့်ကြံခြင်းမျိုးသည် သူ့၏ လက်ရှိအဆင့်နှင့် အသက်အရွယ်တွင် မည်သို့မျှ မလုပ်နိုင်သေးကြောင်း နောက်ဆုံး နားလည်လာခဲ့သည်။
ညသည် တဖြည်းဖြည်း နက်သည်ထက်နက်လာပြီး သူ့၏ ကျင့်ကြံမှုကို အဆုံးသတ်ကာ အိပ်တော့မည်ပြုစဉ် ပြတင်းပေါက် အပြင်မှ တဒေါက်ဒေါက် ခေါက်သံတစ်ခု တိုးညှင်းစွာ ထွက်ပေါ်လာသည်။
တစ်စုံတစ်ဦး သူ့တံခါးအား လာခေါက်နေပြီ ဆိုသည်ကို သိလိုက်ပြီး စူးစမ်းလိုစိတ်ကြောင့် လင်ရှီးဓားကို ကောက်ယူလိုက်သည်။ ထို့နောက် ပြတင်းပေါက်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်ကာ ဓားဖြင့် အသာအယာ တွန်းဖွင့်ပေးလိုက်၏။
ထိုအခိုက် ပြတင်းတခါးအပြင်တွင်တော့…
လွန်စွာ ချောမောလှပပြီး သူ့အား စနောက်ချင်ဟန် ရှိသော မျက်နှာပေးလေးတစ်ခုကို အပြုံးလေးနှင့် ဒွန်တွဲရင်း မြင်လိုက်ရသည်။
နွေဦးရာသီသို့ ရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်နေသေးသော်လည်း နွေဦး၏ အလင်းရောင်က သူ့ပြတင်းတံခါးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ထိုအလင်းရောင်သည် သူ့ကမ္ဘာကြီး တစ်ခုလုံး၏ အမှောင်ဘက်ခြမ်းကို လင်းထိန်တောက်ပသွားစေကာ စိတ်နှင့်လူပင် မကပ်ချင်သလို ဖြစ်သွားသည်။
ထိုမိန်းမပျိုလေးဆီမှ နူးညံ့သော အသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ငါ့နောက်လိုက်ခဲ့…”
စွန်းယန်ဝမ် ကြောင်အမ်းနေရာမှ ရုတ်တရက် သတိဝင်လာကာ မေးလိုက်၏။
“မင်းက ဘယ်သူလဲ…”
မိန်းကလေးက အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ဒေါသသံ ခပ်တိုးတိုးနှင့် ပြောသည်။
“နေ့ခင်းတုန်းကတောင် တစ်ဆိုင်တည်း မထိုင်ခဲ့ရဘူးလား…”
ထိုအခါမှ စွန်းယန်ဝမ် သဘောပေါက်သွားပြီး ချက်ခြင်း ပြောလိုက်သည်။
“ဝိညာဉ်လိပ်ပြာ နတ်သမီးလား…”
ယခုအခါ မိန်းကလေး သည် သူမ၏ အစစ်အမှန်ရုပ်ရည်ကို ပြောင်းလဲထားပြီ ဖြစ်သည်။ သူမသည် ဆံနွယ်များကို ရောင်စုံပိုးဖဲကြိုးတစ်ခုဖြင့် စည်းနှောင်ထားပြီး နက်မှောင် ရှည်လျားသော ပိတုန်းရောင် ကေသာများက ပခုံးထက်သို့ လှပစွာ ဝေ့ဝဲကျနေသည်။ သူမသည် အလွန်အမင်း ချစ်စရာ ကောင်းသလို အလွန်လည်းလှပကာ သွက်လက်ဖျတ်လက်သည့် ပုံစံကြောင့် ရင်းနှီးဖော်ရွေမှု တစ်ခုကို ခံစားရစေသည်။
ယနေ့ နေ့ခင်းပိုင်းတွင် စွန်းလင်အာ ၏ ရုပ်ဖျက်ထားမှုကို စွန်းယန်ဝမ် သိခဲ့သော်လည်း ယခုကဲ့သို့ မိန်းကလေး၏ အစစ်အမှန် မျက်နှာကို မြင်လိုက်ရသောအခါ သူ့ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွား သလိုပင် ဖြစ်သွားစေခဲ့သည်။
စွန်းလင်အာ သည် အခန်းအတွင်းသို့ ပေါ့ပါးစွာ ဆင်းလာပြီး သူမ၏ ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့်လိုက်၏။ ထို့နောက် အလွန်ချစ်စရာကောင်းသော အပြုံးလေးတစ်ခုနှင့် သူ့ကို မချိုမချဉ်ကြည့်ကာ မေးလိုက်သည်။
