အခန်း (၃၈)
Vol. 4 Ch. 38
“ဥပါဒါန်ကြောင့် ဥပဒ်ရောက်”
ကျန်းချင်းရှီ က ပြောသည်။
“ကျွန်တော့်ကို အပြစ်တင်လို့လည်း မရပါဘူး… ကျွန်တော်က ငယ်စဉ်တောင်ကျေး အရွယ်ကတည်းက ဆရာ့ဆီမှာ ပညာသင်ကြားခဲ့ပြီး တော်တော်လေး ကြိုးစားခဲ့ပါတယ်… ဒါပေမဲ့ ကျွန်တော့်ကို အနိုင်ယူသွား သူတွေက ကျွန်တော့်ထက် အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက် စောပြီး ကျင့်ကြံနေခဲ့တဲ့ စီနီယာ ကျင့်ကြံသူကြီးတွေပါ…”
“အချိန်တွေ အများကြီး ပေးဆပ်ထားခဲ့လို့သာ သူတို့က ကျွန်တော့်ထက်ပိုပြီး စွမ်းအားကြီး နေကြတာပါ… ဒီတစ်ခေါက် ကျွန်တော် ဝင်မပြိုင်ဖြစ်တာကိုတော့ နည်းနည်း နောင်တရမိတယ်… တကယ်လို့ ဒီတစ်ခေါက်မှာ ပါခဲ့လို့ အဲဒီစီနီယာတွေနဲ့ ပြန်တွေ့လို့ရှိရင် အရင်ကလို ရှုံးမယ်လို့တော့ မထင်ပါဘူး…”
ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ၏ သင်ကြားပြသပေးမှုကြောင့် ရွှေအရွတ်မရီဒန် ကျင့်စဉ်မှ သူနားမလည်သော အရာများကို နားလည်ခဲ့ရသည်။ သူသည် ခန္ဓာကိုယ် အတွင်းနှင့် အပြင် နှစ်ခုစလုံးကို တစ်ပြိုင်တည်း ကျင့်ကြံနိုင်ခဲ့သောကြောင့် သူ့၏ ချီစွမ်းအင်နှင့် ရုပ်ခန္ဓာစွမ်းအား ကလည်း အဆင့်သစ် တစ်ခုကို ဝင်ရောက်သွားခဲ့သည်။
သူ့အသက်အရွယ်တွင် သူနှင့်အဆင့်တူသူမှာ မရှိတော့သလောက် ဖြစ်သွားပြီး ထိုသို့အဆင့်တူသည့် သူများအားလုံးမှာလည်း အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ်များကိုပင် ရောက်နေသော ဝါရင့် စီနီယာ ကျင့်ကြံသူများ ဖြစ်သည်။
ဤတစ်ကြိမ် မပါဝင်ရခြင်းကြောင့် ကျန်းချင်းရှီ သည် အနည်းငယ် နှမျောတသ ဖြစ်မိသော်လည်း များစွာ ခံစားရခြင်း မဟုတ်သဖြင့် စွန်းယန်ဝမ် ၏ ပခုံးကို လှမ်းပုတ်လိုက်သည်။
“ရပါတယ်… မင်းက “ဂ”အုပ်စုကနေ ပြိုင်ပွဲဝင်ရမှာဆိုတော့ အဲဒီအဆင့်မှာက ကျင့်ကြံခြင်းသက်တမ်း ငါးနှစ်အောက် ရှိတဲ့ တပည့်တွေချည်းပဲ…”
မူလက သူသည် စွန်းယန်ဝမ် အနေဖြင့် ရည်မှန်းချက် အနည်းငယ်သာ ရှိသည်ဆိုလျှင်ပင် “ဂ” အုပ်စုတွင်တော့ ဝင်ရောက်မယှဉ်ပြိုင် သင့်ကြောင်း၊ ဥပမာ သူကဲ့သို့ ထိုပြိုင်ပွဲအား လုံးဝ စိတ်မဝင်စားခဲ့ကြောင်း ကို ပြောဆိုချင်ခဲ့ခြင်း ဖြစ်သည်။ သို့
သော် ထိုစကားသည် သူ့ညီလေးအား ကြီးမားသည့် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားမည်ကို စဉ်းစားလိုက်မိပြီး ရင်ထဲတွင်သာ မျိုသိပ်ထားလိုက်တော့သည်။
