အခန်း (၃၅)
Vol. 4 Ch. 35
“လျှပ်စီးဓားသခင် ကျန်းစန်”
စွန်းယန်ဝမ် ချက်ခြင်း စဉ်းစားလိုက်မိသည်။
“ငါ့အခြေခံအုတ်မြစ်က တကယ် ခိုင်မာတယ်ဆိုတာ ဖြစ်ကော ဖြစ်နိုင်လို့လား…”
သူ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့သည့် ကာလသည် တစ်နှစ်ပင် မပြည့်သေးပေ။ ဤအချိန်များအတွင်း သူနှင့် တိုက်ခိုက်ခဲ့ဖူးသူများမှာ ကင်းမြီးကောက်ဂိုဏ်းမှ ဂိုဏ်းသားအချို့နှင့် အောက်လမ်းဂိုဏ်းမှ လုပ်ကြံသူ တစ်ဦးသာ ရှိသေးပြီး ကျန်သူများအားလုံးက သူ့ထက် ပိုမိုစွမ်းအား ကြီးမားသူများသာ ဖြစ်သည်။
ထို့အပြင် ထိုသူများအားလုံးသည် သူမော်ကြည့်ရမည့် တောင်မြင့်ကြီးများကဲ့သို့ လွန်စွာမြင့်မား လွန်းနေကာ နောက်ဆုံး လျိုချင်ရှန်း တို့ သားအဖနှစ်ဦးပင်လျှင် သူ့ထက် စွမ်းအားများစွာ ပိုကြီးနေသည်။
ထို့ကြောင့် သူ့အနေဖြင့် သူ့စွမ်းအားအပေါ် အလွန်အမင်း ယုံကြည်စိတ်ချမှု မရှိခဲ့ဘဲ စွန်းလင်အာ ၏ ချီးကျူးသံကိုပင် အလေးအနက် မထားမိခဲ့ပေ။
စွန်းလင်အာ သည် သူ့၏ ကျင့်ကြံခြင်းအဆင့်မှာ သာမန်အဆင့်အတန်းမျှသာ ဖြစ်ကြောင်း အစောကြီးကတည်းက သတိပြုမိထားပြီး ဖြစ်သောကြောင့် စီမာကျိယန် လို သူ့ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် သူမ စိတ်ထဲတွင် စီမာကျိယန်ထက် ပိုသော တစ်စုံတစ်ခုကို တွေးတောနေမိသည်။
“ဘယ်လိုခေတ်မျိုးမှာမဆို ပြီးပြည့်စုံတဲ့သူမျိုးဆိုတာ မရှိပါဘူး… သူက စာပေရော ကျင့်ကြံခြင်းမှာပါ ထူးချွန်ပြီး… အထူးသဖြင့် သူ့ရဲ့ ကဗျာဉာဏ်ရည်က အရမ်းမြင့်မားတယ်… သိုင်းပညာ အဆင့်နည်းနည်း နိမ့်ကျနေတာက အချိန်ပေးလိုက်ရင် အဆင်ပြေပြီ…”
“အခု ငါတို့က ဆယ်မိုင်ကျော်အထိ ပြေးလာတာတောင် ဆောင်ယန်ဂိုဏ်းက ဒီကောင်လေးဆီမှာ မောပန်းတဲ့ လက္ခဏာမျိုးကို မမြင်ရဘူး… သူ့ရဲ့ စွမ်းအားက ဒီလောက်အခြေခံ ကောင်းနေမှတော့ သေချာပေါက်ကို ကြိုးစားအားထုတ်ချင်စိတ် ရှိသူပဲ ဖြစ်ရမယ်…”
“ကြိုးစားအားထုတ်ခြင်း ဆိုတာက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကိုပါ ဆက်စပ်ဖော်ပြတယ်…”
“သူက ကြိုးစားသူတစ်ယောက်ဆိုရင် သူ့ရဲ့ စိတ်ဓာတ်ကလည်း လုံးဝနိမ့်ကျနေမှာ မဟုတ်ဘူး…”
စွန်းလင်အာ သူ့အတွေးနှင့်သူ သဘောကျစွာ ပြုံးလိုက်ပြီး ပြောသည်။
“ရှင့်ကို ခေါ်လာရတာက ကိစ္စတစ်ခုကြောင့်ပါ…”