“ဘယ်လိုလဲ…. မမှတ်မိတော့ဘူး မဟုတ်လား…”
မည်သည့် ခမ်းနားထည်ဝါသော ပြင်ဆင်မှုမျှ မပါဝင်ဘဲ ပင်ကိုယ်အတိုင်း လှပသော မင်းသမီးတစ်ဦး ရှေးခေတ် ဝတ်စုံကို ဝတ်ဆင်ကာ တီဗွီဖန်သားပြင်ထက်တွင် ပေါ်ထွက်လာသလို၊ သို့မဟုတ် နတ်ပြည်ခြောက်ထပ်ကို သူကိုယ်တိုင် ရောက်နေသကဲ့သို့ ဖြစ်သွားသည်။ သူမသည် အလွန့်အလွန်ကို လှပပါသည်။
သူ့စိတ်ထဲကို အတွေးတစ်ခု ရုတ်တရက် တိုးဝင်လာခဲ့၏။
“ဒီကမ္ဘာက မိန်းကလေးတိုင်းက ဘာတွေစားပြီး ကြီးလာကြလို့… ဒီလောက်အထိ အသက်ရှူ မှားလောက်တဲ့ အလှတွေကို ပိုင်ဆိုင်နေကြတာလဲ…”
သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် လက်ရှိအချိန်အထိ အမျိုးသမီး လေးဦးနှင့်သာ ပြောဆို ဆက်ဆံဖူးသေးသည်။
လျိုအယ် သည် ဝမ်းနည်းစရာများနှင့် ပြည့်နှက်နေသော စီနီယာမမကြီး အမျိုးအစားထဲမှ ဖြစ်သည်။ သူမနှင့် သူ စတင်တွေ့ဆုံချိန်မှစကာ သူမထံတွင် ကံဆိုးမိုးမှောင်ကျမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဖခင်သည် အကျဉ်းချထားခြင်းကို ခံရပြီး ဂိုဏ်းတစ်ခုလုံးမှာလည်း ဝါးအစည်းပြေသလို လုံးဝ ထိန်းချုပ်မရခဲ့ပေ။ သစ္စာဖောက်များ၏ လူမဆန်သည့် သတ်ဖြတ်မှုများကြောင့် အမည်းစက်များ စွန်းထင်းနေခဲ့ပြီး မကြာသေးမီကမှ မောင်ဖြစ်သူကို ဆုံးရှုံးထားရသူ ဖြစ်သည်။
ဝူချင်းယင် သည် အလွန်ရဲတင်းပြီး စဉ်းစားချင့်ချိန်တတ်သူ တစ်ဦး မဟုတ်ပေ။ သူမသည် သူမစိတ်ထင်သည့်အတိုင်း လုပ်တတ်သောကြောင့် စွန်းယန်ဝမ် အတွက်တော့ သူမနှင့်ပတ်သက်ပြီး မည်သည့် ထူးထူးခြားခြား ခံစားရချက်ကိုမျှ ခံစားရခြင်း မရှိပေ။ သူသည် သူမကို နှာဘူးမ ဟုပင် ကျိန်ဆဲခဲ့ဖူးသလို စိတ်ထဲတွင် မုန်းတီးမှု မရှိသော်ငြား အထူးတလည် ရင်းနှီးခြင်းကိုလည်း မခံစားရပေ။
စီမာကျိယန် အတွက်တော့ အတော်လေး ကွာခြားသွားသည်။ သူမ၏ ရုပ်ရည်သည် ဝူချင်းယင် နှင့် လျိုအယ် တို့ နှစ်ယောက်ပေါင်းထားလျှင်ပင် မယှဉ်နိုင်သည့် အနေအထားတွင် ရှိသည်။ အရည်အချင်းပိုင်းနှင့် စကားပြော စွမ်းရည်တွင်လည်း သူမ၏ အဆင့်အတန်းသည် အမှန်ပင် မြင့်မားနေပြီး ပေါင်းသင်းဆက်ဆံရေး နယ်ပယ်၌လည်း နွေဦးလေညှင်းလေးပမာ အခြားသူများကို လန်းဆန်း တက်ကြွစေသည်။
သူမကိုယ်တိုင် ချုပ်ပေးထားသော အဝတ်အစား၊ မြင်းနှင့် ဓားတို့သည် သူလက်ရှိ အသုံးပြုနေသော အရာများဖြစ်သည်။ အစ်မစီမာပေးသော အဝတ်အစားနှင့် ဓားအိမ်သည် အောက်လမ်းဂိုဏ်း လုပ်ကြံသူ၏ လက်ချက်ကြောင့် အကောင်းအတိုင်း မရှိတော့ခြင်းကို သူ ယနေ့အထိ နှမျော၍မဆုံး ဖြစ်နေရဆဲ ဖြစ်သည်။
သူ့၏ အောက်လမ်းဂိုဏ်းအပေါ် အမြင်ကလည်း သိသိသာသာပင် ပိုဆိုးလာခဲ့ရသည်။
