← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

“ငါ့ကို မစားပါနဲ့”

စွန်းယန်ဝမ် သည် သူ့၏ စွမ်းအားများ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့် ထိုကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာမည်ကိုတော့ လုံးဝမျှော်လင့်မထားပေ။

သူသည် ဤကာလများအတွင်း ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို အလွန်အမင်း အားစိုက်ထုတ်ကာ နေ့နေ့ညည ကျင့်ကြံနေခဲ့ခြင်းကြောင့် ထိုကျင့်စဉ်က သူ့အတွက် ထမင်းစား ရေသောက်သလို လွယ်ကူလာခဲ့သည်။

ထို့ကြောင့် သူ့ဆီသို့ဝင်လာသော ဓားချက်ကို အလိုအလျောက် ရှောင်တိမ်းလိုက်ပြီး ဘေးတစောင်း အနေအထားသို့ ရောက်သွားသော ရန်သူ၏ နံကြားကို တံတောင်ဆစ်ဖြင့် လှမ်းတွတ်လိုက်၏။

သူသည် တိုက်ခိုက်သည့် နေရာတွင် သူ့စွမ်းအားအပေါ် များစွာယုံကြည်ချက် မရှိသော်လည်း ရန်သူ ဒဏ်ရာမရမည်ကို စိုးရိမ်စိတ်ဖြင့် အစောပိုင်းက စွန်းလင်အာ ၏ ဓားကျိုးစိုက်ဝင်နေသော နေရာတည့်တည့်ကို အတိအကျ ထပ်မံတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ဓားကျိုးသည် လူထွားကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ပို၍ပင် ထိုးဖောက်ဝင်သွားပြီး ထုတ်ချင်းခတ် ဖောက်ထွက်တော့မည့် အနေအထားထိ ရောက်ရှိသွားသည်။

ထိုအချိန်တွင် လူထွားကြီးသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း သူ့ခေါင်းဆီသို့ ဦးတည်ဝင်ရောက်လာသော စွန်းလင်အာ ၏ ရိုက်ချက်ကို ကမန်းကတန်း ရှောင်ထွက် သွားနိုင်ခဲ့သည်။

သူသည် အရှေ့နှင့်အနောက် ညှပ်တိုက်ခံနေရသဖြင့် ဟာကွက် အများအပြား ဖြစ်ပေါ်လာပြီး ရုတ်တရက် သူ့ခါးအောက်ပိုင်းနေရာက စွန်းယန်ဝမ် ၏ ခြေတစ်ကမ်း အကွာနေရာကို ရောက်ရှိသွားခဲ့သည်။

စွန်းယန်ဝမ် ၏ စိတ်ထဲတွင် မည်သည့် သနားညှာတာမှုမျိုးမျှ မရှိဘဲ ရွှေအရွတ်မရီဒန် ကျင့်စဉ်ကြောင့် သန်မာလာသော ကြွက်သားများ၏ စွမ်းအားကို အပြည့်အဝ အသုံးချရင်း အလွန်အားပါ ပြင်းထန်သော ကန်ချက်မျိုးဖြင့် ကန်ချလိုက်၏။

“ဖုန်း…”

ထိုကန်ချက်သည် မျိုးဆက်ပြတ်ကန်ချက် ဖြစ်သောကြောင့် “ဖုတ်”ခနဲ ခပ်အုပ်အုပ် အက်ကွဲသံ တစ်သံကို ပီသကြည်မြစွာ ကြားလိုက်ရ၏။

လူထွားကြီး၏ ဘဝတွင် အကျယ်လောင်ဆုံး အော်ဟစ်သံဟုပင် ပြောနိုင်သည့် အသံနက်ကြီးသည် ညဉ့်သန်းခေါင်းကို ထိုးဖောက်ကာ အိပ်မောကျနေသော သားရဲတိရစ္ဆာန်များ အားလုံးကို တဝုန်းဝုန်း ထပြေးသွားစေခဲ့သည်။

ထိုအသံသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ထုတ်ချင်းခတ်နီးပါး ဝင်ရောက်နေသော ဓားကျိုးနှင့် တိုက်ခိုက်စဉ်က အော်သံထက် အဆပေါင်းများစွာ ပိုမိုကျယ်လောင်ကာ ပို၍လည်း ကြောက်မက်ဖွယ် ကောင်းသည်။

စွန်းယန်ဝမ် သည် ထိုခြေကန်ချက်မှာ သူရည်ရွယ်ထားသည့် နေရာကို ကွက်တိ ထိမှန်သွားသောကြောင့် စိတ်ကျေနပ်စွာ နောက်ကို ချက်ခြင်း ပြန်ဆုတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ကျားနာခဲ ပြန်ခဲလာမည့် ရန်သူမျိုးသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပြီး လောကတွင် အလွန်သတိထားရမည့် သူများဖြစ်ကြောင်း ဆရာနှင့် အစ်ကိုကြီးက သူ့ကို သေချာ သင်ကြားပေးထားသည်။

စွန်းလင်အာ သည် သူမ၏ လက်နက်ကို ပြန်သိမ်းဆည်းလိုက်ပြီး သူ့ကို မယုံကြည်နိုင်သော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြူးကြည့်နေ၏။

သူ ပထမဆုံး တိုက်ခိုက်လိုက်သည့် ဓားချက်သည် သူမအတွက် မည်သည့် ပြောစရာ စကားမျှ မရှိပေ။ ဆောင်ယန်ဂိုဏ်း၏ ဟွမ်ယွမ်ဓားကွက်တိုင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည် ဆိုသည်ကို သူမ ကြားဖူးပြီးသား ဖြစ်သည်။

ထို့ကြောင့် ထိုဓားချက်မှာ မည်သို့မျှ သာမန်မဖြစ်နိုင်ကြောင်းနှင့် အခြေအနေနှင့် အချိန်အခါကို အကောင်းဆုံး အသုံးချသွားသော ဓားချက်တစ်ခု အဖြစ် ရှုမြင်ခဲ့သည်။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသော စွန်းယန်ဝမ် ၏ အချိန်ကိုက် လှုပ်ရှားတိုက်ခိုက်မှုများနှင့် ရန်သူ၏ အားနည်းချက်ကို မိမိ၏ အားသာချက်အဖြစ် ဖမ်းဆုပ်နိုင်စွမ်းတို့က အလွန်လှပသေသပ်ပြီး ရန်သူမှာလည်း မသေရုံတမယ်သာ ကျန်ရစ်ခဲ့သည်။

ယင်းက ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်လိပ်ပြာ နတ်သမီးအဖြစ် နာမည်ကြီးနေသော သူမကဲ့သို့ သူကိုပင် အကြီးအကျယ် အံ့အားသင့်စေခဲ့ရသည်။

စွန်းယန်ဝမ် သည် သူ့ထက် အဆမတန် စွမ်းအားကြီးသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်ပင် အလွန်လျင်မြန်သော တုံ့ပြန်မှုစွမ်းရည်ရှိခြင်း၊ သိုင်းကွက်များ အပေါ်တွင် အထာမထားဘဲ ကြုံသလို လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ခြင်းတို့က သူမကို အမှန်တကယ်ပင် မျက်စိပွင့်နားပွင့် ဖြစ်စေခဲ့ရသည်။

သူတိုက်ခိုက်သွားသည့် နောက်ဆုံး ကန်ချက်ကိုတော့ သူမ များစွာနားလည်မှု မရှိသော်လည်း အလွန်နှစ်ထောင်းအားရမှု ရှိခဲ့သည်။

သူမသည် ချက်ခြင်းပင် သူ့ဘေးသို့ လျှောက်သွားပြီး သူနှင့်ဘေးချင်းယှဉ် ရပ်ကာ မေးလိုက်သည်။

“လူယုတ်မာကောင်… နင့်မှာ ဘာပြောစရာ ကျန်သေးလဲ…”