“ကျွန်မရထားတဲ့ သတင်းတွေအရ ဒီဘက်နောက်ပိုင်း ကျင့်ကြံခြင်းလောကမှာ ဒုစရိုက်မှုတွေကြောင့် တော်တော်လေး နာမည်ထွက်လာတဲ့ လျှပ်စီးဓားသခင် ကျန်းစန် ဟာ အခုည ဒီအနီးအနားတစ်ဝိုက်မှာ မကောင်းမှုတစ်ခု ကျူးလွန်လိမ့်မယ်…”
“အဲဒါကြောင့် ဒီလူယုတ်မာကို ကျွန်မတို့အတူတူ ရင်ဆိုင်ဖို့ ရှင့်ကို ခေါ်လာခဲ့တာပဲ…”
လူယုတ်မာတစ်ဦးကို သတ်ဖြတ်ရမည်ဟု ကြားသောအခါ စွန်းယန်ဝမ် က ခါးတွင်ပတ်ထားသော ဓားကို တစ်ချက်ပုတ်ပြရင်း ပြောသည်။
“ဒါက ကျုပ်တို့အတွက် တာဝန်တစ်ခုဆိုရင်လည်း မမှားဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဒါမျိုးက မလွှဲမရှောင်သာ လုပ်ကိုလုပ်သင့်တဲ့ ကိစ္စပဲ…”
ထိုကဲ့သို့ မကောင်းသူတစ်ဦးကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်လျှင်တော့ သူ့စိတ်ထဲတွင် မည်သည့် မကောင်းသော ခံစားချက်ကိုမျှ ခံစားရခြင်း မရှိပေ။
သူနေထိုင်ခဲ့သော ကမ္ဘာတွင်လည်း ဤကဲ့သို့ လူစားမျိုးသည် ဥပဒေတစ်ခုမှလွဲလျှင် မည်သူ၏ ကာကွယ်မှုကိုမျှ မရထားပေ။ ဥပဒေမရှိလျှင် အမြန်ဆုံး သတ်ဖြတ်ခံရနိုင်သည်။
စွန်းလင်အာ သည် စွန်းယန်ဝမ် ကို ခေါ်ကာ တောစပ်ရှိ တောင်ကုန်းတစ်ခုပေါ်သို့ တက်လာပြီး မလှမ်းမကမ်းတွင် ရှိနေသော ဘုရားကျောင်းပျက် တစ်ခုကို လက်ညှိုးညွှန်ပြလိုက်၏။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက အဲဒီလူယုတ်မာ ဒီနေရာမှာ ပုန်းခိုနေတယ်လို့ ကျွန်မ သတင်းအတိအကျ ရထားတယ်… ကျွန်မ အကြိမ်ကြိမ် လာရှာခဲ့ပေမယ့် သူရဲ့ လှုပ်ရှားမှုတွေက ပုံမှန်မဟုတ်တော့ တစ်ခါမှ မကြုံခဲ့ရဘူး…”
“ဒီညတော့ အဲဒီလူ အပြင်ထွက်ပြီး မကောင်းမှုတွေကို သေချာပေါက် ကျူးလွန်လိမ့်မယ်… ပြီးရင် သူဖမ်းထားတဲ့ မိန်းကလေးကို ဒီနေရာကို ဖမ်းခေါ်လာလိမ့်မယ်လို့ ကျွန်မ ယူဆတယ်… အဲဒီအချိန်ကျရင် ရှင်နဲ့ကျွန်မ အတူတူပေါင်းပြီး အဲဒီလူယုတ်မာကို သတ်ကြတာပေါ့…”
သူမက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ စွန်းယန်ဝမ် သူမကို ကြည့်ရင်း စဉ်းစားလိုက်မိသည်။
“ဒီလို လူဆိုးတစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှုကို ဒီလောက်အသေးစိတ်ကျကျ စုံစမ်းနိုင်ဖို့ဆိုရင် ကောင်းကင်ယန္တရားဂိုဏ်းဟာ ဒီနေရာတစ်ဝိုက်မှာ ဘယ်လောက်များတဲ့ လူအင်အားကို သတင်းထောက်လှမ်း ခိုင်းထားပြီလဲ မသိဘူး…”