ယခု သူ့ရှေ့မှ ဝိညာဉ်လိပ်ပြာ နတ်သမီး ကတော့ ဤကမ္ဘာသို့ ရောက်လာပြီးနောက် သူတွေ့ဆုံဖူးသမျှ အသက်အရွယ် အားဖြင့် မတိမ်းမယိမ်းသာရှိသော တစ်ဦးတည်းသော မိန်းကလေး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ယခုကဲ့သို့ သူမ၏ ဖုံးကွယ်ထားမှုကို ဖယ်ရှားလိုက်သောအခါ သူမ၏ အသက်သည် အမှန်ပင် ငယ်ရွယ်နေသေးပြီး ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ခန့်သာ ရှိတော့သည်။ ယင်းက သူ့ထက် တစ်နှစ်လောက်သာ ပို၍ကြီးသော်လည်း သူမ၏ အလှသည် ညဘက်တွင် အစွမ်းကုန် ပွင့်လန်းလာသော ညမွှေးပန်းလေးကဲ့သို့ နူးညံ့သင်းပျံ့လွန်းနေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလွန်း နေပြီ ဖြစ်သည်။
စွန်းယန်ဝမ် သည် သူမ၏ အလှအပအပေါ်တွင် တိမ်းညွှတ်မိသည့်တိုင် သတိတော့ထားနေဆဲ ဖြစ်သည်။
“ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် သိတာ ကြာသေးတာလဲ မဟုတ်ဘူး… ပြီးတော့ ကျွန်တော့် စီနီယာက ညဉ့်နက်သန်းခေါင်အချိန် အပြင်လူတွေနဲ့ လျှောက်မသွားခိုင်းထားဘူး…”
“ယောက်ျားလေး တစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း နှလုံးသွင်းထားဖို့ သူက မှာကြားထားပါတယ်…”
စွန်းယန်ဝမ် က သူမနှင့်အတူ အပြင်သို့ မလိုက်နိုင်ကြောင်း ငြင်းသောအခါ စွန်းလင်အာ ရှက်ရွံ့သွားမိသလို စိတ်လည်း အနည်းငယ် တိုသွားသည်။ အဘယ်ကြောင့်ဆိုသော် သူမကဲ့သို့ ကောင်းကင် ယန္တရားဂိုဏ်း၏ ဖူးဖူးမှုတ်ခြင်းကို ခံထားရသူအနေဖြင့် အခြား တစ်စုံတစ်ဦးကို ညနက်သန်းခေါင် အချိန် လာရောက် ခေါ်ဆောင်ရန် ဆိုခြင်းမှာ အမှန်တွင် အလွန်ပင် ဖြစ်နိုင်ချေ မရှိသော အမှန်တရားမျိုး ဖြစ်သည်။
သူမသည် ထိုမျှအထိ ရဲတင်းကာ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယောက်ျားလေး တစ်ဦးသည် မိမိကိုယ်ကို မည်ကဲ့သို့ ကာကွယ်ရမည်နှင့် ပတ်သက်ပြီး အမြဲတမ်း နှလုံးသွင်းထားရမည် ဆိုသော နောက်ဆုံး စကားတစ်ခွန်းကြောင့် သူမ မထိန်းနိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်မိသည်။
ထိုအချိန်တွင် ဘေးဘက်အခန်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းချင်းရှီ မှာလည်း ရယ်ချင်စိတ်ကို အတင်းအောင့်အီး ထားရဟန်ဖြင့် ပြောလိုက်ခြင်း ဖြစ်နိုင်သည်။
“ညီလေး… စွန်းညီမလေးက မင်းကို အန္တရာယ်ပြုမယ့်သူမျိုး မဟုတ်ဘူး… မင်း သူ့နောက်ကို စိတ်ချလက်ချ လိုက်သွားလို့ရတယ်…”
စွန်းလင်အာ ၏ မျက်နှာတစ်ခုလုံး “ဖြန်း”ခနဲ ရဲတက်သွား၏။ သူမသည် ငယ်ရွယ်သေးသော်လည်း သူမတို့ ဂိုဏ်းအတွင်း အထက်အကြီးအကဲများ၏ စီစဉ်ထားမှုများ ရှိသည်ကို ကောင်းစွာသိသည်။