အနက်ရောင်ဝတ်ရုံနှင့် လူထွားကြီးသည် ကျယ်လောင်စွာ အော်ဟစ်နေရာမှ ရုတ်တရက် တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။

“သာမန်အချိန်တွေမှာဆိုရင် ဂိုဏ်းကြီးတွေ… မိသားစုကြီးတွေက မိန်းမပျိုတွေနဲ့ ကျင့်ကြံခြင်းလောက က နင်တို့လို မိန်းမမျိုးတွေ ဆိုတာက ငါ့ကို မျက်စိထဲတောင် ထည့်ကြတာ မဟုတ်ဘူး… ဒါပေမဲ့ နောက်ဆုံးတော့လည်း ငါအလိုရှိသလို ပျော်ပါးပေးရတာပဲ မဟုတ်ဘူးလား…”

“ငါကျန်းစန်ရဲ့ ဘဝမှာ အလှပဆုံးဆိုတဲ့ မိန်းမပျို အယောက်တစ်ရာကျော်ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပြီးပြီ… ငါ သေရမယ်ဆိုရင်တောင် ဘာနောင်တမှ မရှိဘူး…”

“ဒီနေ့ ဖမ်းလာတဲ့ မိန်းကလေးကလည်း သိပ်ကိုချောမောလှပတဲ့ အလှလေးဖြစ်နေတာကြောင့် ငါက ချက်ခြင်း မသတ်ရက်ဘဲ ခေါ်လာခဲ့တာ… သူ့ကို ဘာမှမလုပ်လိုက်ရတာကိုတော့ တကယ် နှမျောမိတယ်… ငါက…”

သူ့၏ စကားများက တဖြည်းဖြည်းနှင့် လေးကန်လာပြီး နောက်ဆုံးစကား မဆုံးမီမှာပင် ဇက်ကျိုးကျသွားသည်။

ဤကဲ့သို့ ယုတ်မာကောက်ကျစ်သူ တစ်ဦးထံတွင် မည်ကဲ့သို့သော ဝှက်ဖဲများ ရှိနေဦးမည်ကို မသိနိုင်သောကြောင့် သူက စိုးရိမ်စိတ်ဖြင့် ကျောက်တုံးတစ်တုံးကို ယူကာ ၎င်း၏ ခြေထောက်ကို လှမ်းပစ်လိုက်၏။ ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်သောကြောင့် သူ့စွမ်းအားက အကြီးအကျယ် ပြောင်းလဲသွားပြီ ဖြစ်သည်။

သူကောက်ယူလိုက်သော ကျောက်တုံး၏ အလေးချိန်သည် ပိဿာချိန် ဒါဇင်ပေါင်းများစွာ လေးလံပြီး အလွန်ကြီးမားသောကြောင့် လူထွားကြီး၏ ခြေထောက်ပေါ်သို့ ကျသွားသောအခါ “ဖြောင်း”ခနဲ အရိုးကျိုးသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

၎င်းထံမှ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ဘဲ လုံးဝငြိမ်သက် သွားသည်ကို မြင်မှသာ သူအနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“စွန်းအစ်မ… အဲဒီလူ ဟန်ဆောင်အကြံထုတ်နေတာ ဟုတ်မဟုတ် သေချာအောင် ဓားမြှောင်နှစ်လက် လောက်နဲ့ စမ်းသပ်ကြည့်လိုက်ပါဦး…”

စွန်းလင်အာ က သဘောကျစွာ တခစ်ခစ် ရယ်မောလိုက်သော်လည်း သူမ၏ လက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး ဓားတစ်လက် “ရွှီး”ခနဲ ပြေးထွက်သွားသည်။

ဓားသည် လူထွားကြီး၏ လည်ပင်းကို အတိအကျ ထိုးဖောက်သွားသောအခါ ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် “ဆတ်”ခနဲ တုန်ခါသွားသည်။

စွန်းယန်ဝမ် အလွန် ထိတ်လန့်တကြား ဖြစ်သွားပြီး ဘာမျှ စဉ်းစားနေခြင်း မရှိတော့ဘဲ စွန်းလင်အာ ၏ ခန္ဓာကိုယ်လေးကို “စွေ့”ခနဲ ဆွဲပွေ့ကာ တစ်ဖက်သို့ အလျင်အမြန် ခုန်ထွက်လိုက်သည်။

အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လျှပ်စီးဓားသခင် ကျန်းစန် ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သည့် အခါမှသာ သူက အနည်းငယ် ရှက်ရွံ့စွာ ဝန်ခံလိုက်သည်။

“အမှတ်တမဲ့ဆိုတော့ ကျွန်တော့် တုံ့ပြန်မှုက နည်းနည်းများ လွန်သွားလား မသိဘူး… ဟဲ… ဟဲ…”

ထိုအချိန်တွင် သူ့ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်ခံထားရသော စွန်းလင်အာ ၏ မျက်နှာလေးသည် ပန်းသီးမှည့်လေး တစ်လုံးကဲ့သို့ ရဲပါးတောင်းခတ်နေပြီး ပုရွက်ဆိတ်တစ်ကောင်၏ အသံလောက်ပင် မကျယ်သော အသံလေးဖြင့် ပြောလာသည်။

“တစ်ယောက်ယောက် ကြည့်နေတယ်နော်…”

ထိုအခါမှသာ ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုသည် သူတို့၏ တစ်ဦးတည်းသော နုနုထွတ်ထွတ် သမီးလေး၊ အနာဂတ် ဂိုဏ်းခေါင်းဆောင်အဖြစ် လျာထားခံထားရသူအား ထိုသို့ တဏှာရမ္မက်ကြီးသော လူဆိုးတစ်ဦးနှင့် မည်သို့မျှ စိတ်ချလက်ချ တိုက်ခိုက်စေမည် မဟုတ်ကြောင်း သတိရသွားသည်။

သူမ၏ ရှန်ထျန်းအဆင့် အဘိုးသည် အချိန်မရွေး ဝင်ရောက်ကူညီပေးရန် ဤအနီးအနားတစ်ဝိုက်တွင် ကျိန်းသေပေါက် ပုန်းအောင်း နေပေလိမ့်မည်။

ကောင်းကင်ယန္တရားဂိုဏ်း၏ အခြားကျင့်ကြံသူများလည်း ရှိနေလိမ့်မည်ဖြစ်ကြောင်းကိုပါ တစ်လက်စတည်း စဉ်းစားလိုက်မိသည်။

စွန်းယန်ဝမ် က ဖက်ထားသည့်လက်ကို အလျင်အမြန် လွှတ်ပေးပြီး ချက်ခြင်း တောင်းပန်လိုက်သည်။

“မရည်ရွယ်ပါဘူး… တကယ်မရည်ရွယ်ပါဘူး… ကျုပ်… ကျုပ်… တောင်းပန်ပါတယ်…”

စွန်းလင်အာ ၏ မျက်နှာလှလှလေးသည် အလွန် အရှက်သည်းနေသည့်တိုင် စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားနေမိသည်။

“တိုက်ခိုက်တဲ့ အချိန်မှာ သူ့ပုံစံက သိပ်ကိုအေးဆေး တည်ငြိမ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း မြင့်မားသလို ဆုံးဖြတ်ချက်လည်း ပြတ်သားတယ်…”

“ဒီလိုလူတစ်ယောက်က ထူပူပြီး လုပ်မိလုပ်ရာ လုပ်လိုက်တယ် ဆိုတာက ဖြစ်ကောဖြစ်နိုင်လို့လား….”

“ဒါက သေချာပေါက်ကို ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ…”

“ဒါပေမဲ့ ဒီလိုအခြေအနေမှာ ငါ့ကို ကာကွယ်ဖို့အတွက် သူလုပ်ရပ်ကို အသားယူပါတယ်လို့ သွားအပြစ်တင်လို့လည်း မဖြစ်ပြန်ဘူး…”

“သူက….”

“သူက…. ဟီ… ဟီ…. ဆိုးတော့ မဆိုးပါဘူး….”