စွန်းယွမ်ဟဲ မှာ မြေးမလေးသည် သာမန်အဆင့်မျှသာ ရှိသော ရိုးစင်းသည့် လူငယ်လေး တစ်ဦးအပေါ် တိမ်းညွှတ်နေခြင်းကို အနည်းငယ် ဘဝင်မကျသလို ဖြစ်နေမိ၏။ သူက ရယ်မောရင်း ပြောသည်။
“ဆောင်ယန်ဂိုဏ်းဟာ ထိပ်သီးဓားဂိုဏ်းကြီး ဆယ်ခုထဲမှာတောင် ထိပ်ဆုံးအဆင့်ပဲ… တစ်လောကလုံးမှာ သူ့ကိုယှဉ်နိုင်တာဆိုလို့ ရှောင်ရှန်းကျောင်းတော်နဲ့ ပေယန်က လုံကျန်းကျောင်းတော်တို့ လောက်ပဲရှိတယ်…”
“ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် သုံးနှစ်ကနေ ငါးနှစ်အတွင်း သတ္တမအဆင့်ကို တက်လှမ်းနိုင်မှသာ ပါရမီရှင်အဖြစ် အသိအမှတ် ပြုနိုင်တယ်… ဆဌမအဆင့်ကို ရောက်နေတဲ့ ပါရမီရှင်တွေလည်း ဒုနဲ့ဒေး ရှိပါတယ်…”
အဘိုးအို ဆိုလိုချင်သည်က စွန်းယန်ဝမ် ကဲ့သို့ ကျင့်ကြံသူမျိုးသည် အလယ်အလတ်အဆင့်၏ အောက်တစ်ထစ် အဆင့်၌သာရှိပြီး နှိုင်းယှဉ်မည်ဆိုလျှင် အတော်လေး ညံ့ဖျင်းလွန်းနေသည်ဟု ပြောဆိုလိုခြင်း ဖြစ်သည်။
သို့သော် စွန်းယွမ်ဟဲ ၏ စကားသည် အမှန်တရားထက်တော့ အနည်းငယ် ချဲ့ကားလွန်းနေသည်။ ဆောင်ယန်ဂိုဏ်းကဲ့သို့ ဤခေတ်၏ ထိပ်သီးဂိုဏ်းကြီး တစ်ဂိုဏ်း၌ပင် သုံးနှစ်မှ ငါးနှစ်အထိ ကျင့်ကြံပြီး နဝမအဆင့်သို့ တက်လှမ်းနိုင်သည်ဆိုလျှင် မဆိုးဟု သတ်မှတ်ထားသည်။
ထိုကဲ့သို့ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောကထဲသို့ ရောက်ရှိလာပြီး မည်သည့်အဖွဲ့အစည်းသို့ ဝင်ရောက်သည်ဖြစ်စေ အဓိကအဖွဲ့ဝင်ဖြစ်မည်က သေချာသည်။
အဌမအဆင့်သို့ ရောက်မည်ဆိုလျှင်တော့ ဆရာဖြစ်သူ၏ အလေးပေး ဂရုစိုက်ခြင်းကို ခံရမည် ဖြစ်သလို၊ ဂိုဏ်းငယ်များတွင် ဆိုပါက နယ်မြေတစ်ခုကို အပိုင်စားရသော ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် ဂိုဏ်းချုပ်အထိပင် နေရာရနိုင်သည်။
သို့သော် သတ္တမအဆင့်သို့ ရောက်ရှိနိုင်သူမှာ လက်တစ်ဖက်စာပင် မပြည့်အောင် ရှားပါးလှသည်။ ထိုကဲ့သို့ သူမျိုးသည် ကျင့်ကြံခြင်းလောက၏ ဥသျှောင်ပုဂ္ဂိုလ်များ ကျိန်းသေပေါက် ဖြစ်လာမည် ဖြစ်သည်။
ဥပမာ၊ တုဝမ်လီ၊ တုချန်ရှင်း နှင့် လျိုအယ် တို့သည် ထိုအဆင့်အတန်းများ ဖြစ်ကြသော်လည်း သူတို့ ကျင့်ကြံခဲ့သည့် နှစ်ကာလသည် အနှစ်နှစ်ဆယ်၊ သို့မဟုတ် ထို့ထက်ပိုကြာသော နှစ်များဖြင့် ကြိုးစားခဲ့ရသူများ ဖြစ်သောကြောင့် ဂိုဏ်းကြီးများ၏ တပည့်များနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။