မျက်မှောက်ခေတ်၏ အမျိုးမျိုးသော ဂိုဏ်းများနှင့် မည်သည့် မိသားစုများတွင်မဆို သူတို့ ပါရမီရှင် လူငယ်မျိုးဆက်များ၏ ထူးချွန်မှုနှင့် ပတ်သက်ပြီး မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ထုတ်ဖော်ပြတတ်ကြသည်။
စွန်းလင်အာ သည် ထိုကဲ့သို့ အတင်းအကျပ် စီစဉ်ခံရသည့် စေ့စပ်မှုများအား လုံးဝကြိုက်နှစ်သက်သူ မဟုတ်ပေ။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်းချမ်းမှုကို ရှာဖွေရန် ကျင့်ကြံခြင်း လောကထဲသို့ လှည့်လည် သွားလာရန်သာ သူမက ဆုံးဖြတ်ခဲ့သည်။
ယနေ့ ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့ ညီအစ်ကိုနှစ်ဦးကို တွေ့ဆုံသောအခါ ကျန်းချင်းရှီ အပေါ်တွင် သာမန်ရင်းနှီးမှုမျိုးသာ ခံစားရသော်လည်း စွန်းယန်ဝမ် အပေါ်တွင်တော့ ထူးထူးခြားခြား နှစ်သက်မှု တစ်ခု ခံစားနေမိသည်။
ထို့ကြောင့် သူမသည် အဘိုးဖြစ်သူလစ်ချိန်ကို စောင့်နေရင်း သန်းခေါင်ကျော်မှသာ ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ မည်သူမျှ အသိမခံချင်သောကြောင့် တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့သော်လည်း ကျန်းချင်းရှီ က သိဖြစ်အောင် သိသွားသေးသည်။
ထို့အပြင် သူက အားပေးစကားပင် ပြောကြားလိုက်သောကြောင့် သူမသည် ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူးကာ ပုန်းအောင်းချင်စိတ်များပင် ဖြစ်သွားသည်။ သူမ စွန်းယန်ဝမ် ၏ အခြေအနေကို မသိမသာ လှမ်းအကဲခတ်လိုက်၏။
ထိုအချိန်တွင် စွန်းယန်ဝမ် သည် သူ့ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးနေချိန်ဖြစ်သည်။
“ငါ့စီနီယာကလည်း လိုလိုချင်ချင် ခွင့်ပြုထားပြီးပြီ… ဒီကောင်မလေးကလည်း ကိုယ်တိုင်လာပြီး ခေါ်နေတာ ဆိုတော့ ငါသေချာပေါက် သွားရမှာပေါ့…”
သူက တဟဲဟဲ ရယ်လိုက်ပြီး စွန်းလင်အာ သွားသည့်အတိုင်း နောက်မှ ထပ်ကြပ်မကွာလိုက်ရင်း တည်းခိုဆောင်အတွင်းမှ ခိုးထွက်လာခဲ့သည်။ သူမ၏ ပေါ့ပါးမှုနှင့် အလျင်သည် သူ့ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေပြီး သစ်ရွက်တစ်ရွက် ကြွေကျသကဲ့သို့ လှပညင်သာစွာ ပျံဝဲသွားသည်။
သူမ တစ်ချက်လှုပ်ရှားလိုက်သည့် အခါတိုင်း ဆယ်ပေကျော် အကွာအဝေးကို ရောက်ရှိသွားသဖြင့် ကျန်းချင်းရှီ ပြောခဲ့ဖူးသော ကျင့်ကြံခြင်း အဆင့်ကိုးဆင့်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူမသည် အနည်းဆုံး ဆဌမအဆင့်နှင့် ထို့ထက်မြင့်သော အဆင့်များတွင် ရှိပေလိမ့်မည်။
စွန်းယန်ဝမ် မှာမူ အဌမအဆင့် ကျင့်ကြံသူမျှသာ ရှိသေးသောကြောင့် သူ့၏ လှုပ်ရှားမှုတိုင်းက အနည်းငယ် ကြမ်းတမ်းနေခဲ့သည်။ သို့သော် သူသည် ခြေလှမ်းများ၏ အရှိန်ကို မြှင့်တင်လိုက်ပြီး သူမနောက်တွင် ပြတ်ကျန်ရစ်ခဲ့ခြင်း မရှိစေရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