စွန်းယန်ဝမ် သည် လင်ရှီးဓားအား ပြန်ကောက်ရန် ပြင်လိုက်စဉ် ကျယ်လောင်သော ရယ်သံတစ်သံကို ကြားလိုက်ရသည်။

စွန်းအဘိုးအိုသည် လင်ရှီးဓားကို ကိုင်ထားပြီး သရဲတစ္ဆေ တစ်ကောင်လို “ဖျတ်”ခနဲ ပေါ်ထွက်လာကာ သူ့အား ပြုံးပြုံးကြီး ကြည့်နေသည်။

“စွန်းလူငယ်လေးရဲ့ တုံ့ပြန်မှုစွမ်းရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ…. လျင်မြန်တဲ့ အတွေးအခေါ်ကလည်း မင်းအတွက် အရမ်းကောင်းပါတယ်… နောင်တစ်ချိန် ကျင့်ကြံခြင်း လောကထဲမှာ လှည့်လည်သွားလာတဲ့ အခါကျရင် မင်းအတွက် အကျိုးအမြတ်တွေ တနင့်တပိုး ရမှာကို ငါမြင်ယောင်နေတယ်…”

စွန်းအဘိုးအိုက မှတ်ချက်ပြုသည်။ ၎င်းပြောသည့် အကျိုးအမြတ် တနင့်တပိုး ဟူသော စကားလုံးကို ခွဲခြားရမည်ဆိုလျှင် အဓိပ္ပာယ်က နှစ်မျိုးနှစ်စား ကွဲထွက်သွားသည်။ သို့သော် သူကဲ့သို့ အလွန်အရေထူသူ တစ်ဦးအနေဖြင့် မည်သို့မျှ ခံစားရခြင်းမရှိဘဲ သည်အတိုင်းသာ နားထောင် နေလိုက်သည်။

စွန်းလင်အာ ၏ မျက်နှာတစ်ခုလုံး ထူပူနေခဲ့ပြီး အလွန်ရှက်နေသောကြောင့် အဘိုးအနီးသို့ အလျင်အမြန် ပြေးကပ်သွားသည်။ သူမသည် အကြောင်းပြချက်မရှိဘဲ ဝတ်ရုံအနားသတ်စများကို အကြိမ်ကြိမ် ဆွဲလိမ်နေ၏။

စွန်းယန်ဝမ် သည် သူ့၏ဓားကို ပြန်ယူလိုက်ပြီးနောက် ဓားကွက် ခုနှစ်ကွက်၊ ရှစ်ကွက်ခန့် လှည့်ပတ် ကစားလိုက်ပြီး ခါးတွင်ပြန်ပတ်ထားလိုက်သည်။ စိတ်ထဲတွင်လည်း အနည်းငယ် စိတ်သက်သာရာရစွာ တွေးလိုက်မိသည်။

“ဒီဓားကတော့ ပျောက်သွားလို့မဖြစ်ဘူး… မဟုတ်လို့ရှိရင် အစ်မစီမာကို ဘယ်မျက်နှာနဲ့ သွားရှင်းပြရမှန်း သိမှာမဟုတ်တော့ဘူး…”

ယနေ့ မနက်ပိုင်းတွင် အကြီးအကဲယွမ်ဟဲ သည် ဤလူငယ်နှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ကျန်းချင်းရှီ ၏ စွမ်းအားသည် အလွန်နက်ရှိုင်းသောကြောင့် သူကဲ့သို့ သူတစ်ဦးသည်ပင် ထိုဘုန်းတော်ကြီး၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းနိုင်စွမ်း မရှိခဲ့ပေ။

သို့သော် စွန်းယန်ဝမ် ၏ ကျင့်ကြံမှု အဆင့်အတင်းမှာတော့ အလွန်အမင်း အားနည်းသည်ကို မြင်နိုင်သည်။ ကျင့်ကြံခြင်းလောက၏ အဆင့်ရှစ် ကျင့်ကြံသူတစ်ဦး၊ အထူးသဖြင့် ဤကဲ့သို့ ငယ်ရွယ်လွန်းသော အသက်အရွယ်နှင့် နောင်တစ်ချိန် ဆက်လက်တိုးတက်လာရန် အခွင့်အလမ်း များစွာရှိနေသေးသည် ဆိုလျှင် ယင်းက အလွန်ပင် တန်ဖိုးရှိပေသည်။