သို့သော် ထိုကဲ့သို့ ရှားပါးလွန်းသည့် ပါရမီရှင်များထက် ပိုမိုထူးချွန်သူ တစ်ဦးလည်း အသေအချာ ရှိနေခဲ့သည်။
ထိုသူက ကျန်းချင်းရှီ ဖြစ်သည်။
စွန်းလင်အာ သည် စွန်းယန်ဝမ် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ဖြတ်ပြောလိုက်သည်။
“စာရွက်ပေါ်က အဆင့်အတန်းတွေက ဘာလုပ်လို့ရမှာလဲ… စင်ပေါ်ရောက်ရင် အနိုင်ရတဲ့သူကသာ သူရဲကောင်းပဲ… အစ်ကိုစွန်းက ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ လိမ္မာပါးနပ်ပြီး အခြေအနေကို အကောင်းဆုံး အသုံးချနိုင်တယ်… လျင်မြန်မှုရှိသလို ဉာဏ်ကလည်းများတယ်… အဲဒီ ကျင့်ကြံခြင်း အဆင့်ပိုမြင့်နေတဲ့ ဂိုဏ်းတူတပည့်တွေထက် အများကြီး ပိုသာနေမှာက အသေအချာပဲ…”
စွန်းယွမ်ဟဲ သည် စကားနာ ထိုးချင်လွန်းသဖြင့် ပါးစပ်များပင် ယားယံနေသော်လည်း မြေးမလေး စိတ်ဆိုးသွားမည်ကို တွေးမိသောကြောင့် လုံးဝပြောဆိုခြင်း မရှိတော့ဘဲ သိုးခြေထောက်ကိုသာ ဖင်တပြန် ခေါင်းတပြန် လှည့်နေလိုက်သည်။
ခဏကြာသောအခါ သိုးခြေထောက်နှင့် နံရိုးများအားလုံး ကျက်သွားသည်။ စွန်းလင်အာ သည် ငွေရောင် ဓားငယ်လေး တစ်လက်ကို ယူလိုက်ပြီး အသားတုံးကြီး နှစ်တုံးလှီးကာ စွန်းယန်ဝမ် ကို ပေးလိုက်သည်။
စွန်းယန်ဝမ် သည် တစ်တုံးကို သူ့အစ်ကိုကြီး ဆီသို့ ခွဲပေးလိုက်၏။ ဤကမ္ဘာ၏ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့သည် ကမ္ဘာမြေ၏ ဘာသာများနှင့် မတူဘဲ စည်းမျဉ်းစည်းကမ်းများ သီးခြား ရှိနေသောကြောင့် အသားစားခြင်းကို တားမြစ်ထားခြင်းမျိုး မရှိပေ။
ကျန်းချင်းရှီ သည် အသားတုံးကို အပြုံးနှင့် လှမ်းယူလိုက်ပြီး ညီအစ်ကိုနှစ်ဦးသား ပူပူလောင်လောင် အတိုင်း စားလိုက်ကြသည်။
စွန်းအဘိုးအိုမှာတော့ နောက်တစ်ကြိမ် မပျော်မရွှင် ဖြစ်သွားရပြန်သည်။ မြေးမလေးသည် သူ့ကို အသားတစ်ဖဲ့မျှ ကမ်းမပေးသောအခါ သူကိုယ်တိုင် သိုးခြေထောက် တစ်ချောင်းကို ဆွဲဖဲ့လိုက်ပြီး ခေါင်းငုံ့ကာ အားရပါးရ စားရင်း ရုတ်တရက် အတွေးတစ်ခု ရလာသည်။
“ဒီကောင်လေးက မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မှာဆိုတော့ ထိပ်သီးတပည့်တွေနဲ့ သေချာပေါက်ကို ရင်ဆိုင်ရလိမ့်မယ်… တစ်ပွဲ နှစ်ပွဲလောက်နဲ့တင် တန်းပြီး ရှုံးနိမ့်သွားနိုင်ခြေ များတယ်… လင်အာ က သူ အသုံးမကျတာ မြင်ပြီးတော့ သူ့အပေါ် စိတ်ဝင်စားမှု လုံးဝ ကုန်ဆုံးသွားမှာ သေချာတယ်…”