သူသည် အစောပိုင်းအချိန်က ကြောက်လန့်နေသော်လည်း ရှန်ထျန်းအဆင့် အဘိုးကြီးသည် ဤအနီးအနားတစ်ဝိုက်တွင် သေချာပေါက် ရှိနေမည်ကို တွေးလိုက်မိသည်။ ထို့အပြင် သူ့၏ မြေးမလေးအား ကာကွယ်စောင့်ရှောက်ရန် ကောင်းကင်ယန္တရားဂိုဏ်းသား မည်မျှအထိ ပုံဖျက်ချထားလိမ့်မည်ကို စဉ်းစားမိသောအခါ သူ့၏ စိုးရိမ်မှုက နေလာနှင်းပျောက်သလို လွင့်စင်သွားတော့သည်။
“ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း မဖြစ်စလောက်ပဲ ရှိတယ်… စွန်းလင်အာ ရဲ့ အဘိုးကိုယ်တိုင်လည်း ဒီအနီးအနားမှာ ရှိနေတာဆိုတော့ ငါက ဘာအကြောင်းနဲ့မှ နာမည်ကောင်း ဝင်ယူစရာ မရှိဘူး… ကိစ္စတွေ ပြီးသွားလို့ ရလာမယ့် ဂုဏ်သိက္ခာကို သူမဘာသာ ယူပါလေ့စေပေါ့… ငါက သူမကို ကူညီတဲ့ ပုံရိပ်တစ်ခု အဖြစ် နောက်က နေပေးလိုက်ရင် ရပြီ…”
သူ စိတ်ကို ဒုန်းဒုန်းချလိုက်သည်။ ဤသို့ဖြင့် မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေး တစ်ဦးတို့ ဘုရားကျောင်းပျက်အနီး၌ ပုန်းအောင်းရင်း လူဆိုးကို အသင့်စောင့်နေကြတော့သည်။
ညသည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ပြီး ပိုးကောင်လေးများ၏ အော်မြည်သံများမှအပ အခြား မည်သည့် သားရဲကြီးများ၏ အော်ဟစ်သံကိုမျှ ကြားရခြင်း မရှိပေ။
သူတို့နှစ်ဦး ထိုင်နေသော အကွာအဝေးမှာ အလွန် နီးကပ်နေသဖြင့် ရံဖန်ရံခါ လေညှင်း၏ ကလူကျီစယ်မှုက သူမ၏ ဆံနွယ်စလေးများကို သူ့မျက်နှာဆီသို့ ယူဆောင်လာ ပေးတတ်သည်။ ထိုသို့သော အခိုက်အတန့်တွင် သူသည် ယားသလိုလို၊ ယံသလိုလို ခံစားမှုကို ခံစားရပြီး သင်းပျံ့သော မွှေးရနံ့ တစ်မျိုးကိုလည်း ရှုရှိုက်ရသည်။
စွန်းယန်ဝမ် ၏ ရင်ထဲတွင် တဖြည်းဖြည်း ဗြောင်းဆန်လာနေသဖြင့် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို အလျင်အမြန် လှည့်ပတ်ရင်း သူ့စိတ်သူ တည်ငြိမ်မှုရစေရန် အတင်းပြန် ထိန်းချုပ်လိုက်သည်။ သို့သော် အထွဋ်အထိပ်ကျင့်စဉ်၏ ဖိနှိပ်မှုအောက်၌ပင် သူ့ရင်ခုန်သံများက ပတ်မကြီးထုနေသလို တအုန်းအုန်း ဖြစ်နေခဲ့သည်။
စွန်းယန်ဝမ် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားပြီး အသံခပ်တိုးတိုးဖြင့် မေးလိုက်၏။
“ကျွန်တော်နဲ့စာရင် ကျွန်တော့်အစ်ကိုကြီးက အများကြီး ပိုအစွမ်းထက်တာ မဟုတ်ဘူးလား… စွန်းအစ်မက သူ့ဆီမှာ အကူအညီမတောင်းဘဲ ဘာဖြစ်လို့ ကျွန်တော့်လို အသုံးမဝင်တဲ့ သူတစ်ယောက်ကို လာရှာရတာလဲ…”