သို့သော် ကျန်းချင်းရှီ ၏ ဘေးနားတွင် ရှိနေသောအခါ သူ့၏ တည်ရှိမှုနှင့် အလားအလာက လုံးဝ ဆွဲချခံလိုက်ရသလို ဖြစ်သွားပြီး ကြက်တစ်ကောင်လောက်ပင် အရေးမပါတော့ပေ။

သို့သော် ထိုလူငယ်လေးက လင်အာ သည် “ညနေဆည်းဆာ၏ အိပ်မက်နှင့် ဆက်စပ်နေပြီး လေထဲမှ မက်မွန်ပန်းလေးသဖွယ် တစ်ယောက်တည်း ပျံသန်းနေသည်” ဟူသော ကဗျာတိုလေး တစ်ကြောင်းကို ရွတ်ဆိုလိုက်ရုံမျှဖြင့် သူ့မြေးမလေးသည် ကုန်းပေါ်ကို ပစ်တင်ခံလိုက်ရသော ငါးပြေမတစ်ကောင်လို ဖျတ်ဖျတ်လူးထွက်သွားသည်။

သူမ၏ နှလုံးသားကို ဤတစ်ကြောင်းတည်းသော စာသားက ကိုင်လှုပ်သွားလိမ့်မည်ဟု မည်သူကများ ထင်မှတ် ထားပါမည်နည်း။ ထို့ကြောင့် သူမသည် ညသန်းခေါင်ယံတွင် သူ့ကို တကူးတက သွားရောက် ရှာဖွေ ခေါ်ဆောင်လာကာ လူယုတ်မာဓားပြကို အတူတကွ ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လူယုတ်မာကို နှိမ်နင်းခြင်းဟူသော ခေါင်းစဉ်အောက်တွင် ရှိနေသည်ဆိုသော်ငြား၊ ၎င်းသည် အပေါ်ယံ အကြောင်းပြချက် သက်သက်မျှသာ ဖြစ်ကြောင်း မည်သူက မသိဘဲ နေပါမည်နည်း။

ရှန်ထျန်းအဆင့် ကျင့်ကြံသူ ဖြစ်သော သူကဲ့သို့ အဘိုးတစ်ဦး ငုတ်တုတ်ကြီး ရှိနေပါလျက် သူ့၏ မြေးမလေးသည် မည်သည့်အတွက်ကြောင့် အပြင်လူတစ်ဦး၏ အကူအညီကို လိုအပ်နိုင်ပါမည်နည်း။

စွန်းယွမ်ဟဲ စိတ်ထဲတွင် သက်ပြင်းရှည်ကြီးများကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ချလိုက်မိသည်။

“ကောင်းကင်ယန္တရားဂိုဏ်းဆိုတာ ကျင့်ကြံခြင်းလောကရဲ့ ဂိုဏ်းကြီးတစ်ခုပဲ… မြေးမလေးအတွက် သားမက်ရွေးချယ်တဲ့နေရာမှာ အထွဋ်အထိပ် ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်ဆိုပြီးတော့ တောင်းဆိုစရာ အကြောင်းမရှိပါဘူး… သူကလည်း စာပေပါရမီမှာ တော်တော်လေး ထူးချွန်တဲ့သူ ဖြစ်တဲ့အတွက် ဘယ်လိုမှတော့ နစ်နာစရာ မရှိပါဘူးလေ…”

“ပြီးတော့ လင်အာကလည်း သူ့ကို တော်တော်လေးကို နှစ်သက်နေတဲ့ပုံစံမျိုးပဲ… သူတို့ကို အတင်းအကျပ်ကြီး သွားခွဲပစ်ဖို့က ဘယ်လိုမှ အဆင်မပြေလောက်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် အချိန်နည်းနည်းလောက် ထပ်ပေးပြီး ဒီလူငယ်လေးရဲ့ စရိုက်က ဘယ်လိုမျိုးလဲ ဆိုတာ စောင့်ကြည့်တာက ပိုကောင်းပါတယ်…”

ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော အိတ်အတွင်းမှ ညည်းတွားသံတစ်သံ ထွက်ပေါ် လာသည်။ ထိုအခါမှသာ လူယုတ်မာထျန်စမ်းသည် အပြစ်မရှိသော မိန်းကလေးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင် လာသေးသည်ကို သူတို့အားလုံး ပြန်အမှတ်ရသွားကြသည်။

စွန်းလင်အာ က ဝမ်းသာအားရဖြင့် ထိုအိတ်ကို ဖြည်ပေးလိုက်သည်။ အတွင်း၌ အသက်ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့်ရှိသော အလွန်လှပသည့် မိန်းမပျိုတစ်ဦး ရှိနေပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ကောက်ညှင်းဆိုင်း တစ်ခုကဲ့သို့ တုပ်နှောင်ထားသည်ကို တွေ့လိုက်ရသည်။

ပါးစပ်ထဲတွင် အဝတ်စတစ်ခု ထိုးထည့်ထားသောကြောင့် သူမ၏ ပါးနှစ်ဖက်က ရှဉ့်တစ်ကောင်ကဲ့သို့ ဖောင်းကားနေပြီး ရှေ့မှလူသုံးဦးကို အလွန်ထိတ်လန့်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အလွတ်မပေးစတမ်း လိုက်ကြည့်နေခဲ့၏။

စွန်းလင်အာ က နှစ်သိမ့်ပေးလိုက်သည်။

“မမ… ကြောက်စရာ မလိုတော့ဘူးနော်… မမကို ဖမ်းလာတဲ့ လူဆိုးကို ကျွန်မတို့ သတ်လိုက်ပြီ… အခု မမ က လုံခြုံသွားပြီ ဖြစ်တဲ့အတွက် ဘယ်မှာနေတာလဲဆိုတာ ပြောပြပါ… ကျွန်မတို့ မမရဲ့ အိမ်အထိ ပြန်လိုက်ပို့ပေးမယ်…”

ထိုမိန်းမပျိုသည် သူမ၏ ဦးခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ သွေးများ အလိမ်းလိမ်းဖြင့် မြေပြင်ထက်တွင် လဲကျနေသည့် ထျန်စန်း ၏ ရုပ်အလောင်းကို ရုတ်တရက် တွေ့သွားသည်။

သူမသည် အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့သွားခြင်းကြောင့် မျက်ဖြူများလန်ကာ ရုတ်တရက် အသက်ရှူရပ်သွားပြီး မြေပြင်ထက်ကို နောက်တစ်ကြိမ် မေ့လဲကျသွားပြန်၏။

စွန်းလင်အာ က တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။

“ဒီမမက တော်တော်လေးကို ကြောက်တတ်တာပဲ…”

စွန်းယန်ဝမ် စိတ်ထဲမှ ပြောဆိုလိုက်မိသည်။

“သူမက ရိုးရိုးသာမန် မိန်းမပျိုလေး တစ်ယောက်လေ… အခုလို ညကြီးသန်းခေါင် ပြန်ပေးဆွဲ ခံလာရပြီး… အိတ်ထဲကနေ ဆွဲထုတ်ခံရတယ်… ပြီးတော့ အလောင်းတစ်လောင်းက ဘေးနားမှာ ရှိနေတယ်ဆိုတော့ သူမ မေ့လဲသွားတာက သဘာဝကျပါတယ်… သူမရဲ့ တစ်သက်လုံး စိတ်ဒဏ်ရာအဖြစ်နဲ့တောင် ပါချင်ပါသွားနိုင်သေးတယ်…”