ထိုသို့ တွေးလိုက်မိသောအခါ အဘိုးအို၏ မျက်နှာက ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာသည်။ သူသည် ချက်ခြင်းပင် အရက်ဘူးနှင့် ခွက်များသွားယူလာပြီး ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့ကို ပေးလိုက်သည်။ ထို့နောက် ပြုံးရွှင်နေသော မျက်နှာဖြင့် အကောင်းစား အရက်များကို သူကိုယ်တိုင် လိုက်ဖြည့်ပေး လိုက်သည်။
ကျန်းချင်းရှီ သည် အရက်မသောက်တတ်သူ ဖြစ်သောကြောင့် နှုတ်ခမ်းနှင့် အနည်းငယ်သာ ထိကြည့်ပြီး ပြန်ချထားလိုက်သည်။
စွန်းယန်ဝမ် အတွက်တော့ သူသည် ပုလင်းလဲလျှင်ပင် လူမလဲ ဆိုသော လူစားမျိုး ဖြစ်သည်။ ထို့အပြင် ဤကမ္ဘာမှ အရက်များသည် အရက်ပါဝင်မှုရာခိုင်နှုန်း အလွန်နည်းသောကြောင့် တစ်ခွက်ကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်ပြီး နောက်တစ်ခွက် ထပ်တောင်းလိုက်၏။
ထို့နောက် သူနှင့် စွန်းလင်အာ တို့နှစ်ဦးသည် စကားများ ဖောင်ဖွဲ့နေခဲ့ပြီး မကြာမီတွင် ဝိညာဉ်လိပ်ပြာ နတ်သမီးလေးသည် လေသိမ်းတိုင်း ယိမ်းနွဲ့နေသော ပန်းခက်လေး တစ်ခုလို ခန္ဓာကိုယ်လေးကို တသိမ့်သိမ့် တုန်ခါသည်အထိ ရယ်မောရင်း ပျော်ရွှင်နေသည်။
သူမ၏ အလွန်လှပသော မျက်လုံးဝိုင်းဝိုင်း လေးများထဲမှ ချစ်ရည်ရွှန်းလဲ့နေသော အရိပ်အယောင်များကလည်း ဒီရေလှိုင်းများကဲ့သို့ တရိပ်ရိပ် ပြေးလွှားနေတော့သည်။
ထိုအဖြစ်က ရှန်ထျန်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ မကြာသေးမီကမှ ပြန်လည် ကောင်းမွန်လာကာစ ခံစားချက်များကို နောက်တစ်ကြိမ် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေပြန်သည်။
စားသောက်ပြီးသွားသောအခါ စွန်းယန်ဝမ် သည် ကျန်းချင်းရှီနှင့်အတူ မီးပုံဘေးတွင် တင်ပျဉ်ခွေထိုင်ရင်း သမာဓိထူထောင်လိုက်သည်။
သူသည် သမာဓိထူထောင်ခြင်းဖြင့် အိပ်စက်ခြင်းကို အစားမထိုးနိုင်သေးသော်လည်း တစ်ရက်နှစ်ရက် လောက်က ပြဿနာ မရှိတော့ပေ။
ဆရာ့ထံတွင် ပညာသင်ယူခဲ့ရသည့် အချိန်မှစကာ သူသည် မည်သည့် ကျင့်ကြံနိုင်သည့် အခွင့်အရေးကိုမဆို အမိအရ ဖမ်းဆုပ်ခဲ့သည်။ ခရီးစဉ်တစ်လျှောက်တွင်လည်း အချိန်ကို အလဟဿ ဖြုန်းတီးခြင်း မရှိဘဲ ရသည့်အချိန်တွင် ရသလို ကျင့်ကြံခဲ့သည်။ ခရီးနှင်နေစဉ် မြင်းပေါ်၌ပင် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို လှည့်ပတ်ကျင့်ကြံလာခဲ့သည်။