စွန်းလင်အာ ၏ ရှင်းလင်းကြည်လင်နေသော မျက်နှာလှလှလေးသည် ချက်ခြင်းဆိုသလို “ဖြန်း”ခနဲ နီရဲသွားပြီး အလွန်တိုးညှင်းသော အသံကလေးဖြင့် ပြန်ဖြေသည်။
“ဒါ… ဒါက… ရှင့်ဘာသာပဲ မှန်းကြည့်ပေါ့…”
စွန်းယန်ဝမ် နားမလည်ဟန် ဆောင်လိုက်သော်လည်း သူကဲ့သို့ လူကမှ နားမလည်လျှင် ဤကမ္ဘာပေါ်ရှိ မည်သူမျှ နားလည်တော့မည် မဟုတ်ပေ။ သူ့စိတ်ထဲမှ ခံပြင်းစွာ ပြန်ပြောလိုက်၏။
“မင်းရဲ့ အဘိုးသာ ဒီအနီးအနားမှာ ရှိမနေကြည့်ပါလား… ငါရဲ့ ခန့်မှန်းချက်က မင်းထင်တာထက်တောင် ပိုသွားဦးမယ်… အခုတော့ ငါ့ဘဝက မြင်သာမြင်ရ မကြင်ရဆိုသလို မခန့်မှန်းရဲဘူး မိန်းကလေးရယ်…”
စွန်းလင်အာ သည် သူမဘေးမှ ရုတ်ချည်း အသံတိတ်ကျသွားသဖြင့် တစ်ခုခု လစ်ဟာသွားသလို ခံစားရပြီး မနေနိုင်စွာ စကားစလိုက်သည်။
“ရှင့် နာမည်ကို ကျွန်မ အခုချိန်ထိ မသိရသေးဘူးလေ…”
စွန်းယန်ဝမ် က အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
“စွန်းယန်ဝမ်…”
စွန်းလင်အာ သည် မည်သည့်အရာကို သဘောကျသွားသည် မသိသော်လည်း သူမထံမှ တခစ်ခစ် ရယ်သံကို ကြားရပြီးနောက် ဆက်ပြောသည်။
“ရှင် အခုနက ကျွန်မကို စွန်းအစ်မလို့ ခေါ်လိုက်တယ်နော်… ကျွန်မကလည်း ရှင့်ကို စွန်းအစ်ကို လို့ပဲ ပြန်ခေါ်မှာ…”
သူမသည် စွန်းယန်ဝမ် ထက် အသက်တစ်နှစ်၊ နှစ်နှစ်ခန့် ပိုကြီးသည်ကို သိသော်လည်း အစ်မကြီး မဖြစ်ချင်သေးပေ။ (အကယ်၍ သင်က မိန်းမတစ်ယောက်၏ အမုန်းနှင့် ရင်ဆိုင်ချင်သည်ဆိုလျှင် သူတို့၏ အသက်ကို သွားမေးမြန်းနိုင်ပါသည် :P)
စွန်းယန်ဝမ် က သဘောကျစွာ ရယ်မောရင်း သူ့အား မောင်လေးမခေါ်သည်ကိုပင် ကျေးဇူးတင်သွားမိသည်။
စွန်းယွမ်ဟဲ ၏ နောက်ခံဇစ်မြစ်ကို ကျန်းချင်းရှီ က သိထားသော်လည်း သူတို့နောက်ခံ အတိအကျ ကိုတော့ ၎င်း မသိပေ။ အဘိုးအိုသည် သူ့၏ ဂုဏ်သိက္ခာအပေါ်တွင် အမှန်တကယ် အလေးထားသူ ဖြစ်သောကြောင့် တစ်ဖက်သား၏ အတွင်းရေးကို လုံးဝမမေးခဲ့ခြင်း ဖြစ်သည်။
စွန်းလင်အာ မှာလည်း သူမအဘိုးသည် ထိုအချက်အပေါ်တွင် အလွန်အကဲဆတ်သူ ဖြစ်ကြောင်း သိထားသဖြင့် သူမကိုယ်တိုင် မမေးဝံ့ချေ။ ထို့ကြောင့် နာမည်ကိုသာ မေးမြန်းပြီး စိတ်ထဲတွင် တေးမှတ်ထားလိုက်၏။