စွန်းလင်အာ သည် သူ့ကို အခက်တွေ့စေရန် ရည်ရွယ်ချက် မရှိသောကြောင့် ပုံမှန်အလျင်အတိုင်းသာ ဆက်သွားနေခဲ့၏။ သို့သော် သူမသည် သူ့၏ အခြေခံအုတ်မြစ်ကို အမှန်တကယ် စမ်းသပ်နေသည် ဟုလည်း ခံစားရသည်။
အမှန်အတိုင်း ဝန်ခံရမည်ဆိုလျှင် စွန်းယန်ဝမ် သည် မည်သည့်လှုပ်ရှားမှု ပညာရပ်ကိုမျှ လေ့လာဖူးခြင်း မရှိသေးပေ။ ဆောင်ယန်ဂိုဏ်း၏ လေဟုန်စီး ကျင့်စဉ်သည် အလွန်နာမည်ကြီးသည် မှန်သော်လည်း ၎င်းကို သင်ယူနိုင်သည့် အဆင့်မျိုးထိ သူက မရောက်သေးပေ။
သို့သော် သူ့ခြေထောက်တွင် သွေးကြောတစ်ချောင်း ပွင့်နေပြီ ဖြစ်သောကြောင့် ပြေးလွှားခြင်း သို့မဟုတ် ခုန်ခြင်းများ ပြုလုပ်သည့်အခါ သာမန်ထက် အဆပေါင်းများစွာ ပိုမိုသွက်လက်လာခဲ့သည်။
အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်နှင့် အထွဋ်အထိပ်သွေးကြော ကျင့်စဉ်များကို ကျင့်ကြံပြီးနောက် သူသည် သွေးကြောငါးခုကိုသာ ဖွင့်လှစ်ထားနိုင်သေးသော်လည်း သူစုဆောင်းထားသော ချီစွမ်းအင်သည် သာမန် တတိယတန်းစား၊ သို့မဟုတ် စတုတ္ထတန်းစား ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေပြီ ဖြစ်သည်။
တစ်ယောက်သည် လေပေါ်မှ ဦးဆောင်သွားနေပြီး နောက်တစ်ယောက်သည် မြေပြင်တွင် ပြေးလွှားရင်း နောက်မှလိုက်လာကာ မြို့ရိုးအနီးသို့ တစ်ခဏချင်း ရောက်ရှိလာသည်။ ထိုအချိန်တွင် မြို့တံခါးများ အားလုံး ပိတ်ထားပြီ ဖြစ်သော်လည်း စွန်းလင်အာ သည် မလွယ်ပေါက်များကို အတော်ပင် ကျွမ်းကျင်ပုံရသည်။
သူမသည် စွန်းယန်ဝမ် နှင့်အတူ မြို့ရိုးပေါ်မှ အသာအယာ ကျော်တက်ပြီး ဆက်လက် ထွက်ခွာလာခဲ့ရာ မကြာမီ တောအုပ်ကြီး၏ အစပ်နေရာသို့ ရောက်ရှိလာကြသည်။
ဤကဲ့သို့ ညဉ့်နက်သန်းခေါင် အချိန်မျိုး၌ တောစပ်နေရာအထိ ရောက်လာခဲ့ခြင်းကြောင့် စွန်းယန်ဝမ် ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ အနည်းနှင့်အများ ဖြစ်လာရသည်။ သူ့စိတ်ထဲတွင် ဖြစ်နိုင်ချေရှိသည့် အရာကို အလျင်အမြန် စဉ်းစားနေသည်။
“ဒီကောင်မလေးက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ…”
“သူမက ငါ့ကို ငယ်ပါသေးတယ်ဆိုပြီး အခွင့်အရေးယူဖို့ ကြိုးစားချင်တာလား…. လက်ဦးမှုရအောင် အရင်ဆုံး တွန်းလှဲမလို့များလား…”
“ဒါပေမဲ့ ငါ့စီနီယာကိုယ်တိုင် သူမကို အာမခံထားတာဆိုတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့တော့ ထင်တာပဲလေ…”
“စွန်းအစ်မကို ကြည့်ရတာ သူတော်ကောင်းစိတ် ရှိမယ့်ပုံ ပေါက်ပါတယ်…”
စွန်းလင်အာ သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။
“ရှင့်ရဲ့ အခြေခံအုတ်မြစ်က တော်တော်လေး ခိုင်မာတာပဲ…”