သူက နမူနာဖြစ်နေသောကြောင့် ကျန်းချင်းရှီ မှာလည်း ပေါ့ဆရဲခြင်း မရှိတော့ဘဲ သူနှင့်အတူ ကြိုးစားကျင့်ကြံသည်။
ညီအစ်ကိုနှစ်ဦး တိတ်ဆိတ်စွာ သမာဓိထူထောင်နေသည်ကို မြင်သောအခါ စွန်းမြေးအဘိုး နှစ်ဦးစလုံး အတော်ပင် သဘောကျသွားသည်။ စွန်းယွမ်ဟဲ သည် သဘောကျစိတ် အနည်းငယ် ဖြစ်လာသော်လည်း စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
“သူနဲ့ သူ့အစ်ကိုက အသက်လည်း အရမ်းမကွာပါဘူး… ဒါပေမဲ့ စွမ်းအားကျတော့ မိုးနဲ့မြေလို ကွာခြားနေတယ်… ဒီကောင်လေးရဲ့ အရည်အချင်းက သာမန်ပဲ ရှိတယ်ဆိုတာက သေချာသွားပြီ…”
“သူ့ဘာသာသူ ဘယ်လောက်ပဲ ကြိုးစားသည်ဖြစ်စေ အစ်ကိုဖြစ်သူက သူ့ကို အဝေးကြီး ကျော်တက်သွားတာကိုပဲ ကြည့်နေရလိမ့်မယ်… အစ်ကိုက အရှိန်အဟုန်နဲ့ ထိုးတက်သွားတာကို ကြည့်ပြီး စိတ်ပျက်အားငယ် ကျန်နေခဲ့မှာ မြင်ယောင်ပါသေးတယ်…”
နောက်တစ်နေ့ နံနက်ပိုင်း မြေးအဘိုးနှစ်ဦး နိုးထလာသည့် အချိန်တွင် တဝှီးဝှီး တိုက်ခတ်နေသော လေတိုးသံများကို အတိုင်းသား ကြားနေရသည်။ ယင်းက စွန်းယန်ဝမ် ၏ ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို လေ့ကျင့်နေရာမှ ထွက်ပေါ်လာသော အသံများ ဖြစ်သည်။
ဆောင်ယန်ဂိုဏ်း၏ ဤလက်သီးကျင့်စဉ် အကြောင်းကို မြေးအဘိုးနှစ်ဦးစလုံး ကြားဖူးထားသည်။
ဤလက်သီးကျင့်စဉ်သည် ခန္ဓာကိုယ်၏ မရီဒန်အရွတ် နှစ်ဆယ့်လေးခု နှင့် အရိုးအဆစ် များကို သန့်စင်ပေးခြင်း ဖြစ်ကြောင်း သိထားသည်။ ယင်း၏ ရည်ရွယ်ချက်မှာ ရန်သူကို အနိုင်ယူရန် မဟုတ်ဘဲ အနာဂတ်တွင် အထွဋ်အထိပ် ကျင့်စဉ်များနှင့် ပညာရပ်များကို ကျင့်ကြံရန်အတွက် ခန္ဓာကိုယ်အား အခြေခံအုတ်မြစ် ချပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ဤကျင့်စဉ်တွင် ပါဝင်သော အကွက်များအားလုံးသည် များစွာအသုံးဝင်ခြင်း မရှိပေ။ ၎င်း၏ လျှို့ဝှက်ချက်မှာ မရီဒန်အရွတ်များကို မည်ကဲ့သို့ ရွှေ့ပြောင်းကာ စွမ်းအားကို မည်ကဲ့သို့ လှည့်ပတ်ရမည် ဆိုသော အချက်အပေါ်တွင်သာ မူတည်နေသည်။ ကျင့်စဉ်အား အခြားသူများ မြင်သွားမည် ဆိုလျှင်ပင် သာမန်ရိုးရှင်းသော လက်သီးကျင့်စဉ် တစ်ခုအဖြစ်သာ မြင်ကြပေလိမ့်မည်။
စွန်းအဘိုးအို သည် သက်ပြင်းကို တိတ်တဆိတ် ချလိုက်မိသည်။