“ဘာပဲဖြစ်ဖြစ် သူတို့ကို ဆောင်ယန်ဂိုဏ်းကမှန်း သိပြီးသားပဲ… နောက်ကျမှ ဘယ်သူဘယ်ဝါ ဆိုတာ အသေးစိတ် စုံစမ်းဖို့က မခက်ပါဘူး… အခုအချိန် သူတို့ မိသားစု နောက်ခံတွေကို အရေးတကြီး လိုက်မေးနေဖို့လည်း မလိုသေးဘူး…”
စွန်းယန်ဝမ် သည် ကျင့်ကြံခြင်း လောကထဲသို့ ယခုမှ စတင်ခြေချလာခြင်း ဖြစ်သောကြောင့် သူ့အတွက် အစစအရာရာ က အသစ်အဆန်းများ ဖြစ်နေသည်။ ထို့ကြောင့် သူ့နာမည်ကို ပြောလိုက်ရုံဖြင့် စွန်းလင်အာ က သူ့ဆရာ၊ ဂိုဏ်းနှင့် အကုန်လုံးကို သိလိမ့်မည်ဟုသာ ယူဆထားခဲ့သည်။
သူက မည်သည့်အတွက်ကြောင့် ပါးစပ်သရမ်းပြီး သူ့ဆရာသည် ဤခေတ်မှ အလွန်ကြီးကျယ် ခမ်းနားသော ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆို နေစရာ လိုပါမည်နည်း။ ယင်းက လေးစားမှု မမြောက်ဘဲ ကြွားလုံးတစ်ခုသာ ဖြစ်နေသောကြောင့် ရှင်းတမ်းထုတ်နေစရာ အကြောင်းမရှိပေ။
သူတို့နှစ်ဦးသည် တစ်ခါတရံတွင် စကားအနည်းငယ် ပြောဆိုလိုက် တိတ်ဆိတ်လိုက်ဖြင့် အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ညသန်းခေါင် ကျော်လာသော အချိန်တွင် ရုတ်တရက် လေတိုးသံများ ကြမ်းရှလာပြီး အလျင်စလို ပြေးလာသော အသံတစ်ခုကို ကြားလိုက်ရ၏။
ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားသော လူထွားကြီး တစ်ဦးသည် အိတ်ကြီးတစ်အိတ်ကို ထမ်းရင်း တောင်ပေါ်သို့ အလွန်လျင်မြန်စွာ ပြေးတက်လာသည်။
စွန်းယန်ဝမ် က နှစ်ကိုယ်ကြား အသံလေးဖြင့် သတိပေးလိုက်၏။
“မိန်းကလေးပြောတဲ့ လူဆိုးကောင် တက်လာပြီ…”
သူသည် စိတ်ထဲမှ ထိုလူဆိုးအား မည်ကဲ့သို့ ဖမ်းဆီးသင့်သည်ကို စဉ်းစားနေမိသည်။
“ငါက ဒီလူဆိုးကောင်ကို ဘယ်လိုနည်းနဲ့ ဖမ်းသင့်လဲ… သူသွားနေတဲ့ လမ်းကြောင်းပေါ်ကို ခုန်ထွက်ပြီး မေးခွန်းထုတ်ရမှာလား…”
သူစဉ်းစားနေဆဲ အချိန်မှာပင် စွန်းလင်အာ က သူမ၏ လက်နှစ်ဖက်ကို အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ဓားနှစ်စင်း သည် လေထုကို ထိုးခွင်းကာ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။
အနက်ရောင်ဝတ်ရုံနှင့် လူထွားကြီးသည် သတိအလွန်ကောင်းသူ ဖြစ်သော်လည်း ရုတ်တရက် တိုက်ခိုက်မှုကို ခံရသောအခါ သူ့၏ တုံ့ပြန်မှုက အနည်းငယ် နောက်ကျသွားပြီး ဓားတစ်လက်ကိုသာ ရှောင်တိမ်းနိုင်ကာ အခြားဓားတစ်လက်က သူ့၏ နံရိုးကြားသို့ “စွပ်”ခနဲ ဖောက်ဝင်သွားသည်။
သူသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပခုံးပေါ်တွင် ထမ်းထားသော အိတ်ကိုလည်း မြေပြင်ထက်သို့ “ဘုန်း”ခနဲ ပစ်ချလိုက်သည်။
အိတ်အတွင်းမှ ညည်းညူသံတစ်သံ ထွက်ပေါ်လာသောအခါ ယင်းသည် အမှန်တကယ်ပင် လူတစ်ဦး ဖြစ်နေကြောင်း သေချာသွားပြီး ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပင် သေချာမှုရှိသည်ဟု စွန်းယန်ဝမ် ကောက်ချက်ချလိုက်သည်။
စွန်းလင်အာ လေထဲသို့ ခုန်တက်သွားပြီး သူမ၏ လက်တွင်း၌ တုတ်တစ်ချောင်း ပေါ်ထွက်လာကာ လူထွားကြီးအား အလွန်လျင်မြန်စွာ ရိုက်ချလိုက်သည်။ ယင်းနှင့် တစ်ပြိုင်တည်းတွင် ချစ်စဖွယ် ကောင်းသော အသံလေးတစ်သံက ခြိမ်းခြောက်မှု မမြောက်သော ခြိမ်းခြောက်မှုမျိုးဖြင့် ပေါ်ထွက် လာခဲ့သည်။
“လျှပ်စီးဓားသခင် ကျန်းစန်… နင့်ရဲ့ အကုသိုလ်တွေက လုံလောက်သွားပြီ… ဒီနေ့ နင့်ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်…”
အနက်ရောင်ဝတ်ရုံနှင့် လူထွားကြီးသည် သူ့ခန္ဓာကိုယ်အတွင်း စိုက်ဝင်နေသော ဓားကို အလျင်အမြန် ချိုးပစ်လိုက်ပြီး သူ့ဆီသို့ ဝင်ရောက်လာသော တုတ်ကို ဓားဖြင့် ပြန်ခုတ်ချလိုက်သည်။
သူသည် စွမ်းအားကြီးသော လူတစ်ဦး ဖြစ်သည့်အပြင် ကျင့်ကြံခြင်း အဆင့်အတန်းလည်း မြင်မားသောကြောင့် သူ့ဆီမှ ပေါ်ထွက်လာသော ဓားချက်က အလွန်ပင် ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းနေသည်။
စွန်းလင်အာ သည် ထိုတန်ပြန်တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံရဲခြင်း မရှိဘဲ သူမတို့ဂိုဏ်း၏ ကောင်းကင်ယန္တရား တစ်ထောင် ပြောင်းလဲခြင်း ဆယ့်သုံးကွက်ကို အလျင်အမြန် ပြောင်းလဲလိုက်ရာ တုတ်ပုံရိပ်များက ကောင်းကင်အနှံ့အပြားတွင် ပေါ်ထွက်လာသည်။ လူနှစ်ဦးသည် အပြန်အလှန် တိုက်ခိုက်နေကြပြီး ပြင်းထန်သော ထိခတ်သံများလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
ထိုအချိန်တွင် စွန်းယန်ဝမ် သည် လင်ရှီးဓားကို ကိုင်ဆောင်ရင်း တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ ရှေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲသည် တစ်ချက်ကြည့်ရုံဖြင့် သူ့အဆင့်နှင့် ဝင်ပါရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ကောင်းစွာသိနေသည်။ သို့သော် ဆက်လက် ပုန်းအောင်းနေရန်လည်း မသင့်လျော်တော့ပေ။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့် အခါတိုင်း သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်က တစ်ကြိမ် လှည်ပတ်သွားပြီး ဆယ်လှမ်းမြောက် ရောက်သောအခါ ချီစွမ်းအင်နှင့် ဓားဆန္ဒတို့က အထွဋ်အထိပ် အခြေအနေကို ရောက်ရှိသွားသည်။
ထို့နောက် ရိုးရှင်းသော ဓားချက်တစ်ချက်ကို ဖော်ထုတ်ရင်း ရန်သူအား လျင်မြန်စွာ ခုတ်ပိုင်းချလိုက်သည်။ ဤဓားချက်သည် ဆောင်ယန်ဂိုဏ်း၏ ဟွမ်ယွမ်ဓားကျင့်စဉ်မှ သူအကျွမ်းကျင်ဆုံးနှင့် စွမ်းအားအကြီးဆုံး သိုင်းကွက်တစ်ခုလည်း ဖြစ်သည်။
ဖုန်းဘိုးဘေးကြီးသည် ဂိုဏ်း၏ စစ်မှန်သော အခြေခံအုတ်မြစ်နှင့် အစွမ်းအထက်ဆုံး ဓားသိုင်းများကို ပေါင်းစပ်ကာ ဤဓားကျင့်စဉ်ကို ဖန်တီးပေးခဲ့သည်။ ဤဓားကွက်များသည် ခက်ခဲပြီး စွမ်းအားလွန်စွာ ကြီးမားသောကြောင့် ဆောင်ယန်ဂိုဏ်း အတွင်းမှာပင် သင်ချင်တိုင်းသင်၍ မရပေ။
ကျင့်ကြံခြင်းလောက၏ အထွဋ်အထိပ် ဓားကျင့်စဉ်များအနက် တစ်ခုအပါအဝင် ဖြစ်သည်ဟုလည်း လူများက ပြောဆိုကြသည်။
စွန်းယန်ဝမ် အနေဖြင့် ဤကျင့်စဉ်မှ ဓားကွက်သုံးကွက်ကိုသာ စွမ်းအား အပြည့်ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။ သို့သော် ဤဓားချက်သည် သူ့၏ စွမ်းအားပြည့် အခြေအနေနှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သောကြောင့် စွမ်းအားကြီးသည် မကြီးသည်က ပြောနေစရာပင် မလိုအပ်ပေ။
ဓားသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။
အနက်ရောင်ဝတ်ရုံနှင့် လူထွားကြီးသည် အကြီးအကျယ် ထိတ်လန့်သွားပြီး စွန်းလင်အာ ၏ ကောင်းကင်ယန္တရား တိုက်ကွက်ကို အမြန်ဆုံး ချေဖျက်ရန် ကြိုးစားလိုက်သည်။
သို့သော် ဤတုတ်သိုင်း၏ အပြောင်းအလဲသည် အံ့အားသင့်စရာကောင်းအောင် များပြား နေသောကြောင့် သူ့၏ ခုခံကာကွယ်သော ဓားချက်များအားလုံး လေကိုသာ ခုတ်ပိုင်းမိသွားသည်။
၎င်းသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး စွန်းလင်အာ ၏ တုတ်ကို ပခုံးဖြင့် ထိုးခံကာ စွန်းယန်ဝမ် ၏ ဓားချက်ကိုတော့ သူ့ဓားဖြင့် ပြန်လည် ခုတ်ပိုင်းချလိုက်သည်။