သို့သော် ဤကိစ္စသည် သူကိုင်တွယ်ဖြေရှင်း၍ ရသည့် အခြေအနေမျိုးလည်း မဟုတ်ပေ။ သူသည် ယောက်ျားသား တစ်ဦးဖြစ်ပြီး အသက်ငယ်သေးသည် မှန်သော်လည်း သူမကို နှစ်သိမ့်ပေးရန် ဆိုသည်က သင့်လျော်မှုမရှိသဖြင့် သည်အတိုင်း ဘေးမှ ရပ်ကြည့်နေခဲ့သည်။

စွန်းလင်အာ သည် ထိုမိန်းမပျို၏ သွေးလှည့်ပတ်သည့် အကြောနေရာများကို လက်ညှိုးဖြင့် လိုက်ထောက်လိုက်သောအခါ သူမ တဖြည်းဖြည်း သတိပြန်လည်လာသည်။

စွန်းလင်အာ သည် သူမပါးစပ်ထဲတွင် ထိုးထည့်ထားသော အဝတ်စကို ဆွဲထုတ်ပေးလိုက်သောအခါ မိန်းမပျို၏ သွားများသည် အထက်နှင့်အောက် တဂွပ်ဂွပ်ရိုက်လာပြီး အော်ဟစ်ငိုယိုတော့သည်။

“ကျွန်မကို မစားကြပါနဲ့…”

စွန်းယန်ဝမ် အသာအယာ ပြုံးလိုက်မိပြီး ဤမိန်းမပျိုသည် သူတို့အား ဘီလူးသရဲများဟု ယူဆနေကြောင်း သဘောပေါက်သွားသည်။

သာမန်မိန်းကလေး အများစုသည် ကျင့်ကြံခြင်းလောက၌ လူယုတ်မာ ကျင့်ကြံသူများ လွန်စွာ များပြားသည်ကို မည်သို့မျှ သိနိုင်စရာ အကြောင်းမရှိပေ။ သို့သော် လူကြီးမိဘများ ပြောဆိုခဲ့သည့် တစ္ဆေသရဲပုံပြင်များကိုတော့ ကြားဖူးကောင်း ကြားဖူးထားနိုင်သည်။ ထို့ကြောင့် ဤကဲ့သို့ တုံ့ပြန်မှု ရရှိခြင်းက အံ့အားသင့်စရာ မဟုတ်ပေ။

စွန်းလင်အာ သည် ထိုမိန်းမပျိုအား အချိန်အတန် ကြာသည်အထိ နူးညံ့စွာချော့မော့ ပြောဆိုပြီးမှသာ မိန်းမပျိုသည် သူတို့ကို အနည်းငယ် ယုံကြည်စိတ်ချသွားပြီး သူမနေထိုင်သည့် နေရာကို ပြောပြသည်။

စွန်းလင်အာ က လေသံခပ်တိုးတိုးဖြင့် သူ့ကို လှမ်းပြော၏။

“အစ်ကိုစွန်း… လင်အာနဲ့အတူတူ ဒီမမကို ပြန်လိုက်ပို့ပေးရအောင်…”

စွန်းယန်ဝမ် မှာလည်း ပို့ချင်းပို့ ကူးတို့ရောက်အောင်ပို့ ဆိုသည့်အတိုင်း မတတ်သာစွာ ခေါင်းညိတ် ပြရတော့သည်။ ဤသို့ဖြင့် သူတို့လေးဦးသည် ခြေလျင်ခရီးဖြင့် တောင်ပေါ်မှ ဆင်းလာကြပြီး လမ်းတစ်ဝက်သို့ ရောက်သောအခါ ရထားလုံးတစ်စီးကို အဆင်သင့် တွေ့လိုက်ရသည်။

စွန်းယွမ်ဟဲ သည် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ ခေါင်းတစ်ချက် ဆတ်ပြကာ လေပေါ်သို့ ခုန်တက်သွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။

စွန်းယန်ဝမ် တွေးလိုက်မိ၏။

“ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုက အသေးစိတ်ကအစ သေသေချာချာကို စီစဉ်ထားကြတာပဲ… သူတို့က ဘယ်လောက်တောင် ချမ်းသာနေကြလဲ မသိဘူး…”

All Chapters