“ပါရမီဆိုတာ ရှိတဲ့သူနဲ့ မရှိတဲ့သူကြားမှ သိပ်ကိုကွာခြားပါတယ်… ဒီကောင်လေးဟာ ဒီလောက် ကြိုးကြိုးစားစား လေ့ကျင့်တာတောင်မှ သူ့ရဲ့ စွမ်းအားက သာမန်အခြေအနေမှာပဲ ရှိတယ်… ဒါပေမဲ့ စာပေပါရမီမှာကတော့… သူပြောတဲ့စကားလုံးတိုင်းက အဖိုးတန်တဲ့ စာသားတွေချည်း ဖြစ်နေတာမို့လို လင်အာ က သဘောကျနေတာပဲ…”
စွန်းယန်ဝမ် သည် သူ့အား ပါရမီမရှိသူ၊ တုံးအသူ ဟူသော အဆင့်တံဆိပ်များ မကြာခဏ တပ်ခံနေရသည်ကိုတော့ သိရှိခြင်း မရှိပေ။ သူသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးကို ကျင့်ကြံမှုအတွင်း၌သာ အပြည့်အဝ နှစ်မြှုပ်ထားခဲ့သည်။
ယုတ္တိဗေဒ နည်းလမ်းအရ မရီဒန်အရွတ် တစ်ခုစီသည် ကြွက်သားဒါဇင်ပေါင်းများစွာကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိထားသည်။ ရွှေအရွတ်မရီဒန်ကျင့်စဉ်ကို ကျင့်ကြံသောအခါ သူ့ခန္ဓာကိုယ် အတွင်းပိုင်းသည် ကျားများ၊ နဂါးများကဲ့သို့ ကြမ်းတမ်းနေကာ ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသော မရီဒန်အရွတ် နှစ်ဆယ့်လေးခုသည် တင်းနေသော လေးညို့ကြိုးများကဲ့သို့ တဆတ်ဆတ် တုန်ခါနေသည်ကို အမှန်တကယ် ခံစားနေရသည်။
မရီဒန်တစ်ခု တုန်ခါသည့် အခါတိုင်း ခွန်အားအနည်းငယ် တိုးတက်လာသလို ခံစားရသည်။ ထို တိုးတက်မှုသည် အလွန်မသိသာသည့် ပမာဏမျှသာ ဖြစ်သော်လည်း သူ့စွမ်းအားသည် နေစဉ်နှင့်အမျှ တဖြည်းဖြည်းချင်း ကြီးထွားလာနေသည်။
သူသည် မျောက်မရီဒန် အရွတ်ကို လေ့ကျင့်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားဒါဇင်ပေါင်း များစွာသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်းတစ်ခု ဖြတ်စီးသွားသလို ခံစားလိုက်ရသောကြောင့် သတိလက်လွတ်ဖြစ်ကာ “ကျား”ခနဲ အော်ဟစ်လိုက်မိ၏။
ဤခံစားချက်သည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာပြီး အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုအခြေအနေမှ သတိပြန်ဝင်လာချိန်တွင် သူ့ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် ပိုမို လျင်မြန်သွက်လက် လာသလို ခံစားရသဖြင့် သူ အလွန်ဝမ်းသာသွားသည်။
“ဒီတစ်ခါတော့ မျောက်မရီဒန် အရွတ်အပေါ် အောင်မြင်မှု နည်းနည်းလေး ရလာပြီထင်တယ်…”
သူ့စိတ်ထဲတွင် ပျော်ရွှင်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကျန်းချင်းရှီ နှင့် မြေးအဖိုး နှစ်ဦးသည် သူ့အား ငေးကြောင် ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် ရှက်ရွံ့သွားသည်။ သူက အလျင်အမြန်ပင် ပြောလိုက်၏။