စွန်းယန်ဝမ် သည် စွန်းလင်အာ အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် သူ့စွမ်းအား၏ ရာနှုန်းပြည့် အခြေအနေကို ထုတ်ဖော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆောင်ယန်ဂိုဏ်း၏ စစ်မှန်သော အမွေအနှစ်ဖြစ်သည့် ဟွမ်ယွမ်ဓားကွက်သည် စွမ်းအားလွန်စွာ ကြီးမားပြီး ရန်သူကို အလွန်အမင်း ခြိမ်းခြောက်နိုင်ခဲ့သည်။
ထို့ကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူထွားကြီးသည် စွန်းလင်အာ ၏ တိုက်ခိုက်မှုကို ခန္ဓာကိုယ်ဖြင့် ခုခံကာ သူ့၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်းက သူမျှော်မှန်းထားသော အခြေအနေမျိုး မဟုတ်သည့် တိုက်ဆိုင်မှုကြီးတစ်ခု ဖြစ်နေသည်။
သူ အကြီးအကျယ် ထိတ်လန့်သွား၏။
“ငါကျင့်ကြံတဲ့ အချိန်က တစ်နှစ်တောင် မပြည့်သေးဘူးလေ… စွမ်းအားက ဘယ်လောက်ကြီးမှာ မိုလို့လဲ… ငါသာ ဒီလူယုတ်မာရဲ့ ဓားချက်နဲ့ ထိပ်တိုက်ယှဉ်ခုတ်လိုက်ရင် ငါ့ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီဖြစ်မသွားရင်ကို တော်တော်ကံကောင်းပြီလို့ ပြောလို့ရတယ်…”
စွန်းယန်ဝမ် ၏ ဦးနှောက်သည် အလွန်လျင်မြန်စွာ အလုပ်လုပ်လာပြီး သူ့၏ ဓားချက်က ဦးတည်ချက် ပြောင်းလဲသွားခြင်း မရှိသည့်တိုင် စွမ်းအားများ အားလုံး ပျောက်ကွယ်သွားတော့သည်။ ယင်းက ဓားအတွင်း ပါဝင်နေသော စွမ်းအားများကို သူက ပြန်လည် ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
အနက်ရောင်ဝတ်ရုံနှင့် လူထွားကြီးသည် ဓားချင်းယှဉ်ခုတ်ရန် ရည်ရွယ်ချက်ဖြင့် သူ့၏ ဓားကို ပြင်းထန်စွာ ခုတ်ချလိုက်သော်လည်း တစ်ဖက်မှ စွမ်းအားများကို အလျင်အမြန် ရုတ်သိမ်း သွားလိမ့်မည်ဟုတော့ ယောင်၍ပင် မစဉ်းစားမိခဲ့ပေ။
သူ့ဆီသို့ ဝင်ရောက်လာသော ဓားချက်မှာ အပြင်ပန်း တိုက်ခိုက်မှုသာရှိပြီး မည်သည့် စွမ်းအားမျှ ပါမလာတော့ချေ။ ထို့ကြောင့် သူထုတ်ဖော်လိုက်သော ဓားချက်သည် စွမ်းအားများ အလဟဿ ဖြုန်းတီးလိုက်သလို ဖြစ်သွားပြီ ဆိုသည်ကို သိလိုက်သည်။
စွန်းယန်ဝမ် ၏ လက်တွင်းမှ လင်ရှီးဓားသည် ဖက်ရွက်တစ်ခုကဲ့သို့ ပေါ့ပါးသွားခြင်းကြောင့် လူထွားကြီး၏ ဓားနှင့် ခုတ်မိသောအခါ “ချွင်”ခနဲ လွင့်စင်ထွက်သွားသည်။
ထိုအချိန်တွင် လူထွားကြီးသည် မသက်မသာ ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ့၏ အကြီးမားဆုံး အားနည်းချက် နေရာက လယ်ပြင်တွင် ဆင်သွားသလို ဘွင်းဘွင်းကြီး ပေါ်ထွက်သွားတော့သည်။