“လက်သီးကျင့်စဉ်ကို လေ့ကျင့်ရင်း တစ်ခါတစ်ခါ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်မိတာက စွန်းအဘိုးနဲ့ စွန်းအစ်မတို့ အနားယူနေတာကို နှောင့်ယှက်လိုက်သလို ဖြစ်သွားစေပြီ ထင်တယ်… တောင်းပန်ပါတယ်…”
စွန်းယွမ်ဟဲ က အပြုံးနှင့် ပြောသည်။
“ငါတို့လည်း နိုးနေပါပြီ…”
စွန်းလင်အာ သည် စွန်းယန်ဝမ် ၏ တိုးတက်မှု အနည်းငယ်လေးကို သတိထားမိသောကြောင့် သူနှင့် ထပ်တူထပ်မျှ ဝမ်းသာပျော်ရွှင်မိသည်။
“အစ်ကိုစွန်းက တစ်မနက်လုံး လက်သီးကျင့်စဉ်ကို လေ့ကျင့်နေမှတော့ ဗိုက်လည်း ဆာလောက်ရောပေါ့… မနေ့က အသားတွေ ကျန်သေးတယ်… နည်းနည်းလောက် အပူပေးပြီး မနက်စာကို မြန်မြန်လေး စားရအောင်…”
“ရှေ့က မြို့ကိုရောက်တာနဲ့ ကျွန်မက ဒကာခံမယ်ဆိုရင် ဘယ်လိုသဘောရလဲ…”
စွန်းယန်ဝမ် က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သည်။
“သိပ်ကောင်းတာပေါ့…”
သူသည် မီးပုံအတွင်း မီးကျီးခဲများ ကျန်နေသေးသည်ကို မြင်သောအခါ အပေါ်မှ ပြာများကို ဖယ်ရှားလိုက်ပြီး ထင်းခြောက်အချို့ ထပ်ထည့်ရင်း အပူရှိန်ကို မြှင့်လိုက်သည်။ ထို့နောက် ပေါင်မုန့်ချပ်များကို အလယ်မှ ထက်ပိုင်းပိုင်းလိုက်ပြီး သိုးသားအချို့ကို အတွင်း၌ ညှပ်ကာ မီးဖိုပေါ်တွင် ကင်လိုက်သည်။
အနည်းငယ် အပူပေးပြီးနောက် စွန်းယွမ်ဟဲ ကို တစ်ချပ် အရင်ဆုံး ပေးလိုက်ပြီး ကျန်းချင်းရှီ အတွက် တစ်ချပ် ပြင်ဆင်ပေးလိုက်သည်။
စွန်းလင်အာ သည် စွန်းယန်ဝမ် ပြင်ဆင်ပေးသော ပေါင်မုန့်အသားညှပ်ကို ယူကာ တစ်ကိုက် ကိုက်စားလိုက်၏။ သူမ၏ မျက်ဝန်းလေးများသည် လခြမ်းကွေးလေးများကဲ့သို့ ကွေးညွှတ်သွားပြီး အပြုံးလေးဖြင့် ပြောသည်။
“ဒီလို စားလို့ရတယ်လို့ တစ်ခါမှတောင် မကြားဖူးဘူး… ဒါက တော်တော့်ကို အရသာရှိတယ်…”
ဘေးနားတွင် ထိုင်နေသော စွန်းအဘိုးအိုသည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပတ်ဝန်းကျင် မိုင်နှစ်ရာပတ်လည်မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ လိုက်ကျွေးတုန်းက ဒီကောင်မလေးက အစားအသောက်တွေက ညံ့တယ်… အိမ်ကချက်တဲ့ လက်ရာလောက်တောင် မကောင်းဘူးဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား… အခုကျတော့ ဒီလောက်ရိုးရှင်းတဲ့ အရသာကို ဘယ်လိုဖြစ်ပြီး ကြိုက်သွားရပြန်တာတုန်း…”